နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း (Cow’s milk protein allergy – CMPA) ဆိုသည်မှာ နွားနို့တွင်ပါဝင်သော casein နှင့် whey ပရိုတင်းဓာတ်များအပေါ် ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ ဓာတ်မတည့်တုံ့ပြန်ခြင်းဖြစ်ပြီး၊ အစာအိမ်နှင့် အူလမ်းကြောင်းအပါအဝင် ခန္ဓာကိုယ်ရှိ အင်္ဂါအဖွဲ့အစည်းများကို ထိခိုက်စေနိုင်သည်။ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွါးနှုန်းမှာ (၂.၀%) မှ (၇.၅%) အတွင်းရှိပြီး၊ အသက် (၆) နှစ်အောက် ကလေးငယ်များတွင် (၀.၆%) မှ (၃.၀%) အတွင်း ဖြစ်ပွါးလေ့ရှိကြောင်း သိရသည်။ ကလေးငယ်များတွင် ဓာတ်မတည့်မှုလက္ခဏာများကို အများအားဖြင့် အသက် (၆) လ အရွယ်မတိုင်မီ စတင်တွေ့ရှိရသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း (Cow’s milk protein allergy – CMPA) ဖြစ်စဉ်ကို ခုခံအားစနစ်၏တုံ့ပြန်မှု အမျိုးအစား (၃) မျိုးဖြင့် ဖော်ပြနိုင်သည်။ ၎င်းတို့မှာ_
- IgE ကြောင့်ဖြစ်သော နွားနို့နှင့် ဓာတ်မတည့်ခြင်း (IgE-mediated allergy)
နွားနို့နှင့် ထိတွေ့ပြီးနောက် လျင်မြန်စွာ တုံ့ပြန်မှု ဖြစ်စေသော အမျိုးအစား - IgE ကြောင့်မဟုတ်သော နွားနို့နှင့် ဓာတ်မတည့်ခြင်း (Non-IgE cell-mediated allergy)
ခန္ဓာကိုယ်၏ ဆဲလ်များမှတစ်ဆင့် တုံ့ပြန်ပြီး လက္ခဏာပြရန် အချိန်အနည်းငယ် ပိုကြာသော အမျိုးအစား - အမျိုးအစားနှစ်မျိုးလုံး ရောနှောနေသော ဓာတ်မတည့်ခြင်း (Mixed-type-mediated allergy)
အထက်ပါတုံ့ပြန်မှုနှစ်မျိုးလုံး ပေါင်းစပ်ဖြစ်ပေါ်သော အမျိုးအစားတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
- IgE ကြောင့်ဖြစ်သော နွားနို့နှင့် ဓာတ်မတည့်ခြင်း (IgE-mediated allergy)
- IgE-mediated allergy အမျိုးအစားတွင် နွားနို့ပရိုတင်းကို စားသုံးပြီး မိနစ်ပိုင်း မှ (၂)နာရီအတွင်း ဓာတ်မတည့်သည့် လက္ခဏာများကို ခံစားရသည်
- အတွေ့ရများသော လက္ခဏာများမှာ_
- အင်ပြင်ထခြင်း၊ အရေပြားပေါ်တွင် ယားယံသော အဖုအပိမ့်များ ထွက်လာခြင်း
- အရေပြားအောက်လွှာရှိ တစ်ရှူးများ (အထူးသဖြင့် မျက်လုံး၊ နှုတ်ခမ်း သို့မဟုတ် လည်ချောင်း) ရောင်ရမ်းခြင်း
- အစားအသောက် စားပြီးပြီးချင်း ဗိုက်နာခြင်း၊ အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း
- အသက်အန္တရာယ်ရှိနိုင်လောက်အောင် ရုတ်တရက် ပြင်းထန်စွာ တုံ့ပြန်ခြင်း (ဥပမာ _ အသက်ရှူရခက်ခဲခြင်း၊ သွေးပေါင်ကျခြင်း) စသည်တို့ဖြစ်သည်
- ဤအမျိုးအစားတွင် ပန်းနာရင်ကျပ်ရောဂါ၊ နှာခေါင်းပန်းနာ (Allergic rhinitis) နှင့် အခြားသော အစာဓာတ်မတည့်ခြင်းများကို ပူးတွဲတွေ့နိုင်သည်
- IgE ကြောင့်မဟုတ်သော နွားနို့နှင့် ဓာတ်မတည့်ခြင်း (Non-IgE cell-mediated allergy)
- Non-IgE cell-mediated allergy အမျိုးအစားတွင် နွားနို့ပရိုတင်းကို စားသုံးပြီး နာရီအနည်းငယ် မှ ရက်သတ္တပတ်အနည်းငယ်အကြာမှသာ တုံ့ပြန်မှုလက္ခဏာများ ပေါ်ပေါက်လာနိုင်သည်၊ လက္ခဏာများမှာ_
- စားချဥ်ပြန်ရောဂါလက္ခဏာများ (Gastro-oesophageal reflux) – တစ်နှစ်အောက်ကလေးငယ်များတွင် အန်ခြင်း၊ ကျောကော့၍ အဆက်မပြတ်အော်ငိုခြင်း၊ ကိုယ်အလေးချိန်မတက်လာခြင်း
- လေထိုးလေနာ လက္ခဏာများ (Colic) – တစ်နှစ်အောက်ကလေးငယ်များ မကြာခဏ ဂျီကျခြင်း၊ ငိုယိုခြင်း
- ဝမ်းလျှောခြင်း
- ကျန်းမာနေသော နို့စို့ကလေးငယ်များ၏ ဝမ်းထဲတွင် သွေးစလေးများ ပါလာတတ်ခြင်း
- နို့ပွေး (eczema) ပေါ်လာခြင်း စသည်တို့ဖြစ်သည်
- Non-IgE cell-mediated allergy အမျိုးအစားတွင် နွားနို့ပရိုတင်းကို စားသုံးပြီး နာရီအနည်းငယ် မှ ရက်သတ္တပတ်အနည်းငယ်အကြာမှသာ တုံ့ပြန်မှုလက္ခဏာများ ပေါ်ပေါက်လာနိုင်သည်၊ လက္ခဏာများမှာ_
ဆေးရုံ၊ ဆေးခန်းပြသရန်
မိမိ၏ကလေးတွင် နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း (Cow’s milk protein allergy – CMPA) လက္ခဏာများရှိသည်ဟု သံသယရှိပါက မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်ကုသရန် လိုအပ်သည်။ အထူးသဖြင့် အောက်ပါအခြေအနေများ ဖြစ်ပေါ်ပါက အရေးပေါ်ကုသမှု ခံယူရမည်။
နွားနို့သောက်ပြီးနောက်
- ရုတ်တရက် အသက်ရှူရ ခက်ခဲလာခြင်း
- မျက်နှာ၊ နှုတ်ခမ်း သို့မဟုတ် လည်ချောင်းများ သိသာစွာ ရောင်ရမ်းလာခြင်း (Angioedema)
- ကလေးသည် အလွန်အမင်း နုံးခွေသွားခြင်း သို့မဟုတ် သတိလစ်သကဲ့သို့ ဖြစ်သွားခြင်း
- ပြင်းထန်စွာ အန်ခြင်း သို့မဟုတ် သွေးပါသော ဝမ်းသွားခြင်း စသည်တို့ဖြစ်သည်။
ရောဂါရှာဖွေခြင်း
နွားနို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးပြီးနောက် ပေါ်ပေါက်လာသော လက္ခဏာများနှင့် ရောဂါရာဇဝင်ကို အသေးစိတ် မေးမြန်းစမ်းသပ်ခြင်းသည် ရောဂါရှာဖွေရာတွင် အထူးအရေးပါသည်။ ဆရာဝန်မှ ဓာတ်မတည့်မှု အမျိုးအစားပေါ် မူတည်၍ အောက်ပါအတိုင်း ရှာဖွေစစ်ဆေးမည်။
- IgE ကြောင့်ဖြစ်သော ဓာတ်မတည့်ခြင်း (IgE-mediated allergy) အတွက် စစ်ဆေးမှုများ
- အရေပြားမှတစ်ဆင့် စစ်ဆေးခြင်း (Skin Prick Tests – SPT) – နွားနို့ပရိုတင်း အစက်ကလေးကို အရေပြားပေါ်တင်၍ အပ်ဖြင့် အနည်းငယ်တို့ခြစ်ကာ တုံ့ပြန်မှုကို စစ်ဆေးခြင်း
