Herpes infection and Pregnancy (ကိုယ်ဝန်ဆောင်ချိန်တွင် ရေယုန်ပိုးကူးစက်ခြင်း)

Herpes infection and Pregnancy (ကိုယ်ဝန်ဆောင်ချိန်တွင် ရေယုန်ပိုးကူးစက်ခြင်း)

ရေယုန်ရောဂါ (Herpes) သည် Herpes Simplex Virus (HSV) ကြောင့် ဖြစ်ပွားသော အလွန်ကူးစက်လွယ်သည့် ရောဂါတစ်မျိုးဖြစ်သည်။ အထူးသဖြင့် လိင်အင်္ဂါရေယုန် (Genital Herpes) သည် ကိုယ်ဝန်ဆောင်မိခင်များနှင့် သန္ဓေသားအတွက် အထူးသတိထားရမည့်ရောဂါဖြစ်သည်။ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်၌ ရေယုန်ပိုးရှိနေပါက သို့မဟုတ် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ပထမဆုံးအကြိမ် ‌ရေယုန်ရောဂါ ကူးစက်ခံရပါက မွေးဖွားမည့်ကလေးငယ်သို့ ရောဂါပိုးကူးစက်စေပြီး ပြင်းထန်သော မွေးကင်းစကလေး ရေယုန်ရောဂါ (Neonatal Herpes) ဖြစ်ပွားကာ ကလေး၏ ဦးနှောက်နှင့် ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေခြင်း သို့မဟုတ် အသက်အန္တရာယ် ထိခိုက်စေခြင်းအထိ ဖြစ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရေယုန်ဗိုင်းရပ်စ်ပိုး (HSV) တွင် အဓိကအားဖြင့် အမျိုးအစား (၂) မျိုးရှိသည်။

  • ရေယုန်ဗိုင်းရပ်စ်ပိုး အမျိုးအစား-၁ (HSV-1) – အများအားဖြင့် ပါးစပ်နှင့် နှုတ်ခမ်းတစ်ဝိုက်တွင် ရေယုန်ဖုများ ဖြစ်ပွားစေတတ်သော်လည်း ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း (Oral sex) မှတစ်ဆင့် လိင်အင်္ဂါသို့လည်း ကူးစက်နိုင်သည်
  • ရေယုန်ဗိုင်းရပ်စ်ပိုး အမျိုးအစား-၂ (HSV-2) – လိင်အင်္ဂါရေယုန်ကို ဖြစ်စေသော အဓိကဗိုင်းရပ်စ်ပိုးဖြစ်ပြီး လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်သည်
ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ ကူးစက်နိုင်သည့် နည်းလမ်းများ
  • မွေးဖွားစဉ်အတွင်း ကူးစက်ခြင်း (During Delivery)
    မိခင်၏ မွေးလမ်းကြောင်း သို့မဟုတ် သားအိမ်ခေါင်းတွင် ရေယုန်နာများ၊ အရည်ကြည်ဖုများ ရှိနေပါက မွေးဖွားစဉ် မွေးလမ်းကြောင်းအတိုင်း ကလေးဖြတ်သန်းချိန်တွင် ကူးစက်သည်။ ကူးစက်မှုများအားလုံး၏ (၉၀) ရာခိုင်နှုန်းကျော်သည် မွေးဖွားစဉ်တွင် ကူးစက်ခြင်းဖြစ်သည်။
  • ကိုယ်ဝန်ဆောင်စဉ်အတွင်း ကူးစက်ခြင်း (During Pregnancy)
    အလွန်ရှားပါးသော်လည်း မိခင်တွင် ကိုယ်ဝန်အစောပိုင်းရက်သတ္တပတ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ ကူးစက်ခံရပါက ဗိုင်းရပ်စ်ပိုးသည် အချင်းမှတစ်ဆင့် ကလေးထံ ရောက်ရှိကူးစက်နိုင်သည်။
  • မွေးဖွားပြီးနောက် ကူးစက်ခြင်း (Postpartum)
    မိခင် သို့မဟုတ် ကလေးကို ပြုစုသူတွင် နှုတ်ခမ်းရေယုန် သို့မဟုတ် လက်တွင် ရေယုန်နာရှိနေပြီး ကလေးငယ်နှင့် တိုက်ရိုက်ထိတွေ့မိရာမှ ကူးစက်ခြင်းဖြစ်သည်။
  • ကိုယ်ဝန်တတိယ ၃လပတ်တွင် ပထမဆုံးအကြိမ် ရေယုန်ရောဂါဖြစ်ခြင်း
    ကိုယ်ဝန်ဆောင်ကာလ၏ တတိယ ၃ လပတ် (Third Trimester) တွင် မိခင်သည် ပထမဆုံးအကြိမ် ရေယုန်ပိုး ကူးစက်ခံရပါက (Primary Infection) မိခင်ခန္ဓာကိုယ်မှ ကလေးကို ကာကွယ်ပေးမည့် ပဋိပစ္စည်း (Antibodies) များ ထွက်ရှိရန် အချိန်လုံလောက်စွာမရသေးခြင်းကြောင့် ကလေးထံသို့ ရောဂါပိုးကူးစက်နိုင်ခြေ အမြင့်မားဆုံးဖြစ်သည်။
ရောဂါလက္ခဏာများ

