အဆုတ်ကြားခံတစ်ရှူးရောင်ရောဂါစု (Interstitial lung disease) ဆိုသည်မှာ အဆုတ်အတွင်းရှိ လေအိတ်ငယ်များ (Alveoli) နှင့် ၎င်းတို့၏ ပတ်ပတ်လည်ရှိ သွေးကြောငယ်များကို ဝန်းရံထားသော ကြားခံတစ်ရှူးလွှာ (Interstitium) ရောင်ရမ်းခြင်းကို ဖြစ်စေသည့် အဆုတ်ရောဂါ အမျိုးအစားပေါင်း ၂၀၀ ကျော်ကို စုပေါင်းခေါ်ဆိုခြင်းဖြစ်သည်။ ဤရောဂါသည် လေပြွန်များ ရောင်ရမ်းသော ရင်ကျပ်ရောဂါ သို့မဟုတ် နာတာရှည် လေပြွန်ရောင်ရောဂါတို့နှင့် သဘောသဘာဝ ကွဲပြားသည်။ အဆုတ်ကြားခံတစ်ရှူးများ ရောင်ရမ်းခြင်း၊ အမာရွတ်ဖြစ်ခြင်းနှင့် တစ်ရှူးများ တောင့်တင်းလာခြင်းတို့ကြောင့် လေအိတ်များ၏ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို သိသိသာသာ လျော့နည်းစေသည်။
အဆုတ်တွင် အမာရွတ်များ ဖြစ်ပေါ် ပြီးပါက ပြန်လည်ကောင်းမွန်လာရန် ခက်ခဲသဖြင့် တဖြည်းဖြည်း အသက်ရှူရန် ခက်လာကာ သွေးတွင်းအောက်ဆီဂျင်လည်း ကျဆင်းလာတတ်သည်။ ရောဂါအခြေအနေသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ဆိုးလာနိုင်သလို တစ်ခါတစ်ရံတွင်လည်း မခန့်မှန်းနိုင်ဘဲ အလျင်အမြန် ဆိုးဝါးလာခြင်း (Acute exacerbation) မျိုးလည်း ရှိနိုင်သည်။ လက်ရှိအချိန်အထိ ILD ရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်သည့် နည်းလမ်းမရှိသေးသော်လည်း ခေတ်မီကုသမှုများ၏ အဓိကရည်ရွယ်ချက်မှာ အမာရွတ်များ ထပ်မဖြစ်အောင် တားဆီးရန်၊ ရောဂါလက္ခဏာများ သက်သာစေရန်နှင့် လူနာ၏ နေ့စဉ်ဘဝ ရှင်သန်မှုအရည်အသွေး (Quality of life) ကို မြှင့်တင်ပေးရန်ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အဆုတ်ကြားခံတစ်ရှူးရောင်ရောဂါစု (ILD) ဖြစ်စေသည့် ဖြစ်စဥ်ကို တိကျစွာ မသိသော်လည်း ခန္ဓာကိုယ်တွင် ဒဏ်ရာရပြီး ပြန်လည်အနာကျက်ခြင်း ဖြစ်စဥ် (Healing response) ချို့ယွင်းမှုကြောင့် ဖြစ်သည်ဟု ယူဆကြသည်။ အခြေအနေတစ်ခုကြောင့် အဆုတ်ရောင်သောအခါ ပြန်လည်ပြုပြင်ရန်အတွက် တစ်ရှူးအသစ်များကို လိုအပ်သလောက်သာ ထုတ်ပေးလေ့ရှိသည်။ သို့သော် ILD ရောဂါတွင် ပုံမှန်အနာကျက်ခြင်းမဖြစ်ဘဲ လေအိတ်ငယ်များအတွင်းနှင့် ပတ်လည်တစ်ရှူးများတွင် အမာရွတ်များ အလွန်အကျွံဖြစ်ခြင်းနှင့် ထူထဲခြင်းများ ဖြစ်လာသည်။
အမျိုးအစားများ
ILD ရောဂါအမျိုးအစား များစွာရှိပြီး ဖြစ်စေသောအကြောင်းရင်းခံ ရှိမရှိပေါ် မူတည်၍ ခွဲခြားထားသည်။
- ဖြစ်စေသော အကြောင်းရင်းခံရှိသော အမျိုးအစား
- လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ရှိ အန္တရာယ်ဖြစ်စေသော အမှုန်များကို ရှူမိခြင်း
ပတ်ဝန်းကျင်ရှိ ကျန်းမာရေးအန္တရာယ်ရှိသော အမှုန်များကို ရေရှည်ထိတွေ့ရှူမိခြင်းက အဆုတ်ကို ပျက်စီးစေပြီး ILD ကို ဖြစ်စေနိုင်သည်။ ဥပမာ_- အမှုန်အမွှားကြောင့်ဖြစ်သော အဆုတ်ရောဂါ (Pneumoconiosis)
လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်၊ အမှုန်အမွှားများကို အချိန်ကြာမြင့်စွာ ရှူမိခြင်းကြောင့် ဖြစ်ပွါးသည်။ ၎င်းတို့တွင်_- ကျောက်မီးသွေးဖုန်မှုန့်ကြောင့် ဖြစ်သောရောဂါ (Coal miner’s lung)
- ကျောက်ဂွမ်းမှုန်ကြောင့် ဖြစ်သော ရောဂါ (Asbestosis)
- သဲ/ကျောက်မှုန့်ကြောင့် ဖြစ်သောရောဂါ (Silicosis) တို့ ပါဝင်သည်။
- ဓာတ်မတည့် အဆုတ်ရောင်ခြင်း (Hypersensitivity pneumonitis)
လေထဲရှိ အမှုန်များ၊ အရာဝတ္ထုများနှင့် ပိုးမွှားများကို ဓာတ်မတည့်မှုဖြစ်ပြီး အဆုတ်ရောင်ခြင်းဖြစ်သည်။ ၎င်းတို့တွင်_- ဆန်၊ ဂျုံ၊ ပြောင်းနှင့် ကောက်ရိုးမှိုများကြောင့် ဖြစ်သော Farmer’s Lung
- ငှက်မွေး၊ ငှက်ချေးပရိုတင်းများနှင့် ငှက်ကိုယ်ပေါ်ရှိ မှိုပိုး၊ ဘက်တီးရီးယားပိုးများကြောင့် ဖြစ်သော Bird Fancier’s Lung
- မသန့်ရှင်းသော ရေပိုက်စနစ်များနှင့် အဲကွန်းလေများကြောင့် ဖြစ်သောရောဂါ
