Reye’s Syndrome (ရွိုင်း‌ရောဂါစု)

Reye’s Syndrome (ရွိုင်း‌ရောဂါစု)

ရွိုင်း‌ရောဂါစု (Reye’s syndrome) ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ ဦးနှောက်နှင့်အသည်းကို အဓိကထိခိုက်စေသော အလွန်ပြင်းထန်သည့် ရောဂါအခြေအနေတစ်ခုဖြစ်သည်။ ဖြစ်ပွားမှုနှုန်း ရှားပါးသော ရောဂါမျိုးဖြစ်ပြီး၊ ကလေးငယ်များနှင့် ဆယ်ကျော်သက်လူငယ်များတွင် အဓိကတွေ့ရသည်။ ကိုယ်ခန္ဓာအတွင်းသို့ ဗိုင်းရပ်စ်ပိုးအချို့ (ဥပမာ – ရေကျောက်ဗိုင်းရပ်စ် သို့မဟုတ် တုပ်ကွေးဗိုင်းရပ်စ်) ကူးစက်ခံရပြီး လက္ခဏာများ ဖြစ်ပေါ်နေချိန်တွင် အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်သည့် အက်စ်ပရင် (Aspirin) ဆေးကို သောက်သုံးမိပါက ဖြစ်ပွားနိုင်သော အခြေအနေဖြစ်သည်။

ရွိုင်း‌ရောဂါစု (Reye’s syndrome) တွင် အဓိကအားဖြင့် ဗိုင်းရပ်စ်ပိုးနှင့် အက်စ်ပရင်ဆေးတို့၏ ဓာတ်ပြုခြင်းကြောင့် အသည်း၏ လုပ်ဆောင်ချက်များ ထိခိုက်ခြင်းဖြစ်သည်။ အသည်းကို ထိခိုက်ခြင်းကြောင့် သွေးအတွင်းရှိ အဆိပ်အတောက် ဖြစ်စေသော အမိုးနီးယား (Ammonia) ဓာတ်များကို ခန္ဓာကိုယ်ပြင်ပသို့ရောက်အောင် စစ်မထုတ်နိုင်တော့ပေ။ ထိုကြောင့် ခန္ဓာကိုယ်အတွင်း အမိုးနီးယားဓာတ်များ မြင့်တက်လာပြီး ဦးနှောက်လုပ်ဆောင်ချက်များကိုပါ ဆက်လက်ထိခိုက်စေခြင်းဖြစ်သည်။ ဖြစ်ပွားမှုနှုန်း နည်းသော်လည်း အသက်ဆုံးရှုံးနိုင်ခြေ မြင့်မားသော ရောဂါဖြစ်သောကြောင့် သတိပြုသင့်သည်။ စောစီးစွာ ရောဂါရှာဖွေပြီး ကုသမှုပေးခြင်းဖြင့် ကလေး၏အသက်ကို အချိန်မီ ကယ်တင်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

Reye’s syndrome ကို ဖြစ်စေသည့် အဓိကအကြောင်းရင်းကို တိတိကျကျ မသိရှိရပါ။ ယေဘုယျအားဖြင့် ဗိုင်းရပ်စ်ပိုးဝင်ရောက်ချိန်တွင် အက်စပရင်ဆေး သောက်သုံးမိခြင်းကြောင့် အများဆုံးဖြစ်သည်ဟု ယူဆကြသည်။

