သွားထိန်းညှိကုသခြင်းဆိုသည်မှာ ပုံသဏ္ဌာန်မမှန်သော သွားများနှင့် မေးရိုးများကို ပစ္စည်းကိရိယာများ အသုံးပြု၍ ပြုပြင်ခြင်းဖြစ်သည်။ သွားများကို သင့်လျော်မှန်ကန်သော အနေအထားသို့ တဖြည်းဖြည်းပြောင်းလဲစေရန် အချိန်တစ်ခုအကြာ ဖိအားသက်ရောက်စေခြင်းဖြင့် ပြုပြင်ခြင်းဖြစ်သည်။ သွားထိန်းညှိကိရိယာ အမျိုးအစားများစွာရှိပြီး သွားဆရာဝန်နှင့် တိုင်ပင်၍ မိမိနှင့် သင့်တော်ကိုက်ညီသော အမျိုးအစားကို ရွေးချယ်၍တပ်ဆင်နိုင်သည်။
ပြုလုပ်ရန်လိုအပ်သော အခြေအနေများ
သွားထိန်းညှိကုသခြင်းသည် သွားမညီညာခြင်း၊ သွားထပ်ခြင်း၊ သွားကျဲခြင်း၊ သွားခေါခြင်း ကဲ့သို့သော ပြဿနာများကို ကုသရာတွင် ကူညီပေးပြီး သွားများ၏ အသွင်အပြင်နှင့် သွားနှင့်သွားဖုံးတို့၏ လုပ်ဆောင်မှုများကို ပိုမိုကောင်းမွန်စေသည်။ မေးရိုးပုံသဏ္ဌာန်ကိုလည်း ပြောင်းလဲစေသည်။ သွား၏အခြေအနေနှင့် ပြဿနာများ၊ ခံတွင်းကျန်းမာရေး စသည်တို့ပေါ် မူတည်၍ သွားထိန်းညှိကိရိယာ တပ်ဆင်ရန်လိုအပ်သည့် အချိန်သည် လပေါင်းများစွာမှ နှစ်အနည်းငယ်အထိကြာနိုင်သည်။ တပ်ဆင်သည့် အမျိုးအစားပေါ်မူတည်၍ အသုံးပြုသည့်အစိတ်အပိုင်းများ ကွာခြားမှုရှိသည်။
သွားထိန်းညှိကိရိယာအစိတ်အပိုင်းများ
သွားထိန်းညှိကိရိယာတစ်ခုကို အစိတ်အပိုင်းများစွာဖြင့် ပြုလုပ်ထားပြီး တပ်ဆင်ရန်လိုအပ်သည့် အခြေအနေပေါ်မူတည်၍ ပါဝင်သည့်အစိတ်အပိုင်းများ ကွာခြားမှုရှိသည်။
သွားထိန်းတုံး (Brackets)
သွားထိန်းတုံးသည် သေးငယ်သောအတုံးလေးများဖြစ်ပြီး ရွေးချယ်သည့် အမျိုးအစားပေါ်မူတည်၍ သွားတစ်ချောင်းချင်းစီ၏ အရှေ့ (သို့မဟုတ်) အနောက်ဘက်တွင် တည်ရှိသည်။ သွားထိန်းတုံးများကို စတီး၊ သွားအရောင်ရှိသော ကြွေ (သို့မဟုတ်) ပလတ်စတစ်ဖြင့် ပြုလုပ်သည်။
Orthodontic bands
စတီး၊ အကြည်ရောင် (သို့မဟုတ်) သွားအရောင်ရှိသော အရာများဖြင့် ပြုလုပ်ထားပြီး သွားများပေါ်တွင် တပ်ဆင်ထားသည်။ သွားတစ်ချောင်းချင်းစီပေါ်တွင် တပ်ဆင်ထားပြီး သွားထိန်းတုံးများအတွက် ခြေကုပ်အဖြစ် လုပ်ဆောင်ပေးသည်။ သို့သော် သွားထိန်းညှိကိရိယာ တပ်ဆင်သောသူတိုင်းတွင် တပ်ဆင်ရန်မလိုအပ်ပါ။
သွားထိန်းကြိုး (Archwire)
သွားထိန်းကြိုးများကို သွားထိန်းတုံးများနှင့် တွယ်ဆက်ထားပြီး အချိန်ကြာလာသည်နှင့်အမျှ သွားများကို နေရာကျစေသည်။ သွားထိန်းကြိုးများသည် အကြည်ရောင် (သို့မဟုတ်) သွားအရောင်ရှိသည်။ သွားထိန်းကြိုးများနှင့် ချိတ်ဆက်ရန် Buccal tube ဟုခေါ်သည့် သေးငယ်သော သတ္တုအစိတ်အပိုင်းတစ်ခုကို အံသွားများ (သို့မဟုတ်) အနောက်ဘက်ရှိ သွားတစ်ချောင်းပေါ်တွင် တွယ်ဆက်ထားမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သွားထိန်းကြိုးများကို မြဲမြံစေသည်။
ရာဘာကွင်းများ (O-rings and Elastics)
O-rings ဆိုသည်မှာသေးငယ်သော ရာဘာကွင်းများဖြစ်ပြီး သွားထိန်းတုံးများနှင့် သွားထိန်းကြိုးများကို ချည်နှောင်ထားသည်။ သွားဆရာဝန်မှ သွားထိန်းတုံးများကြားရှိ သွားထိန်းကြိုးများပေါ်တွင် စပရိန်များကို တပ်ဆင်၍ သွားများကြားတွင်ရှိသော နေရာများကို စေ့ရန်၊ ဖွင့်ရန်၊ တွန်းရန် သို့မဟုတ် ဆွဲရန် ပြုလုပ်သည်။ Elastics သည်လည်း ရာဘာကြိုးကွင်းဖြစ်ပြီး သွားထိန်းတုံး၏ ချိတ်များဖြင့် ချိတ်ဆက်ထားသည်။ သွားများကို သင့်လျော်သောအနေအထားသို့ ရောက်စေရန် အပေါ်သွားနှင့် အောက်သွားများကြားတွင် အပိုဖိအား ထပ်မံသက်ရောက်စေခြင်းဖြင့် ပြုပြင်သည်။
