Cardiomyopathy (နှလုံးကြွက်သားရောဂါ)

Cardiomyopathy (နှလုံးကြွက်သားရောဂါ)

နှလုံးကြွက်သားရောဂါ (Cardiomyopathy) ဆိုသည်မှာ နှလုံးကြွက်သားများ တောင့်တင်းလာခြင်း၊ ကြီးမားလာခြင်း သို့မဟုတ် ထူထဲလာပြီး အမာရွတ်တစ်ရှူးများ ဖြစ်ပေါ်လာစေနိုင်သော ရောဂါဖြစ်သည်။ ထိုသို့ဖြစ်ပါက နှလုံးသည် ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးကောင်းစွာ မညှစ်ထုတ်ပေးနိုင်တော့သဖြင့်၊ အချိန်ကြာလာသည့်အခါ နှလုံးစွမ်းဆောင်ရည် ကျဆင်းလာပြီး နှလုံးပျက်စီးခြင်း (Heart failure) အထိ ဖြစ်ပေါ်စေနိုင်သည်။

ဤရောဂါသည် မိဘထံမှ မျိုးရိုးလိုက်၍ ဖြစ်ပွားနိုင်သကဲ့သို့ အခြားသော ရောဂါဝေဒနာ သို့မဟုတ် ပြင်ပအကြောင်းရင်းတစ်ခုခုကြောင့်လည်း နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်လာနိုင်သည်။ ရောဂါကုသမှုအဆင့်တွင် နှလုံးကြွက်သားရောဂါ အမျိုးအစားနှင့် ပြင်းထန်မှုအခြေအနေပေါ် မူတည်၍ ဆေးဝါးများဖြင့် ကုသခြင်း၊ ခွဲစိတ်၍ နှလုံးခုန်နှုန်းထိန်းစက်ကဲ့သို့သော စက်ပစ္စည်းများ ထည့်သွင်းခြင်း၊ နှလုံးခွဲစိတ်ကုသခြင်းနှင့် အဆိုးရွားဆုံးအခြေအနေတွင် နှလုံးအစားထိုးကုသခြင်း စသည့်နည်းလမ်းများဖြင့် ကုသမှုခံယူနိုင်သည်။