သို့သော် အခြားအကြောင်းရင်းများစွာလည်း ရှိနိုင်သည်။ ကလေးအချို့တွင် မွေးရာပါ အင်ဇိုင်းချို့တဲ့ခြင်းကြောင့် ဇီဝကမ္မဖြစ်စဥ်များ ချို့ယွင်း၍ ပုံမမှန်ဖြစ်ခြင်း (Inborn Errors of Metabolism – IEM) များရှိနိုင်ပြီး ထိုအခြေအနေတွင်လည်း Reye’s syndrome ဖြစ်နိုင်ခြေရှိသည်ဟု ဆိုသည်။ အင်ဇိုင်းချို့တဲ့ခြင်းကြောင့် အသည်းဆဲလ်များအတွင်းရှိ စွမ်းအင်ထုတ်လုပ်ပေးသော မိုက်တိုကွန်ဒရီးယား (Mitochondria) များကို ထိခိုက်စေသဖြင့် အသည်းဆဲလ်များ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ အသည်းလုပ်ငန်း ထိခိုက် ရပ်ဆိုင်းသွားနိုင်သည်။ ထိုအခြေအနေမျိုးတွင် ခန္ဓာကိုယ်အတွင်းသို့ ဗိုင်းရပ်စ်ပိုး ဝင်ရောက်လာလျှင်ဖြစ်စေ၊ ထိုအချိန်တွင် အက်စပရင်ဆေးဝါး သုံးစွဲမိလျှင်ဖြစ်စေ အသည်းဆဲလ်များမှ တိုက်ထုတ်ချေဖျက်ခြင်း မပြုလုပ်နိုင်တော့သောကြောင့် အသည်းပျက်စီးခြင်းကို ဖြစ်စေသည်။ ထို့ပြင် အသည်း၏ အဓိကလုပ်ငန်းတစ်ခုဖြစ်သော သွေးတွင်းမှ အမိုးနီးယား (ammonia) ဓာတ်များကို စစ်ထုတ်ခြင်းကိုလည်း မပြုလုပ်နိုင်တော့ပေ။ ထိုအခါ ကိုယ်ခန္ဓာအတွင်း စုပုံလာသော အမိုးနီးယားဓာတ်များသည် ဦးနှောက်အတွက် အလွန်အဆိပ်အတောက် ဖြစ်စေသည်။ ၎င်းဓာတ်များသည် ဦးနှောက်ရောင်ရမ်းခြင်းကို ဖြစ်စေသည့်အပြင် ဦးနှောက်တွင်းဖိအား များလာပြီး ဦးနှောက်ဆဲလ်များကိုပါ ထိခိုက်ပျက်စီးစေသည်။

ရောဂါလက္ခဏာများ

Reye’s syndrome ၏ လက္ခဏာများသည် ပုံမှန်အားဖြင့် ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြီး တစ်ပတ်အတွင်း (ပျမ်းမျှ ၃ ရက် မှ ၅ရက်အကြာ) တွင် စတင်ဖြစ်ပေါ်နိုင်သော်လည်း နာရီပိုင်းမှသည် ရက်သတ္တပတ် (၃) ပတ်ခန့်ကြာမှ လက္ခဏာပြသည်လည်း ဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားပါက ကလေး၏ သွေးတွင်းသကြားဓာတ် ကျဆင်းသွားပြီး သွေးတွင်းရှိ အမိုးနီးယား (Ammonia) နှင့် အက်စစ်ဓာတ်များ မြင့်တက်လာတတ်သည်။ အသည်းရောင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး အတက်ရောဂါဖြစ်ခြင်းနှင့် သတိလစ်ခြင်းများအထိ ဖြစ်စေနိုင်သည်။

ရောဂါလက္ခဏာများကို အဆင့် (၅) ဆင့် ခွဲခြားနိုင်သည်။ အဆင့် (၁) နှင့် အဆင့် (၂) တွင် လက္ခဏာများကို စောစီးစွာသိရှိပါက အချိန်မီကုသမှု ခံယူနိုင်သောကြောင့် ဤအဆင့်များတွင် လက္ခဏာများကို စစ်ဆေးသိရှိခြင်းသည် အလွန်အရေးကြီးသည်။ အဆင့် (၄ – ၅) သို့ ရောက်ရှိသွားပါက ကုသမှုပေးသော်လည်း အသက်ဆုံးရှုံးနိုင်ခြေ အလွန်မြင့်မားသည်။

