Cow’s Milk Protein Allergy (နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း)

Cow’s Milk Protein Allergy (နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း)

နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း (Cow’s milk protein allergy – CMPA) ဆိုသည်မှာ နွားနို့တွင်ပါဝင်သော casein နှင့် whey ပရိုတင်းဓာတ်များအပေါ် ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ ဓာတ်မတည့်တုံ့ပြန်ခြင်းဖြစ်ပြီး၊ အစာအိမ်နှင့် အူလမ်းကြောင်းအပါအဝင် ခန္ဓာကိုယ်ရှိ အင်္ဂါအဖွဲ့အစည်းများကို ထိခိုက်စေနိုင်သည်။ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွါးနှုန်းမှာ (၂.၀%) မှ (၇.၅%) အတွင်းရှိပြီး၊ အသက် (၆) နှစ်အောက် ကလေးငယ်များတွင် (၀.၆%) မှ (၃.၀%) အတွင်း ဖြစ်ပွါးလေ့ရှိကြောင်း သိရသည်။ ကလေးငယ်များတွင် ဓာတ်မတည့်မှုလက္ခဏာများကို အများအားဖြင့် အသက် (၆) လ အရွယ်မတိုင်မီ စတင်တွေ့ရှိရသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း (Cow’s milk protein allergy – CMPA) ဖြစ်စဉ်ကို ခုခံအားစနစ်၏တုံ့ပြန်မှု အမျိုးအစား (၃) မျိုးဖြင့် ဖော်ပြနိုင်သည်။ ၎င်းတို့မှာ_

  1. IgE ကြောင့်ဖြစ်သော နွားနို့နှင့် ဓာတ်မတည့်ခြင်း (IgE-mediated allergy)
    နွားနို့နှင့် ထိတွေ့ပြီးနောက် လျင်မြန်စွာ တုံ့ပြန်မှု ဖြစ်စေသော အမျိုးအစား
  2. IgE ကြောင့်မဟုတ်သော နွားနို့နှင့် ဓာတ်မတည့်ခြင်း (Non-IgE cell-mediated allergy)
    ခန္ဓာကိုယ်၏ ဆဲလ်များမှတစ်ဆင့် တုံ့ပြန်ပြီး လက္ခဏာပြရန် အချိန်အနည်းငယ် ပိုကြာသော အမျိုးအစား
  3. အမျိုးအစားနှစ်မျိုးလုံး ရောနှောနေသော ဓာတ်မတည့်ခြင်း (Mixed-type-mediated allergy)
    အထက်ပါတုံ့ပြန်မှုနှစ်မျိုးလုံး ပေါင်းစပ်ဖြစ်ပေါ်သော အမျိုးအစားတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
  1. IgE ကြောင့်ဖြစ်သော နွားနို့နှင့် ဓာတ်မတည့်ခြင်း (IgE-mediated allergy)
    • IgE-mediated allergy အမျိုးအစားတွင် နွားနို့ပရိုတင်းကို စားသုံးပြီး မိနစ်ပိုင်း မှ (၂)နာရီအတွင်း ဓာတ်မတည့်သည့် လက္ခဏာများကို ခံစားရသည်
    • အတွေ့ရများသော လက္ခဏာများမှာ_
      • အင်ပြင်ထခြင်း၊ အရေပြားပေါ်တွင် ယားယံသော အဖုအပိမ့်များ ထွက်လာခြင်း
      • အရေပြားအောက်လွှာရှိ တစ်ရှူးများ (အထူးသဖြင့် မျက်လုံး၊ နှုတ်ခမ်း သို့မဟုတ် လည်ချောင်း) ရောင်ရမ်းခြင်း
      • အစားအသောက် စားပြီးပြီးချင်း ဗိုက်နာခြင်း၊ အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း
      • အသက်အန္တရာယ်ရှိနိုင်လောက်အောင် ရုတ်တရက် ပြင်းထန်စွာ တုံ့ပြန်ခြင်း (ဥပမာ _ အသက်ရှူရခက်ခဲခြင်း၊ သွေးပေါင်ကျခြင်း) စသည်တို့ဖြစ်သည်
    • ဤအမျိုးအစားတွင် ပန်းနာရင်ကျပ်ရောဂါ၊ နှာခေါင်းပန်းနာ (Allergic rhinitis) နှင့် အခြားသော အစာဓာတ်မတည့်ခြင်းများကို ပူးတွဲတွေ့နိုင်သည်
  2. IgE ကြောင့်မဟုတ်သော နွားနို့နှင့် ဓာတ်မတည့်ခြင်း (Non-IgE cell-mediated allergy)
    • Non-IgE cell-mediated allergy အမျိုးအစားတွင် နွားနို့ပရိုတင်းကို စားသုံးပြီး နာရီအနည်းငယ် မှ ရက်သတ္တပတ်အနည်းငယ်အကြာမှသာ တုံ့ပြန်မှုလက္ခဏာများ ပေါ်ပေါက်လာနိုင်သည်၊ လက္ခဏာများမှာ_
      • စားချဥ်ပြန်ရောဂါလက္ခဏာများ (Gastro-oesophageal reflux) – တစ်နှစ်အောက်ကလေးငယ်များတွင် အန်ခြင်း၊ ကျောကော့၍ အဆက်မပြတ်အော်ငိုခြင်း၊ ကိုယ်အလေးချိန်မတက်လာခြင်း
      • လေထိုးလေနာ လက္ခဏာများ (Colic) – တစ်နှစ်အောက်ကလေးငယ်များ မကြာခဏ ဂျီကျခြင်း၊ ငိုယိုခြင်း
      • ဝမ်းလျှောခြင်း
      • ကျန်းမာနေသော နို့စို့ကလေးငယ်များ၏ ဝမ်းထဲတွင် သွေးစလေးများ ပါလာတတ်ခြင်း
      • နို့ပွေး (eczema) ပေါ်လာခြင်း စသည်တို့ဖြစ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