မိခင်တွင်တွေ့ရမည့် လက္ခဏာများ
ရေယုန်ပိုးရှိသူ အများစုသည် လက္ခဏာမပြတတ်ကြသော်လည်း လက္ခဏာပြပါက အောက်ပါအတိုင်း တွေ့ရတတ်သည်။

  • လိင်အင်္ဂါတစ်ဝိုက်၊ ပေါင်ခြံ သို့မဟုတ် စအိုတစ်ဝိုက်တွင် နာကျင်ယားယံသော အရည်ကြည်ဖုလေးများ ထွက်ခြင်းနှင့် ၎င်းအဖုများပေါက်ထွက်ကာ အနာဖြစ်ကျန်ခဲ့ခြင်း
  • ပထမဆုံးအကြိမ် ကူးစက်ခံရခြင်းဖြစ်ပါက ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးချည့်ခြင်းနှင့် ပေါင်ခြံရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
  • ဆီးသွားလျှင် စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး နာကျင်ခြင်း

သန္ဓေသားနှင့် မွေးကင်းစကလေးတွင် ဖြစ်နိုင်သည့် လက္ခဏာများ
မွေးကင်းစကလေး(Neonatal Herpes)
– အရေပြား၊ မျက်စိနှင့် ပါးစပ်တို့တွင် အရည်ကြည်ဖုများထွက်ခြင်း၊ ဦးနှောက်ရောင်ခြင်း (Encephalitis) ကြောင့် တက်ခြင်း၊ နို့မစို့ခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း

နောက်ဆက်တွဲပြဿနာများ

မိခင်တွင် ဖြစ်ပွားနိုင်သော နောက်ဆက်တွဲပြဿနာများ (Maternal Complications)
ကိုယ်ဝန်ဆောင်မိခင်တွင် ရေယုန်ပိုးကို အချိန်မီ မကုသလျှင် သို့မဟုတ် ပထမဆုံးအကြိမ် ပြင်းထန်စွာ ကူးစက်ခံရလျှင် အောက်ပါနောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရနိုင်သည်။