- အမှုန်အမွှားကြောင့်ဖြစ်သော အဆုတ်ရောဂါ (Pneumoconiosis)
- ကိုယ်ခံအားတုံ့ပြန်မှုဆိုင်ရာ ရောဂါများရှိခြင်း
အချို့သော ရောဂါအခံများသည် အဆုတ်ကို ထိခိုက်ပြီး ILD ကို ဖြစ်စေနိုင်သည်။ ဥပမာ_- ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါဖြစ်သော ရူမတွိုက်အဆစ်ရောင်ရောဂါ (Rheumatoid arthritis)၊ အရေပြားထူ လေးဘက်နာရောဂါ (Scleroderma) တို့သည် အဆုတ်အမာရွတ်ဖြစ်ခြင်းနှင့် ဆက်စပ်သည်
- ဆာကွိုက်ဒိုးဆစ် (Sarcoidosis) – ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို (အထူးသဖြင့် အဆုတ်နှင့် ပြန်ရည်ကျိတ်များတွင်) ရောင်ရမ်းမှု ဖြစ်စေသောရောဂါ
- ဆေးဝါးများနှင့် ဓာတ်ရောင်ခြည်ကြောင့် ဖြစ်ခြင်း
- အချို့သောဆေးဝါးများသည် အဆုတ်ကို ထိခိုက်စေနိုင်သည်။ ၎င်းတို့မှာ_
- ကင်ဆာဆေးများ (Chemotherapy) – Bleomycin, Gemcitabine နှင့် အခြားသော ကိုယ်ခံအားမြှင့်တင်ပြီး ကင်ဆာကုသောဆေးများ (Immune checkpoint inhibitors)
- နှလုံးဆေးများ – နှလုံးခုန်မမှန်ခြင်းအတွက် သောက်ရသောဆေး (ဥပမာ – Amiodarone)
- ပိုးသတ်ဆေးများ – Nitrofurantoin, Sulphonamide နှင့် Daptomycin
- ရောင်ရမ်းမှုသက်သာစေသော ဆေးဝါးများ – Methotrexate သို့မဟုတ် Sulfasalazine စသည်တို့ဖြစ်သည်။
- ဆေးဝါးများသာမက ကင်ဆာအမျိုးမျိုး (ဥပမာ_လည်ချောင်းကင်ဆာ၊ သွိုင်းရိုက်ကင်ဆာ) ကို ကုသသည့် ရင်ဘတ်ကို ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်းသည် အဆုတ်ရောင်ရမ်းခြင်း (Radiation pneumonitis) ကို ဖြစ်စေသည်။ ရောဂါပြင်းထန်မှုသည် ဓာတ်ရောင်ခြည်ပမာဏနှင့် ကင်ဆာဆေးများ တွဲသုံးခြင်း ရှိမရှိပေါ်တွင် မူတည်သည်။
- အချို့သောဆေးဝါးများသည် အဆုတ်ကို ထိခိုက်စေနိုင်သည်။ ၎င်းတို့မှာ_
- လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ရှိ အန္တရာယ်ဖြစ်စေသော အမှုန်များကို ရှူမိခြင်း
- တိကျသည့်အကြောင်းရင်းခံ မရှိသော အမျိုးအစား
အချို့လူနာများတွင် ရောဂါဖြစ်စေသော အကြောင်းရင်းကို မည်မျှပင်စစ်ဆေးသော်လည်း ရှာမတွေ့ဖြစ်နိုင်သည်။ ထိုကဲ့သို့ အကြောင်းရင်းခံတိကျစွာမရှိသော အဆုတ်ရောင်ရောဂါစုကို Idiopathic Interstitial Pneumonias ဟု စုစည်းခေါ်ဆိုသည်။ ၎င်းတို့ထဲတွင် အောက်ပါတို့ ပါဝင်သည်။- အကြောင်းရင်းမတွေ့သော အဆုတ်အမာရွတ်ဖြစ်ခြင်း (Idiopathic Pulmonary Fibrosis – IPF)
- အတွေ့ရအများဆုံးအမျိုးအစားဖြစ်သည်
- အဆုတ်အမာရွတ်များ ဖြစ်ပေါ်သော ရောဂါဖြစ်ပြီး အကြောင်းရင်းရှာမတွေ့သောကြောင့် idiopathic ဟု ခေါ်သည်
- အကြောင်းရင်းမတွေ့သော လေပြွန်ငယ်နှင့် လေအိတ်ငယ်များ ရောင်ရမ်းခြင်း (Cryptogenic Organizing Pneumonia – COP)
- ဖြစ်ပွါးမှုရှားပါးပြီး လေပြွန်ငယ်များ (Bronchioles) နှင့် လေအိတ်ငယ်များ (Alveoli) ရောင်ရမ်းခြင်းဖြစ်သည်
- ဓာတ်မှန်တွင် အဆုတ်ရောင်ရောဂါ (Pneumonia) ကဲ့သို့ တွေ့ရသည်၊ လူနာအချို့တွင် အမာရွတ်ဖြစ်ခြင်းကို တွေ့နိုင်သည်
- အမျိုးအမည်အတိအကျ ခွဲခြားမရသော အဆုတ်တစ်ရှူးရောင်ရောဂါ (Nonspecific Interstitial Pneumonia – NSIP)
- အဆုတ်တစ်ရှူးများ ရောင်ရမ်းခြင်း၊ အမာရွတ်တစ်ရှူးများဖြစ်ခြင်းကို တွေ့ရသည်
- ဖြစ်စေသောအကြောင်းရင်း ရှာရခက်ခဲပြီး တစ်ခါတစ်ရံ ကိုယ်ခံအားတုံ့ပြန်မှု များသောရောဂါများနှင့် တွဲ၍တွေ့တတ်သည်
- အကြောင်းရင်းမတွေ့သော အဆုတ်အမာရွတ်ဖြစ်ခြင်း (Idiopathic Pulmonary Fibrosis – IPF)
ရောဂါဖြစ်ပွားနိုင်ခြေ များစေသော အချက်များ
အောက်ပါအချက်များသည် ILD ရောဂါဖြစ်ပွားနိုင်ခြေကို များစေသည်။
- အသက်အရွယ် – အများအားဖြင့် လူကြီးများတွင်သာ ပိုမိုဖြစ်ပွါးလေ့ရှိသည်
- ဆေးလိပ်သောက်ခြင်း – နှစ်ပေါင်းများစွာ ဆေးလိပ်သောက်ခြင်းသည် ရောဂါအခြေအနေကို ပိုဆိုးစေနိုင်ပြီး အထူးသဖြင့် အဆုတ်ပွရောဂါရှိပါက ပိုပြင်းထန်စေနိုင်သည်
