Dental crowding (သွားထပ်ခြင်း)

Dental crowding (သွားထပ်ခြင်း)

သွားထပ်ခြင်း (Dental crowding) ဆိုသည်မှာ မေးရိုးတစ်လျှောက်ရှိ သွားပေါက်ရမည့်နေရာများ မလုံလောက်ခြင်းကြောင့် သွားများသည် ပုံမှန်အတိုင်း ဘေးတိုက်တန်းစီ၍ မပေါက်နိုင်ဘဲ တစ်ချောင်းနှင့် တစ်ချောင်းထပ်၍ မညီမညာပေါက်နေခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် သွားများသည် အပေါ်မေးရိုးနှင့် ‌အောက်မေးရိုးတစ်လျှောက် အရိုးပုံသဏ္ဍာန်အတိုင်း ဂငယ်ပုံစံကွေးကာ တစ်ချောင်းနှင့်တစ်ချောင်းကပ်၍ ညီညာစွာ စီတန်းပေါက်လေ့ရှိသည်။ ထိုသို့ပုံမှန်အတိုင်း မပေါက်နိုင်ဘဲ သွားများထပ်၍ ပေါက်ခြင်းကြောင့် သွားအနေအထား စောင်းသွားခြင်း၊ သွားပုံစံမမှန်တော့ခြင်း စသည်တို့ကို တွေ့ရသည်။

သွားထပ်ခြင်းသည် ကလေးငယ်များ၊ ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးသူများတွင် အဖြစ်အများဆုံး သွားဘက်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ သွားထပ်ခြင်းကြောင့် သွားနှင့် ခံတွင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်သလို မညီညာသော သွားများကြောင့် နေ့စဥ်လူမှုဘဝတွင် မိမိကိုယ်ကို ယုံကြည်မှုကျဆင်းခြင်း၊ ပြုံးရယ်ချိန်တွင် စိတ်မလုံခြုံခြင်း၊ စိတ်ဖိစီးခြင်းတို့ ခံစားရနိုင်သည်။ ထို့ကြောင့် လိုအပ်လျှင် သွားထပ်ခြင်းကို ပြန်လည်ညီညာစေရန် ပြုပြင်ပေးသော ကုသမှုများ ခံယူသင့်သည်။

သွားထပ်ခြင်းအမျိုးအစားများ

အဓိကအမျိုးအစား (၄) မျိုးရှိသည်။

  1. အရှေ့ဘက် – ရှေ့သွားများနှင့် စွယ်သွားများ ထပ်နေ၍ မညီမညာဖြစ်နေသည်ကို တွေ့ရပြီး အရှေ့ဘက်တွင် ဖြစ်ပေါ်သောကြောင့် သိသာထင်ရှားစွာ အမြင်ရဆုံးသော အမျိုးအစားဖြစ်သည်
  2. အနောက်ဘက် – အနောက်ဘက်တွင်ရှိသော အံရှေ့သွားများ၊ အံဆုံးသွားများ မညီမညာထပ်နေခြင်းဖြစ်သည်၊ ပါးစပ်အတွင်းဘက်တွင် ဖြစ်ပေါ်သောကြောင့် မြင်ရရန် ခက်ခဲပြီး တစ်ခါတစ်ရံ ရောဂါရှာဖွေရန် ခက်ခဲစေသည်
  3. အပေါ်ဘက် – အပေါ်မေးရိုးတစ်လျှောက် အပေါ်သွားများတွင်သာ သွားထပ်ခြင်း ဖြစ်ပေါ်သည်
  4. အောက်ဘက် – အောက်မေးရိုးတစ်လျှောက် အောက်သွားများတွင်သာ သွားထပ်ခြင်းကို တွေ့ရသည်

တစ်ခါတစ်ရံ အပေါ်သွားထပ်ခြင်းနှင့် အောက်သွားထပ်ခြင်းတို့ကို လူတစ်ဦးတည်းတွင် အတူတွဲတွေ့ရနိုင်သည်။

သွားထပ်ခြင်းပြင်းထန်မှု အဆင့်သတ်မှတ်ချက်

သွားထပ်ခြင်း၏ ပြင်းထန်မှုကို မေးရိုးအတွင်း သွားများပေါက်ရန် လိုအပ်သောနေရာနှင့် ရှိနေသောနေရာလွတ် မည်မျှကွာဟသည်ကို မီလီမီတာ (mm) ဖြင့် တိုင်းတာ၍ အဆင့်သတ်မှတ်လေ့ရှိသည်။

  • သာမန်အဆင့် (Mild)
    သွားပေါက်ရမည့်နေရာ မလုံလောက်မှုသည် (၁)မီလီမီတာ မှ (၃)မီလီမီတာခန့်သာ ရှိပြီး သွားတစ်ချောင်း သို့မဟုတ် နှစ်ချောင်းမျှသာ အနည်းငယ် ထပ်နေတတ်သည်။ ဤအဆင့်သည် အများအားဖြင့် ပြင်းထန်သော သွားနှင့်ခံတွင်းပြဿနာများ မဖြစ်စေနိုင်သော်လည်း အလှအပပိုင်းဆိုင်ရာအတွက် ကုသမှု ခံယူနိုင်သည်။
  • အလယ်အလတ်အဆင့် (Moderate)
    သွားနေရာမလုံလောက်မှုသည် (၄)မီလီမီတာ မှ (၇)မီလီမီတာအထိရှိပြီး သွားနှစ်ချောင်းထက်ပို၍ ထပ်နေသည်ကို တွေ့ရသည်။ အစာညပ်ခြင်းနှင့် သွားတိုက်ရခက်ခဲခြင်းတို့ကြောင့် သွားဂျိုးများဖြစ်ပေါ်ကာ သွားဖုံးရောင်ခြင်းနှင့် သွားပိုးစားခြင်းတို့ကို ဖြစ်စေနိုင်သည်။
  • ပြင်းထန်အဆင့် (Severe)
    သွားနေရာမလုံလောက်မှုသည် (၈) မီလီမီတာထက် ပိုများပြီး သွားများစွာ ထပ်နေကာ သွားစောင်းနေခြင်းနှင့် သွားပုံစံမမှန်ခြင်းတို့အထိ ဖြစ်နိုင်သည်။ သွားအနေအထား မမှန်ခြင်းကြောင့် အစာဝါးစားခြင်းနှင့် စကားပြောခြင်းတို့ကိုပါ ထိခိုက်စေနိုင်သည်။
  • အလွန်ပြင်းထန်အဆင့် (Very severe)
    သွားနေရာမလုံလောက်မှုသည် (၁၀) မီလီမီတာထက် ပိုများ၍ သွားများ အလွန်အမင်း ထပ်နေခြင်း ဖြစ်သည်။ ဤအဆင့်တွင် သွားညှိခြင်း (Braces) အပြင် သွားနုတ်ခြင်း သို့မဟုတ် မေးရိုးခွဲစိတ်ကုသမှုများ (Orthognathic surgery) အထိ ပြုလုပ်ရန် လိုအပ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သွားထပ်ခြင်းသည် မေးရိုးအရွယ်အစားနှင့် သွားအရွယ်အစားဆိုင်ရာ ကွာခြားမှုများကြောင့် ဖြစ်ပေါ်တတ်ပြီး မျိုးဗီဇဆိုင်ရာ၊ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ ပေါင်းစပ်၍ ဖြစ်ပေါ်ခြင်းဖြစ်သည်။