အဆင့်လိုက် ပြသလေ့ရှိသော လက္ခဏာများ
  • အဆင့် (၁) လက္ခဏာများ
    • မကြာခဏ ပြင်းထန်စွာ အန်ခြင်း
    • မှိန်းနေခြင်း သို့မဟုတ် ပုံမှန်ထက် ပိုပြီး အိပ်နေခြင်း
    • စိတ်အာရုံ ထွေပြား၍ ဝေခွဲမရဖြစ်ခြင်း
    • အိပ်မက်ဆိုးများ မကြာခဏမက်ခြင်း
  • အဆင့် (၂) လက္ခဏာများ
    • အချိန်၊ နေရာနှင့် လူများကို မှန်ကန်စွာ မခွဲခြားနိုင်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း သို့မဟုတ် ရန်လိုတိုက်ခိုက်လိုစိတ်များ ပေါ်လာခြင်း
    • မျက်လုံးသူငယ်အိမ်များ ကျယ်လာခြင်း
    • အသက်ရှူ အလွန်မြန်ခြင်း
    • နှလုံးခုန်မြန်ခြင်း
  • အဆင့် (၃) လက္ခဏာများ
    • သတိလစ် မေ့မြောသွားခြင်း (Coma)
    • ဦးနှောက်ထိခိုက်မှုကြောင့် ခန္ဓာကိုယ် အနေအထား ပုံမှန်မဟုတ်ဘဲ လက်များကွေးနေပြီး ခြေထောက်များ တောင့်တင်းနေသော အခြေအနေ (Decorticate posture)
  • အဆင့် (၄) လက္ခဏာများ
    • ပိုမိုနက်ရှိုင်းစွာ သတိလစ် မေ့မြောသွားခြင်း (Deeper Coma)
    • ဦးနှောက်ထိခိုက်မှုကြောင့် ခန္ဓာကိုယ် အနေအထား ပုံမှန်မဟုတ်ဘဲ ခြေလက်များအားလုံး ဆန့်၍ တောင့်တင်းနေသော အခြေအနေ (Decerebrate posture) – ပိုမိုပြင်းထန်သော အခြေအနေဖြစ်သည်
    • မျက်လုံးသူငယ်အိမ်များ အလွန်ကျယ်နေပြီး အလင်းရောင်ကို တုံ့ပြန်မှု မရှိသလောက် ဖြစ်ခြင်း
  • အဆင့် (၅) လက္ခဏာများ
    • တက်ခြင်း (Seizures)
    • ခြေလက်များ လုံးဝ မလှုပ်ရှားနိုင်ခြင်းနှင့် ခန္ဓာကိုယ် တုံ့ပြန်မှု လုံးဝမရှိတော့ခြင်း
    • မျက်လုံးသူငယ်အိမ်များ တုံ့ပြန်မှု လုံးဝမရှိခြင်း
    • အသက်ရှူရပ်သွားခြင်း
    • အသက်သေဆုံးခြင်း
နောက်ဆက်တွဲပြဿနာများ

Reye’s syndrome ခံစားရသော ကလေးများနှင့် ဆယ်ကျော်သက်အများစုသည် အသက်ရှင်သန်နိုင်ခြေ ရှိသော်လည်း နောက်ဆက်တွဲအနေဖြင့် ရေရှည် ဦးနှောက်ပျက်စီးမှုများ ဖြစ်ပွားနိုင်သည်။ သင့်လျော်သော ရောဂါရှာဖွေကုသမှုများ မရရှိပါက ရက်ပိုင်းအတွင်း သေဆုံးသည်အထိ ပြင်းထန်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အကယ်၍ ကလေးသည် တုပ်ကွေး သို့မဟုတ် ရေကျောက်ဖြစ်ပြီးနောက် မကြာခဏအန်ခြင်း၊ ပုံမှန်မဟုတ်ဘဲ အလွန်အိပ်ခြင်း၊ နုံးချည့်နေခြင်း သို့မဟုတ် ရုတ်တရက် အမူအရာပြောင်းလဲသွားခြင်းများရှိပါက သက်ဆိုင်ရာမိသားစုဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ပြသသင့်သည်။ အကယ်၍ ကလေးသည် တက်ခြင်း၊ သတိလစ်ခြင်းရှိပါက အရေးပေါ် အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သောကြောင့် အရေးပေါ်ဌာနများသို့ ချက်ချင်းခေါ်ဆောင်သွားပြီး ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

Reye’s syndromeကို အတိအကျ စစ်ဆေးရန် သီးသန့်စစ်ဆေးမှုများ မရှိပါ။ ရောဂါလက္ခဏာများကို သံသယရှိပါက အောက်ပါနည်းလမ်းများ ပေါင်းစပ်ပြီး ရောဂါရှာဖွေနိုင်သည်။

