ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါသည် ကိုယ်ခံအားစနစ် ပုံမှန်ထက်လွန်ကဲတုံ့ပြန်မှုကြောင့် ခန္ဓာကိုယ်၏ ကျန်းမာသောဆဲလ်များနှင့် တစ်ရှူးများကို မှားယွင်းစွာ တိုက်ခိုက်ပျက်စီးစေသော ရောဂါဖြစ်သည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍အဖြစ်များသည်။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓာကိုယ်တွင်း ဟော်မုန်းနှင့် ကိုယ်ခံအားစနစ်များ သိသိသာသာ ပြောင်းလဲတတ်သဖြင့် ကိုယ်ခံအားမူမမှန် တုံ့ပြန်သည့်ရောဂါရှိသူများ ထိုကာလတွင် အထူးဂရုစိုက်ရန် လိုအပ်သည်။ ကိုယ်ဝန်ဆောင်ခြင်းကြောင့် အချို့သောရောဂါလက္ခဏာများ သက်သာသွားနိုင်သလို၊ အချို့မှာမူ ပိုမိုဆိုးရွားလာနိုင်ပြီး မိခင်နှင့် သန္ဓေသား၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါ ဖြစ်ပေါ်ရသည့် တိကျသော အကြောင်းရင်းကို မသိရှိနိုင်သေးပါ။ သို့သော် လေ့လာတွေ့ရှိချက်များအရ ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါ ဖြစ်နိုင်ခြေများသော အခြေအနေများမှာ_
- ရောဂါပိုးဝင်ခြင်း (ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုး ဝင်ခြင်း)
- အမျိုးသမီးဖြစ်ခြင်း – အမျိုးသမီးဟော်မုန်း အီစထရိုဂျင် (oestrogen) သည် ခုခံအားစနစ်ကို ပိုမို လှုံ့ဆော်ပေးနိုင်စွမ်းရှိသည်၊ ထို့ကြောင့် အမျိုးသားများထက် အမျိုးသမီးများတွင် ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါ ပိုအဖြစ်များရခြင်းဖြစ်သည်
- မိသားစုမျိုးရိုးတွင် ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့် ရောဂါများရှိခြင်း
- ဓာတုပစ္စည်းများ၊ လေထုညစ်ညမ်းခြင်း သို့မဟုတ် အခြားပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ (ဥပမာ _ နေထိုင်ရာ သို့မဟုတ် အလုပ်လုပ်သောနေရာများတွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သောအကြောင်းခြင်းရာများနှင့် ထိတွေ့မှုရှိခြင်း)
- ဆေးလိပ်သောက်ခြင်း
- ကိုယ်ခံအား မူမမှန်သည့်ရောဂါတစ်မျိုးရှိလျှင် အခြားသော ကိုယ်ခံအား မူမမှန်သည့်ရောဂါများ ထပ်မံဖြစ်ပေါ်နိုင်ခြင်းတို့ဖြစ်ကြသည်။
ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့် ရောဂါအမျိုးအစားများ
ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါ အမျိုးအစားပေါင်း (၁၀၀) ကျော်ရှိသည်။ ၎င်းတို့အနက် အမျိုးသမီးများတွင် အဖြစ်များပြီး ကိုယ်ဝန်ဆောင်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိသော အဓိက ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့် ရောဂါအမျိုးအစားများမှာ_
- အက်စ်အယ်လ်အီး ရောဂါ (Systemic Lupus Erythematosus – SLE)
အက်စ်အယ်လ်အီးရောဂါဆိုသည်မှာ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများကို မှားယွင်းစွာ တိုက်ခိုက်သောအခါ ရောင်ရမ်းခြင်းများဖြစ်ပေါ်သော ကိုယ်ခံအားဆိုင်ရာရောဂါဖြစ်သည်။ ထိုကဲ့သို့ရောင်ရမ်းခြင်းသည် အဆစ်များ၊ အရေပြား၊ ကျောက်ကပ်၊ သွေးဆဲလ်များ၊ ဦးနှောက်၊ နှလုံး၊ အဆုတ်အစရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးတွင် ဖြစ်ပေါ်နိုင်သည်။ အရေပြားလက္ခဏာများ သိသာထင်ရှားသောကြောင့် အက်စ်အယ်လ်အီး ရောဂါကို “အရေပြား လေးဘက်နာ” ဟုလည်းခေါ်သည်။