  • မျိုးဗီဇဆိုင်ရာအကြောင်းရင်းများ
    မျိုးရိုးလိုက်၍ ဖြစ်ပေါ်သော မေးရိုးသေးခြင်း၊ သွားအရွယ်အစားကြီးခြင်းတို့ကြောင့် အခြားသူများထက်ပို၍ သွားထပ်ခြင်းကို ပိုဖြစ်စေနိုင်သည်။ မိသားစုဝင်များတွင် သွားထပ်ခြင်း ရှိပါကလည်း ပိုဖြစ်တတ်သည်။
  • ငယ်သွား စောလဲခြင်း သို့မဟုတ် နောက်ကျလဲခြင်း
    ငယ်သွားများသည် သွားပိုးစားခြင်း၊ ထိခိုက်မိခြင်း တို့ကြောင့် စောစောကျွတ်သွားသောအခါ ထိုနေရာလွတ်ကို ဘေးနားရှိ သွားများက နေရာ‌ရွေ့လာပြီး ဖြည့်ပေးသဖြင့် လူကြီးသွားများပေါက်ချိန်တွင် နေရာကျဥ်းသွားစေသည်။ ထိုနည်းတူ ငယ်သွားလဲချိန် နောက်ကျပါက လူကြီးသွားများပေါက်မည့်နေရာကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်သောကြောင့် သွားများ မညီမညာ စောင်း၍ ပေါက်ခြင်း၊ သွားထပ်ခြင်းတို့ ဖြစ်စေနိုင်သည်။
  • ခံတွင်းဆိုင်ရာ အပြုအမူ၊ အလေ့အကျင့်များ
    ကလေးငယ်များတွင် မကြာခဏ လက်မစုပ်ခြင်းအကျင့် ရှိခြင်း (Thumb sucking)၊ ချိုလိမ်များကို အချိန်ကြာမြင့်စွာ စုပ်တတ်ခြင်း (Prolonged pacifier use) သည် သွားများကို အရှေ့သို့ ထွက်လာစေပြီး မေးရိုးများကို ကျဥ်းစေသည်။ စကားပြောစဥ်၊ အစားဝါးစားစဥ်၊ မျိုချစဥ် လျှာကို ဘေးဘက် သို့မဟုတ် သွားကြားတွင်း မကြာခဏထိုးတတ်ခြင်း (Tongue thrusting) အကျင့် ရှိပါကလည်း မေးရိုးနှင့်သွားများတွင် ရေရှည်ဖိအား သက်ရောက်၍ သွားနှင့်မေးရိုး ဖွံ့ဖြိုးမှုကို ထိခိုက်စေသည်။
  • မေးရိုးအရွယ်အစား ပြောင်းလဲလာမှု
    နှစ်ပေါင်းများစွာအတွင်း အစားအစာများ ပိုမိုနူးညံ့လာမှုကြောင့် မေးရိုးများ အားစိုက်ဝါးရန် သိပ်မလိုအပ်သဖြင့် မေးရိုးအရွယ်အစားများ ကြီးထွားဖွံ့ဖြိုးမှု နည်းလာပြီး သွားပေါက်ရန် နေရာကျဥ်းသွားစေသည်။ ထို့အပြင် အပေါ်မေးရိုး၊ အောက်မေးရိုးများ ကြီးထွားဖွံ့ဖြိုးနှုန်း မတူညီပါကလည်း သွားများ အတန်းညီစွာ မပေါက်နိုင်ဘဲ သွားထပ်ခြင်းကို ဖြစ်စေနိုင်သည်။
  • အသက်ရှူလမ်းကြောင်းနှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ
    ဓာတ်မတည့်ခြင်း သို့မဟုတ် ရင်ကျပ်ခြင်းတို့ကြောင့် ပါးစပ်ကို အားပြု၍ အသက်ရှူရသော အခြေအနေများတွင် မေးရိုးဖွံ့ဖြိုးကြီးထွားမှုကို ပြောင်းလဲစေပြီး သွားများ ညီညာစွာပေါက်နိုင်မှုကို ဟန့်တားနိုင်သည်။
  • သွားများ ထိခိုက်ဒဏ်ရာရခြင်းနှင့် တည်ဆောက်ပုံ ပြဿနာများ
    မေးရိုး ထိခိုက်ဒဏ်ရာရခြင်းသည် သွားများကို နေရာရွေ့သွားစေပြီး ဖွံ့ဖြိုးမှုကို ထိခိုက်စေသည်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းစသည့် မွေးရာပါရောဂါများသည်လည်း သွားများ ညီညာတန်းစီ၍ ပေါက်နိုင်ရန်အတွက် များစွာခက်ခဲစေသည်။
  • သွားအပိုပါခြင်း သို့မဟုတ် သွားမထွက်လာခြင်း
    ရှိရမည့် သွားအရေအတွက်ထက် အပိုပါခြင်း (Hyperdontia) သို့မဟုတ် သွားဖုံးကို မဖောက်နိုင်ဘဲ မြုပ်နေသောသွားများ (Impacted teeth) များကြောင့်လည်း သွားပေါက်ခြင်းကို အဟန့်အတားဖြစ်စေသည်။
  • မျက်နှာကြွက်သားလှုပ်ရှားမှု ပုံမမှန်သောရောဂါများ
    မျက်နှာနှင့်ပါးစပ်ကြွက်သားများ လှုပ်ရှားမှု ပုံမမှန်သော ရောဂါများ (Orofacial myofunctional) တွင် လျှာ၊ နှုတ်ခမ်းနှင့် မေးရိုးများ၏ လှုပ်ရှားမှုကိုပါ ထိခိုက်စေသောကြောင့် ပုံမှန်သွားပေါက်ခြင်းကို ထိခိုက်စေသည်။
ရောဂါလက္ခဏာများ