- ရောဂါအခံများရှိခြင်း – အသည်းရောင် စီ ပိုး၊ တီဘီရောဂါ၊ အဆုတ်ရောင်ရောဂါ၊ နာတာရှည် လေပြွန်ရောင်ရောဂါ၊ ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်၍ ခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်သောရောဂါများ
- လုပ်ငန်းခွင် သို့မဟုတ် ပတ်ဝန်းကျင်ရှိ အန္တရာယ်ဖြစ်စေသော ပစ္စည်းများနှင့် ထိတွေ့ခြင်း – သတ္တုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ခြင်း သို့မဟုတ် တိရစ္ဆာန်များနှင့် ထိတွေ့ခြင်း
- ဓာတ်ရောင်ခြည်နှင့် ကင်ဆာဆေးများကို အသုံးပြုခြင်း – ရင်ဘတ်ပိုင်းကို ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူခြင်း သို့မဟုတ် အချို့သော ကင်ဆာဆေးဝါးများကို အသုံးပြုခြင်း
ရောဂါလက္ခဏာများ
ILD ရောဂါ၏ အဓိကလက္ခဏာမှာ အသက်ရှူမဝခြင်း၊ မောပန်းခြင်းဖြစ်သည်။ ရောဂါလက္ခဏာများသည် အစပိုင်းတွင် အနည်းငယ်သာ ရှိနိုင်ပြီး (ဥပမာ_ လေ့ကျင့်ခန်းလုပ်ခြင်း၊ လှေကားတက်ခြင်း ပြုလုပ်သည့်အခါ မောပန်းခြင်း) နောက်ပိုင်းတွင် ပို၍ပြင်းထန်လာနိုင်သည်။ ဥပမာအားဖြင့် ခြေလှမ်းအနည်းငယ်လျှောက်ခြင်း၊ အဝတ်အစားလဲခြင်းကဲ့သို့သော သာမန်လှုပ်ရှားမှုမျိုးတွင်ပင် မောလာတတ်သည်။ ရောဂါပိုမိုဆိုးရွားလာပါက စကားပြောနေစဉ် သို့မဟုတ် အစားစားနေစဉ်တွင်ပင် မောလာတတ်သည်။ အချို့သူများတွင် ပုံမှန်ထက် ပို၍ပြင်းပြင်း သို့မဟုတ် ပို၍မြန်မြန် အသက်ရှူနေရသည်ကို ခံစားရနိုင်သည်။ ထိုင်နေစဉ် ကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်း၍ ထိုင်ပါက အသက်ရှူရ ပိုသက်သာသည်ကို တွေ့ရတတ်သည်။
အသက်ရှူမဝခြင်းအပြင် အောက်ပါလက္ခဏာများကိုလည်း ခံစားရနိုင်သည်။
- နာတာရှည် ချောင်းခြောက်ဆိုးခြင်း
- အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းသွားခြင်း
- ကြွက်သားများနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း
- ရောဂါပြင်းထန်သော အဆင့်တွင် အောက်ဆီဂျင် မလုံလောက်သောကြောင့် နှုတ်ခမ်းများ၊ အရေပြားနှင့် လက်သည်း၊ ခြေသည်းများ ပြာနှမ်းလာခြင်း (Cyanosis)
- အခံရောဂါများ၏ လက္ခဏာများ
- (ဥပမာ_ အဆစ်ရောင်လက္ခဏာများ၊ အရေပြားတင်းခြင်း၊ နှလုံးရောဂါ လက္ခဏာများ၊ အဆုတ်သွေးလွှတ်ကြော သွေးတိုးသည့် လက္ခဏာများဖြစ်သည့် ခြေထောက်ဖောယောင်ခြင်း၊ ဝမ်းဗိုက်ရေဖျဥ်းဆွဲခြင်း၊ လည်ပင်းတွင် သွေးကြောများဖောင်းလာခြင်း)
နောက်ဆက်တွဲပြဿနာများ
အဆုတ်တွင် အမာရွတ်များဖြစ်ခြင်းကြောင့် အောက်ပါ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပွါးစေနိုင်သည်။
- အဆုတ်သွေးလွှတ်ကြော ဖိအားများခြင်း (Pulmonary Hypertension)
အဆုတ်သွေးကြောငယ်များ ကျဉ်းမြောင်းသွားသဖြင့် အဆုတ်သွေးလွှတ်ကြောတွင်း ဖိအားကိုမြင့်တက်စေသည်။ - နှလုံးညာဘက် သွေးလွှတ်ခန်း လုပ်ငန်းပျက်စီးခြင်း (Cor Pulmonale)
အဆုတ်သွေးလွှတ်ကြောများ ဖိအားများခြင်းကြောင့် နှလုံး၏ ညာဘက်သွေးလွှတ်ခန်းသည် ကောင်းစွာမညှစ်နိုင်တော့ခြင်းဖြစ်သည်။ - အသက်ရှူလမ်းကြောင်းဆိုင်ရာ စွမ်းဆောင်ရည် ပျက်ဆီးခြင်း (Respiratory Failure)
သွေးထဲသို့ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့လဲလှယ်သည့်လုပ်ငန်းကို ချို့ယွင်းစေသည်။ - ပိုးဝင်ခြင်း (Superimposed Infections)
အဆုတ်အားနည်း၍ ဘက်တီးရီးယား အဆုတ်ရောင်ရောဂါနှင့် မှိုပိုးဝင်ခြင်း (ဥပမာ – Aspergillus) တို့ အလွယ်တကူ ဝင်လွယ်သည်။ - ရောဂါအခြေအနေ ရုတ်တရက် ဆိုးရွားလာခြင်း (Acute Exacerbations)
တိကျသော အကြောင်းရင်းမရှိဘဲ ရက် (၃၀) အတွင်း လူနာ၏ အဆုတ်အခြေအနေ ရုတ်တရက် ဆိုးရွားသွားခြင်းဖြစ်သည်။ ကွန်ပျူတာဓာတ်မှန်တွင် အဆုတ်နှစ်ဖက်လုံးတွင် ဖန်မှုန်ကဲ့သို့ အကွက်များကို (Ground- glass opacities) တွေ့ရပြီး သေဆုံးစေသော အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။ - အဆုတ်အမြှေးပါးတွင်း လေခိုခြင်း (Secondary Spontaneous Pneumothorax)
လေအိတ်ငယ်များ ပေါက်ထွက်၍ အဆုတ်ပိခြင်း (Collapse) ကို ဖြစ်စေသည်။ - အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေမြင့်ခြင်း
အထူးသဖြင့် IPF လူနာများတွင် နာတာရှည်ရောင်ရမ်းမှုများကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများသည်။ - နာတာရှည်မောပန်းခြင်းနှင့် ကြွက်သားများ အားနည်းခြင်း
အသက်ရှူမဝခြင်းကြောင့် လှုပ်ရှားမှု နည်းပါးသွားရာမှ ကြွက်သားများ သိမ်လာပြီး လှုပ်ရှားသွားလာမှုများ အားနည်းခြင်းကို ဖြစ်စေသည်။ - ကိုယ်အလေးချိန် ကျဆင်းခြင်းနှင့် အာဟာရချို့တဲ့ခြင်း
အားစိုက်၍ အသက်ရှူရခြင်းကြောင့် ခန္ဓာကိုယ်မှ ကယ်လိုရီလိုအပ်ချက် ပိုမိုမြင့်မားလာကာ အလွန်အမင်း ပိန်ချုံးသွားခြင်း (Pulmonary cachexia) ဖြစ်ပေါ်စေသည်။ - စိတ်ပိုင်းဆိုင်ရာထိခိုက်မှု (Psychosocial Impact)
ရောဂါသဘာဝအရ ရောဂါပြင်းထန်မှု တဖြည်းဖြည်း ဆိုးလာခြင်းနှင့် အောက်ဆီဂျင် ရေရှည်ရှူရခြင်းကြောင့် လူနာများတွင် စိုးရိမ်စိတ်လွန်ကဲခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ ခံစားရလေ့ရှိသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ ကုသမှုခံယူရန် လိုအပ်သည်။ ရောဂါလက္ခဏာများသည် သာမန်အဆုတ်ရောဂါများနှင့် ဆင်တူသောကြောင့် ထိုရောဂါများ မဟုတ်ကြောင်း သေချာရန် လိုအပ်သည်။ ရောဂါရှိသူများအနေဖြင့်လည်း ရှိရင်းစွဲ လက္ခဏာများ ပြောင်းလဲလာခြင်း (ဥပမာ _ နဂိုထက် အသက်ရှူပိုကျပ်လာခြင်း၊ ချွဲသလိပ်များ ပိုထွက်လာခြင်း၊ ခြေထောက်များ ဖောရောင်လာခြင်း) ရှိပါက မိသားစုဆရာဝန်နှင့် ချက်ချင်းပြသရန် လိုအပ်သည်။ ထို့အပြင် အသက်ရှူကျပ်လာခြင်း၊ ခြေဖျားလက်ဖျား ပြာနှမ်းလာခြင်း၊ နှုတ်ခမ်းနားတစ်ဝိုက် ပြာနှမ်းလာခြင်း၊ ရင်တုန်လာခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်းစသည့် အရေးကြီးလက္ခဏာများ ခံစားရပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ILD အမျိုးအစားအများစုသည် ဓာတ်မှန်ပုံစံ ဆင်တူနေတတ်သောကြောင့် ရောဂါဖြစ်ရသည့် အကြောင်းရင်း အတိအကျကို သိရှိနိုင်ရန် လူနာ၏ ရောဂါရာဇဝင်နှင့် ခန္ဓာကိုယ်စစ်ဆေးမှုသည် အရေးအကြီးဆုံးအဆင့်ဖြစ်သည်။ ထိုသို့စစ်ဆေးခြင်းသည် ILD ရောဂါမှန်မမှန် အတည်ပြုခြင်း၊ ဖြစ်စေသော အကြောင်းရင်းများ (ဥပမာ_ လုပ်ငန်းခွင်ထိတွေ့မှုများ၊ တိရစ္ဆာန်ထိတွေ့မှုများ၊ ဆေးဝါးများ၊ ဓာတ်ရောင်ခြည် ထိတွေ့ခြင်း၊ အခြားရောဂါအခံများ) ကို ရှာဖွေခြင်းနှင့် ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရန်ဖြစ်သည်။
- ရောဂါရာဇဝင် မေးမြန်းခြင်း
- လူနာ၏ရောဂါလက္ခဏာများ
- စတင်ဖြစ်ပေါ်ချိန်နှင့် ကြာမြင့်ချိန်၊ ရောဂါအခံဖြစ်သော တွယ်ဆက်တစ်ရှူး ရောဂါများ၏ လက္ခဏာများကို မေးမြန်းသည်
- လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ထိတွေ့မှုများ
- သတ္တုဖုန်မှုန့်များ (Inorganic Dusts) – သတ္တုတွင်း၊ ဆောက်လုပ်ရေး၊ သင်္ဘောကျင်းနှင့် အပူဒဏ်ခံပစ္စည်းလုပ်ငန်းတို့တွင် လုပ်ကိုင်ခဲ့ဖူးခြင်း ရှိမရှိ (Silica, Asbestos)
- အော်ဂဲနစ် ဖုန်မှုန့်များ (Organic Dusts) – ငှက်များ (ခို၊ ကြက်တူရွေး) မွေးမြူခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ (Farmer’s lung)၊ အိမ်သုံးလေအေးပေးစက်များ ပြင်ဆင်ခြင်း
- ဆေးကုသမှုရာဇဝင်
- ရင်ဘတ်ကို ဓာတ်ရောင်ခြည်ပြဖူးခြင်း၊ ကင်ဆာဆေးနှင့် အဆုတ်ထိခိုက်နိုင်သည့် ဆေးဝါးများ သောက်ဖူးခြင်း ရှိမရှိကို မေးမြန်းသည်
- ဆေးလိပ်သောက်ခြင်း
- လူနာ၏ရောဂါလက္ခဏာများ
- ခန္ဓာကိုယ် စစ်ဆေးခြင်း