  • ကလေး၏ လတ်တလော ဖျားနာမှု ရာဇဝင်နှင့် ‌ရောဂါလက္ခဏာများကို အသေးစိတ် မေးမြန်းခြင်း
  • ခန္ဓာကိုယ်နှင့် အာရုံကြောဆိုင်ရာ အသေးစိတ် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်း
  • သွေးတွင်း အမိုးနီးယားပမာဏနှင့် အသည်းမှထုတ်သော သွေးခဲဓာတ်ပမာဏများနှင့် သွေးခဲမှုနှုန်း (prothrombin time) ကို ဓာတ်ခွဲစစ်ဆေးခြင်း – အသည်းပျက်စီးမှု ပမာဏကို ခန့်မှန်းနိုင်သည်
  • မွေးရာပါ ဇီဝကမ္မဖြစ်စဥ်များ ချို့ယွင်း၍ ပုံမမှန်ဖြစ်ခြင်း (Inborn Errors of Metabolism – IEM) အတွက် သွေးစစ်ဆေးခြင်း
  • ဦးနှောက်ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ခြင်း – [ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း] – ဦးနှောက်ရောင်ရမ်းမှုအပြင် သတိလစ်ခြင်းကို ဖြစ်စေသည့် အခြားရောဂါအခြေအနေများကို တွေ့ရှိနိုင်သည်
  • ခါးဆစ်ကြားမှအရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture) – ခါးဆစ်ရိုးကြားမှ အပ်ဖြင့် CSF အရည်ကို ယူကာ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်သည်၊ ဦးနှောက်ရောင်ကြောင်း သိရှိနိုင်သည့်အပြင် အခြားရောဂါများ ဟုတ်မဟုတ်လည်း ခွဲခြားနိုင်သည်
  • အသည်းကို အသားစယူ၍ စစ်ဆေးခြင်း (Liver biopsy) – အသည်းပျက်စီးမှုပမာဏကို တိကျစွာ စစ်ဆေးနိုင်သည်၊ Reye’s syndrome တွင် အသည်းအသားစယူ၍ စစ်ဆေးကြည့်ပါက အသည်းဆဲလ်များကြားတွင် အဆီများစုပုံနေသည်ကို တွေ့ရနိုင်သည်။
ကုသခြင်း

Reye’s syndrome ကုသမှုကို ပုံမှန်အားဖြင့် ဆေးရုံတွင် ပြုလုပ်ရသည်။ ပြင်းထန်သော ရောဂါလက္ခဏာများကို အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ကုသရနိုင်ပြီး၊ သက်ဆိုင်ရာ အထူးကုဆရာဝန်များမှ ကျွမ်းကျင်သူများမှ ကလေး၏ သွေးဖိအားနှင့် အခြားအရေးကြီးသည့် ကိုယ်တွင်းအင်္ဂါ ထိခိုက်မှု လက္ခဏာများကို အနီးကပ် စောင့်ကြည့်စစ်ဆေးမည်ဖြစ်သည်။

Reye’s syndrome အတွက် တိုက်ရိုက်ပျောက်ကင်းစေသော သီးသန့် ကုသမှုမျိုး မရှိသေးပါ။ ရောဂါလက္ခဏာများ၏ ပြင်းထန်မှုပေါ်မူတည်၍ ကုသမှုပေးမည်ဖြစ်ပြီး ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ သို့မဟုတ် ရေရှည်မသန်စွမ်းမှုများကို တတ်နိုင်သမျှ ကာကွယ်နိုင်ရန် ထိန်းချုပ်ကုသပေးမည်ဖြစ်သည်။ ကုသမှုများအနေဖြင့် အောက်ပါတို့ပါဝင်သည်။

  • အသက်ရှူပိုက်ထည့်ခြင်းနှင့် အသက်ရှူစက် တပ်ဆင်ခြင်း – သတိလစ်နေသော လူနာ၊ ကိုယ်တိုင် အသက်မရှူနိုင်သော လူနာများတွင် အောက်ဆီဂျင် လုံလောက်စွာရရှိစေရန် ပေးသည်
  • ဆေးဝါးများဖြင့် ကုသခြင်း – သွေးတွင်း အမိုးနီးယားဓာတ်ကို လျှော့ချပေးမည့် ဆေးဝါးများ၊ တက်ခြင်းကို ထိန်းချုပ်ပေးမည့် ဆေးဝါးများနှင့် သွေးခဲစနစ် ပြန်လည်ကောင်းမွန်လာစေရန် ဆေးဝါးများကို အသုံးပြုနိုင်သည်
  • သွေးကြောမှ ဆေးရည် (IV fluids) သွင်းခြင်း – ရေဓာတ်ပြည့်ဝစေရန်နှင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်စေရန် ဆားရည်များနှင့် ဂလူးကို့စ်ပျော်ရည်များ ပြန်လည်ပေးနိုင်သည်
  • ကျောက်ကပ်ဆေးခြင်း (Dialysis) – သွေးတွင်း အမိုးနီးယားဓာတ် အလွန်အမင်း များနေပါက အမြန်ဆုံး ဖယ်ရှားလျှော့ချနိုင်ရန် ကျောက်ကပ်ဆေးခြင်းကို ပြုလုပ်ရန်လိုနိုင်သည်
  • ဦးနှောက်အတွင်းရှိ ဖိအားကို ထိန်းညှိခြင်း – ဦးနှောက်ရောင်ရမ်းမှုကြောင့် ဖိအားမြင့်တက်ခြင်းကို သက်သာစေရန် လူနာ၏ ဦးခေါင်းကို မြှင့်ထားပေးခြင်း သို့မဟုတ် ဆေးဝါးများ သုံးစွဲခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။