  • ကိုယ်ဝန်ပထမ ၃လပတ်တွင် ရောဂါဖြစ်ပွားလျှင် ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage)၊ လမစေ့ဘဲ မွေးဖွားခြင်း (Preterm birth) သို့မဟုတ် သန္ဓေသားကြီးထွားမှု နှောင့်နှေးခြင်း (Intrauterine growth retardation)၊ မိခင်ဝမ်းတွင်း၌ သန္ဓေသားအသက်ဆုံးရှုံးခြင်း (Intrauterine fetal death)၊ ကလေးအသေမွေးခြင်း (Still-birth)
  • စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (Psychological Distress) – မိခင်တွင် စိုးရိမ်ပူပန်မှုလွန်ကဲခြင်း၊ ကလေးထံ ရောဂါကူးစက်မည်ကို ကြောက်ရွံ့ခြင်းနှင့် စိတ်ဓာတ်ကျခြင်း
  • ပြင်းထန်သော အနာများနှင့် နာကျင်မှု (Severe Pain) – လိင်အင်္ဂါတစ်ဝိုက်တွင် အနာများ ပြင်းထန်စွာပေါက်ခြင်းကြောင့် လမ်းလျှောက်ရန်ပင် ခက်ခဲလောက်အောင် နာကျင်ခြင်းနှင့် ဆီးသွားရခက်ခဲခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးကုန်အောင်မပေါက်နိုင်ခြင်း (Retention of Urine)
  • ခန္ဓာကိုယ်အနှံ့ ပိုးပျံ့နှံ့ခြင်း (Disseminated HSV) – အလွန်ရှားပါးသော်လည်း ကိုယ်ခံအားနည်းသော ကိုယ်ဝန်ဆောင်များတွင် ဗိုင်းရပ်စ်ပိုးသည် သွေးထဲမှတစ်ဆင့် အသည်းရောင်ခြင်း (Hepatitis) နှင့် အဆုတ်ရောင်ခြင်း (Pneumonitis) တို့ကို ဖြစ်ပွားစေနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သည်
  • ဦးနှောက်အမြှေးရောင်ခြင်း (Meningitis) – ဗိုင်းရပ်စ်ပိုးသည် အာရုံကြောစနစ်သို့ ပျံ့နှံ့သွားပါက ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ဇက်တောင့်ခြင်းနှင့် ဖျားခြင်းတို့ကို ဖြစ်စေသည့် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားခြင်း

သန္ဓေသားနှင့် မွေးကင်းစကလေးတွင် ဖြစ်ပွားနိုင်သော နောက်ဆက်တွဲပြဿနာများ (Fetal and Neonatal Complications)
ကလေးငယ်များတွင် ဖြစ်ပွားတတ်သော နောက်ဆက်တွဲပြဿနာများသည် အလွန်ပြင်းထန်ပြီး အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည်။

  • မွေးရာပါ ချို့ယွင်းချက်များ ဖြစ်ခြင်း (Congenital Herpes Syndrome) – ဗိုင်းရပ်စ်ပိုးသည် အချင်းမှတစ်ဆင့် ကလေးထံ စောစီးစွာ ရောက်ရှိသွားပါက ကလေးတွင် မွေးရာပါ မြင်လွှာရောင်ရမ်းခြင်း (Chorioretinitis)၊ ဦးခေါင်းသေးခြင်း (Microcephaly) နှင့် အရေပြားတွင် အမာရွတ်ကြီးများ ပါလာခြင်းတို့ကို ဖြစ်စေနိုင်သည်
  • နာတာရှည် အာရုံကြောနှင့် ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုများ (Long-term Neurological Sequelae) – မွေးကင်းစကလေး ဦးနှောက်ရောင်ရောဂါ (HSV Encephalitis) ခံစားရပြီးနောက် အသက်ရှင်ကျန်ရစ်သည့်တိုင်အောင် ကလေးတွင်
    • ဉာဏ်ရည်မသန်စွမ်းခြင်း (Intellectual Disability)
    • စီပီရောဂါ (Cerebral Palsy)
    • အတက်ရောဂါ (Epilepsy/Seizures)
    • အမြင်အာရုံ သို့မဟုတ် အကြားအာရုံ လုံးဝဆုံးရှုံးခြင်း (Blindness or Hearing loss) စသည့် ရေရှည်ဆိုးကျိုးများ ကျန်ရစ်ခဲ့တတ်သည်
  • ကိုယ်တွင်းအင်္ဂါများပျက်စီး၍ သေဆုံးခြင်း (High Mortality in Disseminated Disease) – ဗိုင်းရပ်စ်ပိုးသည် ကလေးငယ်၏ သွေးထဲမှတစ်ဆင့် အသည်း၊ အဆုတ်၊ ကျောက်ကပ်နှင့် အဓိကကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့သွားပါက အချိန်မီ ဗိုင်းရပ်စ်သတ်ဆေး မရရှိလျှင် သေဆုံးနိုင်ခြေ (Mortality Rate) သည် ၈၀ ရာခိုင်နှုန်းအထိ မြင့်မားနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေဖြင့် အောက်ပါအခြေအနေများ ရှိပါက မိမိ၏ သားဖွားမီးယပ် အထူးကုဆရာဝန်ထံ ချက်ချင်းပြသဆွေးနွေးရမည်။