အထူးသဖြင့် အဆုတ်ထိခိုက်မှု အခြေအနေနှင့် အခြားရောဂါအခံများကို ရှာဖွေရန်ဖြစ်သည်။- အသက်အားစိုက်ရှူရခြင်း၊ လည်ပင်းကြွက်သားများကို သုံးနေရခြင်း
- အဆုတ်အတွင်းမှ ပုံမှန်မဟုတ်သော အသက်ရှူသံများကို နားကြပ်ဖြင့် နားထောင်ခြင်း
- အခံရောဂါများအတွက် အရေပြားအဖုအပိမ့်များ၊ အကွက်များနှင့် ထူထဲခြင်း
- မျက်စိတွင် မျက်စိရောင်ခြင်း (Sarcoidosis ၏ လက္ခဏာ) ရှိမရှိ စစ်ဆေးခြင်း
- ခြေထောက်ဖောခြင်း၊ ဗိုက်ရေဖျဥ်းဆွဲခြင်းနှင့် အသည်းကြီးခြင်း၊ လည်ပင်းသွေးကြော (JVP) မြင့်တက်နေခြင်းစသည့် နှလုံးညာဘက်ခြမ်း အားနည်းသည့် လက္ခဏာများ ရှိမရှိ စစ်ဆေးခြင်း
- စစ်ဆေးမှုများ
ရောဂါရာဇဝင်မေးခြင်းနှင့် ကိုယ်ခန္ဓာစမ်းသပ်မှုပြီးနောက် ရောဂါအမျိုးအစားကို တိကျစွာခွဲခြားနိုင်ရန် အောက်ပါစစ်ဆေးမှုများ လိုအပ်နိုင်သည်။- သွေးစစ်ဆေးမှုများ (Blood tests)
- တွယ်ဆက်တစ်ရှူးဆိုင်ရာ ရောဂါများအတွက် စစ်ဆေးခြင်း
ထိုရောဂါများ၏ ပထမဆုံးလက္ခဏာအဖြစ် ILD ဖြစ်ပေါ်တတ်သောကြောင့် အရေပြားနှင့် အဆစ်ရောင်လက္ခဏာများ မရှိသည့်တိုင် လူနာအသစ်တိုင်းတွင် စစ်ဆေးလေ့ရှိသည်။- ANA and ENA profile – အက်စ်အယ်လ်အီးရောဂါ၊ အရေပြားတင်းမာတောင့်တင်းသောရောဂါနှင့် အခြားကိုယ်ခံအားမူမမှန် တုံပြန်သည့် ရောဂါများ ရှိမရှိ သိနိုင်ရန်
- RF (Rheumatoid Factor), Anti-CCP – ရူမတွိုက်အဆစ်ရောင်ရောဂါကို စစ်ဆေးရန်
- CRP, ESR – ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုရှိခြင်းကို အကြမ်းဖျင်းသိနိုင်ရန်
- ပတ်ဝန်းကျင်နှင့် ဓာတ်မတည့်မှုဆိုင်ရာ အကြောင်းရင်းများကို စစ်ဆေးခြင်း
ဖုန်မှုန့်များ သို့မဟုတ် မှိုများနှင့် ထိတွေ့ဖူးသည့် ရာဇဝင်ရှိပါက စစ်ဆေးရန် လိုအပ်သည်။- Hypersensitivity pneumonitis panel (HP Panel)
- လေထဲရှိ ဓာတ်မတည့်ပစ္စည်းများနှင့် ထိတွေ့ပြီး ပဋိပစ္စည်း (IgG antibodies) ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်
- အဖြေ “Positive” ထွက်ခြင်းသည် ထိတွေ့ဖူးကြောင်းသာ ပြသခြင်းဖြစ်ပြီး ရောဂါလက္ခဏာများ၊ ဓာတ်မှန်အဖြေများနှင့် တိုက်ဆိုင်စစ်ဆေးရန် လိုအပ်သည်
- Hypersensitivity pneumonitis panel (HP Panel)
- ရှားပါးရောဂါများအတွက် စစ်ဆေးခြင်း
- Serum ACE level and Serum/Urine Calcium – ဆာကွိုက်ဒိုးဆစ် (Sarcoidosis) ရောဂါရှိသူများတွင် ထိုဓာတ်များ တက်နေတတ်သည်
- အခြေခံ သွေးစစ်ဆေးမှုနှင့် အခြားအကြောင်းရင်းများအတွက် စစ်ဆေးခြင်း
ရောဂါရှာဖွေရန် ဆက်လက်လုပ်ဆောင်မည့် စစ်ဆေးမှုများ (ဥပမာ – အသားစယူခြင်း) နှင့် ကုသမှုများအတွက် လူနာ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို တိုင်းတာရန်ဖြစ်ပြီး၊ အသက်ရှူမဝရခြင်း၏ အခြားအကြောင်းရင်းများကို ဖယ်ထုတ်ရန် စစ်ဆေးခြင်းဖြစ်သည်။- Complete blood count – သွေးအားနည်းခြင်း၊ ဓာတ်မတည့် အဆုတ်ရောင်ရောဂါ (Eosinophilic pneumonitis) တို့အတွက် စစ်ဆေးခြင်း
- ကျောက်ကပ်လုပ်ဆောင်ချက် – ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ရာတွင် ကျောက်ကပ်ဓာတ် ပုံမှန်ဖြစ်မဖြစ် သိနိုင်ရန်၊ ကျောက်ကပ်ရောဂါကြောင့် မောခြင်းဟုတ်မဟုတ် သိရှိရန် စစ်ဆေးသည်
- အသည်းလုပ်ဆောင်ချက် – အချို့သော ILD များသည် အသည်းကို ထိခိုက်နိုင်သကဲ့သို့ အသည်းကို ထိခိုက်စေနိုင်သည့် ဆေးဝါးများ (ဥပမာ – Nintedanib) မစတင်မီ အသည်းအခြေအနေကို သိရှိရန်
- BNP သို့မဟုတ် NT-proBNP – ဓာတ်မှန်ရှိ ပုံရိပ်များသည် နှလုံးအားနည်းခြင်းကြောင့် ဟုတ်မဟုတ် ခွဲခြားရန်
- သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်း (ABG) – အသက်ရှူခြင်းလုပ်ငန်း ချို့ယွင်းခြင်း (Respiratory failure) ပြင်းထန်မှုကို တိကျစွာ သိရှိနိုင်ရန်
- တွယ်ဆက်တစ်ရှူးဆိုင်ရာ ရောဂါများအတွက် စစ်ဆေးခြင်း
- ပုံရိပ်ဖော်စစ်ဆေးမှုများ
- ကွန်ပျူတာဓာတ်မှန် (CT scan)
- ရောဂါရှာဖွေရာတွင် အဓိကကျပြီး ပထမဆုံးလုပ်ဆောင်ရသည့် စစ်ဆေးမှုဖြစ်သည်
- အဆုတ်ပျက်စီးမှုကို တိကျစွာသိရှိရန် အလွန်အထောက်အကူပြုသည်၊
- အဆုတ်အမာရွတ်ဖြစ်ခြင်းပုံစံ (Fibrosis pattern) ကို အသေးစိတ်ဖော်ပြနိုင်သဖြင့် ရောဂါအမျိုးအစားကို တိကျစွာခွဲခြားနိုင်ရန်နှင့် ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရန် ကူညီပေးနိုင်သည်။
- အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram) – နှလုံး၏ လုပ်ဆောင်ချက်၊ သွေးလွှတ်ခန်းများ၏ ဖိအားနှင့် အဆုတ်သွေးလွှတ်ကြော ဖိအားများခြင်းကို တိုင်းတာပေးနိုင်သည်
- ကွန်ပျူတာဓာတ်မှန် (CT scan)
- အဆုတ်လုပ်ဆောင်ချက် စစ်ဆေးမှုများ
- Oximetry (သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်း) – လက်ချောင်းထိပ်မှ စက်ဖြင့် သွေးထဲ၌ရှိသော အောက်ဆီဂျင်ပမာဏကို တိုင်းတာခြင်းဖြစ်သည်
- ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်း (Spirometry) နှင့် သွေးကြောတွင်းသို့ အောက်ဆီဂျင် ပျော်ဝင်နိုင်စွမ်းကို စစ်ဆေးခြင်း (Diffusion capacity)
- အဆုတ်တစ်ရှူးအသားစကို စစ်ဆေးခြင်း
အဆုတ်တစ်ရှူးရောင်ရမ်းခြင်းနှင့် အမာရွတ်ဖြစ်ခြင်း (ILD) ရောဂါ၏ အချို့အမျိုးအစားများသည် အဆုတ်တစ်ရှူး အသားစများကို ထုတ်ယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးကြည့်မှသာ အဖြေအတိအကျ သိနိုင်သည်။ အောက်ပါနည်းလမ်းများအနက် တစ်ခုခုကို အသုံးပြု၍ အသားစယူနိုင်သည်။- အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Bronchoscopy)
- အဆုတ်အတွင်းကို ဆေးကြောစစ်ဆေးခြင်း (Bronchoalveolar lavage)
- ခွဲစိတ်၍ အသားစယူခြင်း (Surgical biopsy)
- သွေးစစ်ဆေးမှုများ (Blood tests)
ကုသခြင်း
ILD ရောဂါကို ကုသရာတွင် ယခင်က ခုခံအားကျဆေးများကိုသာ အဓိက အသုံးပြုခဲ့သော်လည်း ယခုအခါတွင် လူနာတစ်ဦးချင်းစီ၏ အခြေအနေပေါ်မူတည်၍ တိကျစွာကုသသည့် (Precision-medicine) စနစ်သို့ ပြောင်းလဲလာသည်။ ကုသရာတွင် အဆုတ်အထူးကုများမှ ဦးဆောင်ကာ ဆေးပညာရှင်များ စုပေါင်းညှိနှိုင်းကုသခြင်းနည်းလမ်း (Multidisciplinary team approach) ဖြင့် ကုသမှုပေးသည်။
- ဆေးဝါးများဖြင့် ကုသခြင်း
ဆေးဝါးရွေးချယ်မှုသည် ရောင်ရမ်းခြင်း (Inflammation) သို့မဟုတ် အမာရွတ်ဖြစ်ခြင်း (Fibrosis) ရှိမရှိ အချက်များပေါ်တွင် အဓိကမူတည်သည်။- အမာရွတ်ဖြစ်ခြင်းကို လျှော့ချပေးသည့် ဆေးဝါးများ
- အဆုတ်တွင် အမာရွတ်ဖြစ်ပေါ်မှုများသော IPF ရောဂါကုသရာတွင် အဓိကအသုံးပြုသည်
- ထိုဆေးများသည် အဆုတ်အမာရွတ်များ ထပ်မံမဖြစ်ပေါ်စေရန် ကာကွယ်ခြင်းဖြစ်ပြီး နဂိုဖြစ်ပြီးသား အမာရွတ်များကို ပြန်လည်ကောင်းမွန်အောင် မလုပ်ပေးနိုင်ပါ
- ဆေးပေးခြင်း၏ ရည်ရွယ်ချက်မှာ လက်ရှိအခြေအနေကို တတ်နိုင်သမျှ ကြာရှည်စွာ ထိန်းသိမ်းထားနိုင်ရန်ဖြစ်သည်
- ဆေးများတွင် Pirfenidone, Nintedanib, Nerandomilast တို့ပါဝင်သည်
- ဆေးများ၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အသည်းရောင်ခြင်းတို့ ဖြစ်နိုင်သည်
- ကိုယ်ခံအားစနစ် နှိမ့်ချသည့် ဆေးဝါးများ
ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှုကြောင့်ဖြစ်သော ILD ရောဂါများ (ဥပမာ – Connective tissue disease related ILD၊ Sarcoidosis နှင့် Hypersensitivity Pneumonitis) တွင် ရောင်ရမ်းမှု သက်သာစေရန် အသုံးပြုသည်။- စတီးရွိုက်ဆေးများ – ရောဂါစတင်ကုသရာတွင် ပထမဆုံးပေးလေ့ရှိသည်
- စတီးရွိုက်အစားထိုး ကိုယ်ခံအားနှိမ့်ချဆေးများ – စတီးရွိုက်၏ ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန်အတွက် ပေါင်းစပ်ကုသနိုင်သည်၊ Mycophenolate Mofetil (MMF), Cyclophosphamide နှင့် Azathioprine ဆေးများ ပါဝင်သည်