- သွေးတွင်းရှိ ဓာတ်မတည့်မှုဖြစ်စေသော IgE ကို တိုင်းတာခြင်း (Serum Specific IgE test) – သွေးစစ်ခြင်းဖြင့် နွားနို့ပရိုတင်းကို တိုက်ခိုက်သည့် ခုခံအားပစ္စည်း (Antibodies) ရှိမရှိ စစ်ဆေးခြင်း
- သံသယရှိသော အစားအစာကို အသုံးပြု၍ ဓာတ်မတည့်မှုကို အတည်ပြုခြင်း (Oral Food Challenge – OFC) – ဆရာဝန်၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် နွားနို့ကို ပမာဏအနည်းငယ်စီ စမ်းသပ်တိုက်ကျွေး၍ တုံ့ပြန်မှုကို ကြည့်ရှုခြင်း (ဤနည်းလမ်းသည် ရောဂါအတည်ပြုရန် အတိကျဆုံး နည်းလမ်းဖြစ်သည်)
- IgE ကြောင့်မဟုတ်သော ဓာတ်မတည့်ခြင်း (Non-IgE mediated allergy) အတွက် စစ်ဆေးမှုများ
- အစားအစာ ရှောင်ကြဉ်၍ စမ်းသပ်ခြင်း (Elimination Diet) – ကလေး၏ အစားအစာ (သို့မဟုတ် မိခင်နို့တိုက်နေပါက မိခင်၏ အစားအစာ) မှ နွားနို့နှင့် နို့ထွက်ပစ္စည်းများကို (၂)ပတ် မှ (၄)ပတ်အထိ လုံးဝဖယ်ထုတ်ကြည့်ခြင်းဖြင့် လက္ခဏာများ သက်သာခြင်း ရှိမရှိ စစ်ဆေးခြင်း
- နွားနို့ကို ပြန်လည်တိုက်ကျွေး၍ စမ်းသပ်ခြင်း (Planned Reintroduction) – အစားအစာ ရှောင်ကြဉ်ပြီးနောက် လက္ခဏာများ ပျောက်ကွယ်သွားပါက ဆရာဝန် ညွှန်ကြားသည့်အတိုင်း နွားနို့ကို ပြန်လည်တိုက်ကျွေး၍ လက္ခဏာများ ပြန်ပေါ်လာခြင်း ရှိမရှိ စောင့်ကြည့်ခြင်း
ကုသခြင်း
နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်းအတွက် အဓိကကုသမှုမှာ နွားနို့နှင့် နို့ထွက်ပစ္စည်းပါဝင်သော အစားအစာများကို လုံးဝရှောင်ကြဉ်ခြင်း (Strict avoidance) ဖြစ်သည်။
- အစားအသောက် – စားသုံးသော အစားအစာထဲတွင် နွားနို့နှင့် နို့ထွက်ပစ္စည်းများ မပါဝင်ဘဲ အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ရန် အာဟာရ ပညာရှင် (Dietitian) နှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်
- မိခင်နို့တိုက်ကျွေးခြင်း – မိခင်နို့စို့နေသော ကလေးငယ်များတွင် ဓာတ်မတည့်ခြင်း လက္ခဏာများ သိသာစွာ ခံစားရပါက နို့တိုက်မိခင်များကပါ နွားနို့နှင့်နို့ထွက်ပစ္စည်းများကို ရှောင်ကြဉ်ရန် (Maternal elimination diet) လိုအပ်နိုင်သည်
- ဖြည့်စွက်အာဟာရများ – အစားအစာရှောင်ကြဉ်နေစဉ်အတွင်း ကယ်လ်စီယမ် (Calcium) နှင့် ဗီတာမင်ဒီ (Vitamin D) ဓာတ်များ လုံလောက်စွာ ရရှိနိုင်ရန် ၎င်းတို့ပါဝင်သော အစားအစာများ သို့မဟုတ် ဖြည့်စွက်ဆေးဝါးများကို အာဟာရပညာရှင်နှင့် တိုင်ပင်၍ သောက်သုံးသင့်သည်
- အရေးပေါ်ဆေးဝါး – ပြင်းထန်သော ဓာတ်မတည့်မှုလက္ခဏာ (Anaphylaxis) ခံစားရနိုင်ခြေရှိသော ကလေးများအတွက် ဆရာဝန်မှ အရေးပေါ်ထိုးဆေး (Adrenaline auto-injector – EpiPen) ကို အမြဲဆောင်ထားရန် ညွှန်ကြားနိုင်သည်။
နွားနို့အစားထိုး အခြားသောအာဟာရများ (Cow’s milk substitutes)
အသက် (၂) နှစ်အောက် ကလေးငယ်များအတွက် အကောင်းဆုံးအာဟာရမှာ မိခင်နို့ (Breast milk) ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ မတိုက်ကျွေးနိုင်ပါက အောက်ပါ နွားနို့အစားထိုး နို့မှုန့်များ (Specialized formulas) ကို ဆရာဝန်ညွှန်ကြားချက်ဖြင့် တိုက်ကျွေးနိုင်သည်။
- ပရိုတင်းကို အလွယ်တကူချေဖျက်နိုင်အောင် ပြုလုပ်ထားသော နို့မှုန့် (Extensively hydrolysed formula – eHF) – နွားနို့ပရိုတင်းကို အလွန်သေးငယ်သော အစိတ်အပိုင်းများအဖြစ် ချေဖျက်ထားခြင်းကြောင့် ခုခံအားစနစ်မှ သိရှိမှတ်မိရန် ခက်ခဲစေသည်
- အမိုင်နိုအက်စစ် အခြေခံထားသော နို့မှုန့် (Amino acid formula – AAF) – eHF နှင့် မသက်သာသော ကလေးများ သို့မဟုတ် လက္ခဏာ အလွန်ပြင်းထန်သော ကလေးများအတွက် အသုံးပြုသည်
- အပင်အခြေခံနို့များ – Hazelnut သို့မဟုတ် Almond milk ကဲ့သို့သော အရည်များကို အစားအစာ ပြင်ဆင်ရာတွင် အသုံးပြုနိုင်သော်လည်း အာဟာရဓာတ်နည်းပါးသဖြင့် အသက် (၁) နှစ်အောက် ကလေးငယ်များအတွက် အဓိကအစားထိုးနို့အဖြစ် မတိုက်ကျွေးသင့်ပါ
မသောက်သုံးသင့်သော နို့အမျိုးအစားများ
- Lactose-free formula – ဤနို့မှုန့်သည် နွားနို့ပရိုတင်း မတည့်ခြင်းအတွက် မဟုတ်ဘဲ နို့သကြားဓာတ် (Lactose) ကို မချေဖျက်နိုင်သူများအတွက်သာဖြစ်သည်
- Soya protein-based formula – နွားနို့နှင့်မတည့်သော ကလေးအချို့သည် ပဲနို့ (Soy) နှင့်လည်း ဓာတ်မတည့်မှု ဖြစ်နိုင်သဖြင့် အသက် (၆) လအောက် ကလေးများကို မတိုက်ကျွေးသင့်ပါ
- အခြားသော နို့တိုက်သတ္တဝါများမှ နို့များ – ဆိတ်နို့ (Goat’s milk) သို့မဟုတ် မြင်းနို့ (Mare’s milk) တို့တွင် ပါဝင်သော ပရိုတင်းများသည် နွားနို့ပရိုတင်းနှင့် ဆင်တူသဖြင့် ဓာတ်မတည့်မှု ပြန်ဖြစ်နိုင်ခြေ (Cross-reactivity) အလွန်များပြားသည်
နွားနို့ကို အဆင့်ဆင့် ပြန်လည်တိုက်ကျွေးခြင်း (Reintroduction of cow’s milk)
ကလေးငယ်အများစုသည် အသက် (၅) နှစ်အရွယ်သို့ ရောက်သောအခါ နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်းမှ သဘာဝအလျောက် သက်သာလာတတ်သည်။
- တဖြည်းဖြည်းချင်း တိုးမြှင့်တိုက်ကျွေးသော နည်းလမ်း (Milk Ladder)
- ဤနည်းလမ်းသည် နွားနို့ပရိုတင်း ပါဝင်မှုနည်းသော အစားအစာ (ဥပမာ _ ကွတ်ကီး သို့မဟုတ် ကိတ်မုန့်) မှစတင်၍ ပမာဏကို တဖြည်းဖြည်းချင်း တိုးမြှင့်ကာ နွားနို့အစစ် သောက်သုံးနိုင်သည်အထိ အဆင့်ဆင့် လေ့ကျင့်ပေးခြင်းဖြစ်သည်
- စတင်ချိန်
- များသောအားဖြင့် ကလေးအသက် (၁) နှစ်ဝန်းကျင်တွင် ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်၏ လမ်းညွှန်မှုဖြင့်သာ စတင်ဆောင်ရွက်ရမည်ဖြစ်သည်
- ဤဖြစ်စဉ်သည် စိတ်ရှည်ရန် လိုအပ်ပြီး လက္ခဏာများ ပြန်လည်ပေါ်ပေါက်လာပါက ဆရာဝန်နှင့် ပြန်လည်တိုင်ပင်ရမည်ဖြစ်သည်
ကာကွယ်ခြင်း
နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း (Cow’s Milk Protein Allergy – CMPA) ကို အလုံးစုံ ကာကွယ်နိုင်သည့် နည်းလမ်းဟူ၍ တိတိကျကျ မရှိသေးသော်လည်း ဖြစ်နိုင်ခြေကို လျှော့ချနိုင်ရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွါးမှု နည်းစေရန် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။
- မိခင်နို့ တိုက်ကျွေးခြင်း (Breastfeeding)
အသက် (၄)လ မှ (၆)လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်းသည် ကလေးငယ်၏ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ မိခင်နို့တွင် ပါဝင်သော ခုခံအားပစ္စည်းများသည် ကလေး၏ အူလမ်းကြောင်းကို ကာကွယ်ပေးသည်။ - ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၏ အစားအသောက်
ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်အတွင်း မိခင်များအနေဖြင့် နွားနို့နှင့် နို့ထွက်ပစ္စည်းများကို ကြိုတင်ရှောင်ကြဉ်ရန် မလိုအပ်ပါ။ အစာအုပ်စုစုံလင်စွာ စားသုံးခြင်းသည်သာ ကလေး၏ ကိုယ်ခံအားစနစ်အတွက် ပိုမိုကောင်းမွန်စေသည်။ ကလေးတွင် ဓာတ်မတည့်မှု လက္ခဏာပြမှသာ ဆရာဝန်ညွှန်ကြားချက်ဖြင့် ရှောင်ကြဉ်ရမည်ဖြစ်သည်။ - ကလေးအတွက် သင့်တော်သော နို့မှုန့်ရွေးချယ်ခြင်း
မိခင်နို့ မတိုက်နိုင်သော အခြေအနေမျိုးတွင် ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ မြင့်မားသည့် ကလေးငယ်များအတွက် (ဥပမာ _ မိဘများတွင် ဓာတ်မတည့်မှု ရာဇဝင်ရှိခြင်း) ပုံမှန်နို့မှုန့်များအစား ဆရာဝန်ညွှန်ကြားသော နို့မှုန့်အမျိုးအစားများကိုသာ ရွေးချယ်သင့်သည်။
ဓာတ်မတည့်မှု လက္ခဏာများ မဖြစ်အောင် ကာကွယ်ခြင်း (Prevention of Flare-ups)
နွားနို့ပရိုတင်းနှင့် မတည့်မှန်း သိရှိပြီးပါက နောက်ထပ် လက္ခဏာများ မပေါ်ပေါက်စေရန် အောက်ပါတို့ကို သတိပြုရမည်။
- အစားအသောက် တံဆိပ်များကို ဖတ်ပါ (Read Food Labels)
