Cystic hygroma (မွေးရာပါ ပြန်ရည်ကြော အရည်အိတ်)

Cystic hygroma (မွေးရာပါ ပြန်ရည်ကြော အရည်အိတ်)

ပြန်ရည်ကြော အရည်အိတ် (Cystic hygroma) ဆိုသည်မှာ မွေးကင်းစကလေးငယ်များ၏ လည်ပင်း သို့မဟုတ် ချိုင်းကြား နေရာများတွင် ကြီးမားသော အရည်ကြည်အိတ်ပုံစံဖြင့် တွေ့ရလေ့ရှိသည့် ကင်ဆာမဟုတ်သော အကျိတ်အမျိုးအစားဖြစ်သည်။ အဆိုပါ အရည်အိတ်သည် ပြန်ရည်ကြောစနစ် ပိတ်ဆို့မှုကြောင့် အရေပြားအောက်တွင် ပြန်ရည် (Lymph) များ စုပုံလာရာမှ ဖြစ်ပေါ်လာသည်။

ပြန်ရည်ကြောစနစ် (Lymphatic system) ဆိုသည်မှာ ခန္ဓာကိုယ်၏ ခုခံအားစနစ်တွင် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းသည် သွေးလှည့်ပတ်မှုစနစ်ကဲ့သို့ပင် တစ်ကိုယ်လုံးသို့ ပျံ့နှံ့တည်ရှိနေပြီး ဆဲလ်များအကြားရှိ ပိုလျှံနေသော အရည်များကို စုစည်းပေးခြင်း၊ အဆိပ်အတောက်နှင့် စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားပေးခြင်းနှင့် ရောဂါပိုးမွှားများကို တိုက်ဖျက်ပေးသည့် သွေးဖြူဥများပါဝင်သော ပြန်ရည် (Lymph) များကို သယ်ဆောင်ပေးသည့် တစ်ရှူးများနှင့် ပြန်ရည်ကျိတ်များ စုဝေးရာ ကွန်ရက်တစ်ခုဖြစ်သည်။

ပြန်ရည်ကြော အရည်အိတ်ကို ကိုယ်ဝန်ဆောင်စဉ်အတွင်း အာထရာဆောင်း (USG) ရိုက်သည့်အချိန်တွင်ဖြစ်စေ၊ ကလေးမွေးဖွားပြီးနောက် အရေပြားအောက်တွင် အဖုအကျိတ်အနေဖြင့်ဖြစ်စေ တွေ့ရှိနိုင်သည်။ အကယ်၍ ၎င်းအကျိတ်ကို ကိုယ်ဝန်ဆောင်စဉ်အတွင်း အထူးသဖြင့် ကိုယ်ဝန်ပထမ (၃) လပတ်အတွင်း တွေ့ရှိရပါက သန္ဓေသားတွင် မျိုးဗီဇဆိုင်ရာ ချို့ယွင်းချက်များနှင့် ဆက်စပ်နေနိုင်သဖြင့် အသက်အန္တရာယ် ရှိနိုင်သည့်အပြင် ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကလေးအသေမွေးခြင်း ဖြစ်နိုင်ခြေများသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပြန်ရည်ကြော အရည်အိတ် (Cystic hygroma) သည် မွေးရာပါ ချို့ယွင်းချက်တစ်ခုဖြစ်ပြီး ဖြစ်ပွါးရသည့်အကြောင်းရင်း အတိအကျကို သေချာစွာ မသိရပါ။ သို့သော် သန္ဓေသားဖွံ့ဖြိုးမှု ကာလအတွင်း ပြန်ရည်ကြောစနစ် (Lymphatic system) ပုံမှန်မဟုတ်ဘဲ ဖြစ်ပေါ်လာခြင်းကြောင့်ဟု ယူဆကြသည်။

  • သန္ဓေသား ဖွံ့ဖြိုးမှု ဖြစ်စဉ် _ ပုံမှန်အားဖြင့် ကိုယ်ဝန်ပတ် (၈)ပတ် မှ (၉) ပတ်ဝန်းကျင်တွင် ပြန်ရည်ကြောအိတ်ငယ်များ (Lymphatic sacs) အများအပြား ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် သွေးပြန်ကြောစနစ်နှင့် ပြန်ရည်ကြောစနစ်တို့သည် အပြန်အလှန် ဆက်သွယ်သွားကြသည်
  • အရည်အိတ် ဖြစ်ပေါ်လာပုံ – အချို့သော ပြန်ရည်ကြော တစ်ရှူးများသည် သီးခြားစီ ဖြစ်ပေါ်နေပြီး၊ ကျန်ရှိသော ပြန်ရည်ကြော သို့မဟုတ် သွေးပြန်ကြောစနစ်များနှင့် မဆက်သွယ်မိပါက ပြန်ရည် (Lymph) များ ကောင်းမွန်စွာ စီးဆင်းနိုင်ခြင်း မရှိတော့ဘဲ စုပုံလာကာ အရည်အိတ် ဖြစ်လာသည်
  • မျိုးဗီဇဆိုင်ရာ ဆက်စပ်မှု – ပြန်ရည်ကြော အရည်အိတ်သည် ဒေါင်းဆင်ဒရုန်း (Down syndrome)၊ တာနာဆင်ဒရုန်း (Turner syndrome) နှင့် နူနန်ဆင်ဒရုန်း (Noonan syndrome) ကဲ့သို့သော ခရိုမိုဆုမ်း သို့မဟုတ် မျိုးဗီဇဆိုင်ရာ ရောဂါစုများနှင့် တွဲဖက်ဖြစ်ပွါးတတ်သည်
  • ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ – ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်သောက်ခြင်း သို့မဟုတ် အရက်သောက်ခြင်း စသည့်အလေ့အထများသည်လည်း ဤအရည်အိတ်ဖြစ်ပွါးမှုကို ပိုမိုအားပေးနိုင်သည်
  • လူကြီးများတွင် ဖြစ်ပွါးခြင်း – လူကြီးများတွင် ဖြစ်ပွါးမှု အလွန်ရှားပါးသော်လည်း ပြန်ရည်ကြောစနစ်ကို ထိခိုက်စေသည့် ပြင်းထန်သော ဒဏ်ရာရခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်ပွါးပြီးနောက် နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်နိုင်သည်။
ဖြစ်ပွါးတတ်သော နေရာများ

ပြန်ရည်ကြော အရည်အိတ်များသည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပေါ်နိုင်သော်လည်း အောက်ပါနေရာများတွင် အဖြစ်အများဆုံးဖြစ်သည်။

  • မျက်နှာနှင့် လည်ပင်းတစ်ဝိုက် – အထူးသဖြင့် လည်ပင်းအနောက်ဘက်ရှိ တြိဂံပုံစံနေရာ (Posterical cervical triangle) တွင် အဖြစ်အများဆုံးဖြစ်သည်
  • အခြားအဖြစ်များသော နေရာများ – ချိုင်းကြား (Axilla)၊ ရင်ဘတ်အလယ်ပိုင်း (Mediastinum)၊ ပေါင်ခြံနှင့် လျှာအောက်ခြေတို့ ဖြစ်ကြသည်
  • ပုံမှန်မဟုတ်သော နေရာများ – အသည်း၊ ဘေလုံး၊ ကျောက်ကပ်နှင့် အူလမ်းကြောင်းတို့တွင်လည်း ဖြစ်ပွါးတတ်သည်
  • ရှားပါးသော နေရာများ – ခြေလက်များ၊ ရင်ဘတ်နံရံ၊ ပါးပြင်၊ ခါး၊ ရင်ညွန့်ရိုးအထက်၊ ပခုံးနှင့် လက်မောင်းကြွက်သားတို့တွင်လည်း တွေ့ရတတ်သည်။
  • ပုံမှန်အားဖြင့် အရည်အိတ်သည် တစ်နေရာတည်းတွင် တစ်ခုတည်းသာ သီးခြားဖြစ်ပေါ်လေ့ရှိသော်လည်း အချို့သော အခြေအနေများတွင် ခန္ဓာကိုယ်၏ နေရာအနှံ့အပြား၌ တစ်ပြိုင်နက် ဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရှိရတတ်သည်။
ရောဂါလက္ခဏာများ

ပြန်ရည်ကြော အရည်အိတ် (Cystic hygroma) ၏ လက္ခဏာများသည် အရည်အိတ်၏ အရွယ်အစားနှင့် တည်နေရာပေါ် မူတည်၍ ကွဲပြားနိုင်သည်။ တွေ့ရှိနိုင်သောလက္ခဏာများမှာ_

  • အဖုအလုံး – အရေပြားအောက်တွင် အဖုအနေဖြင့် သိသာစွာ ဖောင်းတက်နေခြင်း
  • အရွယ်အစားနှင့် တည်နေရာ
  • အရည်အိတ်သည် စပျစ်သီးအရွယ်ခန့်မှ ဂရိတ်ဖရုသီး (Grapefruit) အရွယ်ခန့်အထိ ရှိနိုင်သည်
  • ကလေးအသက်ကြီးလာသည်နှင့်အမျှ အရည်အိတ် အရွယ်အစားလည်း လိုက်၍ ကြီးလာနိုင်သည်
  • ခန္ဓာကိုယ် နေရာတိုင်းတွင် တွေ့ရနိုင်သော်လည်း လည်ပင်းနေရာ၌ အများဆုံး တွေ့ရသည်
  • အရောင်နှင့် အထိအတွေ့
  • အရည်အိတ်ရှိသော နေရာမှ အရေပြားသည် အပြာရောင်သန်းနေတတ်ပြီး ကိုင်ကြည့်ပါက ပျော့အိအိ (Soft and spongy) ဖြစ်နေတတ်သည်
ပြင်းထန်သော အခြားလက္ခဏာများ
  • အရည်အိတ် အနီးပတ်ဝန်းကျင်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ပုံစံပျက်ယွင်းခြင်း
  • အရိုး သို့မဟုတ် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်း
  • အစာစားသောက်ရာတွင် ခက်ခဲခြင်း
  • လေပြွန်ပိတ်ဆို့ခြင်းကြောင့် အသက်ရှူခက်ခဲခြင်း
  • အရည်အိတ်အတွင်း သွေးယိုစီးခြင်း သို့မဟုတ် ပိုးဝင်ခြင်း

သတိပြုရန်
ကိုယ်ဝန်ဆောင်စဉ်အတွင်း သန္ဓေသား၌ ပြန်ရည်ကြော အရည်အိတ် ဖြစ်ပေါ်ပါက သန္ဓေသား၏ ခန္ဓာကိုယ်အတွင်း အရည်များ အလွန်အမင်း စုပုံလာပြီး ဖောရောင်ခြင်း (Hydrops) ကို ဖြစ်စေနိုင်သောကြောင့် ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကလေးစောစီးစွာ သေဆုံးခြင်းတို့ ဖြစ်နိုင်ခြေရှိသည်။