- ဇီဝဆေးဝါးများ (Biologics) – အထက်ပါဆေးဝါးများနှင့် ထိန်းချုပ်ရန် ခက်ခဲသော အဆင့်တွင် ဇီဝဆေးဝါးများဖြင့် ကုသနိုင်သည်၊ Rituximab, Tocilizumab ဆေးများ ပါဝင်သည်
- အစာအိမ်အက်ဆစ် ထိန်းချုပ်သောဆေးဝါးများ
- ILD လူနာများတွင် စားချဥ်ပြန်ရောဂါ (GERD) တွဲရှိပါက ကုသရန် အလွန်အရေးကြီးသည်၊ အစာအိမ်အက်ဆစ် အနည်းငယ်မျှ အဆုတ်ထဲသို့ ရောက်ရှိသွားခြင်းက အဆုတ်အမာရွတ်ဖြစ်ခြင်းကို ပိုမိုဆိုးရွားစေနိုင်သောကြောင့်ဖြစ်သည်
- စားချဥ်ပြန်ရောဂါလက္ခဏာများရှိပါက အက်ဆစ်လျှော့ချသည့် ကုသမှုများ ပေးရန် လိုအပ်သည်
- အမာရွတ်ဖြစ်ခြင်းကို လျှော့ချပေးသည့် ဆေးဝါးများ
- ရောဂါလက္ခဏာများ သက်သာစေရန် ပြုစုစောင့်ရှောက်ကုသခြင်း
လူနာသွားလာလှုပ်ရှားမှုများ လွယ်ကူစေရန်နှင့် လူမှုဘဝ အရည်အသွေး တိုးတက်စေရန် ရည်ရွယ်သည်။- အသက်ရှူ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ
စနစ်တကျ ရေးဆွဲထားသော လေ့ကျင့်ခန်းအစီအစဉ်များဖြင့် ကိုယ်လက်လှုပ်ရှားမှုကို ပိုမိုခံနိုင်ရည်ရှိစေရန်နှင့် မောပန်းခြင်းကို လျှော့ချပေးနိုင်ရန် လေ့ကျင့်ပေးသည်။ အောက်ပါတို့ကို အဓိကလုပ်ဆောင်ပေးသည်။- လက်ရှိခံစားနေရသော အဆုတ်ရောဂါအကြောင်းကို ပိုမိုသိရှိနားလည်စေခြင်း
- ကိုယ်လက်လှုပ်ရှားမှုများကို ပိုမိုကြာရှည်စွာ ပြုလုပ်နိုင်စေရန် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
- အဆုတ်စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေမည့် အသက်ရှူနည်းစနစ်များကို သင်ကြားပေးခြင်း
- အသက်ရှူ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ
- စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု
ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်နိုင်ရန် စိတ်ကျန်းမာရေး ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ရန် စီစဥ်ပေးခြင်းဖြစ်သည်။- အောက်ဆီဂျင် ရေရှည်ပေးကုသမှု (Long-Term Oxygen Therapy – LTOT)
သွေးတွင်းအောက်ဆီဂျင် အလွန်ကျဆင်းနေသော လူနာများအတွက် ပေးရန်လိုအပ်သည်။- အသက်ရှူရ ပိုမိုလွယ်ကူစေပြီး သွားလာလှုပ်ရှားရာတွင် အထောက်အကူဖြစ်စေခြင်း
- အောက်ဆီဂျင်နည်းပါးမှုကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ပေးခြင်း သို့မဟုတ် လျှော့ချပေးခြင်း
- အဆုတ်သွေးလွှတ်ကြော ဖိအားတက်ခြင်းနှင့် နှလုံး၏ ညာဘက်ခြမ်း လုပ်ငန်းစွမ်းရည် ပျက်ဆီးခြင်းကို လျော့ကျစေခြင်း
- ကောင်းစွာ အိပ်စက်နိုင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ ပိုမိုကောင်းမွန်စေခြင်း
- ကာကွယ်ဆေး ထိုးနှံခြင်း
ပိုးဝင်ခြင်းကြောင့် ရောဂါအခြေအနေ ရုတ်တရက် ဆိုးရွားမလာစေရန် တုပ်ကွေး (Influenza)၊ အဆုတ်ရောင် (Pneumococcal) နှင့် COVID-19 စသည့် ကာကွယ်ဆေးများကို သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း အတိအကျ ထိုးနှံရန် လိုအပ်သည်။ - အာဟာရ ပြည့်ဝအောင်ပံ့ပိုးခြင်း
ILD လူနာများအတွက် အာဟာရသည် အလွန်အရေးကြီးသော ထောက်ပံ့ကုသမှုတစ်ခုဖြစ်သည်။- ကိုယ်အလေးချိန်ကျခြင်းနှင့် ကြွက်သားဆုံးရှုံးခြင်းကို ကာကွယ်ရန် ကယ်လိုရီနှင့် ပရိုတင်း (အသားဓာတ်) ကြွယ်ဝသော အစားအစာများကို စားသုံးရန် လိုအပ်သည်။
- စတီးရွိုက် (Steroid) ဆေးများ သောက်သုံးနေရပါက အရိုးပွခြင်းကို ကာကွယ်ရန် ကယ်လ်စီယမ် (Calcium) နှင့် ဗီတာမင် ဒီ (Vitamin D) ကြွယ်ဝသော အစားအစာများကို စားသုံးရန် လိုအပ်သည်
- အောက်ဆီဂျင် ရေရှည်ပေးကုသမှု (Long-Term Oxygen Therapy – LTOT)
- အဆုတ်အစားထိုးကုသခြင်း (Lung transplant)
