Cracked tooth (သွားပဲ့သွားအက်ခြင်း)

Cracked tooth (သွားပဲ့သွားအက်ခြင်း)

သွားပဲ့ခြင်း သို့မဟုတ် သွားအက်ခြင်း (Cracked or fractured tooth) သည် သွားကြိတ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အသက်အရွယ်ရလာခြင်းတို့ကြောင့် အများဆုံးဖြစ်ပွါးနိုင်သည်။ သွားပဲ့သွားအက်ခြင်းသည် သွားနာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကဲ့သို့သော လက္ခဏာများကို ဖြစ်စေနိုင်သည့်အပြင် အပူအအေး အာရုံခံစားလွယ်မှုကြောင့် သွားကျဉ်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ သွားအက်ခြင်း သို့မဟုတ် သွားပဲ့ခြင်းကို ကုသရန် နည်းလမ်းများစွာရှိပြီး၊ ကုသမှုပုံစံမှာ အက်ရာ သို့မဟုတ် ပဲ့ရာ၏ တည်နေရာနှင့် ပြင်းထန်မှုအခြေအနေပေါ်တွင် မူတည်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သွားပဲ့သွားအက်ခြင်းကို အများဆုံးဖြစ်စေသော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အသက်အရွယ် – အသက်ကြီးလာသည်နှင့်အမျှ သွားများသည်လည်း တဖြည်းဖြည်း ပါးလာတတ်သဖြင့် သွားပဲ့အက်ခြင်းဖြစ်နိုင်ခြေ ပိုများလာသည်၊ အထူးသဖြင့် အသက် (၅၀) နှင့်အထက်ရှိသူများသည် လူငယ်များထက် ပိုမိုဖြစ်ပွါးလေ့ရှိသည်
  • မာသောအရာများကို ကိုက်စားခြင်း – ရေခဲ၊ သကြားလုံးအမာများနှင့် အခွံမာအသီးများကို ကိုက်စားခြင်း သို့မဟုတ် ဝါးခြင်းကြောင့် သွားအက်နိုင်သည်
  • သွားဘက်ဆိုင်ရာ ကုသမှုများ – အရွယ်အစားကြီးသော သွားအခေါင်းပေါက်များ ဖာထားခြင်း သို့မဟုတ် သွားအမြစ်အကြောထုတ် ကုသခြင်း (Root Canal) ပြုလုပ်ထားသော သွားများသည် သွားစွပ် (Crown) မစွပ်ထားပါက သွားကို အားနည်းစေပြီး အက်နိုင်ခြေကို မြင့်တက်စေနိုင်သည်
  • သွားကြိတ်ခြင်း (Bruxism) – စိတ်ဖိစီးမှုများခြင်း သို့မဟုတ် အိပ်စက်စဉ် သွားကြိတ်တတ်သော အလေ့အထရှိပါက အချိန်ကြာလာသည်နှင့်အမျှ သွားပဲ့သွားအက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်
  • သွားထိခိုက်ခြင်း – ချော်လဲခြင်း၊ အားကစားပြုလုပ်စဉ် ထိခိုက်မိခြင်း သို့မဟုတ် ယာဉ်မတော်တဆမှုများကြောင့် ပါးစပ်ကို ပြင်းထန်စွာ ထိခိုက်မိပါက သွားပဲ့သွားအက်ခြင်း ဖြစ်နိုင်သည်
  • အပူချိန် အပြောင်းအလဲမြန်ခြင်း – ပူလွန်းသော အစားအစာများကို စားပြီးနောက် အေးလွန်းသော အရာများကို ချက်ချင်း စားသုံးခြင်းကြောင့် သွားတွင် အပူဖိအား (Thermal stress) ဖြစ်ကာ အပေါ်ယံအက်ကြောင်းများ ဖြစ်ပေါ်နိုင်သည်။

သွားပဲ့သွားအက်ခြင်း အခြေအနေပေါ် မူတည်၍ အောက်ပါအမျိုးအစား (၅) မျိုးသတ်မှတ်နိုင်သည်။