အစားအစာများ ဝယ်ယူသည့်အခါ ပါဝင်ပစ္စည်းများတွင် နွားနို့ (Milk)၊ နို့မှုန့် (Milk powder)၊ Whey၊ Casein သို့မဟုတ် နို့ထွက်ပစ္စည်းများ ပါမပါကို သေချာစွာ စစ်ဆေးရမည်။ - Cross-contamination ကို သတိထားပါ
နို့ထွက်ပစ္စည်း ကိုင်တွယ်ထားသော ဓား၊ ဇွန်း သို့မဟုတ် ပန်းကန်များကို ကလေး၏ အစားအစာ ပြင်ဆင်ရာတွင် အသုံးမပြုမိအောင် ဂရုစိုက်ရမည်။ - ကျောင်းနှင့် ပတ်ဝန်းကျင်ကို အသိပေးပါ
မိမိကလေးတွင် နွားနို့နှင့် ဓာတ်မတည့်မှု ရှိကြောင်းကို ကျောင်း၊ ကလေးထိန်းကျောင်းနှင့် ဆွေမျိုးများကို ကြိုတင်အသိပေးထားခြင်းဖြင့် မှားယွင်းကျွေးမိခြင်းမှ ကာကွယ်နိုင်သည်။
References:
- Children’s Hospital of Philadelphia. (n.d.). Cow’s milk protein allergy. Retrieved February 9, 2026, from https://www.chop.edu/conditions-diseases/cows-milk-protein-allergy
- Children’s National Hospital. (n.d.). Cow’s milk protein intolerance. Retrieved February 9, 2026, from https://www.childrensnational.org/get-care/health-library/cows-milk-protein-intolerance
- CPS — Canadian Paediatric Society. (n.d.). Cow’s milk protein allergy. Retrieved February 9, 2026, from https://cps.ca/en/documents/position/cows-milk-protein-allergy
- Bedsfordshire and Luton Children’s Nutrition and Dietetics Service. (n.d.). Cow’s milk allergy. Retrieved February 9, 2026, from https://bedslutonchildrenshealth.nhs.uk/services/bedfordshire-and-luton-childrens-nutrition-and-dietetics-service/cows-milk-allergy/
- Li, H., Wang, S., & Ji, W. (2025). Cow’s milk protein allergy: A comprehensive review of epidemiology, pathogenesis, clinical manifestations, diagnostics, and management strategies. Asia Pacific Journal of Clinical Nutrition, 34(3), 298–307. https://doi.org/10.6133/apjcn.202506_34(3).0004
- Luyt, D., Ball, H., Makwana, N., Green, M. R., Bravin, K., Nasser, S. M., Clark, A. T., & BSACI Standards of Care Committee. (2014). BSACI guideline for the diagnosis and management of cow’s milk allergy. Clinical & Experimental Allergy, 44(5), 642–672.
Published: 26 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.