ကိုယ်ဝန်ဆောင်ချိန်တွင် ရောဂါပြန်ကြွလာတတ်ခြင်း (Lupus Flare up)၊ ကျောက်ကပ်ရောင်ခြင်းကြောင့် ဆီးထဲတွင် အသားဓာတ် ပါဝင်မှုများပြီး ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း (Lupus Nephritis) တို့ ဖြစ်ပွားနိုင်သည်။ - ရူမတွိုက် အဆစ်ရောင်ရောဂါ (Rheumatoid Arthritis – RA)
ရူမတွိုက် အဆစ်ရောင်ရောဂါဆိုသည်မှာ ခန္ဓာကိုယ်၏ ခုခံအားစနစ် မှ ခန္ဓာကိုယ်ရှိ ဆဲလ်များနှင့် တစ်ရှူးများကို မှားယွင်းစွာ တိုက်ခိုက်မိသောကြောင့် အဓိကအားဖြင့် အဆစ်များအပါအဝင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများစွာကို ရောင်ရမ်းစေသော နာတာရှည်ရောဂါဖြစ်သည်။ သွေးလေးဘက်နာဟုလည်း ခေါ်ကြသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်းအပြောင်းအလဲများ ကြောင့် ရောဂါလက္ခဏာများ ယာယီသက်သာသွားတတ်လေ့ရှိသည်။ - ကိုယ်ခံအားစနစ်မှ ပဋိပစ္စည်းထုတ်လုပ်ပြီး သွေးခဲစေသောရောဂါ (Antiphospholipid Syndrome – APS)
ဤရောဂါသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အလွန်အရေးကြီးသော ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့် ရောဂါတစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်မှ ထုတ်လုပ်လိုက်သော ပဋိပစ္စည်းများကြောင့် သွေးကြောများအတွင်း သွေးခဲလွယ်ခြင်းကို ဖြစ်ပေါ်စေသည်။ အချင်းအတွင်း သွေးခဲများ ဖြစ်ပေါ် တတ်ပြီး ထပ်ခါတလဲလဲ ကိုယ်ဝန်ပျက်ကျခြင်း (Recurrent miscarriages)၊ သွေးခဲများပိတ်ဆို့သွားသောအခါ သန္ဓေသားထံသို့ သွေးလည်ပတ်ရောက်ရှိမှု ရပ်တန့်သွားပြီး ကလေးအသေမွေးခြင်း (Stillbirth) များကို အဓိကဖြစ်စေနိုင်သော ရောဂါဖြစ်သည်။ - ကိုယ်ခံအား မူမမှန်တုံ့ပြန်ခြင်းကြောင့်ဖြစ်သော သိုင်းရွိုက်ရောဂါများ (Autoimmune Thyroid Diseases)
- ဟရှီမိုတိုသိုင်းရွိုက်ရောင်ရောဂါ (Hashimoto’s disease) – ကိုယ်ခံအား မူမမှန် အလွန်အကျွံ တုံ့ပြန်မှုကြောင့် ဖြစ်ပွားသော သိုင်းရွိုက်ဂလင်းရောင်ရမ်းသည့် ရောဂါတစ်မျိုးဖြစ်သည်။ သိုင်းရွိုက်တစ်ရှူးများ ရောင်ရမ်းပျက်စီးရာမှ ဟော်မုန်းလုံလောက်စွာ မထုတ်လုပ်နိုင်သောကြောင့် သိုင်းရွိုက်ဟော်မုန်းချို့တဲ့ရောဂါ (Hypothyroidism) ဖြစ်ပွားသည်။ မိခင်တွင် သိုင်းရွိုက်ဟော်မုန်း နည်းပါးနေပါက ကလေးငယ်၏ ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း နှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း အန္တရာယ်များကိုလည်း မြင့်တက်စေသည်။
- ဂရေ့ဗ်သိုင်းရွိုက်ရောဂါ (Graves’ disease)– မိမိကိုယ်ခံစွမ်းအားစနစ်မှ သိုင်းရွိုက်ဂလင်းကို လှုံ့ဆော်ပေးသော ပဋိပစ္စည်းဖြစ်သည့် ပရိုတင်းဓာတ်တစ်မျိုး ထုတ်လုပ်ပေးသောကြောင့် သိုင်းရွိုက်ဂလင်းကြီးထွားလာပြီး သိုင်းရွိုက်ဟော်မုန်းလွန်ကဲရောဂါ (Hyperthyroidism) ဖြစ်ပွားသည်။ မိခင်၏ သွေးထဲရှိ ကိုယ်ခံအား ပဋိပစ္စည်း များသည် အချင်းမှတစ်ဆင့် သန္ဓေသားထံသို့ ရောက်ရှိသွားနိုင်ပြီး မွေးကင်းစကလေးငယ်တွင် ယာယီ သိုင်းရွိုက်ဟော်မုန်း များပြားသည့်နောက်ဆက်တွဲပြဿနာ (Neonatal Hyperthyroidism) ကို ဖြစ်စေနိုင်သည်။