နောက်ဆက်တွဲပြဿနာများ

ပြန်ရည်ကြော အရည်အိတ်များသည် ကင်ဆာမဟုတ်သော အကျိတ်များ ဖြစ်သော်လည်း အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  1. ပိုးဝင်ခြင်း (Infection)
    • အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာဖြစ်သည်
    • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများမှ ပိုးပျံ့နှံ့လာခြင်း သို့မဟုတ် အရည်အိတ်အတွင်းသို့ တိုက်ရိုက်ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သည်
    • တစ်ခါတစ်ရံ ပြည်တည်နာ ဖြစ်သွားနိုင်ပြီး ပြည်ဖောက်ထုတ်ရန် လိုအပ်နိုင်သည်
    • ပိုးဝင်ပါက အောက်ပါတို့ကို တွေ့ရမည်
      • အရည်အိတ် အရွယ်အစား ရုတ်တရက် ကြီးလာခြင်း
      • အကျိတ်နေရာတွင် ပူနွေးခြင်း၊ နီမြန်းခြင်းနှင့် ထိလျှင် နာကျင်ခြင်း
      • ဖျားခြင်း
  2. အလိုအလျောက် သွေးထွက်ခြင်း (Spontaneous Bleeding)
    • အတွေ့ရများသော ပြဿနာတစ်ခုဖြစ်သည်
    • အရည်အိတ်အတွင်း သွေးယိုစီးမှုကြောင့် အကျိတ်သည် တင်းကျပ်ပြီး မာလာတတ်သည်
    • အရည်ကို စုပ်ထုတ်ကြည့်ပါက သွေးရောင်ရောနှောနေသော အရည်များကို တွေ့ရမည်ဖြစ်သည်
  3. အလိုအလျောက် ပေါက်ထွက်ခြင်း (Spontaneous Rupture)
    • ဖြစ်ခဲသော်လည်း အရွယ်အစား အလွန်ကြီးမားသော အရည်အိတ်များတွင် ဖြစ်ပေါ်တတ်ပြီး အရေးပေါ် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်
  4. အသက်ရှူရခက်ခဲခြင်းနှင့် အစာမျိုရခက်ခဲခြင်း
    • လည်ပင်းနှင့် ပါးစပ်အတွင်းပိုင်းတွင် ဖြစ်သော အရည်အိတ်များတွင် အဓိကတွေ့ရသည်
    • အသက်ရှူလမ်းကြောင်းနှင့် အစာမျိုပြွန်ကို ဖိမိသောကြောင့် အသက်ရှူရခက်ခြင်းနှင့် အစာမျိုရခက်ခြင်းတို့ ဖြစ်စေနိုင်သည်
  5. ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းများဖြစ်ခြင်း (Fistula formation)
    • တွေ့ရခဲသော နောက်ဆက်တွဲပြဿနာဖြစ်သည်
    • အရည်အိတ်အား ပိုးဝင်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းများ ဖြစ်ပေါ်လာခြင်းဖြစ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

ပြန်ရည်ကြော အရည်အိတ် (Cystic hygroma) ရှိနေကြောင်း ကိုယ်ဝန်ဆောင်ကာလအတွင်း သန္ဓေသားစစ်ဆေးမှုများ (Antenatal screening) မှတစ်ဆင့် ကြိုတင်သိရှိထားပါက အောက်ပါအတိုင်း ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည်။

  • ကြိုတင်တိုင်ပင်ဆွေးနွေးခြင်း
    • ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်တွင် သက်ဆိုင်ရာ ဆရာဝန်များနှင့် အနီးကပ်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရမည်
    • ကလေးအထူးကု၊ ကလေးခွဲစိတ်အထူးကုနှင့် သားဖွားမီးယပ် အထူးကုဆရာဝန်များ ပူးပေါင်း၍ မွေးဖွားမည့်အချိန်၊ နည်းလမ်းနှင့် မွေးဖွားပြီးချိန် ပြုစုစောင့်ရှောက်မှုများကို ကြိုတင်စီမံထားရမည်
  • မွေးကင်းစကလေးတွင် တွေ့ရှိခြင်း
    • ကိုယ်ဝန်ဆောင်စဉ် ကြိုတင်မသိရှိထားသော်လည်း ကလေးမွေးဖွားပြီးနောက် အရည်အိတ် စစ်ဆေးတွေ့ရှိရပါက ခွဲစိတ်ကုသမှု လိုအပ်နိုင်သဖြင့် ဆေးရုံသို့ အချိန်မီပြသရမည်
  • မိသားစုဆရာဝန်နှင့် ပြသခြင်း
    • အထက်ဖော်ပြပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးရမည်
    • လိုအပ်ပါက ဆရာဝန်မှ သင့်တော်သော စစ်ဆေးမှုများ ပြုလုပ်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးလိမ့်မည်
ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရာတွင် ကိုယ်ဝန်ဆောင်စဉ်ကာလနှင့် ကလေးမွေးဖွားပြီးနောက် အခြေအနေပေါ်မူတည်၍ အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