  1. သွားအက်ခြင်း (Cracked tooth)
    သွား၏ ကိုက်ဝါးသည့်မျက်နှာပြင်မှ သွားဖုံးအစပ်အထိ ဒေါင်လိုက် အက်ကြောင်းနေဖြစ်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုအက်ကြောင်းသည် သွားဖုံးအတွင်းပိုင်းနှင့် သွားအမြစ်အထိ ရောက်ရှိသွားတတ်သည်။
  2. အပေါ်ယံ အစင်းရာလေးများ (Craze lines)
    ၎င်းတို့သည် သွား၏ အပြင်ဘက်ဆုံးအလွှာ (Enamel) ပေါ်တွင် ရှိနေသည့် အလွန်သေးငယ်ပြီး ပါးလွှာသော အစင်းရာလေးများဖြစ်သည်။ ထိုအစင်းရာများသည် အများအားဖြင့် နာကျင်မှုမရှိပါ။
  3. သွားဖာထားသည့်အစွန်း ပဲ့ထွက်ခြင်း (Fractured cusp)
    သွားဖာထားသည့်နေရာ (Filling) ဘေးပတ်လည်တွင် အက်ကြောင်းရာတစ်ခု ဖြစ်ပေါ်လာပါက သွားအစွန်း ပဲ့ထွက်ခြင်း ဖြစ်နိုင်သည်။ ထိုသို့ ပဲ့ထွက်ခြင်းသည် များသောအားဖြင့် အလွန်အမင်း နာကျင်မှု မရှိပါ။
  4. သွားနှစ်ခြမ်းကွဲခြင်း (Split tooth)
    အက်ကြောင်းရာကြောင့် သွားသည် နှစ်ခြမ်းကွဲသွားသည့် အခြေအနေဖြစ်သည်။ ထို့သို့ကွဲခြင်းသည် သွားဖုံးအောက်ခြေအထိ ရောက်ရှိသွားနိုင်သည်။
  5. သွားအမြစ် ဒေါင်လိုက်အက်ခြင်း (Vertical root fracture)
    အက်ကြောင်းရာသည် သွားဖုံးအောက်ခြေမှ စတင်ပြီး သွား၏ အပေါ်ယံမျက်နှာပြင်ဆီသို့ ပြန်တက်လာသော အက်ကြောင်းရာမျိုးဖြစ်သည်၊ ထိုသို့သွားအက်ခြင်းမျိုးသည် သွားအောက်ခြေရှိ အာရုံကြောနှင့် မွသွားလွှာ (Pulp) ပိုးဝင်ခြင်းမရှိသ‌ရွေ့ ရောဂါလက္ခဏာ မပြဘဲ ရှိတတ်သည်။
ရောဂါလက္ခဏာများ

သွားပဲ့ခြင်း၊ သွားအက်ခြင်းကြောင့် ရောဂါလက္ခဏာများ အမြဲတမ်း မပြတတ်သော်လည်း လက္ခဏာပြလာပါက အဓိကအားဖြင့် အောက်ပါလက္ခဏာတို့ကို ခံစားရနိုင်သည်။

  • သွားဖြင့် တစ်ခုခုကို ဖိကိုက်သောအခါ စူးခနဲ နာကျင်ခြင်း
  • အပူအအေးစသည့် အပူချိန် ပြောင်းလဲမှုများ သို့မဟုတ် အချိုများသောအစာများ စားသည့်အခါ သွားကျဉ်ခြင်း သို့မဟုတ် နာကျင်ခြင်း
  • သွားပတ်ပတ်လည်တွင် ရောင်ရမ်းခြင်း
  • အစားအသောက် ဝါးသည့်အခါ သို့မဟုတ် ကိုက်သည့်အခါ သွားကိုက်ခြင်း

စနစ်တကျကုသမှု မခံယူပါက သွားပဲ့ခြင်း၊ သွားအက်ခြင်းမှတစ်ဆင့် သွားဖုံးပြည်တည်နာ (Dental abscess) ဖြစ်ပွါးနိုင်ပြီး ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်။ သွားဖုံးပြည်တည်နာ၏ လက္ခဏာများမှာ_