သွားထပ်ခြင်း ပြင်းထန်မှုပေါ် မူတည်၍ အောက်ပါလက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

  • သွားထပ်ခြင်းကြောင့် သွားများ စောင်း၍ပေါက်ခြင်း၊ သွားများ ပွတ်တိုက်မိသောကြောင့် သွားပုံစံမမှန်ဘဲ သွားအချွန်များ ဖြစ်ပေါ်ခြင်း၊ သွားများ အရှေ့ဘက်သို့ ထွက်နေခြင်း သို့မဟုတ် အနောက်ဘက်သို့ ဝင်နေခြင်း
  • သွားများအကြား စားကြွင်းစားကျန်များ ညပ်ကျန်နိုင်ပြီး သွားတိုက်ရန်၊ သွားကြားကြိုးဖြင့် တိုက်ရန် ခက်ခဲသဖြင့် သွားချေးများ စုပုံလာနိုင်ပြီး သွားပိုးပေါက်များ၊ သွားဖုံးရောဂါများ ဖြစ်ပေါ်ခြင်း
  • သွားထပ်ခြင်း ပြင်းထန်သူများတွင် ထပ်နေသော သွားနှင့် လျှာ၊ အာခေါင်လှုပ်ရှားမှု ပုံမှန်မဟုတ်သောကြောင့် စကားပြောခြင်းအတွက် အသံထွက်ပီသစွာ မထွက်နိုင်ဘဲ လုံးထွေးခြင်း
  • အစာဝါးစားရာတွင် သွားထပ်သောနေရာကို ရှောင်၍ ဝါးစားရခြင်း၊ ပိုဖိ၍ဝါးရခြင်းတို့ကြောင့် သွားများအပေါ် ဖိအားမညီညာတော့ဘဲ သွားနာခြင်းကို ဖြစ်စေခြင်း
  • မေးရိုးကြွက်သားများကို ပိုမိုအားသုံးရခြင်းကြောင့် မေးရိုးတင်းမာခြင်း၊ မေးရိုးနာခြင်းတို့ ဖြစ်စေခြင်း
  • သွားအနေအထားမမှန်ဘဲ အချွန်အတက်များသဖွယ် ဖြစ်နေသောကြောင့် စကားပြောချိန်၊ ရယ်မောချိန်တွင် စိတ်မလုံခြုံသလို ခံစားရခြင်း၊ ရုပ်ဆိုးသည်ဟု ခံစားရသဖြင့် မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းခြင်း
နောက်ဆက်တွဲပြဿနာများ
  • သွားပိုးစားခြင်း၊ သွားပိုးပေါက်များ ဖြစ်ပေါ်ခြင်း
  • သွားဖုံးရောင်ခြင်း၊ ရေစီးကမ်းပြိုဖြစ်ခြင်း
  • သွားများ ပွန်းပဲ့ခြင်း
  • ခံတွင်းအနံ့ဆိုးထွက်ခြင်း (Halitosis)
  • သွားထိခိုက်ဒဏ်ရာရနိုင်ခြေများခြင်း
  • မေးရိုးနာခြင်း၊ လှုပ်ရှားမှု တောင့်တင်းခြင်း
  • ခံတွင်းကျန်းမာရေး ထိန်းသိမ်းရန် ခက်ခဲခြင်း
  • သွားမပေါက်နိုင်ဘဲ သွားဖုံး‌အောက်တွင် မြုပ်နေခြင်း (အထူးသဖြင့် စွယ်သွားများ)
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ သွားပြဿနာများနှင့် နောက်ဆက်တွဲပြဿနာများဖြစ်သော သွားဖုံးပြဿနာ၊ သွားပိုးစားခြင်း၊ မေးရိုးပြဿနာများ၊ စကားပြောခြင်းနှင့် အစာဝါးစားခြင်းဆိုင်ရာ ပြဿနာများ၊ ကလေးငယ်များတွင် ငယ်သွားလဲရန် စောခြင်း၊ နောက်ကျခြင်းနှင့် အလှအပရေးရာများအတွက် သွားဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ကလေးငယ်များတွင်မူ အသက် (၇)နှစ်အရွယ်တွင် သွားကို စနစ်တကျ ကြိုတင်စစ်ဆေးထားခြင်းဖြင့် ငယ်သွားနှင့် လူကြီးသွားများ ပြောင်းလဲချိန်တွင် သွားထပ်နိုင်ခြေ ရှိမရှိ ကြိုတင်ခန့်မှန်းနိုင်ပြီး လိုအပ်သော ကုသမှုများ ပြုလုပ်နိုင်သည်။