ရောဂါပြန်လည်သက်သာလာမည့် အချိန်သည် ကလေးတစ်ဦးနှင့်တစ်ဦး အခြေအနေပေါ် မူတည်ပြီး ကွာခြားနိုင်သည်။ အများအားဖြင့် ရက်ပိုင်းမျှ ကြာတတ်ပြီး တစ်ခါတစ်ရံ ရက်သတ္တပတ်များစွာလည်း ကြာနိုင်သည်။

ကာကွယ်ခြင်း

Reye’s syndrome မဖြစ်စေရန် ကလေးများတွင် အက်စပရင် (Aspirin) ဆေးကို တတ်နိုင်သမျှ ရှောင်ကြဥ်ခြင်းဖြင့် အကောင်းဆုံး ကြိုတင်ကာကွယ်နိုင်သည်။ ဆရာဝန်၏ ညွှန်ကြားချက်မရှိဘဲ အက်စပရင် (Aspirin) ဆေးကို လုံးဝမတိုက်သင့်သည့်အပြင် ဆေးဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သော အဖျားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးများတွင် အက်စပရင် (Aspirin) ပါဝင်ခြင်း ရှိမရှိ ဆေးညွှန်းတံဆိပ် (Label) ကို သေချာစွာ ဖတ်ရှုရန် အလွန်အရေးကြီးသည်။ ကလေးငယ်များ ဖျားနာပါက အက်စပရင် (Aspirin) ဆေးအစား ပါရာစီတမော သို့မဟုတ် အိုင်ဗျူပရိုဖင် ကဲ့သို့သော ဘေးကင်းသည့်ဆေးများကိုသာ တိုက်ကျွေးသင့်သည်။

တစ်ခါတစ်ရံ ကလေးများတွင် ဖြစ်တတ်သော ကာဝါဆာကီ သွေးကြောရောင်ရောဂါ (Kawasaki disease) တွင်မူ အက်စပရင်ဆေးကို ရေရှည်သောက်ရန် လိုအပ်လာနိုင်သည်။ ထိုသို့ အက်စပရင်သောက်ရန် အမှန်တကယ်လိုအပ်လာပါက ကလေးကို ရေကျောက်ကာကွယ်ဆေး (၂) ကြိမ်နှင့် နှစ်စဉ် ရာသီတုပ်ကွေး ကာကွယ်ဆေးများကို အကြိမ်ပြည့် ထိုးနှံထားပေးခြင်းဖြင့် ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ခြင်းမှ ကာကွယ်ပြီး Reye’s syndrome ဖြစ်ပွားမှုကို တားဆီးနိုင်မည်ဖြစ်သည်။

References:

  1. Mayo Clinic. (n.d.). Reye’s syndrome: Symptoms and causes. Retrieved May 7, 2026, from https://www.mayoclinic.org/diseases-conditions/reyes-syndrome/symptoms-causes/syc-20377255
  2. Cleveland Clinic. (n.d.). Reye’s syndrome. Retrieved May 7, 2026, from https://my.clevelandclinic.org/health/diseases/6088-reyes-syndrome
  3. NHS. (n.d.). Reye’s syndrome. Retrieved May 7, 2026, from https://www.nhs.uk/conditions/reyes-syndrome/
  4. MSD Manuals. (n.d.). Reye syndrome. Retrieved May 7, 2026, from https://www.msdmanuals.com/home/children-s-health-issues/neurologic-disorders-in-children/reye-syndrome
  5. National Institute of Neurological Disorders and Stroke. (n.d.). Reye’s syndrome. Retrieved May 7, 2026, from https://www.ninds.nih.gov/health-information/disorders/reyes-syndrome
  6. Mayo Clinic. (n.d.). Reye’s syndrome: Diagnosis and treatment. Retrieved May 7, 2026, from https://www.mayoclinic.org/diseases-conditions/reyes-syndrome/diagnosis-treatment/drc-20377259
  7. Boston Children’s Hospital. (n.d.). Reye syndrome. Retrieved May 7, 2026, from https://www.childrenshospital.org/conditions-treatments/reye-syndrome

Published: 20 June 2026

Share

20 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.