  • ခံတွင်းနံ့ ဆိုးခြင်း (Bad breath)
  • သွားကိုက်ခြင်းသည် ပို၍ ဆိုးရွားခြင်း
  • ဖျားခြင်း
  • သွားဖုံးများ ရောင်ရမ်းခြင်း
  • လည်ပင်းတစ်ဝိုက်ရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း စသည့်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

သွားပဲ့ခြင်း၊ သွားအက်ခြင်းသည် အလှအပရေးရာအရ ပြဿနာတစ်ခုဖြစ်နိုင်သည့်အပြင် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားနိုင်သော အခြေအနေတစ်ခုဖြစ်သည်။ ထို့ကြောင့် ရေရှည်တွင် သွားပဲ့ခြင်း၊ သွားအက်ခြင်းကို မကုဘဲထားရှိပါက သွားဖုံးပြည်တည်နာဖြစ်ခြင်း၊ သွားကျွတ်ခြင်းနှင့် သွေးထဲမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ ပိုးကူးစက်ခြင်းကဲ့သို့သော အသက်အန္တရာယ်စိုးရိမ်ရသည့် နောက်ဆက်တွဲပြဿနာများအထိ ဖြစ်လာနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

သွားကိုက်ခြင်း သို့မဟုတ် အစာစားသောအခါ သွားကိုဖိကိုက်ပါက နာကျင်ခြင်းစသည့် လက္ခဏာများ ခံစားရလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ သွားဘက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သွားပဲ့ခြင်း၊ သွားအက်ခြင်း ရှိမရှိ စစ်ဆေးရှာဖွေရန်အတွက် သွားဘက်ဆိုင်ရာ ဆရာဝန်သည် ခံစားနေရသော လက္ခဏာများ၊ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများနှင့် ပတ်သတ်၍ ရောဂါရာဇဝင် မေးမြန်းခြင်း၊ လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ သွားများအား အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ ထို့နောက် အောက်ပါနည်းလမ်းများဖြင့် ဆက်လက်စစ်ဆေးမည်။

  • နာကျင်မှုစမ်းသပ်ခြင်း – သွားတွင် နာကျင်မှု ရှိမရှိ သိရှိနိုင်ရန် တုတ်ချောင်းငယ်တစ်ခုကို ကိုက်ခိုင်း၍ စမ်းသပ်ခြင်း
  • သွား၏ပြင်ပလက္ခဏာများ စစ်ဆေးခြင်း – သွားပေါ်တွင် အက်ကြောင်းရာများနှင့် အခြားပျက်စီးမှု လက္ခဏာများ ရှိမရှိ သေချာစွာ ကြည့်ရှုစစ်ဆေးခြင်း
  • သွားဖုံးစစ်ဆေးခြင်း – ဒေါင်လိုက်အက်ကြောင်းများသည် သွားဖုံးကို နာကျင်စေနိုင်သောကြောင့် သွားဖုံးရောင်ရမ်းမှု ရှိမရှိ စစ်ဆေးခြင်း
  • အလင်းတန်းဖြင့် စမ်းသပ်ခြင်း (Transillumination) – အက်ကြောင်းရာများကို ထင်ရှားစွာ မြင်နိုင်ရန် သွားထဲသို့ အလင်းတန်းဖြတ်၍ စမ်းသပ်ကြည့်ရှုခြင်း
  • ဆိုးဆေးသုံး၍ စမ်းသပ်ခြင်း – သွားအက်ကြောင်းရာများကို ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန် သွားပေါ်တွင် ဆိုးဆေးအသုံးပြု၍ စစ်ဆေးခြင်း
  • သွားဓာတ်မှန် (X-rays) ရိုက်ခြင်း – အက်ကြောင်းရာများနှင့် အရိုးဆုံးရှုံးမှုကဲ့သို့သော ဆက်စပ်ပြဿနာများကို သိနိုင်ရန် ဓာတ်မှန်ရိုက်ခြင်း
  • သွားဖုံးအနက်တိုင်းကိရိယာ (Periodontal probe) အသုံးပြုခြင်း – သွားပတ်လည်ရှိ အရိုးဆုံးရှုံးမှုကို တိုင်းတာပြီး အက်ကြောင်းရာ ရှိနိုင်သည့်နေရာကို ကိရိယာအသုံးပြု၍ ရှာဖွေစစ်ဆေးခြင်းဖြစ်သည်
ကုသခြင်း