ရောဂါရှာဖွေခြင်း

သွားထပ်ခြင်း ပြင်းထန်မှုအဆင့်ကို သေချာဆုံးဖြတ်၍ ထိရောက်သော ကုသမှုအစီအစဥ် ရေးဆွဲနိုင်ရန် သွားထပ်ခြင်းကို သေချာစစ်ဆေးမှုသည် အရေးကြီးသည်။ သွားဆရာဝန်များသည် သွားထပ်သော အချောင်းရေနှင့် သွားများ စောင်းနေခြင်း၊ အစားဝါးစားနိုင်စွမ်းနှင့် မေးရိုးလှုပ်ရှားမှုများကို ထိခိုက်နိုင်ခြေ၊ သွားဖုံးရောင်ရမ်းခြင်း၊ သွားပိုးစားခြင်းနှင့် သွားပိုးပေါက်များ ဖြစ်ပေါ်ခြင်း၊ သွားများ ပွန်းပဲ့နေခြင်း စသည့်အချက်များပေါ် မူတည်၍ သွားနှင့်ခံတွင်း အနေအထားကို အသေးစိတ် ကြည့်ရှုစစ်ဆေးသည့်အပြင် လိုအပ်ပါက နောက်ဆုံးပေါ် ခေတ်မှီ စမ်းသပ်ကိရိယာများဖြင့် စစ်ဆေးမည်ဖြစ်သည်။

ပုံရိပ်ဖော်စစ်ဆေးခြင်း
  • ဓာတ်မှန်ရိုက်ခြင်း – သွားဓာတ်မှန်ရိုက်ခြင်းဖြင့် ထပ်နေသောသွားများ၏ တည့်မတ်ပုံ အနေအထား၊ မေးရိုးအနေအထား၊ မြုပ်နေသောသွားများ ရှိမရှိ သိနိုင်သည်
  • မြင်ကွင်းကျယ် သွားဓာတ်မှန်များ (Panoramic radiographs) – သွားအားလုံးကို ဓာတ်မှန်တစ်ချပ်တည်းတွင် မြင်ရသော ထိုဓာတ်မှန် အမျိုးအစားတွင် သွားများကြားရှိ နေရာအကျဥ်းအကျယ်နှင့် မပေါက်သေးသောသွားများ၏ အနေအထားတို့ကိုပါ စစ်ဆေးနိုင်သည်
  • ၃ ဖက်မြင် ပုံရိပ်ဖော်ခြင်း (3D imaging) – ကွန်ပျူတာဓာတ်မှန် (cone-beam CT scan) ရိုက်ခြင်းဖြင့် သွားများနှင့် မေးရိုးတို့ကို ၃ ဖက်မြင်ပုံရိပ်များအဖြစ် မြင်နိုင်ပြီး သွားအနေအထားများကို ပိုမိုတိကျစွာ သိရှိနိုင်သည်
ကုသမှုအတွက် တိုင်းတာခြင်း
  • သွားပုံစံနမူနာများ ယူခြင်း – သွားပုံစံခွက် (Impressions) သို့မဟုတ် ဒစ်ဂျစ်တယ်ပုံရိပ်များဖြင့် စစ်ဆေးပြီး ဖြစ်နိုင်ခြေများနှင့် တိကျသော ကုသမှုအစီအစဥ်များ ဆွဲနိုင်ရန်
  • သွားမညီညာမှု တိုင်းတာခြင်း (Little’s Irregularity Index) – ရှေ့သွားများ မညီညာခြင်းအတွက် အဓိက တိုင်းတာနိုင်ပြီး သွားထပ်ခြင်း ပြင်းထန်မှုကို စစ်ဆေးရန်
  • သွားနေရာအကျဥ်းအကျယ် ဆန်းစစ်ခြင်း – Bolton analysis နည်းပညာဖြင့် အပေါ်သွားများနှင့် အောက်သွားများ အရွယ်အစား ခြားနားချက်ကို စစ်ဆေးပြီး သွားနှုတ်ရန်လိုအပ်ခြင်း သို့မဟုတ် သွားနေရာဖြည့်ရန် လိုအပ်ခြင်း စသည်တို့ကို စစ်ဆေးရန်
အသက်အရွယ်အလိုက် ထည့်သွင်းစဥ်းစားရန် အချက်များ
  • ကလေးငယ်များတွင် သွားကျန်းမာရေးကို ကြိုတင်စောစီးစွာ စစ်ဆေးခြင်းဖြင့် သွားနှင့် မေးရိုးများ ပုံမှန် စနစ်တကျ ကြီးထွားဖွံ့ဖြိုးစေရန် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နိုင်သည်၊ ငယ်သွားလဲပြီးနောက် လူကြီးသွားများဖြင့် ပြောင်းလဲအစားထိုးချိန်တွင် သွားထပ်နိုင်ခြေရှိပါက စောင့်ကြည့်၍ ပြင်ဆင်ကုသမှုများ ပြုလုပ်ထားနိုင်သည်
  • အရွယ်ရောက်ပြီးသူများတွင်မူ ကြီးထွားမှုရပ်တန့်သွားပြီ ဖြစ်သောကြောင့် လက်ရှိသွားဖွဲ့စည်းပုံ ချို့ယွင်းချက်များနှင့် ရေရှည်ညီညာမှုအတွက်သာ အဓိကစဥ်းစားရန် လိုအပ်သည်
ကုသခြင်း

သွားထပ်ခြင်းကို သွားဘက်ဆိုင်ရာဆရာဝန် (Dentists) သို့မဟုတ် သွားနှင့် မေးရိုးထိန်းညှိကုသခြင်းဆိုင်ရာ အထူးပြု သွားဆရာဝန် (Orthodontists) များက အဓိကကုသပေးသည်။ ကုသနည်းအမျိုးမျိုးရှိသော်လည်း လူတစ်ဦးချင်းစီအတွက် သွားထပ်ခြင်းအဆင့်၊ အသက်အရွယ်၊ မေးရိုးနှင့် သွားအရွယ်အစား စသည့်အချက်များပေါ် မူတည်၍ သင့်လျော်သော ကုသမှုကို သွားဆရာဝန်မှ ‌ရွေးချယ်ဆုံးဖြတ်ပေးမည်ဖြစ်သည်။