  • မိမိ သို့မဟုတ် မိမိ၏အိမ်ထောင်ဖက်တွင် ရေယုန်ရောဂါရာဇဝင် ရှိဖူးခြင်း
  • ကိုယ်ဝန်ဆောင်နေစဉ်အတွင်း လိင်အင်္ဂါတစ်ဝိုက်တွင် ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း သို့မဟုတ် နာကျင်သော အနာများ၊ အရည်ကြည်ဖုများ တွေ့ရှိခြင်း
  • အမျိုးသားတွင် နှုတ်ခမ်းရေယုန် သို့မဟုတ် လိင်အင်္ဂါရေယုန် လက္ခဏာများ ပြသနေခြင်း\
ရောဂါရှာဖွေခြင်း

ကိုယ်ဝန်ဆောင်မိခင်သည် မိမိတွင် ရေယုန်ရောဂါ ဖြစ်ပွားသည့်လက္ခဏာများ ခံစားရလျှင် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသည့်အခါ ရောဂါရာဇဝင်မေးမြန်းခြင်း၊ သားဖွားမီးယပ် အထူးကုဆရာဝန်မှ လိင်အင်္ဂါတစ်ဝိုက်ရှိ အနာများကို ကြည့်ရှုစစ်ဆေးခြင်း ပြုလုပ်မည်။ လိုအပ်လျှင် အောက်ပါစစ်ဆေးမှုများ ဆက်လက်ပြုလုပ်မည်။

  • ဂွမ်းစဖြင့်တို့၍ ရောဂါစစ်ဆေးခြင်း (Swab Test -PCR Test) – ရေယုန်နာ သို့မဟုတ် အရည်ကြည်ဖုမှ အရည်ကို ဂွမ်းစဖြင့်ယူ၍ ဗိုင်းရပ်စ် DNA ရှိမရှိ PCR နည်းပညာဖြင့် အတိအကျ ရှာဖွေခြင်း
  • သွေးစစ်ခြင်း (Antibody Test) – မိခင်တွင် HSV-1 သို့မဟုတ် HSV-2 ပဋိပစ္စည်း ရှိမရှိ စစ်ဆေးခြင်းဖြင့် ယခင်ကတည်းကရောဂါဖြစ်ဖူးသူ သို့မဟုတ် ယခုမှ ပထမဆုံးအကြိမ် ကူးစက်ခံရသူ စသည်တို့ကို ခွဲခြားနိုင်သည်။
ကုသခြင်း

ကိုယ်ဝန်ဆောင်ချိန် ရေယုန်ရောဂါကုသမှု၏ အဓိကရည်ရွယ်ချက်မှာ မိခင်၏လက္ခဏာများ သက်သာစေရန်နှင့် ကလေးမွေးဖွားချိန်တွင် ကလေးထံ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေကို အတတ်နိုင်ဆုံး လျှော့ချရန်ဖြစ်သည်။

ဗိုင်းရပ်စ်သတ်ဆေးများဖြင့် ကုသခြင်း (Antiviral Therapy)
ကိုယ်ဝန်ဆောင်ချိန်တွင် သုံးစွဲရန် ဘေးကင်းကြောင်း သက်သေပြထားပြီးဖြစ်သည့် Acyclovir သို့မဟုတ် Valacyclovir ဆေးဝါးများကို သုံးစွဲ၍ ကုသသည်။ Valacyclovir သည် ဆေးသောက်ရမည့်အကြိမ်ရေ နည်းသောကြောင့် မိခင်များ ဆေးသောက်ရန် ပိုမိုအဆင်ပြေစေသည်။