မိမိ၏ကလေးတွင် နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း (Cow’s milk protein allergy – CMPA) လက္ခဏာများရှိသည်ဟု သံသယရှိပါက မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်ကုသရန် လိုအပ်သည်။ အထူးသဖြင့် အောက်ပါအခြေအနေများ ဖြစ်ပေါ်ပါက အရေးပေါ်ကုသမှု ခံယူရမည်။

နွားနို့သောက်ပြီးနောက်

  • ရုတ်တရက် အသက်ရှူရ ခက်ခဲလာခြင်း
  • မျက်နှာ၊ နှုတ်ခမ်း သို့မဟုတ် လည်ချောင်းများ သိသာစွာ ရောင်ရမ်းလာခြင်း (Angioedema)
  • ကလေးသည် အလွန်အမင်း နုံးခွေသွားခြင်း သို့မဟုတ် သတိလစ်သကဲ့သို့ ဖြစ်သွားခြင်း
  • ပြင်းထန်စွာ အန်ခြင်း သို့မဟုတ် သွေးပါသော ဝမ်းသွားခြင်း စသည်တို့ဖြစ်သည်။
ရောဂါရှာဖွေခြင်း

နွားနို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးပြီးနောက် ပေါ်ပေါက်လာသော လက္ခဏာများနှင့် ရောဂါရာဇဝင်ကို အသေးစိတ် မေးမြန်းစမ်းသပ်ခြင်းသည် ရောဂါရှာဖွေရာတွင် အထူးအရေးပါသည်။ ဆရာဝန်မှ ဓာတ်မတည့်မှု အမျိုးအစားပေါ် မူတည်၍ အောက်ပါအတိုင်း ရှာဖွေစစ်ဆေးမည်။

  1. IgE ကြောင့်ဖြစ်သော ဓာတ်မတည့်ခြင်း (IgE-mediated allergy) အတွက် စစ်ဆေးမှုများ
    • အရေပြားမှတစ်ဆင့် စစ်ဆေးခြင်း (Skin Prick Tests – SPT) – နွားနို့ပရိုတင်း အစက်ကလေးကို အရေပြားပေါ်တင်၍ အပ်ဖြင့် အနည်းငယ်တို့ခြစ်ကာ တုံ့ပြန်မှုကို စစ်ဆေးခြင်း
    • သွေးတွင်းရှိ ဓာတ်မတည့်မှုဖြစ်စေသော IgE ကို တိုင်းတာခြင်း (Serum Specific IgE test) – သွေးစစ်ခြင်းဖြင့် နွားနို့ပရိုတင်းကို တိုက်ခိုက်သည့် ခုခံအားပစ္စည်း (Antibodies) ရှိမရှိ စစ်ဆေးခြင်း
    • သံသယရှိသော အစားအစာကို အသုံးပြု၍ ဓာတ်မတည့်မှုကို အတည်ပြုခြင်း (Oral Food Challenge – OFC) – ဆရာဝန်၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် နွားနို့ကို ပမာဏအနည်းငယ်စီ စမ်းသပ်တိုက်ကျွေး၍ တုံ့ပြန်မှုကို ကြည့်ရှုခြင်း (ဤနည်းလမ်းသည် ရောဂါအတည်ပြုရန် အတိကျဆုံး နည်းလမ်းဖြစ်သည်)
  2. IgE ကြောင့်မဟုတ်သော ဓာတ်မတည့်ခြင်း (Non-IgE mediated allergy) အတွက် စစ်ဆေးမှုများ
    • အစားအစာ ရှောင်ကြဉ်၍ စမ်းသပ်ခြင်း (Elimination Diet) – ကလေး၏ အစားအစာ (သို့မဟုတ် မိခင်နို့တိုက်နေပါက မိခင်၏ အစားအစာ) မှ နွားနို့နှင့် နို့ထွက်ပစ္စည်းများကို (၂)ပတ် မှ (၄)ပတ်အထိ လုံးဝဖယ်ထုတ်ကြည့်ခြင်းဖြင့် လက္ခဏာများ သက်သာခြင်း ရှိမရှိ စစ်ဆေးခြင်း
    • နွားနို့ကို ပြန်လည်တိုက်ကျွေး၍ စမ်းသပ်ခြင်း (Planned Reintroduction) – အစားအစာ ရှောင်ကြဉ်ပြီးနောက် လက္ခဏာများ ပျောက်ကွယ်သွားပါက ဆရာဝန် ညွှန်ကြားသည့်အတိုင်း နွားနို့ကို ပြန်လည်တိုက်ကျွေး၍ လက္ခဏာများ ပြန်ပေါ်လာခြင်း ရှိမရှိ စောင့်ကြည့်ခြင်း
ကုသခြင်း

နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်းအတွက် အဓိကကုသမှုမှာ နွားနို့နှင့် နို့ထွက်ပစ္စည်းပါဝင်သော အစားအစာများကို လုံးဝရှောင်ကြဉ်ခြင်း (Strict avoidance) ဖြစ်သည်။

  • အစားအသောက် – စားသုံးသော အစားအစာထဲတွင် နွားနို့နှင့် နို့ထွက်ပစ္စည်းများ မပါဝင်ဘဲ အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ရန် အာဟာရ ပညာရှင် (Dietitian) နှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်
  • မိခင်နို့တိုက်ကျွေးခြင်း – မိခင်နို့စို့နေသော ကလေးငယ်များတွင် ဓာတ်မတည့်ခြင်း လက္ခဏာများ သိသာစွာ ခံစားရပါက နို့တိုက်မိခင်များကပါ နွားနို့နှင့်နို့ထွက်ပစ္စည်းများကို ရှောင်ကြဉ်ရန် (Maternal elimination diet) လိုအပ်နိုင်သည်
  • ဖြည့်စွက်အာဟာရများ – အစားအစာရှောင်ကြဉ်နေစဉ်အတွင်း ကယ်လ်စီယမ် (Calcium) နှင့် ဗီတာမင်ဒီ (Vitamin D) ဓာတ်များ လုံလောက်စွာ ရရှိနိုင်ရန် ၎င်းတို့ပါဝင်သော အစားအစာများ သို့မဟုတ် ဖြည့်စွက်ဆေးဝါးများကို အာဟာရပညာရှင်နှင့် တိုင်ပင်၍ သောက်သုံးသင့်သည်
  • အရေးပေါ်ဆေးဝါး – ပြင်းထန်သော ဓာတ်မတည့်မှုလက္ခဏာ (Anaphylaxis) ခံစားရနိုင်ခြေရှိသော ကလေးများအတွက် ဆရာဝန်မှ အရေးပေါ်ထိုးဆေး (Adrenaline auto-injector – EpiPen) ကို အမြဲဆောင်ထားရန် ညွှန်ကြားနိုင်သည်။

နွားနို့အစားထိုး အခြားသောအာဟာရများ (Cow’s milk substitutes)
အသက် (၂) နှစ်အောက် ကလေးငယ်များအတွက် အကောင်းဆုံးအာဟာရမှာ မိခင်နို့ (Breast milk) ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ မတိုက်ကျွေးနိုင်ပါက အောက်ပါ နွားနို့အစားထိုး နို့မှုန့်များ (Specialized formulas) ကို ဆရာဝန်ညွှန်ကြားချက်ဖြင့် တိုက်ကျွေးနိုင်သည်။

  • ပရိုတင်းကို အလွယ်တကူချေဖျက်နိုင်အောင် ပြုလုပ်ထားသော နို့မှုန့် (Extensively hydrolysed formula – eHF) – နွားနို့ပရိုတင်းကို အလွန်သေးငယ်သော အစိတ်အပိုင်းများအဖြစ် ချေဖျက်ထားခြင်းကြောင့် ခုခံအားစနစ်မှ သိရှိမှတ်မိရန် ခက်ခဲစေသည်
  • အမိုင်နိုအက်စစ် အခြေခံထားသော နို့မှုန့် (Amino acid formula – AAF) – eHF နှင့် မသက်သာသော ကလေးများ သို့မဟုတ် လက္ခဏာ အလွန်ပြင်းထန်သော ကလေးများအတွက် အသုံးပြုသည်
  • အပင်အခြေခံနို့များ – Hazelnut သို့မဟုတ် Almond milk ကဲ့သို့သော အရည်များကို အစားအစာ ပြင်ဆင်ရာတွင် အသုံးပြုနိုင်သော်လည်း အာဟာရဓာတ်နည်းပါးသဖြင့် အသက် (၁) နှစ်အောက် ကလေးငယ်များအတွက် အဓိကအစားထိုးနို့အဖြစ် မတိုက်ကျွေးသင့်ပါ

မသောက်သုံးသင့်သော နို့အမျိုးအစားများ

  • Lactose-free formula – ဤနို့မှုန့်သည် နွားနို့ပရိုတင်း မတည့်ခြင်းအတွက် မဟုတ်ဘဲ နို့သကြားဓာတ် (Lactose) ကို မချေဖျက်နိုင်သူများအတွက်သာဖြစ်သည်
  • Soya protein-based formula – နွားနို့နှင့်မတည့်သော ကလေးအချို့သည် ပဲနို့ (Soy) နှင့်လည်း ဓာတ်မတည့်မှု ဖြစ်နိုင်သဖြင့် အသက် (၆) လအောက် ကလေးများကို မတိုက်ကျွေးသင့်ပါ
  • အခြားသော နို့တိုက်သတ္တဝါများမှ နို့များ – ဆိတ်နို့ (Goat’s milk) သို့မဟုတ် မြင်းနို့ (Mare’s milk) တို့တွင် ပါဝင်သော ပရိုတင်းများသည် နွားနို့ပရိုတင်းနှင့် ဆင်တူသဖြင့် ဓာတ်မတည့်မှု ပြန်ဖြစ်နိုင်ခြေ (Cross-reactivity) အလွန်များပြားသည်