နှလုံးကြွက်သားရောဂါအမျိုးအစားများ

အဓိကအားဖြင့် အမျိုးအစား (၄) မျိုးရှိသည်။

  1. နှလုံးအခန်းကျယ်လာသော နှလုံးကြွက်သားရောဂါ (Dilated cardiomyopathy)
    နှလုံးအခန်းများ ကျယ်လာပြီး နှလုံးကြွက်သားနံရံများ ဆွဲဆန့်ကာ ပါးလွှာသွားတတ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးကောင်းစွာ ရောက်ရှိစေရန် နှလုံးကြွက်သားများမှ သွေးညှစ်ထုတ်ခြင်းကို မပြုလုပ်နိုင်တော့ပေ။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အမျိုးသားများနှင့် ကလေးငယ်များတွင် ပို၍အဖြစ်များသည်။
  2. နှလုံးအခန်းနံရံများထူလာသော နှလုံးကြွက်သားရောဂါ (Hypertrophic cardiomyopathy)
    နှလုံးကြွက်သားဆဲလ်များ ကြီးထွားလာပြီး နှလုံးအခန်းနံရံများ ထူထဲလာသဖြင့် အခန်းများ၏ အရွယ်အစား သေးငယ်သွားကာ သွေးအမြောက်အမြား မသိုလှောင်နိုင်တော့ပေ။ နှလုံးနံရံများမှာလည်း ကောင်းမွန်စွာ ပြေလျော့ခြင်းမရှိဘဲ တောင့်တင်းသွားနိုင်သည့်အပြင် သွေးစီးဆင်းမှုကိုပါ ပိတ်ဆို့မှု ဖြစ်ပေါ်စေနိုင်သည်။ အများအားဖြင့် ကလေးဘဝနှင့် လူပျိုဖော် အပျိုဖော်ဝင်စအရွယ်တွင် စတင်တွေ့ရတတ်ပြီး ဆယ်ကျော်သက်များနှင့် အသက်ငယ်ရွယ်သော အားကစားသမားများတွင် ရုတ်တရက် သေဆုံးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ အလွန်မျိုးရိုးလိုက်တတ်သောကြောင့် မိသားစုရာဇဝင်တွင် ဤရောဂါရှိဖူးပါက အခြားမိသားစုဝင်များကိုလည်း စစ်ဆေးမှုများ ပြုလုပ်သင့်ပြီး ရုတ်တရက် အသက်သေဆုံးနိုင်ခြေကို လျှော့ချနိုင်ရန် နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို ထိန်းညှိပေးရမည်။
  3. နှလုံးခုန်နှုန်းမမှန်ခြင်းကို ဖြစ်စေသော နှလုံးကြွက်သားရောဂါ (Arrhythmogenic cardiomyopathy)
    အလွန်ရှားပါးသော ရောဂါအမျိုးအစားဖြစ်ပြီး အသက် ၁၀နှစ် မှ ၅၀နှစ်အတွင်း ဖြစ်ပွားနိုင်သည်။ နှလုံးညာဘက်အောက်ခန်း (Right ventricle) ရှိ ကြွက်သားများကို အဓိကထိခိုက်စေနိုင်ပြီး တစ်ခါတစ်ရံတွင် ဘယ်ဘက်အောက်ခန်းလည်း ထိခိုက်တတ်သည်။ ထိုကြွက်သားများနေရာတွင် အဆီများနှင့် အမာရွတ်တစ်ရှူးများ အစားထိုးဝင်ရောက်လာကာ နှလုံးခုန်စည်းချက် မမှန်သောပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
  4. နှလုံးကြွက်သားတောင့်တင်းလာသော နှလုံးကြွက်သားရောဂါ (Restrictive cardiomyopathy)
    နှလုံး၏ အဓိကအခန်းနံရံများ တောင့်တင်းခိုင်မာလာပြီး သွေးညှစ်ထုတ်ပြီးနောက်တွင် ကောင်းစွာ ပြန်လည်ပြေလျော့ခြင်း မရှိတော့ပေ။ ထို့ကြောင့် နှလုံးမှ သွေးညှစ်ထုတ်စီးဆင်းမှု လျော့နည်းသွားပြီး နှလုံးစွမ်းဆောင်ရည် ပျက်စီးခြင်း ဖြစ်ပေါ်စေနိုင်သည့်အပြင် နှလုံးခုန်စည်းချက် မူမမှန်သော ပြဿနာများကိုပါ ဖြစ်ပွားစေနိုင်သည်။ မည်သည့်အသက်အရွယ်မဆို ဖြစ်ပွားနိုင်သော်လည်း ကလေးသူငယ်များတွင် အများဆုံးတွေ့ရှိရတတ်သည်။ အများစုတွင် ဖြစ်ပွားရသောအကြောင်းရင်းကို တိကျစွာ မသိရှိရသော်လည်း အချို့တွင် မျိုးရိုးလိုက်၍ ဖြစ်ပွားတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နှလုံးကြွက်သားရောဂါအချို့မှာ ဖြစ်ပေါ်ရသော အကြောင်းရင်းများကို မသိရှိသော်လည်း အချို့သူများမှာ မျိုးရိုးလိုက်၍ ဖြစ်ပွားနိုင်သည်။ အောက်ဖော်ပြပါ ရောဂါအခြေအနေများရှိပါက နှလုံးကြွက်သားရောဂါများ ဖြစ်ပေါ်လာနိုင်သည်။