  1. သွားထိန်းညှိကိရိယာများတပ်၍ ပြုပြင်ခြင်း (Braces)
    • အလယ်အလတ်နှင့် ပြင်းထန်သောအဆင့်ရှိသည့် သွားထပ်ခြင်းများအတွက် သွားများကို ပြန်လည်တန်းစီညှိရန်အတွက် အသုံးပြုသော ကုသမှုစံထုံးဖြစ်သည်။ လက်ရှိ အသုံးပြုနေသော သွားထိန်းညှိကိရိယာ အမျိုးမျိုးမှာ_
      • သတ္တုဖြင့်ပြုလုပ်သော သွားထိန်းညှိကိရိယာ (Fixed Metal braces)
      • ကြွေဖြင့်ပြုလုပ်သော သွားထိန်းညှိကိရိယာ (Ceramic braces)
      • သွားအနောက်ဘက်တွင် တပ်ဆင်သော Lingual braces
      • အကြည်ရောင် သွားထိန်းကိရိယာ (Clear aligners) စသည်တို့ဖြစ်သည်။
    • တစ်ခါတစ်ရံ သွားထိန်းညှိကိရိယာများ မတပ်ဆင်ခင် အချို့ပြင်ဆင်မှုများကို ပြုလုပ်ရသည်။ သွားထပ်ခြင်း ပြင်းထန်အဆင့်များတွင် အချို့သွားများကို နေရာလွတ်အောင် နှုတ်ပေးရန် လိုအပ်သည်
    • ကလေးငယ်များတွင်မူ အာခေါင်နေရာကို အနည်းငယ်ချဲ့ပေးရန်အတွက် အာခေါင်ချဲ့ကိရိယာများ (Palatal expanders) များ ကြိုတင်တပ်ပေးခြင်းဖြင့် သွားပေါက်ရန် မေးရိုးနေရာကို ကျယ်စေနိုင်သလို သွားနှုတ်၍ ဖယ်ရှားရနိုင်ခြေကို လျော့စေသည်
  2. သွားအကာ (Veneers) သို့မဟုတ် သွားအစွပ် (Crowns) များ တပ်ဆင်ခြင်း
    • သွားထိန်းညှိစရာ မလိုအပ်သော သာမန်အဆင့် သွားထပ်ခြင်းတွင် သွားပုံစံကို ပြောင်းလဲရန်အတွက် အသုံးပြုနိုင်သည်
  3. သွားကြား ကြွေလွှာလျှော့ချခြင်း (Interproximal reduction)
    • သွားအချင်းချင်း ထိစပ်နေသောနေရာရှိ ကြွေလွှာအချို့ကို စက်ဖြင့် အနည်းငယ် တိုက်စားပစ်ခြင်းဖြင့် သွားပေါက်ရန်နေရာ ပိုကျယ်စေသော ကုသမှုဖြစ်သည်
  4. သွားအထိန်းများအသုံးပြုခြင်း (Retainers)
    • သွားထိန်းညှိကိရိယာဖြုတ်ပြီးသည့်နောက်တွင် သွားအထိန်း (retainers) များ ပြန်လည်တပ်ဆင် ပေးခြင်းဖြင့် ညှိထားသော သွားများကို နေရာ၌ မြဲမြံနေစေရန် ကူညီပေးသည်
  5. မေးရိုးခွဲစိတ်ကုသခြင်း (Surgery)
    • အပေါ်မေးရိုးနှင့် အောက်မေးရိုး အရိုးတည်ဆောက်ပုံ မူမမှန်သော အခြေအနေများတွင် မေးရိုးများကို ပြန်လည်တန်းညှိရန်အတွက် ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်
ကာကွယ်ခြင်း

မျိုးဗီဇဆိုင်ရာအကြောင်းရင်းများကို ကာကွယ်၍မရသော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် သွားထပ်ခြင်းကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မည်ဖြစ်သည်။