  • ပထမဆုံးအကြိမ် ရောဂါပိုးဝင်ခြင်း (Primary Infection)
    • ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရေယုန်ပိုး စတင်ကူးစက်ခံရပါက (အထူးသဖြင့် ကိုယ်ဝန်တတိယ (၃) လပတ်အတွင်း ဖြစ်ပါက) ဗိုင်းရပ်စ်သတ်ဆေးကို ချက်ချင်းစသောက်ရမည်ဖြစ်ပြီး ၅ရက် မှ ၇ရက်အထိ သောက်သုံးရမည်
    • ကိုယ်ဝန် ၂၈ ပတ်နောက်ပိုင်းမှ စတင်ကူးစက်ခြင်းဖြစ်ပါက ကလေးမွေးဖွားသည်အထိ ဗိုင်းရပ်စ်သတ်ဆေးကို ဆက်တိုက် သောက်သုံးရန် လိုအပ်သည်
  • ပြင်းထန်သော အခြေအနေများ – မိခင်တွင် အနာများ အလွန်ပြင်းထန်ခြင်း၊ သို့မဟုတ် ခန္ဓာကိုယ်အနှံ့ ပိုးပျံ့နှံ့ခြင်း (Disseminated HSV) နှင့် မွေးကင်းစကလေး ရောဂါကူးစက်လက္ခဏာများရှိပါက ဆေးရုံတက်၍ ဗိုင်းရပ်စ်သတ်ဆေးကို သွေးကြောထဲတိုက်ရိုက်သွင်းခြင်း (IV Acyclovir) ဖြင့် ကုသရမည်
မိခင်ရေယုန်ရောဂါဖြစ်ဖူးသူများတွင် ကြိုတင်ကာကွယ်ခြင်း (Antiviral Suppression)
  • ကိုယ်ဝန်ပတ် (၃၂) ပတ်မှ စတင်ခြင်း
    • ယခင်က ရေယုန်ရောဂါရှိဖူးသော မိခင်များ သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ် ရောဂါပြန်ကြွတတ်သော မိခင်များကို ကလေးမွေးဖွားချိန်တွင် ရောဂါပိုး ပြန်မကြွစေရန်၊ Viral shedding လျော့ကျစေရန် ကိုယ်ဝန်သက် (၃၂) ပတ်မှစ၍ ဗိုင်းရပ်စ်သတ်ဆေးကို မွေးဖွားသည်အထိ နေ့စဉ်သောက်သုံးရမည်
  • ကိုယ်ဝန်ပတ် (၂၂) ပတ်မှ စတင်ခြင်း (စောစီးစွာမွေးဖွားနိုင်ခြေရှိသူများ)
    • အကယ်၍ မိခင်သည် အကြောင်းအမျိုးမျိုးကြောင့် လမစေ့ဘဲ (၃၇ ပတ်မတိုင်မီ) မွေးဖွားနိုင်ခြေ အန္တရာယ်ရှိနေပါက (High risk of preterm delivery) ထိုကြိုတင်ကာကွယ်သည့်ဆေးကို ကိုယ်ဝန်ပတ် (၂၂) ပတ်ကတည်းကပင် ကြိုတင်၍ စတင်တိုက်ကျွေးနိုင်သည်
မွေးဖွားမည့် နည်းလမ်းကို ရွေးချယ်ခြင်း (Mode of Delivery)
  • ဗိုက်ခွဲမွေးဖွားခြင်း (Caesarean Section)
    • မိခင်တွင် ကလေးမွေးဖွားမည့်အချိန် သို့မဟုတ် ရေမြွှာပေါက်သည့်အချိန် လိင်အင်္ဂါတွင် ရေယုန်အနာများ လတ်တလောထွက်နေပါက သို့မဟုတ် ရောဂါပိုးထကြွမည့် လက္ခဏာများ (စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ နာကျင်ခြင်း) ရှိနေပါက မွေးလမ်းကြောင်းမှတစ်ဆင့် ကလေးထံသို့ ပိုးကူးစက်မှုကို တားဆီးရန် ကြိုတင်စီစဉ်၍ ဗိုက်ခွဲမွေးဖွားခြင်း (Planned C-section) ကို မဖြစ်မနေ ပြုလုပ်ရမည်
    • အထူးသဖြင့် မွေးဖွားရန် ခန့်မှန်းရက်မှ (၆) ပတ်အတွင်း ပထမဆုံးအကြိမ် ရေယုန်ပိုး ကူးစက်ခံရသည့် မိခင်များကို ဗိုက်ခွဲ၍ ကလေးမွေးရန် (Caesarean Section) မဖြစ်မနေပြုလုပ်ရမည်
  • ရိုးရိုးမွေးဖွားခြင်း (Vaginal Delivery)
    • မိခင်တွင် ရေယုန်ရောဂါဖြစ်ခဲ့ဖူးသော်လည်း ကလေးမွေးဖွားမည့်အချိန်၌ လိင်အင်္ဂါတွင် ရေယုန်အနာ သို့မဟုတ် ရောဂါပိုးထကြွမည့် လက္ခဏာများ မရှိသည့်အပြင် ကြိုတင်ကာကွယ်ရန် ဗိုင်းရပ်စ်သတ်ဆေးလည်း သောက်ထားလျှင် မွေးလမ်းကြောင်းမှ သဘာဝအတိုင်း ရိုးရိုးမွေးဖွားနိုင်သည်