သွားထိန်းညှိကိရိယာ အမျိုးအစားများ
သတ္တုသွားထိန်းညှိကိရိယာ (Traditional metal brace)
သမားရိုးကျသွားထိန်းဖြစ်ပြီး အသုံးများသော အမျိုးအစားတစ်ခုဖြစ်သည်။ သံချေးမတက်နိုင်သော စတီးဖြင့်ပြုလုပ်သည်။ သွားထိန်းကြိုးကို အများအားဖြင့် သက်သောင့်သက်သာရှိစေရန် သတ္တုစပ်ဖြင့် ပြုလုပ်ထားပြီး သွားများကို ချိန်ညှိရန် လုံလောက်သောအင်အားကို သက်ရောက်စေသည်။
ကြွေသွားထိန်းညှိကိရိယာ (Ceramic braces)
သတ္တုသွားထိန်းညှိကိရိယာနှင့် လုပ်ဆောင်မှုချင်းတူညီမှုရှိပြီး သွားအရောင်နှင့်တူညီသော ကြွေရောင်သွားထိန်းတုံးကို အသုံးပြု၍ ပြုလုပ်ထားသည်။ ကြွေဖြင့်ပြုလုပ်ထားသောကြောင့် စွန်းထင်းရန်ပို၍လွယ်ကူပြီး သတ္တုသွားထိန်းများလောက် ခံနိုင်ရည်မရှိဘဲ အလွယ်တကူ ကွဲနိုင်သည်။ သတ္တုသွားထိန်းများလောက် တပ်ဆင်ထားခြင်း သိသာမှုမရှိသောကြောင့် ပို၍သက်သောင့်သက်သာ ဖြစ်စေသည်။
Lingual braces
သမားရိုးကျသွားထိန်းနှင့် တူညီမှုရှိပြီး သွားအရှေ့ဘက်တွင် မဟုတ်ဘဲ သွား၏အနောက်ဘက်တွင် တပ်ဆင်ခြင်းဖြစ်သည်။ တစ်ဦးချင်းစီ၏ သွားများနှင့် အံဝင်ခွင်ကျဖြစ်စေရန် စိတ်ကြိုက်ပြုလုပ်နိုင်သည်။ သွားအနောက်ဘက်တွင် ရှိနေသောကြောင့် တပ်ဆင်ထားမှန်း မသိသာစေသော်လည်း သန့်ရှင်းရေးပြုလုပ်ရန် ပို၍ခက်ခဲနိုင်ပြီး ပို၍မသက်မသာဖြစ်စေနိုင်သည်။
Self-ligating braces
သံချေးမတက်နိုင်သော စတီး (သို့မဟုတ်) ကြွေထည် တစ်ခုခုဖြင့် ပြုလုပ်ထားပြီး သွားထိန်းကြိုးများနှင့် သွားထိန်းတုံးကို ရာဘာကွင်းများအစား အထူးပြုလုပ်ထားသော ကလစ်တစ်ခုကို အသုံးပြု၍ထိန်းသည်။ သို့ဖြစ်သောကြောင့် ပွတ်တိုက်မှုဖြစ်ခြင်းကို လျော့နည်းစေပြီး ကုသမှုကို ပို၍သက်သောင့်သက်သာ ဖြစ်စေသည်။ သန့်ရှင်းရေးပြုလုပ်ရန် ပို၍လွယ်ကူပြီး သမားရိုးကျသွားထိန်းများလောက် နာကျင်မှု မရှိပေ။
သွားထိန်းအကြည် (Clear Aligners)
ဖြုတ်၍တပ်၍ရသော အကြည်ရောင်အစွပ်အမျိုးအစားဖြစ်ပြီး သွားများကို သင့်လျော်သောအနေအထားသို့ ဖြည်းဖြည်းချင်း ပြုပြင်ပေးသည်။ တစ်စုံကို နှစ်ပတ်ခန့် တပ်ဆင်နိုင်သည်။ တစ်နေ့လျှင် အစာစားချိန် သန့်ရှင်းရေးလုပ်ချိန်မှလွဲ၍ အနည်းဆုံး (၂၂) နာရီခန့် တပ်ဆင်ရမည်။
ကုသပုံအဆင့်ဆင့်
သွားထိန်းညှိကိရိယာ တပ်ဆင်ခြင်းမပြုလုပ်မီ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် အရင်ဆုံးကုသမှု ပြုလုပ်ရမည်။ သွားသန့်ရှင်းရေးပြုလုပ်ခြင်း၊ သွားကျောက်ဖယ်ရှားခြင်း၊ သွားအခေါင်းပေါက်ကုသခြင်းများ ပြုလုပ်ရန်လိုအပ်သည်။ တပ်ဆင်ခြင်းမပြုလုပ်မီတွင် သွားနှင့်မေးရိုး အနေအထားကို သိရှိရန် လိုအပ်ပါက သွားဓာတ်မှန်ရိုက်ရနိုင်သည်။ သွားထိန်းညှိကိရိယာ ချိန်ညှိမှုပြုလုပ်ရန် လိုအပ်သည်။ တပ်ဆင်ပြီးနောက်တွင် ကုသမှုပေါ်မူတည်၍ (၄-၁၂)ပတ် တစ်ခါ ပြန်ပြရန်လိုအပ်သည်။
ယေဘုယျအားