ချက်မှအူကျွံခြင်း (Umbilical hernia) ဆိုသည်မှာ ဝမ်းဗိုက်ခေါင်းအတွင်းပိုင်းရှိ အူအစိတ်ပိုင်းတစ်ခု သို့မဟုတ် ဝမ်းခေါင်းအဆီပြင်မြှေးသည် ချက် သို့မဟုတ် ချက်အနီးရှိ ဝမ်းဗိုက်ကြွက်သား၏ အားနည်းသော နေရာမှတစ်ဆင့် အပြင်ဘက်သို့ ဖောင်းထွက်လာခြင်းဖြစ်သည်။ အများစုသည် မွေးရာပါ ဖြစ်တတ်၍ ကလေးငယ်များတွင် အဖြစ်များသော်လည်း လူကြီးများတွင်လည်း တွေ့နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- ကလေးငယ်များ
သန္ဓေသားဘဝတွင် ချက်ကြိုးဖြတ်သန်းရာ ဝမ်းဗိုက်ကြွက်သားအပေါက်သည် မွေးဖွားပြီးနောက်တွင် ကောင်းစွာ ပြန်လည်ပိတ်သွားရမည်ဖြစ်သည်။ သို့သော် ထိုသို့မဖြစ်ဘဲ အပေါက်သည် ဆက်ပွင့်နေသည့်အခါ ချက်မှအူကျွံခြင်း ဖြစ်ပေါ်လာရသည်။ မွေးကင်းစကလေးငယ်များတွင် အများဆုံးဖြစ်ပြီး အထူးသဖြင့် အောက်ပါကလေးများတွင် ပိုမိုတွေ့ရှိရတတ်သည်။- လမစေ့ဘဲ မွေးဖွားခြင်း (Premature birth) – ကိုယ်ဝန်သက်တမ်းမစေ့ဘဲ စောစီးစွာ မွေးဖွားလာသော ကလေးငယ်များ
- မွေးကင်းစ ကိုယ်အလေးချိန် မပြည့်ခြင်း (Low birth weight) – မွေးဖွားချိန်တွင် ပုံမှန်ထက် ကိုယ်အလေးချိန် လျော့နည်းနေသော ကလေးငယ်များ
- မျိုးရိုးနှင့်လူမျိုးစု – အမေရိကန်နိုင်ငံရှိ လေ့လာချက်များအရ လူမည်းကလေးငယ်များတွင် ချက်မှအူကျွံခြင်း အနည်းငယ် ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်
- လူကြီးများ
ချက်မှအူကျွံခြင်းသည် ဝမ်းဗိုက်အတွင်းပိုင်း ဖိအား (Intra-abdominal pressure) အလွန်များလာခြင်းကြောင့် ဖြစ်တတ်သည်။ ၎င်းကို ဖြစ်စေနိုင်သည့် အချက်များမှာ_- ကိုယ်အလေးချိန် လွန်ကဲခြင်း (အဝလွန်ခြင်း) – [ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) အမှတ် (၃၀) အထက်ရှိခြင်း]
- ကိုယ်ဝန်ဆောင်ခြင်း – အထူးသဖြင့် ကလေးမွေးဖွားပြီး (၂) နှစ်အတွင်း ကိုယ်ဝန်ထပ်မံဆောင်ခြင်း သို့မဟုတ် အမြွှာကိုယ်ဝန်ဆောင်ခြင်းများကြောင့် ဝမ်းဗိုက်ကြွက်သားများ လျော့ရဲလာခြင်း
- ဝမ်းဗိုက်အတွင်း အရည်စုခြင်း (Ascites) – အသည်းရောဂါကဲ့သို့သော အခြေအနေများကြောင့် ဝမ်းဗိုက်အတွင်း ရေဖျဉ်းစွဲခြင်း
- ဝမ်းဗိုက်ခွဲစိတ်မှု ခံယူဖူးခြင်း – ယခင် ခွဲစိတ်ဖူးသည့်နေရာမှ ကြွက်သားများ အားနည်းသွားခြင်း
- နာတာရှည် အခြေအနေများ – နာတာရှည် ချောင်းဆိုးခြင်းနှင့် ဓာတ်မတည့်မှုကြောင့် နာတာရှည် နှာချေခြင်း၊ ကာလတာရှည် ဝမ်းချုပ်ခြင်းနှင့် ဝမ်းညှစ်ခြင်း ၊ ဆီးညှစ်ပေါက်ခြင်း (ဆီးကျိတ်ကြောင့် ဖြစ်တတ်သည်)
- ကျောက်ကပ်ဆေးနေရခြင်း – ဝမ်းဗိုက်အတွင်းသို့ ပိုက်ထည့်၍ ကြာရှည်စွာ ကျောက်ကပ်ဆေးနေရခြင်း (Peritoneal Dialysis)
ရောဂါလက္ခဏာများ
ချက်မှ အူကျွံခြင်း၏ အဓိကလက္ခဏာမှာ ချက်နှင့် ချက်အနီးတစ်ဝိုက်တွင် အလုံးအကျိတ်သဏ္ဌာန် ဖောင်းထွက်လာခြင်းဖြစ်သည်။ ၎င်းသည် ကလေးငယ်များနှင့် လူကြီးများတွင် ခံစားရပုံချင်း ကွာခြားနိုင်သည်။
- ကလေးငယ်များ
များသောအားဖြင့် နာကျင်မှုမရှိတတ်ပါ။ ကလေးငိုသည့်အခါ၊ ရယ်သည့်အခါ သို့မဟုတ် ဝမ်းညှစ်သည့်အခါမျိုးတွင် ဝမ်းဗိုက်ဖိအားကြောင့် အလုံးသည် ပိုမိုဖောင်းကြွလာတတ်ပြီး ကလေးငြိမ်သက်သွားချိန် သို့မဟုတ် ပက်လက်အိပ်နေချိန်တွင် ပြန်ဝင်သွားတတ်သည်။ - လူကြီးများ
အောက်ပါဝေဒနာများကို ခံစားရနိုင်သည်။- ကိုယ်လက်လှုပ်ရှားချိန် သို့မဟုတ် အားစိုက်ချိန်တွင် ချက်နေရာ၌ အလုံးဖောင်းထွက်လာခြင်း
- ဝမ်းညှစ်ခြင်း၊ အလေးအပင်မခြင်း သို့မဟုတ် ပြင်းထန်စွာ ချောင်းဆိုးခြင်းတို့ ပြုလုပ်သည့်အခါ ထိုနေရာတွင် တင်းကျပ်ခြင်း၊ တွန်းဖိထားသကဲ့သို့ ခံစားရခြင်းနှင့် အနည်းငယ် နာကျင်ခြင်း
- အူကျွံသည့်အလုံးပတ်လည်တွင် ဆွဲဆန့်ခံထားရသကဲ့သို့ မသက်မသာဖြစ်ခြင်း
- အကယ်၍ ကျွံနေသောအူသည် ပြန်မဝင်တော့ဘဲ ညပ်သွားပါက ပျို့အန်ခြင်းနှင့် ပြင်းထန်စွာ နာကျင်ခြင်းတို့ ဖြစ်လာနိုင်သည်
နောက်ဆက်တွဲပြဿနာများ (Complications)
ကလေးငယ်များတွင် နောက်ဆက်တွဲပြဿနာ ဖြစ်ခဲသော်လည်း လူကြီးများတွင်မူ ပိုမိုသတိထားရန် လိုအပ်သည်။ ဝမ်းဗိုက်နံရံအပြင်ဘက်သို့ ထွက်နေသော အူ သို့မဟုတ် တစ်ရှူးများ ပြန်ဝင်၍မရတော့ဘဲ ညပ်သွားပါက အောက်ပါအန္တရာယ်များ ရှိလာနိုင်သည်။
- အူကျွံရာမှ ပြန်မဝင်တော့ခြင်း (Incarcerated Hernia)
- ကျွံထွက်လာသော အစိတ်အပိုင်းသည် ဝမ်းဗိုက်ကြွက်သားအပေါက်တွင် တစ်နေပြီး ပြန်မဝင်တော့ခြင်းဖြစ်သည်
- ၎င်းသည် အမြဲတမ်း အလုံးအနေဖြင့် ဖောင်းနေတတ်ပြီး နာကျင်ခြင်း သို့မဟုတ် တင်းကျပ်ခြင်းတို့ကို ခံစားရနိုင်သည်
- အူပိတ်ခြင်း (Intestinal Obstruction)
- ပြန်မဝင်တော့ဘဲ ညပ်နေသောအရာသည် အူလမ်းကြောင်းဖြစ်နေပါက အစားအစာနှင့် စွန့်ပစ်ပစ္စည်းများ ဖြတ်သန်းသွား၍မရတော့ဘဲ အူပိတ်ခြင်း ဖြစ်ပေါ်လာသည်
- ၎င်းသည် ပြင်းထန်သော ဗိုက်နာခြင်းနှင့် အန်ခြင်းတို့ကို ဖြစ်စေသည်။
- အူပုပ်ခြင်း (Strangulated Hernia)
- ညပ်နေသောအူသို့ သွေးစီးဆင်းမှု ပြတ်တောက်သွားခြင်းဖြစ်သည်
- သွေးမရရှိတော့ပါက အူတစ်ရှူးများ ပုပ်သွားပြီး ခန္ဓာကိုယ်အတွင်း ပိုးဆိပ်တက်လာကာ အသက်အန္တရာယ်ရှိသည်အထိ စိုးရိမ်ရသည်
- ၎င်းသည် အရေးပေါ်အခြေအနေဖြစ်ပြီး အချိန်မီ ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်သည်
လူကြီးများတွင်မူ ကလေးငယ်များထက် အူပိတ်ခြင်းဖြစ်နိုင်ခြေ ပိုမိုမြင့်မားသောကြောင့် လက္ခဏာများကို ဂရုတစိုက် စောင့်ကြည့်ရန် လိုအပ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးငယ်များတွင် ချက်မှ အူကျွံခြင်းသည် များသောအားဖြင့် နာကျင်မှုမရှိဘဲ ကလေးအသက် (၃) နှစ် သို့မဟုတ် (၄) နှစ်အရွယ်တွင် အလိုအလျောက် ပြန်လည်ပိတ်သွားတတ်သည့် သဘာဝရှိသည်။ ထို့ကြောင့် အထူးတလည် စိုးရိမ်ရန်မလိုဘဲ ပုံမှန်အတိုင်း စောင့်ကြည့်နိုင်သည်။ သို့သော် အောက်ပါလက္ခဏာများ တစ်ခုခုဖြစ်ပွားပါက အူညပ်ခြင်း သို့မဟုတ် အူပုပ်ခြင်းကဲ့သို့သော အရေးပေါ်အခြေအနေ ဖြစ်နိုင်သဖြင့် မိသားစုဆရာဝန် သို့မဟုတ် အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက် ပြသသင့်သည်။
- ချက် သို့မဟုတ် ချက်အနီးတွင် ဖောင်းကြွနေသောနေရာသည် သိသိသာသာ နာကျင်လာခြင်း သို့မဟုတ် ထိမိလျှင် နာကျင်နေခြင်း
- ကလေးသည် ဗိုက်နာသည့်ပုံစံပြပြီး အဆက်မပြတ် အန်နေခြင်း
- ဖောင်းနေသောနေရာသည် ရောင်ရမ်းလာခြင်း သို့မဟုတ် အရောင်ပြောင်းလာခြင်း (နီရဲလာခြင်း သို့မဟုတ် ညိုမည်းလာခြင်း)
- ဖောင်းနေသော အစိတ်အပိုင်းကို ဝမ်းဗိုက်ထဲသို့ ယခင်ကကဲ့သို့ ပြန်လည်တွန်းသွင်း၍ လုံးဝမရတော့ဘဲ တင်းမာနေခြင်း
လူကြီးများတွင်မူ အလိုအလျောက် ပြန်ပိတ်သွားရန် အခွင့်အလမ်း အလွန်နည်းပါးသည့်အပြင် နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ခြေ ပိုများသဖြင့် ဖောင်းထွက်လာသည်နှင့်တစ်ပြိုင်နက် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှတစ်ဆင့် သက်ဆိုင်ရာ အထူးကုဆရာဝန်များထံ လွှဲပြောင်းကုသပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေခြင်းအတွက် ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း (Physical Examination) ဖြင့် အလွယ်တကူ သိနိုင်သည်။ လိုအပ်ပါက ဝမ်းဗိုက်ကို အာထရာဆောင်း (USG) သို့မဟုတ် CT scan သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်၍ နောက်ဆက်တွဲ ပြဿနာ ရှိမရှိ စစ်ဆေးမည်။
ကုသခြင်း
ကလေးငယ်များတွင် ချက်မှ အူကျွံခြင်းအများစုသည် အသက် ၃နှစ် မှ ၄နှစ်အရွယ်၌ အလိုအလျောက် ပြန်လည်ပိတ်သွားတတ်သဖြင့် ကုသမှုမလိုအပ်ဘဲ စောင့်ကြည့်နိုင်သည်။
- စောင့်ကြည့်ခြင်း (Monitoring)
ကလေးငယ်များတွင် ချက်မှ အူကျွံခြင်းသည် နာကျင်မှုမရှိဘဲ သေးငယ်ပါက ဆရာဝန်နှင့် ပုံမှန်ပြသ၍ အလိုအလျောက် ပိတ်မပိတ် စောင့်ကြည့်ရမည်။- သတိပြုရန်
ရှေးရိုးအယူအဆဖြစ်သော ချက်ပေါ်တွင် ဒင်္ဂါးပြားတင်ခြင်း၊ ပတ်တီးစည်းခြင်း သို့မဟုတ် အကြွေစေ့ကပ်ခြင်းများကို လုံးဝမပြုလုပ်သင့်ပါ။ ၎င်းသည် ရောဂါကို မသက်သာစေသည့်အပြင် နုနယ်သော အရေပြားကို ပွန်းပဲ့စေပြီး ပိုးဝင်ခြင်းကို ဖြစ်စေနိုင်သည်။
- သတိပြုရန်
- ခွဲစိတ်ကုသခြင်း (Surgical Repair)
လူကြီးများတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေ မြင့်မားသောကြောင့် ခွဲစိတ်ကုသရန် အမြဲတမ်း အကြံပြုလေ့ရှိသည်။- ကလေးငယ်များတွင်မူ အောက်ပါအခြေအနေများ၌သာ ခွဲစိတ်ရန် လိုအပ်သည်
- ချက်မှ အူကျွံခြင်းနေရာတွင် ပြင်းထန်စွာ နာကျင်လာခြင်း
- အပေါက်အရွယ်အစားသည် ၀.၇၅ လက်မ (၂ စင်တီမီတာခန့်) ထက် ပိုကြီးနေခြင်း
- ကလေးအသက် ၂ နှစ်အထိ အရွယ်အစားမှာ လုံးဝသေးသွားခြင်း မရှိဘဲ ပိုကြီးလာခြင်း
- ကလေးအသက် ၅ နှစ် အထိ အလိုအလျောက် ပြန်မပိတ်ခြင်း
- အူအစိတ်အပိုင်း ညပ်နေခြင်း (Incarceration) သို့မဟုတ် အူပုပ်သည့်လက္ခဏာများ (Strangulation) ရှိလာခြင်း
- ခွဲစိတ်မှုနည်းလမ်း (Surgery Procedure)
ခွဲစိတ်မှုပြုလုပ်ရာတွင် ချက်အောက်ဘက်၌ ခွဲကြောင်းအနည်းငယ်ပေး၍ ဖောင်းထွက်နေသော တစ်ရှူးများကို ဝမ်းဗိုက်ထဲသို့ ပြန်လည်ထည့်သွင်းကာ အားနည်းနေသော ကြွက်သားအလွှာကို ပြန်လည်ချုပ်ပိတ်ခြင်းဖြစ်သည်။- အကာပစ္စည်း (Mesh) အသုံးပြုခြင်း
လူကြီးများတွင် ဝမ်းဗိုက်နံရံ ပိုမိုခိုင်ခံ့စေရန်နှင့် နောက်တစ်ကြိမ် အူပြန်မကျွံစေရန် အားပျော့နေသော ကြွက်သားနေရာ၌ အထူးပြုလုပ်ထားသည့် အကာပစ္စည်း (Surgical Mesh) တစ်မျိုးကို ထည့်သွင်းအားဖြည့်ပေးလေ့ရှိသည်။ ကလေးငယ်များတွင်မူ ထိုအကာ (Mesh) ထည့်ရန် များသောအားဖြင့် မလိုအပ်ပါ။
- အကာပစ္စည်း (Mesh) အသုံးပြုခြင်း
- ကလေးငယ်များတွင်မူ အောက်ပါအခြေအနေများ၌သာ ခွဲစိတ်ရန် လိုအပ်သည်
ကာကွယ်ခြင်း
ချက်မှအူကျွံခြင်းကို လုံးဝမဖြစ်အောင် ကာကွယ်ရန် ခက်ခဲသော်လည်း ဝမ်းဗိုက်ဖိအားကို လျှော့ချရန် အောက်ပါတို့ကို ပြုလုပ်၍ ကာကွယ်ပါ။
- ကိုယ်အလေးချိန် ထိန်းညှိခြင်း (Weight Management) – အဝလွန်ခြင်းသည် ဝမ်းဗိုက်ကြွက်သားများအပေါ် ဖိအားသက်ရောက်စေသဖြင့် ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ထိန်းသိမ်းထားခြင်း
- လေးလံသော အရာဝတ္ထုများ မခြင်းကို ရှောင်ကြဉ်ခြင်း – အလေးအပင် မ ရပါက ဝမ်းဗိုက်ကြွက်သားများကို အလွန်အားမစိုက်မိစေရန် ဂရုပြုခြင်း
- အမျှင်ဓာတ်ရှိသော အစားအစာများ စားသုံးခြင်း – ဝမ်းချုပ်ခြင်းကြောင့် အားစိုက်ညှစ်ရခြင်းသည် ဝမ်းဗိုက်ဖိအားကို မြှင့်တင်ပေးသောကြောင့် ဝမ်းမှန်အောင် ဂရုစိုက်ခြင်း
- နာတာရှည် ချောင်းဆိုးခြင်းကို ကုသခြင်း – ချောင်းဆိုးခြင်းသည် ဝမ်းဗိုက်ကြွက်သားများကို ဖိအား ဖြစ်စေသဖြင့် ချောင်းဆိုးရောဂါရှိပါက အမြန်ဆုံး ကုသမှုခံယူခြင်း
References
- Mayo Clinic. (2025). Umbilical hernia: Diagnosis and treatment. Retrieved March 28, 2026, from https://www.mayoclinic.org/diseases-conditions/umbilical-hernia/diagnosis-treatment/drc-20378689
- Cleveland Clinic. (n.d.). Umbilical hernia. Retrieved March 28, 2026, from https://my.clevelandclinic.org/health/diseases/umbilical-hernia
Published: 23 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.