- အမျိုးအစား (၁) ဆီးချိုရောဂါ (Type 1 Diabetes)
အမျိုးအစား (၁) ဆီးချိုရောဂါ ဖြစ်ရခြင်းမှာ မိမိ၏ကိုယ်ခံအားစနစ်မှ အင်ဆူလင် (Insulin) ထုတ်ပေးသည့် ပန်ကရိယ (Pancreas) ကို တိုက်ခိုက်ဖျက်ဆီးခြင်းကြောင့် ဖြစ်ပွားသည်။ ဤရောဂါရှိသူများ ကိုယ်ဝန်ဆောင်ပါက နေ့စဉ် အင်ဆူလင်ဆေးထိုးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို တင်းကျပ်စွာ ထိန်းချုပ်ရန် လိုအပ်သည်။
ရောဂါလက္ခဏာများ
ကိုယ်ခံအား မူမမှန်တုံ့ပြန်ရောဂါများသည် ဦးခေါင်းမှစ၍ ခြေထောက်အဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်နိုင်သောကြောင့် ရောဂါလက္ခဏာများမှာလည်း အမျိုးမျိုးဖြစ်နိုင်သည်။ အများစုတွင် အစောပိုင်းကာလ တူညီသောရောဂါလက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ထိုလက္ခဏာများကို အခြားသောရောဂါများတွင်လည်း တွေ့ရနိုင်သည်။ ၄င်းတို့မှာ_
- ပင်ပန်းနွမ်းနယ်ခြင်း
- တစ်ငွေ့ငွေ့ဖျားခြင်း
- ကြွက်သားနှင့်အဆစ်များ ရောင်ရမ်းနာကျင်ခြင်း
- ခေါင်းမူးခြင်း
- အာရုံးစူးစိုက်ရန် ခက်ခဲခြင်း
- ခြေလက်များ ထုံကျဥ်ခြင်း
- ဆံပင်ကျွတ်ခြင်း
- အရေပြားတွင် အကွက်ပေါ်ခြင်းတို့ ဖြစ်ကြသည်။
ရောဂါထိခိုက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများအပေါ်တွင် မူတည်၍ သက်ဆိုင်ရာရောဂါတစ်ခုချင်းစီ၏ လက္ခဏာများလည်း တွေ့ရှိရနိုင်သည်။ ဥပမာအားဖြင့် အမျိုးအစား (၁) ဆီးချိုရောဂါတွင် ရေငတ်ခြင်း၊ ဆီးသွားများခြင်း နှင့် သိုင်းရွိုက်ရောဂါများတွင် နှလုံးတုန်ခြင်း၊ အလွန်အမင်း ချွေးထွက်ခြင်း၊ စိတ်တိုလွယ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ အချို့သော ကိုယ်ခံအား မူမမှန်တုံပြန်သည့်ရောဂါများ (ဥပမာ _ ရူးမတွိုက်အဆစ်ရောင်ရောဂါ၊ အက်စ်အယ်လ်အီးရောဂါ) တွင် ရောဂါလက္ခဏာများ သက်သာသွားခြင်း (remission) နှင့် ရောဂါကြွပြီး လက္ခဏာများ ပြန်လည် ပေါ်လာခြင်း (flare up) အစရှိသည့် အခြေအနေ (၂) မျိုး အပြန်အလှန် တလှည့်စီ ဖြစ်ပေါ်တတ်သည်။
နောက်ဆက်တွဲပြဿနာများ
ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါရှိသော အမျိုးသမီးများ ကိုယ်ဝန်ဆောင်သည့်အခါ သာမန်ကိုယ်ဝန်ဆောင်များထက် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။ ထိုပြဿနာများသည် မိခင်ကိုသာမက ဝမ်းဗိုက်ထဲရှိ သန္ဓေသားကိုပါ ထိခိုက်စေနိုင်သည်။
မိခင်တွင် ဖြစ်ပွားနိုင်သော နောက်ဆက်တွဲပြဿနာများ
- ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia)
ကိုယ်ခံအားမူမမှန်တုံ့ပြန်သည့်ရောဂါ ရှိသော ကိုယ်ဝန်ဆောင်များ (အထူးသဖြင့် အက်စ်အယ်လ်အီးရောဂါ) တွင် အဖြစ်များဆုံးနှင့် အန္တရာယ်အရှိဆုံး ပြဿနာဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ချိန် အလွန်အမင်း မြင့်တက်လာခြင်း၊ ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း တို့ ဖြစ်တတ်ပြီး အချိန်မီ ကုသမှု မခံယူပါက အသက်အန္တရာယ် စိုးရိမ်ရသည်။ - သွေးကြောအတွင်း သွေးခဲပိတ်ခြင်း (Thrombosis)