  • သွေးတိုးရောဂါ
  • နှလုံးအမောဖောက်ခြင်းကြောင့် နှလုံးတစ်ရှူးများ ထိခိုက်ခြင်း
  • ရေရှည် နှလုံးခုန်နှုန်းမြန်ခြင်း
  • နှလုံး အဆို့ရှင် ပြဿနာများ
  • ကိုဗစ် – ၁၉ ရောဂါ
  • နှလုံးရောင်ခြင်းကို ဖြစ်စေနိုင်သော ရောဂါပိုးများဝင်ခြင်း
  • ဟော်မုန်းရောဂါများ (ဥပမာ – သိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါ)
  • အဝလွန်ရောဂါ
  • နေ့စဥ်စားသောက်မှုတွင် မရှိမဖြစ် လိုအပ်သော ဗီတာမင် သို့မဟုတ် သတ္တုဓာတ်များ ချို့တဲ့ခြင်း (ဥပမာ – ဗီတာမင် ဘီဝမ်း ချို့တဲ့ခြင်း)
  • ကိုယ်ဝန်ဆောင်စဥ် နောက်ဆက်တွဲပြဿနာများ ရှိခြင်း
  • နှလုံးကြွက်သားတွင် သံဓာတ်စုပုံသော ရောဂါ (Haemochromatosis)
  • ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှုကြောင့် ကိုယ်ခန္ဓာတွင် အကျိတ်ငယ်များ ဖြစ်ပေါ်စေသည့် ဆာကွိုက်ဒိုးဆစ်ရောဂါ (Sarcoidosis)
  • ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများတွင် ပုံမှန်မဟုတ်သော ပရိုတင်းများ စုပုံလာသော အမိုင်လွိုက်ဒိုးစစ်ရောဂါ (Amyloidosis)
  • တွယ်ဆက်တစ်ရှူးဆိုင်ရာ ရောဂါများ (Connective tissue disease)
  • နှစ်ပေါင်းများစွာ အရက်အလွန်အကျွံ သောက်သုံးခြင်း
  • ကိုကိန်း (cocaine)၊ အမ်ဖက်တမင်း (Amphetamines) ကဲ့သို့သော မူးယစ်ဆေးနှင့် စိတ်ကြွဆေးများကို သုံးစွဲခြင်း
  • ကင်ဆာရောဂါကုသရန် အသုံးပြုသော အချို့သော ကင်ဆာရောဂါ ကုသဆေးဝါးများနှင့် ဓာတ်ရောင်ခြည်ကုထုံးများ
ရောဂါလက္ခဏာများ

နှလုံးကြွက်သားရောဂါရှိသူအချို့တွင် မည်သည့်ရောဂါလက္ခဏာမျှ မပြဘဲရှိနေနိုင်သော်လည်း အခြားသူများတွင်မူ ရောဂါအခြေအနေ ဆိုးရွားလာသောအခါ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာတတ်သည်။ ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ_

  • မောခြင်း၊ အသက်ရှူမဝခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း
  • ရင်ဘတ်အောင့်ခြင်း (အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီးနောက် သို့မဟုတ် အစာများများ စားပြီးနောက်)
  • ရင်တုန်ခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း
  • ခြေထောက် သို့မဟုတ် ခြေကျင်းဝတ် ဖောရောင်ခြင်း
  • လှဲအိပ်လျှင် ချောင်းဆိုးခြင်း
  • ပက်လက်အိပ်ရန် ခက်ခဲခြင်း
  • အနားယူပြီးသည့်တိုင်အောင် မောပန်းနွမ်းနယ်နေခြင်း
  • မူးဝေခြင်း
  • မေ့လဲခြင်း သို့မဟုတ် သတိလစ်ခြင်းတို့ ဖြစ်ကြသည်။

အဆိုပါရောဂါလက္ခဏာများသည် ကုသမှုမခံယူပါက ပိုမိုဆိုးရွားလာတတ်သည်။ အချို့သူများတွင် ရောဂါအခြေအနေမှာ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ဆိုးရွားသွားတတ်ပြီး အခြားသူများတွင်မူ ရေရှည်ကြာသည်အထိ အခြေအနေ ပိုမိုဆိုးရွားမလာဘဲ ရှိနေနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