နွားနို့ကို အဆင့်ဆင့် ပြန်လည်တိုက်ကျွေးခြင်း (Reintroduction of cow’s milk)
ကလေးငယ်အများစုသည် အသက် (၅) နှစ်အရွယ်သို့ ရောက်သောအခါ နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်းမှ သဘာဝအလျောက် သက်သာလာတတ်သည်။

  • တဖြည်းဖြည်းချင်း တိုးမြှင့်တိုက်ကျွေးသော နည်းလမ်း (Milk Ladder)
    • ဤနည်းလမ်းသည် နွားနို့ပရိုတင်း ပါဝင်မှုနည်းသော အစားအစာ (ဥပမာ _ ကွတ်ကီး သို့မဟုတ် ကိတ်မုန့်) မှစတင်၍ ပမာဏကို တဖြည်းဖြည်းချင်း တိုးမြှင့်ကာ နွားနို့အစစ် သောက်သုံးနိုင်သည်အထိ အဆင့်ဆင့် လေ့ကျင့်ပေးခြင်းဖြစ်သည်
    • စတင်ချိန်
      • များသောအားဖြင့် ကလေးအသက် (၁) နှစ်ဝန်းကျင်တွင် ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်၏ လမ်းညွှန်မှုဖြင့်သာ စတင်ဆောင်ရွက်ရမည်ဖြစ်သည်
      • ဤဖြစ်စဉ်သည် စိတ်ရှည်ရန် လိုအပ်ပြီး လက္ခဏာများ ပြန်လည်ပေါ်ပေါက်လာပါက ဆရာဝန်နှင့် ပြန်လည်တိုင်ပင်ရမည်ဖြစ်သည်
ကာကွယ်ခြင်း

နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း (Cow’s Milk Protein Allergy – CMPA) ကို အလုံးစုံ ကာကွယ်နိုင်သည့် နည်းလမ်းဟူ၍ တိတိကျကျ မရှိသေးသော်လည်း ဖြစ်နိုင်ခြေကို လျှော့ချနိုင်ရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွါးမှု နည်းစေရန် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။

  1. မိခင်နို့ တိုက်ကျွေးခြင်း (Breastfeeding)
    အသက် (၄)လ မှ (၆)လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်းသည် ကလေးငယ်၏ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ မိခင်နို့တွင် ပါဝင်သော ခုခံအားပစ္စည်းများသည် ကလေး၏ အူလမ်းကြောင်းကို ကာကွယ်ပေးသည်။
  2. ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၏ အစားအသောက်
    ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်အတွင်း မိခင်များအနေဖြင့် နွားနို့နှင့် နို့ထွက်ပစ္စည်းများကို ကြိုတင်ရှောင်ကြဉ်ရန် မလိုအပ်ပါ။ အစာအုပ်စုစုံလင်စွာ စားသုံးခြင်းသည်သာ ကလေး၏ ကိုယ်ခံအားစနစ်အတွက် ပိုမိုကောင်းမွန်စေသည်။ ကလေးတွင် ဓာတ်မတည့်မှု လက္ခဏာပြမှသာ ဆရာဝန်ညွှန်ကြားချက်ဖြင့် ရှောင်ကြဉ်ရမည်ဖြစ်သည်။
  3. ကလေးအတွက် သင့်တော်သော နို့မှုန့်ရွေးချယ်ခြင်း
    မိခင်နို့ မတိုက်နိုင်သော အခြေအနေမျိုးတွင် ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ မြင့်မားသည့် ကလေးငယ်များအတွက် (ဥပမာ _ မိဘများတွင် ဓာတ်မတည့်မှု ရာဇဝင်ရှိခြင်း) ပုံမှန်နို့မှုန့်များအစား ဆရာဝန်ညွှန်ကြားသော နို့မှုန့်အမျိုးအစားများကိုသာ ရွေးချယ်သင့်သည်။