အထူးသဖြင့် ကိုယ်ခံအားစနစ်မှ ပဋိပစ္စည်းထုတ်လုပ်ပြီး သွေးခဲစေသောရောဂါ ရှိနေသူများတွင် အချင်းရှိသွေးကြောများ၊ မိခင်၏ ခြေထောက်သွေးပြန်ကြောများ သွေးခဲပိတ်ခြင်းနှင့် အဆုတ်သွေးကြောများအတွင်း သွေးခဲပိတ်ဆို့မှုများ အလွယ်တကူ ဖြစ်ပွားတတ်သည်။ - ရောဂါလက္ခဏာများ ပြန်လည်ဆိုးရွားလာခြင်း (Disease Flares up)
ကိုယ်ဝန်ဆောင်စဉ်အတွင်း သို့မဟုတ် မီးဖွားပြီးစ ၆ လအတွင်းတွင် ရောဂါအခြေအနေ ရုတ်တရက် ပိုမိုဆိုးရွားလာပြီး အဆစ်များပြင်းထန်စွာ နာကျင်ခြင်း၊ ကျောက်ကပ် ပိုမိုထိခိုက်လာခြင်းများ ဖြစ်နိုင်သည်။ - ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ (Gestational Diabetes)
ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါကို ထိန်းချုပ်ရန် သောက်သုံးရသော စတီးရွိုက်ဆေးဝါးများကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သွေးတွင်းသကြားဓာတ် မြင့်တက်ကာ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများသည်။
သန္ဓေသားတွင် ဖြစ်ပွားနိုင်သော နောက်ဆက်တွဲပြဿနာများ
- ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage) နှင့် ကလေးအသေမွေးခြင်း (Stillbirth)
ကိုယ်ခံအားစနစ်မှ ထွက်သော ပဋိပစ္စည်းများသည် အချင်းကို သွားရောက်တိုက်ခိုက်ခြင်း သို့မဟုတ် သွေးခဲပိတ်ဆို့ခြင်းတို့ကြောင့် သန္ဓေသားထံ သွေးလှည့်ပတ်မှု ရပ်တန့်သွားကာ ကိုယ်ဝန် ပထမ (၃) လပတ်အတွင်း ထပ်ခါတလဲလဲ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းတို့ ဖြစ်နိုင်သည်။ - သန္ဓေသားညှက်ခြင်း (Intrauterine Growth Restriction – IUGR)
အချင်းမှတစ်ဆင့် အာဟာရနှင့် အောက်ဆီဂျင်ဓာတ် အလုံအလောက် မရရှိသောကြောင့် သန္ဓေသား ကိုယ်အလေးချိန်နှင့် ကြီးထွားမှုသည် သက်ဆိုင်ရာကိုယ်ဝန်သက်၌ ရှိနေရမည့် ကြီးထွားမှုမျိုး ရှိမနေဘဲ ကြီးထွားမှုတန့်နေခြင်း သို့မဟုတ် နှေးနေခြင်းဖြစ်တတ်သည်။ - လမစေ့ဘဲ မွေးဖွားခြင်း (Preterm Birth)
မိခင်တွင် ကိုယ်ဝန်ဆိပ်တက်ခြင်း သို့မဟုတ် ရောဂါ အခြေအနေ အလွန်အမင်း ဆိုးရွားလာခြင်းကြောင့် သတ်မှတ်ရက်ထက်စော၍ မွေးဖွားရခြင်း၊ မွေးဖွားရက်မတိုင်မီ စောစီးစွာ လမစေ့ဘဲ မွေးဖွားခြင်းများ ဖြစ်တတ်သည်။ - မွေးကင်းစကလေး လူးပတ်စ်ရောဂါ (Neonatal Lupus)
အလွန်ရှားပါးသော အခြေအနေဖြစ်သည်။ မိခင်၏ သွေးထဲမှ ပဋိပစ္စည်းများသည် အချင်းကိုဖြတ်၍ သန္ဓေသားဆီရောက်သွားကာ မွေးကင်းစကလေး၏ အရေပြားတွင် အနီကွက်များထွက်ခြင်း၊ အသည်းထိခိုက်ခြင်းနှင့် တစ်ခါတစ်ရံ ကလေးနှလုံးခုန်နှုန်း အလွန်နှေးသွားခြင်း (Congenital Heart Block) တို့ကို ဖြစ်စေနိုင်သည်။ အနီကွက်များသည် ကလေးအသက် ၆ လခန့်တွင် အလိုအလျောက် ပျောက်ကင်းသွားတတ်သော်လည်း နှလုံးခုန်နှုန်း နှေးခြင်းမှာမူ ရေရှည်ကုသမှု လိုအပ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကိုယ်ခံအားမူမမှန်တုံ့ပြန်သည့်ရောဂါဝေဒနာရှင် အမျိုးသမီးများ အနေဖြင့် ကိုယ်ဝန်ဆောင်ရန် သင့်မသင့်ကို ကိုယ်ဝန်မယူမီ အနည်းဆုံး (၃)လ မှ (၆)လခန့် ကြိုတင်၍ မိမိ၏ သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် ဦးစွာဆွေးနွေး တိုင်ပင်ခြင်းသည် အသင့်တော်ဆုံးနှင့် ဘေးအန္တရာယ်အကင်းဆုံးဖြစ်သည်။
ကိုယ်ဝန်ရှိနေပြီဟု သိလျှင်သိခြင်း သားဖွားမီးယပ် အထူးကုဆရာဝန်၊ မိမိ၏ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် ချက်ချင်းဆက်သွယ်ပြသ၍ ဆွေးနွေးတိုင်ပင် ကုသမှုခံယူရမည်။ အန္တရာယ်များသောကိုယ်ဝန် (High Risk Pregnancy) ဖြစ်သည့်အတွက် ပုံမှန်ထက်ပို၍ စမ်းသပ်စစ်ဆေးမှုများ၊ ကုသမှုများ ခံယူရမည်ဖြစ်သည်။ ရက်ချိန်းအတိုင်း မပျက်မကွက် သွားရောက်ပြသရန် အထူးအရေးကြီးသည်။
ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံးတွင် အောက်ပါ လက္ခဏာများထဲမှ တစ်ခုခုကို ခံစားရပါက ရက်ချိန်းကို စောင့်ဆိုင်းမနေဘဲ နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး ချက်ချင်းသွားရောက် ပြသရမည်။
- ရောဂါပြန်ကြွခြင်း လက္ခဏာများ ဖြစ်သည့် အဆစ်အမြစ်များ ရုတ်တရက် အလွန်အမင်း ရောင်ရမ်းနာကျင်လာပြီး လှုပ်ရှားရ ခက်ခဲလာခြင်း၊ အဖျားကြီးခြင်း သို့မဟုတ် အကြောင်းရင်းမရှိဘဲ ချမ်းတုန်ဖျားခြင်း၊ အသက်ရှူရ ခက်ခဲလာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အရေပြားပေါ်တွင် ပုံမှန်မဟုတ်သော အနီကွက်များ သို့မဟုတ် အနာများ ရုတ်တရက် ထွက်ပေါ်လာခြင်း
- ကိုယ်ဝန်ဆိပ်တက်ခြင်း လက္ခဏာများဖြစ်သည့် အလွန်အမင်း ခေါင်းကိုက်ခြင်း၊ မျက်စိဝေဝါးခြင်း၊ ဝမ်းဗိုက်ပိုင်း ရင်ညွန့်အောင့်ခြင်း အထူးသဖြင့် ညာဘက်နံရိုးအောက်တွင် အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
- ကိုယ်ဝန်ဆောင်ခြင်းနှင့် သက်ဆိုင်သော အရေးပေါ်လက္ခဏာများဖြစ်သည့် မိန်းမကိုယ်မှ သွေးဆင်းခြင်း သို့မဟုတ် ရေမွှာရည်ဆင်းခြင်း၊ သားအိမ်ညှစ်၍ ဗိုက်နာလာခြင်း၊ ကလေးအလှုပ်နည်းသွားခြင်း သို့မဟုတ် ကလေး လုံးဝမလှုပ်တော့ခြင်း (အထူးသဖြင့် ကိုယ်ဝန် ၂၄ ပတ် နောက်ပိုင်းတွင် အလွန်အရေးကြီးသည်)
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေနိုင်ရန် ရောဂါရာဇဝင်များကို အသေးစိတ်မေးမြန်းခြင်း၊ သေချာစွာ စမ်းသပ်စစ်ဆေးခြင်းများ ဦးစွာပြုလုပ်ရန် လိုအပ်သည်။ ထို့နောက် ကိုယ်ခံအား မူမမှန်တုံ့ပြန်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆပါက အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
- သွေးစစ်ဆေးခြင်း
- သွေးထဲတွင် တုံ့ပြန် ပဋိပစ္စည်းများ ရှာဖွေစစ်ဆေးခြင်း (ANA and ENA profile)
- သွေးဆဲလ်အမျိုးအစားများ စစ်ဆေးခြင်း (Complete Blood Count)
- ရောင်ရမ်းမှုအခြေအန စစ်ဆေးခြင်း (CRP, ESR)
- အသည်းနှင့် ကျောက်ကပ် ကောင်းမွန်မှု ရှိမရှိ စစ်ဆေးခြင်း၊ သိုင်းရွိုက်ဟော်မုန်း အခြေအနေ စစ်ဆေးခြင်း
- ဆီးစစ်ဆေးခြင်း
- ကျောက်ကပ် ကောင်းမကောင်းကို (၂၄) နာရီ စုဆောင်းထားသော ဆီး သို့မဟုတ် ပုံမှန်ဆီးကို နမူနာယူ၍ ဆီးတွင်း အသားဓာတ် (Protein) ပါဝင်မှု စစ်ဆေးသည်
- အာထရာဆောင်းရိုက်ခြင်း
- ကလေး၏ ကြီးထွားဖွံ့ဖြိုးမှု၊ ကိုယ်အလေးချိန် နှင့် ရေမြွာရည် ပမာဏကို ပုံမှန်စစ်ဆေးခြင်း၊ အထူးသဖြင့် အချင်းအတွင်း သွေးလှည့်ပတ်မှု ကောင်းမကောင်းကို Doppler အာထရာဆောင်းဖြင့် စစ်ဆေးခြင်း
- အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် သန္ဓေသား နှလုံးစစ်ဆေးခြင်း (Fetal Echocardiogram)
- သန္ဓေသား၏ နှလုံးအရွယ်အစား၊ ပုံသဏ္ဌာန်၊ လုပ်ဆောင်မှုနှင့် ဖွဲ့စည်းတည်ဆောက်ပုံကို ကြည့်ရှုသည်၊ မိခင်၏ သွေးထဲတွင် Anti-Ro/La ပဋိပစ္စည်းများ ရှိနေပါက သန္ဓေသားတွင် မွေးရာပါ နှလုံးခုန်နှုန်း နှေးကွေးသည့် ပြဿနာ (Congenital Heart Block) ရှိမရှိကို ကိုယ်ဝန် ဒုတိယသုံးလပတ်တွင် စစ်ဆေးရန် လိုအပ်သည်။
ကုသခြင်း
ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများကို ပျောက်ကင်းအောင်ကုသ၍ မရသော်လည်း ကိုယ်ခံအားစနစ်ကို ထိန်းချုပ်နိုင်ပြီး ရောဂါလက္ခဏာများ သက်သာစေ၍ ရောဂါထကြွခြင်း မဖြစ်ပေါ်အောင် ကုသမှုပေးနိုင်သည်။ ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ မိခင်၏ ရောဂါလက္ခဏာများကို မကြွလာအောင် ထိန်းထားပေးရန်နှင့် ဆေးဝါးများကြောင့် သန္ဓေသားကို မထိခိုက်စေရန်ဖြစ်သည်။ ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့် ရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်များကို ကုသရာတွင် သားဖွားမီးယပ် အထူးကုဆရာဝန် နှင့် သက်ဆိုင်ရာ အထူးကုဆရာဝန်များ ပူးပေါင်း၍ အဖွဲ့လိုက် ညှိုနှိုင်းကုသရမည်ဖြစ်သည်။
- ဆေးဝါးဖြင့် ကုသခြင်း (Medical Treatment)
- ကိုယ်ဝန်ဆောင်စဉ် ဘေးကင်းသော ဆေးဝါးများ
- ငှက်ဖျားဆေး (Hydroxychloroquine) – ငှက်ဖျားရောဂါကုသရာတွင် အသုံးပြုသည့် Hydroxychloroquine သည် ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှုရှိပြီး အက်စ်အယ်လ်အီး ရောဂါပြန်လည်ထကြွနိုင်ခြေကို လျော့နည်းစေရန် အထောက်အကူပြုသည်၊ ၎င်းဆေးသည် အက်စ်အယ်လ်အီးရောဂါရှိသော ကိုယ်ဝန်ဆောင်များအတွက် မရှိမဖြစ် အရေးပါသော ဆေးဖြစ်သည်
- စတီးရွိုက်ဆေးများ (Corticosteroids) – ရုတ်တရက် ရောဂါပြင်းထန်စွာ ဖောက်လာချိန် (Acute flare-ups) တွင် အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်ရန် Prednisone ကဲ့သို့သော စတီးရွိုက်ဆေးများကို အသုံးပြုသည်၊ သို့သော် သန္ဓေသားအား မထိခိုက်စေရန် ထိရောက်မှုရှိမည့် အနည်းဆုံး ဆေးပမာဏ ဖြင့်သာ ဆရာဝန်မှ ချိန်ဆ၍ပေးမည်ဖြစ်သည်
- ကိုယ်ခံအားနှိမ့်ချပေးသော ဆေးဝါးများ (Immunosuppressants) – စတီးရွိုက်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများဖြင့် ရောဂါလက္ခဏာများ သက်သာသွားပြီးနောက် ရောင်ရမ်းမှုများကို ဆက်လက်လျော့နည်းစေရန် ကိုယ်ခံအားထိန်းချုပ်နှိမ့်ချပေးသော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အချိန်ကာလကြာရှည်စွာ ထိန်းညှိသောက်သုံးရန် လိုအပ်သည်၊ ထိုဆေးဝါးများသည် ပဋိပစ္စည်း ထုတ်လုပ်သော ဆဲလ်များကို ဦးတည်တိုက်ခိုက်၍ ရောင်ရမ်းမှုဖြစ်စေသော ပရိုတင်းများ၊ ဓာတ်ပေါင်းများ ထုတ်လွှင့်မှုကို ဟန့်တားပေးသည်၊ ကိုယ်ခံအားနှိမ့်ချပေးသော ဆေးဝါးများတွင် အမျိုးအစားများစွာရှိသည့် အနက် Azathioprine နှင့် Tacrolimus ကဲ့သို့သော ဆေးဝါးများသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆက်လက်သောက်သုံးရန် ဘေးကင်းလုံခြုံသည်ဟု ဆေးပညာရှင်များက သတ်မှတ်ထားသည်၊ သို့သော် ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ထိရောက်မှုရှိသည့် အနည်းဆုံး ဆေးပမာဏဖြင့်သာ ချိန်ဆ၍ အသုံးပြုရမည်