  1. ကိုယ်ဝန်ဆောင်စဉ်အတွင်း စစ်ဆေးခြင်း
    • အာထရာဆောင်း (USG)
      • ကိုယ်ဝန်ပတ် (၁၀)ပတ် မှ (၁၂)ပတ်အတွင်း ပုံမှန်ရိုက်ကူးသော အာထရာဆောင်းဖြင့် ရှာဖွေတွေ့ရှိနိုင်သည်
      • မိန်းမကိုယ်မွေးလမ်းကြောင်းမှတစ်ဆင့် ရိုက်ကူးခြင်း (Vaginal ultrasound) ဖြင့် ပိုမိုကြည်လင်သော အရည်အိတ်ပုံရိပ်များကို တွေ့မြင်နိုင်သည်
      • အစောပိုင်းရိုက်ကူးမှုများတွင် အရေပြား ထူထဲနေခြင်းနှင့် အရည်အိတ်အတွင်း အကန့်များ (Septations) ရှိနေခြင်းတို့ကို တွေ့ရှိရတတ်သည်
    • မျိုးဗီဇဆိုင်ရာ စစ်ဆေးခြင်း (Prenatal Genetic Testing)
      အရည်အိတ်ရှိသော ကလေးများ၏ ထက်ဝက်ခန့်တွင် ခရိုမိုဆုမ်း ချို့ယွင်းချက်များ ရှိနေတတ်သဖြင့် အောက်ပါစစ်ဆေးမှုများ လိုအပ်နိုင်သည်။
      • အချင်းတစ်ရှူး စစ်ဆေးခြင်း (Chorionic Villus Sampling – CVS) – ကိုယ်ဝန်ပတ် (၁၄) ပတ်မတိုင်မီ ပြုလုပ်နိုင်သည်
      • ရေမြွှာရည် စစ်ဆေးခြင်း (Amniocentesis) – ကိုယ်ဝန်ပတ် (၁၆) ပတ်နောက်ပိုင်းတွင် ပြုလုပ်နိုင်သည်
  2. ကလေးမွေးဖွားပြီးနောက် စစ်ဆေးခြင်း
    ကလေးမွေးဖွားပြီးနောက် လည်ပင်း သို့မဟုတ် ခန္ဓာကိုယ်တွင် အလုံးအဖု တွေ့ရှိရပါက အောက်ပါနည်းလမ်းများဖြင့် ရောဂါရှာဖွေသည်။
    • ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် လူနာအား စမ်းသပ်စစ်ဆေးခြင်း
    • ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging Tests)
    • ဓာတ်မှန် (X-ray)၊ အာထရာဆောင်း (USG)၊ ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ကူးခြင်းတို့ဖြင့် အရည်အိတ်၏ အတိမ်အနက်နှင့် တည်နေရာကို အတိအကျ သိရှိနိုင်သည်။
ကုသခြင်း

ပြန်ရည်ကြော အရည်အိတ်ကို ကုသရာတွင် အရည်အိတ်၏ အရွယ်အစား၊ တည်နေရာ၊ တွေ့ရှိရသော လက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများပေါ် မူတည်သည်။ ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ အရည်အိတ်ကို ဖယ်ရှားရန် သို့မဟုတ် သေးငယ်သွားစေရန်နှင့် အရည်အိတ်အနီးနားရှိ အင်္ဂါအစိတ်အပိုင်းများအပေါ်သို့ ဖိအားသက်ရောက်နေမှုကို လျှော့ချပေးရန်ဖြစ်သည်။