ဓာတ်မတည့်မှု လက္ခဏာများ မဖြစ်အောင် ကာကွယ်ခြင်း (Prevention of Flare-ups)
နွားနို့ပရိုတင်းနှင့် မတည့်မှန်း သိရှိပြီးပါက နောက်ထပ် လက္ခဏာများ မပေါ်ပေါက်စေရန် အောက်ပါတို့ကို သတိပြုရမည်။

  • အစားအသောက် တံဆိပ်များကို ဖတ်ပါ (Read Food Labels)
    အစားအစာများ ဝယ်ယူသည့်အခါ ပါဝင်ပစ္စည်းများတွင် နွားနို့ (Milk)၊ နို့မှုန့် (Milk powder)၊ Whey၊ Casein သို့မဟုတ် နို့ထွက်ပစ္စည်းများ ပါမပါကို သေချာစွာ စစ်ဆေးရမည်။
  • Cross-contamination ကို သတိထားပါ
    နို့ထွက်ပစ္စည်း ကိုင်တွယ်ထားသော ဓား၊ ဇွန်း သို့မဟုတ် ပန်းကန်များကို ကလေး၏ အစားအစာ ပြင်ဆင်ရာတွင် အသုံးမပြုမိအောင် ဂရုစိုက်ရမည်။
  • ကျောင်းနှင့် ပတ်ဝန်းကျင်ကို အသိပေးပါ
    မိမိကလေးတွင် နွားနို့နှင့် ဓာတ်မတည့်မှု ရှိကြောင်းကို ကျောင်း၊ ကလေးထိန်းကျောင်းနှင့် ဆွေမျိုးများကို ကြိုတင်အသိပေးထားခြင်းဖြင့် မှားယွင်းကျွေးမိခြင်းမှ ကာကွယ်နိုင်သည်။

References:

  1. Children’s Hospital of Philadelphia. (n.d.). Cow’s milk protein allergy. Retrieved February 9, 2026, from https://www.chop.edu/conditions-diseases/cows-milk-protein-allergy
  2. Children’s National Hospital. (n.d.). Cow’s milk protein intolerance. Retrieved February 9, 2026, from https://www.childrensnational.org/get-care/health-library/cows-milk-protein-intolerance
  3. CPS — Canadian Paediatric Society. (n.d.). Cow’s milk protein allergy. Retrieved February 9, 2026, from https://cps.ca/en/documents/position/cows-milk-protein-allergy
  4. Bedsfordshire and Luton Children’s Nutrition and Dietetics Service. (n.d.). Cow’s milk allergy. Retrieved February 9, 2026, from https://bedslutonchildrenshealth.nhs.uk/services/bedfordshire-and-luton-childrens-nutrition-and-dietetics-service/cows-milk-allergy/
  5. Li, H., Wang, S., & Ji, W. (2025). Cow’s milk protein allergy: A comprehensive review of epidemiology, pathogenesis, clinical manifestations, diagnostics, and management strategies. Asia Pacific Journal of Clinical Nutrition, 34(3), 298–307. https://doi.org/10.6133/apjcn.202506_34(3).0004
  6. Luyt, D., Ball, H., Makwana, N., Green, M. R., Bravin, K., Nasser, S. M., Clark, A. T., & BSACI Standards of Care Committee. (2014). BSACI guideline for the diagnosis and management of cow’s milk allergy. Clinical & Experimental Allergy, 44(5), 642–672.

Published: 26 February 2026

Share

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.