- လုံးဝမသုံးစွဲသင့်သော ဆေးဝါးများ – Methotrexate, Mycophenolate Mofetil (MMF), Cyclophosphamide အစရှိသည့်ဆေးများသည် သန္ဓေသားကို ကြီးမားစွာ ထိခိုက်စေနိုင်သဖြင့် ကိုယ်ဝန်မယူမီ အနည်းဆုံး ၃လ မှ ၆လခန့် ကြိုတင်၍ အခြားဘေးကင်းသော ဆေးများသို့ ပြောင်းလဲအသုံးပြုထားရမည်
- အထူးသတိပြုရန် – ဤဆေးဝါးများသည် ဘေးကင်းသည်ဟု ဆိုသော်လည်း မိမိသဘောဖြင့် ဝယ်ယူသောက်သုံးခြင်း သို့မဟုတ် ဆေးပမာဏကို ပြောင်းလဲခြင်းများ လုံးဝ မပြုလုပ်ရပါ၊ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၏ ညွှန်ကြားချက်ဖြင့်သာ စနစ်တကျ သုံးစွဲရမည်ဖြစ်သည်။
- ကိုယ်ဝန်ဆောင်စဉ် ဘေးကင်းသော ဆေးဝါးများ
- မွေးဖွားမည့်အချိန်နှင့် နည်းလမ်း (Timing and Mode of Delivery)
- ကိုယ်ခံအားမူမမှန်တုံ့ပြန်သည့် ရောဂါရှိခြင်း တစ်ခုတည်းကြောင့် ခွဲစိတ်မွေးဖွားရန် မလိုအပ်ပါ၊ မွေးဖွားမည့်အချိန်နှင့် နည်းလမ်းကို မိခင်၏ ရောဂါအခြေအနေ၊ သန္ဓေသား၏ ကျန်းမာရေး အခြေအနေပေါ် မူတည်၍ ဆုံးဖြတ်သည်
- မိခင်၏ ရောဂါအခြေအနေ တည်ငြိမ်နေပြီး သန္ဓေသား၏ ကြီးထွားဖွံ့ဖြိုးမှု ပုံမှန်ဖြစ်နေပါက သတ်မှတ်ရက်ဖြစ်သော ကိုယ်ဝန်ပတ် (၃၇)ပတ် မှ (၄၀)ပတ်အတွင်း ရိုးရိုးမွေးဖွားနိုင်သည်၊ သတ်မှတ်ထားသောရက်ထက် ကျော်လွန်ပါက အချင်း၏လုပ်ဆောင်မှုများ လျော့နည်းလာ နိုင်ခြေရှိသောကြောင့် လိုအပ်လျှင် သားအိမ်ပွင့်အောင်လှုံ့ဆော်၍ ကလေးမွေးဖွားမှုကို စတင်စေခြင်း (Induction of labour) ကို ပြုလုပ်သည်
- မိခင်တွင် ရောဂါအခြေအနေ အလွန်အမင်း ဆိုးရွားလာခြင်း၊ သန္ဓေသား ကြီးထွားမှု ရပ်တန့်သွားခြင်း သို့မဟုတ် သန္ဓေသား နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တော့ခြင်း၊ သန္ဓေသား အနေအထား မမှန်ခြင်း သို့မဟုတ် အချင်းရှေ့ရောက်နေခြင်းစသည့် အကြောင်းရင်းများကြောင့် ခွဲစိတ်မွေးဖွားရနိုင်သည်
- မီးဖွားပြီးနောက် စောင့်ရှောက်မှု (Postpartum Care)
- မွေးဖွားပြီးနောက် ၆ပတ် မှ ၃လအတွင်းသည် မိခင်၏ ကိုယ်ခံအားစနစ်နှင့် ဟော်မုန်းများ ပြန်လည်အပြောင်းအလဲ ဖြစ်သည့်ကာလဖြစ်သောကြောင့် ရောဂါပြန်ကြွရန် အဖြစ်နိုင်ဆုံးအချိန်ဖြစ်သည်၊ ထို့ကြောင့် ကလေးမွေးပြီးချိန်တွင်လည်း မိမိ၏ သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် ပြန်လည်ပြသ၍ ဆေးဝါးများကို လိုအပ်သလို အတိုးအလျှော့ ပြုလုပ်ရမည်
- မိခင်နို့တိုက်ကျွေးမည်ဆိုပါက လက်ရှိသောက်သုံးနေသော ဆေးဝါးများသည် ကလေးအတွက် ဘေးကင်းမှု ရှိမရှိကို ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ရမည်၊ မိမိသဘောဖြင့် ဆေးရပ်ပစ်ခြင်း မပြုလုပ်ရပါ။
ကာကွယ်ခြင်း
ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများကို ကာကွယ်နိုင်သော နည်းလမ်း ယနေ့ထိ မရှိသေးပါ။ သို့သော် ကိုယ်ခံအားမူမမှန်တုံ့ပြန်သည့် ရောဂါရှိသော အမျိုးသမီးများ ကိုယ်ဝန်ဆောင်သည့်အခါ မိခင်ရော ကလေးပါ ထိခိုက်မှုမရှိစေရန်နှင့် နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ် စေရန် အောက်ပါအချက်များကို ကြိုတင် ပြင်ဆင်ကာကွယ်နိုင်သည်။