နှလုံးကြွက်သားရောဂါအခြေအနေ ဆိုးရွားလာသည်နှင့်အမျှ အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • နှလုံးလုပ်ငန်း ပျက်စီးခြင်း (Heart failure)
  • နှလုံးခုန်စည်းချက်မမှန်ခြင်း (Arrhythmias)
  • လေဖြတ်ခြင်း (Stroke)
  • နှလုံးအဆို့ရှင်ရောဂါ (Heart valve disease)
  • နှလုံးအမောဖောက်ခြင်း (Heart attack)
  • နှလုံးရှော့ခ်ရခြင်း (Cardiogenic shock)
  • ရုတ်တရက် အသက်သေဆုံးခြင်း (sudden death)
‌ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင်ဖော်ပြထားသော နှလုံးကြွက်သားဆိုင်ရာ ရောဂါလက္ခဏာများ ခံစားရပါက သို့မဟုတ် မိသားစုရာဇဝင်တွင် ဤရောဂါရှိဖူးပါက မိသားစုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ လိုအပ်ပါက နှလုံးအထူးကုဆရာဝန်များနှင့် ကုသခြင်းများ ပြုလုပ်ရန် လိုအပ်သည်။ အကယ်၍ အသက်ရှူရခက်ခဲခြင်း၊ သတိလစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ကို ခံစားရပါက ဆေးရုံအရေးပေါ် ဆေးကုဌာနသို့ အမြန်ဆုံးသွား‌ရောက်ကုသမှု ခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

နှလုံးကြွက်သားရောဂါကို ရှာဖွေနိုင်ရန် ရောဂါရာဇဝင်များ မေးမြန်းခြင်း၊ လူနာကို စမ်းသပ်စစ်ဆေးခြင်းများကို ပထမဦးစွာပြုလုပ်ရန် လိုအပ်သည်။ ထို့နောက် အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။

  • သွေးစစ်ဆေးခြင်း
    • သွေးတွင်း သံဓာတ်စစ်ဆေးခြင်း
    • ကျောက်ကပ်လုပ်ငန်း စစ်ဆေးခြင်း
    • အသည်းလုပ်ငန်း စစ်ဆေးခြင်း
    • သိုင်းရွိုက်ဟော်မုန်း စစ်ဆေးခြင်း
    • နှလုံးလုပ်ငန်း ပျက်စီးခြင်းကို သိရှိနိုင်ရန် သွေးတွင်း BNP ဓာတ် စစ်ဆေးခြင်း
  • ရင်ဘတ်ဓာတ်မှန် ရိုက်ခြင်း (Chest X-ray)
  • အသံလှိုင်းသုံး ပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
  • နှလုံး အီးစီဂျီဆွဲခြင်း (Electrocardiogram)
  • ကာယလေ့ကျင့်ခန်းဖြင့် နှလုံးစွမ်းရည်စစ်ဆေးခြင်း (Exercise stress tests)
  • နှလုံးသွေးကြောပိုက်ထည့်စမ်းသပ်ခြင်း (Cardiac catheterization)
  • နှလုံးသံလိုက်ဓာတ်မှန် ရိုက်ခြင်း (Cardiac MRI)
  • နှလုံးကို ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (Cardiac CT scan)
  • မျိုးဗီဇစစ်ဆေးခြင်း (Genetic testing or screening)
ကုသခြင်း

နှလုံးကြွက်သားရောဂါသည် ပျောက်ကင်းအောင်ကုသ၍ မရနိုင်သော်လည်း ဆေးကုသမှုခံယူပါက ရောဂါလက္ခဏာများ သက်သာစေရန်၊ ရောဂါအခြေအနေ ပိုမဆိုးလာစေရန်နှင့် နောက်ဆက်တွဲပြဿနာများ လျော့နည်းစေရန် ပြုလုပ်ပေးနိုင်သည်။ ကုသမှုနည်းလမ်းများသည် နှလုံးကြွက်သားရောဂါ အမျိုးအစားနှင့် ပြင်းထန်မှုတို့အပေါ်မူတည်၍ ကွဲပြားနိုင်သည်။