အထက်ပါ ကုသမှုနည်းလမ်းများဖြင့် မသက်သာတော့သော အလွန်ပြင်းထန်အဆင့်ရှိ ILD လူနာအချို့အတွက် အဆုတ်အစားထိုးကုသခြင်းသည် နောက်ဆုံးရွေးချယ်စရာ နည်းလမ်းတစ်ခုဖြစ်ပြီး အထူးကုစင်တာများတွင် သတ်မှတ်ချက်ကိုက်ညီသော လူနာများအတွက် ပြုလုပ်ပေးနိုင်သည်။
ကာကွယ်ခြင်း
အဆုတ်တစ်ရှူးရောင်ရမ်းပြီး အမာရွတ်ဖြစ်ခြင်း (ILD) ကို ကာကွယ်ရန်အတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်သည်။
- လုပ်ငန်းခွင်ရှိ အဆုတ်ထိခိုက်စေသည့်အရာများကို ရှောင်ကြဉ်ခြင်း – လုပ်ငန်းခွင်အတွင်းရှိ ကျောက်ဂွမ်း (Asbestos)၊ ကျောက်မီးသွေးဖုန်မှုန့်နှင့် သဲ/ကျောက်မှုန့် (Silica dust) တို့နှင့် ထိတွေ့မှုကို ရှောင်ကြဉ်ပါ
- အကာအကွယ်ပစ္စည်း အသုံးပြုခြင်း – အကယ်၍ အထက်ဖော်ပြပါ အရာဝတ္ထုများနှင့် မဖြစ်မနေ ထိတွေ့ရမည့် အခြေအနေမျိုးရှိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ အကာအကွယ်ပစ္စည်း (Respirator) သို့မဟုတ် အရည်အသွေးမြင့် နှာခေါင်းစည်းများကို စနစ်တကျ ဝတ်ဆင်၍ မိမိကိုယ်ကို ကာကွယ်ပါ
- ပတ်ဝန်းကျင်ရှိ ရောဂါဖြစ်စေသောအရာများကို ရှောင်ကြဉ်ခြင်း – ပတ်ဝန်းကျင်ရှိ ငှက်မွေး၊ ငှက်ချေးမှထွက်သော ပရိုတင်းမှုန်များ၊ မှိုများနှင့် ဘက်တီးရီးယားများကဲ့သို့သော အရာများနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ပါ
- ဆေးလိပ်ရှောင်ကြဥ်ခြင်း – ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ရမည့်အပြင် အခြားသူထံမှ ဆေးလိပ်ငွေ့ (Second-hand smoke) ကို ရှူမိခြင်းမှလည်း ကာကွယ်ပါ
- ဖြစ်နိုင်ခြေ မြင့်မားစေသော ရောဂါအခံများကို ထိရောက်စွာ ကုသခြင်း (ဥပမာ_ ရူမတွိုက်လေးဖက်နာ၊ အရေပြားထူ လေးဖက်နာရောဂါ)
- ဆရာဝန်နှင့် ပုံမှန်ပြသခြင်း – ရောဂါဖြစ်နိုင်ခြေ မြင့်စေသော ဆေးဝါးများ သောက်သုံးနေရပါက ဆောလျင်စွာ သိရှိနိုင်ရန် ရက်ချိန်းသေချာပြန်ပြပါ
- ကာကွယ်ဆေး ထိုးနှံခြင်း – အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းများအတွက် အဆုတ်ရောင် ကာကွယ်ဆေး (Pneumonia vaccine)၊ နှစ်စဉ်ထိုးနှံရသော တုပ်ကွေးကာကွယ်ဆေး (Flu shot)၊ ကြက်ညှာချောင်းဆိုး (Pertussis)၊ COVID-19 နှင့် RSV (Respiratory Syncytial Virus) ကာကွယ်ဆေးတို့ကို ဆရာဝန်နှင့် တိုင်ပင်၍ ထိုးနှံထားပါ
References:
- Cleveland Clinic. (n.d.). Interstitial lung disease. Retrieved April 3, 2026, from https://my.clevelandclinic.org/health/diseases/17809-interstitial-lung-disease
- Mayo Clinic. (2024). Interstitial lung disease: Diagnosis and treatment. Retrieved April 3, 2026, from https://www.mayoclinic.org/diseases-conditions/interstitial-lung-disease/diagnosis-treatment/drc-20353113
- Mayo Clinic. (2024). Interstitial lung disease: Symptoms and causes. Retrieved April 3, 2026, from https://www.mayoclinic.org/diseases-conditions/interstitial-lung-disease/symptoms-causes/syc-20353108
- National Center for Biotechnology Information. (2023). Interstitial lung disease. In StatPearls. Retrieved April 3, 2026, from https://www.ncbi.nlm.nih.gov/books/NBK541084/
- Mikolasch, T. A., Garthwaite, H. S., & Porter, J. C. (2017). Update in diagnosis and management of interstitial lung disease. Clinical Medicine, 17(2), 146–153. Retrieved April 3, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC6297625/
- Penn Medicine. (n.d.). Interstitial lung disease. Retrieved April 3, 2026, from https://www.pennmedicine.org/conditions/interstitial-lung-disease
Published: 27 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.