- ကိုယ်ဝန်မဆောင်မီ ကြိုတင်ပြင်ဆင်ပါ
- ရောဂါလက္ခဏာများ အနည်းဆုံး ၆ လခန့် ငြိမ်သက်နေချိန် (Remission) ရှိမှသာ ကိုယ်ဝန်ဆောင်ရန် ပြင်ဆင်ပါ
- ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံ
- အာဟာရပြည့်ဝသော အစားအစာများ စားသုံးခြင်း၊ လုံလောက်စွာ အိပ်စက်အနားယူခြင်း နှင့် စိတ်ဖိစီးမှုများကို လျှော့ချခြင်းတို့ ပြုလုပ်ပါ
- ပုံမှန် ဆေးခန်းပြပါ
- ကိုယ်ဝန်ဆောင်စဉ် ကာလတစ်လျှောက်လုံး ဆရာဝန်ချိန်းဆိုထားသော ရက်များတွင် ပျက်ကွက်မှုမရှိဘဲ ပုံမှန်ပြသပါ
- ဆရာဝန်ညွှန်ကြားချက်ကို တိကျစွာ လိုက်နာပါ
- သတ်မှတ်ထားသော ဆေးဝါးများကို မှန်ကန်စွာ သောက်သုံးပါ
အချုပ်အားဖြင့် ဆိုရလျှင် ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါ ရှိခြင်းသည် အမျိုးသမီးတစ်ဦးအတွက် မိခင်ဘဝကို ပိုင်ဆိုင်ခွင့် လုံးဝမရရှိနိုင်သော အခြေအနေမဟုတ်ပါ။ မိခင်ရော ကလေးပါ ဘေးကင်းစေရန် အဓိကအချက်များမှာ “ကြိုတင်ပြင်ဆင်ခြင်း” နှင့် “ပုံမှန် ဆေးခန်းပြသ၍ အနီးကပ် စောင့်ကြည့်ကုသခြင်း” ပင်ဖြစ်သည်။ ခေတ်မီဆေးပညာများ တိုးတက်လာသည်နှင့်အမျှ သားဖွားမီးယပ် အထူးကုဆရာဝန်များ၊ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် စနစ်တကျ ပူးပေါင်းကာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်မည်ဆိုပါက ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများကို အောင်မြင်စွာ ကျော်လွှားနိုင်ပြီး အခြားသော အမျိုးသမီးများကဲ့သို့ပင် ရင်သွေးငယ်များကို အန္တရာယ်ကင်းစွာ မွေးဖွားနိုင်မည်ဖြစ်သည်။
References:
- Marder, W., Littlejohn, E. A., & Somers, E. C. (2016). Pregnancy and autoimmune connective tissue diseases. Best Practice & Research Clinical Rheumatology, 30(1), 63–80. https://doi.org/10.1016/j.berh.2016.05.002
- Autoimmune Institute. (n.d.). Pregnancy with an autoimmune disease. Retrieved June 3, 2026, from https://www.autoimmuneinstitute.org/articles/pregnancy-with-an-autoimmune-disease/
- High Risk Pregnancy Center. (n.d.). Autoimmune disease and pregnancy. Retrieved June 3, 2026, from https://hrpregnancy.com/autoimmune-disease-pregnancy/
- Cleveland Clinic. (n.d.). Autoimmune diseases. Retrieved June 3, 2026, from https://my.clevelandclinic.org/health/diseases/21624-autoimmune-diseases
- Cleveland Clinic. (n.d.). Antiphospholipid syndrome. Retrieved June 3, 2026, from https://my.clevelandclinic.org/health/diseases/21685-antiphospholipid-syndrome
- Cleveland Clinic. (n.d.). Lupus. Retrieved June 3, 2026, from https://my.clevelandclinic.org/health/diseases/4875-lupus
Published: 19 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.