သွားပဲ့ခြင်း၊ သွားအက်ခြင်းအတွက် ကုသမှုပုံစံများသည် သွား၏ ပျက်စီးမှုအတိုင်းအတာပေါ်တွင် မူတည်သည်။ သွားဘက်ဆိုင်ရာ ဆရာဝန်များ အသုံးများသည့် ကုသနည်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဆေးဖြင့် သွားဖာခြင်း (Dental bonding)
    သွားအရောင်နှင့် တူညီသော Resin (အစေး) တစ်မျိုးကို အသုံးပြု၍ သွားအက်ကြောင်းရာများကို ဖာ၍ ကုသခြင်းဖြစ်သည်။
  • သွားပုံဖော်ပြုပြင်ခြင်း (Dental contouring)
    ကြမ်းတမ်းနေသော သွားမျက်နှာပြင် အနားသတ်များကို ချောမွေ့အောင် ပြုလုပ်ခြင်း၊ အခြားသွားများနှင့် ထိတိုက်မှု များလွန်းသောနေရာများကို စစ်ဆေးညှိနှိုင်းခြင်းနှင့် သွားကို အရောင်တင်ပေးခြင်း စသည်တို့ကို ပြုလုပ်၍ ကုသခြင်းဖြစ်သည်။
  • သွားစွပ်ခြင်း (Dental crown)
    အက်နေသော သွားပေါ်တွင် Porcelain သို့မဟုတ် Ceramic ကြွေအမျိုးအစားဖြင့် ပြုလုပ်ထားသော သွားစွပ်ကို စွပ်ပေး၍ ကုသခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် သွားစွပ်ခြင်းသည် အချိန်တစ်ရက်တည်း လိုအပ်ပြီး၊ များသောအားဖြင့် ဆေးခန်းသို့ ရက်ချိန်းအကြိမ်များစွာ ပြသရန် လိုအပ်နိုင်သည်။
  • သွားအရှေ့မျက်နှာပြင် ကပ်ခြင်း (Dental veneers)
    ကြွေ (Porcelain) သို့မဟုတ် ပလတ်စတစ် (Plastic) ဖြင့် ပြုလုပ်ထားသော သွား၏ အရှေ့ဘက်မျက်နှာပြင်ပေါ်တွင် အံကိုက်ဖြစ်စေရန် ပြုလုပ်ထားသည့် အလွှာပါးလေးများကို ကပ်ခြင်းဖြစ်သည်။ သွားနှင့် အံကိုက်ဖြစ်မည့် အလွှာပါးကို ပြုလုပ်ရန် ပုံမှန်အားဖြင့် (၃)ပတ်မှ (၄)ပတ်ခန့် ကြာမြင့်တတ်ပြီး၊ ပြုလုပ်မှုပြီးစီးမှသာ သွားနှင့် ခံတွင်းဆရာဝန်သည် သွားတွင် တပ်ဆင်ပေး၍ ကုသမှုပေးသည်။
  • သွားအကြောထုတ်ကုသခြင်း (Root canal)
    သွားအက်ကြောင်းရာသည် သွားအတွင်းပိုင်းရှိ မွသွားလွှာ (Pulp) အထိ ရောက်ရှိသွားပါက ပိုးဝင်ခြင်း ဖြစ်နိုင်ပြီး၊ ထိုသို့ပိုးဝင်ပါက အာရုံကြောများကို ဖယ်ရှားရန် သွားအကြောထုတ်ကုသခြင်းကို ပြုလုပ်နိုင်သည်။
  • သွားနှုတ်ခြင်း (Tooth extraction)
    သွားအက်ကြောင်းရာကြောင့် သွားအမြစ်နှင့် အာရုံကြောများကို ပြင်းထန်စွာ ပျက်စီးပါက သွားနှုတ်၍ ကုသရနိုင်သည်။ ထိုသို့နှုတ်ပြီးပါက သွားတုစိုက်ခြင်း (Dental bridge) သို့မဟုတ် သွားအမြစ်တုစိုက်ခြင်း (Dental implant) တို့ဖြင့် ပြန်လည် အစားထိုးကုသနိုင်သည်။ သွားအမြစ်တုဖြင့် ပြန်လည်အစားထိုးရန်အတွက် လအနည်းငယ်အထိ ကြာမြင့်နိုင်သည်။
ကာကွယ်ခြင်း