  • ကလေးငယ်များအား အသက် (၇) နှစ်အရွယ်မှစ၍ သွားထပ်နိုင်ခြေ ရှိမရှိကို စစ်ဆေးရန်အတွက် သွားဆရာဝန်များနှင့် စနစ်တကျတိုင်ပင်ခြင်း
  • ကလေးများ ငယ်သွားလဲချိန်နှင့် လူကြီးသွားများ ပေါက်ချိန်တွင် ဂရုစိုက်ခြင်း
  • သွားထပ်ခြင်းဖြစ်စေနိုင်သော မေးရိုးအရွယ်အစား၊ သွားအရွယ်အစားများကို စောင့်ကြည့်ခြင်း
  • ခံတွင်းသန့်ရှင်းရေး အပြုအမူများကို လေ့ကျင့်ပေးထားခြင်း
  • လက်မစုပ်ခြင်း၊ ချိုလိမ်စုပ်ခြင်း အကျင့်များကို ကြာကြာမပြုလုပ်ရန် ပြုပြင်ပေးခြင်း
  • သွားရောဂါများ မဖြစ်စေရန် ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခြင်း၊ သွားပိုးပေါက်များကို ကုသမှု ကြိုတင်ခံယူခြင်း၊ သွားစစ်ဆေးမှုများကို ပုံမှန်ခံယူခြင်း၊ အသက်ရှူလမ်းကြောင်း ပြဿနာများ ရှိပါက ကုသမှုခံယူခြင်း

References:

  1. Gullotta Orthodontics. (n.d.). Common problems: Crowded teeth. Retrieved November 28, 2025, from https://gullottaorthodontics.com.au/common-problems/crowded-teeth/
  2. Hammersmith Orthodontics. (n.d.). What is dental crowding (crowded teeth)?. Retrieved November 28, 2025, from https://hammersmithorthodontics.co.uk/what-is-dental-crowding-or-crowded-teeth/
  3. Kingston Orthodontics. (n.d.). Crowded teeth. Retrieved November 28, 2025, from https://www.kingstonortho.co.uk/crowded-teeth
  4. Clínica Dental Gross Dentistas. (n.d.). Dental crowding. Retrieved November 28, 2025, from https://www.clinicadentalgrossdentistas.com/en/dental-crowding/
  5. Dentistry.co.uk. (2025). Getting a little crowded in here: How to diagnose and treat crowding. Retrieved November 28, 2025, from https://dentistry.co.uk/2025/11/06/getting-a-little-crowded-in-here-how-to-diagnose-and-treat-crowding/
  6. Orthodontics Australia. (n.d.). Dental crowding: Causes and treatment options. Retrieved November 28, 2025, from https://orthodonticsaustralia.org.au/dental-crowding-causes-and-treatment-options/
  7. Symmetry Orthodontics. (n.d.). What is the best age for children to get orthodontics?. Retrieved November 28, 2025, from https://www.symmetryortho.ca/what-is-the-best-age-for-children-to-get-orthodontics/

Published: 24 January 2026

Share

24 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Intestinal Malrotation and Volvulus (မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းနှင့် အူခေါက်ခြင်း)
Jan 26, 2026
Diseases and Conditions

Intestinal Malrotation and Volvulus (မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းနှင့် အူခေါက်ခြင်း)

မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းသည် သန္ဓေသားဖွံ့ဖြိုးစဉ်...

Sacrococcygeal Teratoma – SCT (မွေးရာပါမြီးညှောင့်ရိုးအကျိတ်)
Jan 26, 2026
Diseases and Conditions

Sacrococcygeal Teratoma – SCT (မွေးရာပါမြီးညှောင့်ရိုးအကျိတ်)

မွေးကင်းစကလေးငယ်များတွင် အတွေ့ရအများဆုံးဖြစ်သည့် ကျောရိုး၏အောက်ခြေ၊...

Nipah virus infection (နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါ)
Jan 26, 2026
Diseases and Conditions

Nipah virus infection (နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါ)

နီပါးဗိုင်းရပ်စ်သည် တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်စေသော ကူးစက်ရောဂါ...