  1. ဆေးဝါးများဖြင့် ကုသခြင်း
    ဖြစ်ပေါ်ရသော အကြောင်းရင်းများနှင့် အခြေခံကျန်းမာရေးအခြေအနေပေါ် မူတည်၍ လိုအပ်သောဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးပါက သွေးစီးဆင်းမှုကို ကောင်းမွန်လာစေပြီး ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်။ အသုံးပြုနိုင်သော ဆေးဝါးများမှာ_
    • သွေးပေါင်ကျဆေးများ
    • သွေးမခဲဆေးများ
    • နှလုံးခုန်နှုန်းထိန်းဆေးများ
    • ကိုလက်စထရော ကျစေသော ဆေးဝါးများ
    • နှလုံးလုပ်ငန်း ပျက်စီးခြင်းအတွက် ကုသသော ဆေးဝါးများ ဖြစ်ကြသည်။
  2. ခွဲစိတ်စရာမလိုဘဲ ကုသနိုင်သော ကုထုံးများ
    • နှလုံးအခန်းခြားနံရံကို ဆေးဖြင့် ဖျက်ဆီးခြင်း (Septal ablation)
      ထူထဲနေသော နှလုံးကြွက်သား၏ အစိတ်အပိုင်း အနည်းငယ်ကို ကျုံ့သွားအောင် ပြုလုပ်ပေးခြင်းဖြစ်ပြီး နှလုံးအခန်းနံရံများ ထူထဲနေသော နှလုံးကြွက်သားရောဂါအတွက် ရွေးချယ်ကုသနိုင်သည့် နည်းလမ်းဖြစ်သည်။ သေးငယ်သော ပြွန်ချောင်းတစ်ခုကို ရောဂါဖြစ်နေသည့် နှလုံးကြွက်သားနေရာသို့ ထည့်သွင်းလိုက်ပြီး ၄င်းပြွန်မှတစ်ဆင့် ထိုနေရာသို့ သွေးပို့ပေးနေသော သွေးလွှတ်ကြောထဲသို့ ရာနှုန်းပြည့် သန့်စင်ထားသော အယ်လ်ကိုဟော (pure alcohol) ကို စီးဆင်းစေခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် နှလုံးအတွင်း သွေးစီးဆင်းမှုကို ပြန်လည်ကောင်းမွန်စေနိုင်သည်။
    • အပူစွမ်းအင် သို့မဟုတ် အအေးစွမ်းအင်ပေး၍ ဖျက်ဆီးသည့် အခြားနည်းလမ်းများ (other types of ablation)
      နှလုံးဆီသို့ ဦးတည်နေသော သွေးကြောများအတွင်းသို့ သေးငယ်သော ပြွန်ချောင်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ထည့်သွင်းနိုင်သည်။ ပြွန်ချောင်းထိပ်ဖျားတွင် ရှိသော အာရုံခံကိရိယာများမှတစ်ဆင့် အပူစွမ်းအင် သို့မဟုတ် အအေးစွမ်းအင်ကို အသုံးပြု၍ နှလုံးတွင် အမာရွတ်ငယ်များ ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ ထိုအမာရွတ်များက ပုံမှန်မဟုတ်သော နှလုံးခုန်အချက်ပြလှိုင်းများကို ပိတ်ဆို့ပေးပြီး နှလုံးခုန်နှုန်းကို ပြန်လည်ထိန်းသိမ်းပေးသည်။
  3. စက်ထည့်ကုသခြင်း (Device therapy)
    • နှလုံးခုန်စည်းချက်မမှန်ခြင်းကို စက်ထည့်ကုသခြင်း
      နှလုံးခုန်နှုန်းထိန်းချုပ်ပေးသော စက်ကို ခန္ဓာကိုယ်ထဲသို့ထည့်၍ နှလုံးခုန်စည်းချက်မမှန်ခြင်းကို ကုသခြင်းဖြစ်သည်။ နှလုံးခုန်စည်းချက် မမှန်သည့်အခါ ထိုစက်ငယ်မှ လျှပ်စစ်စီးကြောင်းများကို နှလုံးသို့ ပို့ပေးခြင်းဖြစ်သည်။
      • နှလုံးခုန်နှုန်းထိန်းစက်ထည့်၍ ကုသခြင်း (Pacemaker)
      • ရုတ်တရက် နှလုံးရပ်ခြင်းကို ကာကွယ်ရန် ICD စက်ထည့်၍ ကုသခြင်း (Implantable cardioverter defibrillators)
    • သွေးစီးဆင်းမှုကောင်းမွန်စေရန် စက်ထည့်ကုသခြင်း
      • နှလုံးအခန်းများ ပို၍စနစ်တကျနှင့် သွေးညှစ်ထုတ်နိုင်စွမ်း ပိုကောင်းအောင် ပြုလုပ်ပေးသော စက်ထည့်၍ ကုသခြင်း (Cardiac Resynchronization therapy (CRT) device)
      • နှလုံးမှ ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးများညှစ်ထုတ်နိုင်ရန် ကူညီပေးသောစက်ထည့်၍ ကုသခြင်း (Ventricular assist device – VAD)
  4. ခွဲစိတ်ကုသခြင်း
    • နှလုံးအခန်းခြားနံရံ ဖြတ်ထုတ်ခွဲစိတ်ခြင်း (Septal Myectomy)
      နှလုံးအခန်းနံရံများ ထူထဲလာသော နှလုံးကြွက်သားရောဂါကို ကုသနိုင်သည့် ရင်ဘတ်ကိုဖွင့်၍ နှလုံးခွဲစိတ်မှု အမျိုးအစားတစ်ခုဖြစ်သည်။ နှလုံး၏ သွေးလွှတ်ခန်းနှစ်ခုကို ပိုင်းခြားထားသော ထူထဲနေသည့် နှလုံးကြွက်သားနံရံ၏ အစိတ်အပိုင်းအချို့ကို ခွဲစိတ်ဖယ်ရှားပေးခြင်းဖြစ်သည်။ ထိုသို့ဖယ်ရှားလိုက်ခြင်းဖြင့် နှလုံးအတွင်းသွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်လာစေသည်။
    • နှလုံးအစားထိုးကုသခြင်း (Heart transplant)
      ရောဂါဖြစ်နေသော နှလုံးကို အလှူရှင်၏ ကျန်းမာသန်စွမ်းသော နှလုံးဖြင့် အစားထိုးလဲလှယ်ပေးရသည့် ခွဲစိတ်မှုတစ်ခုဖြစ်သည်။ ဆေးဝါးများနှင့် အခြားသော ကုသမှုနည်းလမ်းများဖြင့် ကုသ၍ မရတော့သည့် နောက်ဆုံးအဆင့် နှလုံးလုပ်ငန်းပျက်စီးခြင်းဝေဒနာအတွက် ရွေးချယ်နိုင်သော ကုသမှုတစ်မျိုးဖြစ်သည်။
ကာကွယ်ခြင်း

မျိုးရိုးလိုက်၍ဖြစ်သော မွေးရာပါ နှလုံးကြွက်သားရောဂါအမျိုးအစားကို ကြိုတင်ကာကွယ်၍ မရသော်လည်း အောက်ဖော်ပြပါအချက်များကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် မျိုးရိုးလိုက်၍ မဟုတ်ဘဲ အခြားသောအကြောင်းရင်းများကြောင့် ဖြစ်ပေါ်သည့် နှလုံးကြွက်သားရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

  • သွေးပေါင်ချိန်ကို ပုံမှန်ထိန်းသိမ်းခြင်း
  • သွေးတွင်း ကိုလက်စထရောပမာဏ ပုံမှန်ထိန်းသိမ်းခြင်း
  • လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
  • ဆေးလိပ်၊ အရက်နှင့် ကိုကိန်းတို့ အသုံးပြုခြင်းမှ ရှောင်ရှားခြင်း
  • စိတ်ဖိစီးမှုများကို လျှော့ချခြင်း
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသောက်ခြင်း
  • ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
  • အခြေခံရောဂါများ (ဥပမာ – ဆီးချိုရောဂါ) ကို သေချာစွာ ကုသမှုခံယူခြင်း
  • ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း
  • ဆရာဝန်ညွှန်ကြားသည့် ဆေးများအားလုံးကို ပုံမှန်သောက်သုံးခြင်း တို့ဖြစ်ကြသည်။

References:

  1. Centers for Disease Control and Prevention. (n.d.). About cardiomyopathy. Retrieved June 23, 2026, from https://www.cdc.gov/heart-disease/about/cardiomyopathy.html
  2. Cleveland Clinic. (n.d.). Cardiomyopathy. Retrieved June 23, 2026, from https://my.clevelandclinic.org/health/diseases/16841-cardiomyopathy
  3. Mayo Clinic. (n.d.). Cardiomyopathy: Diagnosis and treatment. Retrieved June 23, 2026, from https://www.mayoclinic.org/diseases-conditions/cardiomyopathy/diagnosis-treatment/drc-20370714

Published: 30 June 2026

Share

30 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.