ဘက်ပေါင်းစုံကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (Multidisciplinary Team Approach)
သားဖွားမီးယပ် အထူးကုဆရာဝန်တစ်ဦးတည်းသာမက၊ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါဆိုင်ရာ အထူးကုဆရာဝန်နှင့် မွေးကင်းစကလေး အထူးကုဆရာဝန်များ ပူးပေါင်းပြီး ရေယုန်ရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်များကို စနစ်တကျကုသမှုပေး၍ မွေးဖွားခြင်းနှင့် မွေးကင်းစကလေး စောင့်ရှောက်မှု ပြုလုပ်ပေးနိုင်သည်။

ကာကွယ်ခြင်း
  • အိမ်ထောင်ဖက်တွင် ရေယုန်ရှိပါက
    • ကိုယ်ဝန်ဆောင်နေစဉ် (အထူးသဖြင့် ကိုယ်ဝန် တတိယ ၃ လပတ်အတွင်း) လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ သို့မဟုတ် ကွန်ဒုံးကို စနစ်တကျ သုံးစွဲပါ
    • အိမ်ထောင်ဖက်တွင် နှုတ်ခမ်းရေယုန်ဖြစ်နေပါက ပါးစပ်ဖြင့် ဆက်ဆံခြင်း (Oral sex) လုံးဝမပြုလုပ်ရပါ
  • သန့်ရှင်းမှုရှိခြင်း – ရေယုန်နာများကို ကိုင်တွယ်မိပါက လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ
  • မွေးကင်းစကလေးကို ကာကွယ်ခြင်း – ကလေးမွေးဖွားပြီးနောက် မည်သူမဆို (မိခင်အပါအဝင်) နှုတ်ခမ်းရေယုန် သို့မဟုတ် လက်တွင် အနာရှိပါက ကလေးကို နမ်းခြင်း၊ ဖက်ခြင်း လုံးဝမပြုလုပ်ရပါ

References:

  1. American College of Obstetricians and Gynecologists. (n.d.). Genital herpes. Retrieved June 3, 2026, from https://www.acog.org/womens-health/faqs/genital-herpes
  2. British Association for Sexual Health and HIV. (2024). Updated guideline: Herpes in pregnancy. Retrieved June 3, 2026, from https://www.bashh.org/resources/24/updated_guideline_herpes_in_pregnancy_2024/
  3. Clarke, E., Patel, R., Dickins, D., Fidler, K., Jackson, A., Kingston, M., Jones, C., Lyall, H., Nicholson, M., Pelosi, E., Porter, D., Powell, G., & Foley, E. (2025). Joint British Association for Sexual Health and HIV and Royal College of Obstetricians and Gynaecologists national UK guideline for the management of herpes simplex virus (HSV) in pregnancy and the neonate (2024 update). International Journal of STD & AIDS, 36(1), 4–23. https://doi.org/10.1177/09564624241280734
  4. Healthline. (n.d.). Genital herpes. Retrieved June 3, 2026, from https://www.healthline.com/health/sexually-transmitted-diseases/genital-herpes
  5. Mayo Clinic. (n.d.). Genital herpes: Symptoms and causes. Retrieved June 3, 2026, from https://www.mayoclinic.org/diseases-conditions/genital-herpes/symptoms-causes/syc-20356161
  6. WebMD. (n.d.). Genital herpes and pregnancy. Retrieved June 3, 2026, from https://www.webmd.com/genital-herpes/genital-herpes-pregnant

Published: 22 July 2026

Share

22 July 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.