သွားပဲ့ခြင်း၊ သွားအက်ခြင်းကို အမြဲတမ်း ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်သော်လည်း ဖြစ်နိုင်ခြေ လျော့နည်းသွားစေရန် အောက်ပါတို့ကို ပြုလုပ်နိုင်သည်။

  • ခံတွင်းသန့်ရှင်းရေးကို စနစ်တကျ ဂရုစိုက်ပါ
    ခံတွင်းကို သန့်ရှင်းအောင် ထားရှိပြီး သွားနှင့် ခံတွင်းဆရာဝန်နှင့် ပုံမှန်ပြသစစ်ဆေးပါ။ သွားပဲ့ခြင်း၊ သွားအက်ခြင်းသည် လက္ခဏာမပြတတ်သော်လည်း ပုံမှန်စစ်ဆေးခြင်းဖြင့် အလွန်သေးငယ်သော အက်ကြောင်းရာများကို ရှာဖွေတွေ့ရှိနိုင်ပြီး စောစီးစွာ ကုသမှုခံယူနိုင်သည်။
  • ခံတွင်းနှင့် သွားများကို ကာကွယ်ပါ
    ဘောလုံး၊ ဘတ်စကက်ဘော သို့မဟုတ် ဟော်ကီကဲ့သို့ ခံတွင်းကို ထိခိုက်မိနိုင်ခြေရှိသော အားကစားများ ကစားသည့်အခါ သွားကာ (Mouth guard) တပ်ဆင်ပါ။ စက်ဘီးစီးခြင်း၊ ရေခဲပြင်စကိတ်စီးခြင်း သို့မဟုတ် ကျွမ်းဘားကစားခြင်းကဲ့သို့ ချော်လဲနိုင်ခြေရှိသော အားကစားများ ပြုလုပ်ရာတွင်လည်း သွားကာ တပ်ဆင်ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်။
  • မာသောအရာများကို ဝါးခြင်းကို ရှောင်ကြဥ်ပါ
    ရေခဲ၊ သကြားလုံးအမာများနှင့် အခွံမာအသီးများကို ကိုက်ခြင်း၊ ဝါးခြင်းများ မပြုလုပ်ခြင်းမှ ရှောင်ကြဥ်ပါ။ ထို့အပြင် ပလတ်စတစ်အိတ်များနှင့် အထုတ်များကို ဆွဲဖြတ်ရန်အတွက် သွားများကို အသုံးပြုခြင်းမှလည်း ရှောင်ကြဥ်ပါ။

References:

  1. Cleveland Clinic. (n.d.). Fractured tooth (cracked tooth). Retrieved April 5, 2026, from https://my.clevelandclinic.org/health/diseases/21628-fractured-tooth-cracked-tooth
  2. MedPark Hospital. (n.d.). Cracked, fractured, and broken teeth. Retrieved April 5, 2026, from https://www.medparkhospital.com/en-US/lifestyles/cracked-fractured-and-broken-teeth
  3. NHS. (n.d.). Chipped, broken or cracked tooth. Retrieved April 5, 2026, from https://www.nhs.uk/conditions/chipped-broken-or-cracked-tooth/
  4. WebMD. (n.d.). Repairing a chipped or broken tooth. Retrieved April 5, 2026, from https://www.webmd.com/oral-health/repairing-a-chipped-or-broken-tooth
  5. American Association of Endodontists (AAE). (n.d.). Cracked teeth. Retrieved April 5, 2026, from https://www.aae.org/patients/dental-symptoms/cracked-teeth/

Published: 24 May 2026

Share

24 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.