  1. စောင့်ကြည့်စစ်ဆေးခြင်း
    • အရည်အိတ် အရွယ်အစားသည် သေးငယ်ပြီး မည်သည့်လက္ခဏာမျှ မပြပါက ချက်ချင်းကုသမှုခံယူရန် မလိုဘဲ စောင့်ကြည့်နိုင်သည်
    • အချို့အခြေအနေများတွင် အရည်အိတ်သည် အလိုအလျောက် ပြန်၍သေးသွားနိုင်သည်၊ အဆိုပါ အခြေအနေများတွင် ဆရာဝန်နှင့် ပုံမှန်ပြသ၍ စောင့်ကြည့်စစ်ဆေးရန် လိုအပ်သည်
    • တစ်ခါတစ်ရံတွင် ပြန်ရည်ကြော အရည်အိတ်သည် ပြည်တည်နာအဖြစ်သို့ ပြောင်းလဲသွားပါက လက္ခဏာများသက်သာစေရန် ပြည်ဖောက်ထုတ်ရန် လိုအပ်ပြီး ပဋိဇီဝပိုးသတ်ဆေးများထိုးခြင်း၊ အဖျားကျဆေးများနှင့် အနာသက်သာဆေးများဖြင့် စနစ်တကျ ကုသရမည်
    • အချို့အခြေအနေများတွင် ပိုးဝင်ခြင်း ပျောက်ကင်းသွားပြီးနောက် အရည်အိတ်အရွယ်အစား သိသိသာသာ သေးငယ်သွားနိုင်သည်
  2. ခွဲစိတ်ဖယ်ရှားခြင်း (Surgical Excision)
    • ပြန်ရည်ကြော အရည်အိတ်အတွက် အကောင်းဆုံး ကုသမှုနည်းလမ်းမှာ ခွဲစိတ်ဖယ်ရှားခြင်းဖြစ်ပြီး၊ အထူးသဖြင့် ရောဂါလက္ခဏာများ တွေ့ရှိရသော အခြေအနေများတွင် ပို၍သင့်တော်သည်
    • အောက်ပါအခြေအနေများရှိပါက ခွဲစိတ်ဖယ်ရှားရန် လိုအပ်သည်
      • အသက်ရှူရခက်ခဲခြင်း
      • အစာမျိုရခက်ခဲခြင်း
      • မကြာခဏ ပိုးဝင်ခြင်း
      • အရည်အိတ်အတွင်း သွေးယိုခြင်း
      • အရွယ်အစား အလျင်အမြန် ကြီးထွားလာခြင်း
      • ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ဖြစ်ပေါ်စေခြင်း စသည့်အခြေအနေများဖြစ်သည်။
    • ခွဲစိတ်ဖယ်ရှားခြင်း၏ နောက်ဆက်တွဲပြဿနာများအနေဖြင့်
      • အရည်အိတ်အနီးရှိ အစိတ်အပိုင်းများ ထိခိုက်ခြင်း
      • ပိုးဝင်ခြင်း
      • အမာရွတ်ကျန်ခြင်း
      • အရည်အိတ် ပြန်ဖြစ်နိုင်ခြင်း စသည်တို့ကို တွေ့ရနိုင်သည်။ အဆိုပါလက္ခဏာများကို သံသယရှိပါက ဆရာဝန်နှင့် ချက်ချင်းပြန်ပြရန်လိုသည်။
  3. ဆေးသွင်းကုသခြင်း (Sclerotherapy)
    • ပြန်ရည်ကြော အရည်အိတ်အတွင်းသို့ ရောင်ရမ်းမှုကို ကျစေပြီး အရွယ်အစား ကျုံ့ကာ အမာရွတ်ဖြစ်စေသည့် ဆေးတစ်မျိုးကို ထိုးသွင်း၍ကုသသည့် နည်းလမ်းဖြစ်သည်
    • အသုံးများသော ဆေးများမှာ Bleomycin နှင့် OK-432 (Picibanil) တို့ဖြစ်သည်
    • အရည်အိတ်သည် ပြန်၍ဖြစ်နိုင်ခြေများသောကြောင့် အရှင်းပျောက်ကင်းရန် ဆေးသွင်းကုသခြင်းကို အကြိမ်ရေများစွာ လိုအပ်နိုင်သည်
    • ခွဲစိတ်ဖယ်ရှားရန် ခက်ခဲသော အခြေအနေများတွင် အဆိုပါနည်းလမ်းကို အသုံးပြုနိုင်သည်
    • သို့သော် အချို့အခြေအနေများတွင် ပိုမိုကောင်းမွန်သော ရလဒ်ရရှိရန်နှင့် ပြန်၍ဖြစ်ခြင်းကို လျော့နည်းစေရန် ခွဲစိတ်ဖယ်ရှားခြင်းနှင့် ဆေးသွင်းကုသခြင်း နှစ်မျိုးလုံးကို ပေါင်းစပ်အသုံးပြုနိုင်သည်
  4. အရည်စုပ်ထုတ်ခြင်း (Aspiration or Percutaneous Drainage)
    • အဆိုပါ နည်းလမ်းသည် ယာယီသက်သာစေသော နည်းလမ်းတစ်ခုဖြစ်သည်
    • ပြန်ရည်ကြော အရည်အိတ် အရွယ်အစား ယာယီသေးငယ်သွားစေရန် အရည်အိတ်အတွင်းမှ အရည်ကို စုပ်ထုတ်ခြင်းဖြစ်ပြီး အသက်ရှူလမ်းကြောင်း သို့မဟုတ် အစာလမ်းကြောင်းပေါ် ဖိအားများခြင်းကို လျှော့ချရန် ပြုလုပ်လေ့ရှိသည်
  5. လေဆာဖြင့် ကုသခြင်း (Laser therapy)
  6. ရေဒီယိုလှိုင်းဖြင့် ကုသခြင်း (Radiofrequency ablation)
  7. အခြားအထောက်အကူပြု ကုသမှုများ (Supportive Procedures)
    • အသက်ရှူလမ်းကြောင်း သို့မဟုတ် အစာစားရန် အလွန်ခက်ခဲသော ပြင်းထန်သည့်အခြေအနေများတွင် လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန်ထည့်ခြင်း (Tracheostomy) သို့မဟုတ် အစာအိမ်သို့ တိုက်ရိုက်အစာသွင်းပိုက်ထ ည့်ခြင်း (Feeding gastrostomy) တို့လိုအပ်နိုင်သည်
ကာကွယ်ခြင်း

ပြန်ရည်ကြော အရည်အိတ် ဖြစ်ပွါးရသည့်အကြောင်းရင်းကို အတိအကျ မသိရသောကြောင့် ကြိုတင်ကာကွယ်ရန် ခက်ခဲသည်။ သို့သော် အောက်ပါအချက်များကို လုပ်ဆောင်ခြင်းဖြင့် ကျန်းမာသော သန္ဓေသားဖြစ်ရန် အထောက်အကူဖြစ်စေသည်။

  • ကိုယ်ဝန်မယူမီ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး မျိုးဗီဇဆိုင်ရာ ရောဂါပါလာနိုင်ခြေ ရှိမရှိကို ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ပါ
  • ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းကို လုံးဝရှောင်ကြဉ်ရန် လိုအပ်သည်
  • သန္ဓေသား၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နိုင်ရန် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆရာဝန်နှင့် ပုံမှန်ပြသစစ်ဆေးပါ
  • အာဟာရပြည့်ဝ၍ မျှတသော အစားအစာများကို စားသုံးပြီး မိခင်ကိုယ်တိုင် ကျန်းမာအောင် နေထိုင်ရန်လိုသည်

References:

  1. Cleveland Clinic. (n.d.). Cystic hygroma. Retrieved March 18, 2026, from https://my.clevelandclinic.org/health/diseases/22492-cystic-hygroma
  2. Children’s Hospital Colorado. (n.d.). Cystic hygroma. Retrieved March 18, 2026, from https://www.childrenscolorado.org/conditions-and-advice/conditions-and-symptoms/conditions/cystic-hygroma/
  3. MedlinePlus. (n.d.). Cystic hygroma. Retrieved March 18, 2026, from https://medlineplus.gov/ency/article/000148.htm
  4. The Fetal Medicine Foundation. (n.d.). Cystic hygroma. Retrieved March 18, 2026, from https://fetalmedicine.org/education/fetal-abnormalities/neck/cystic-hygroma
  5. Great Ormond Street Hospital for Children NHS Foundation Trust. (n.d.). Cystic hygroma. Retrieved March 18, 2026, from https://www.gosh.nhs.uk/conditions-and-treatments/conditions-we-treat/cystic-hygroma/

Published: 29 March 2026

Share

29 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.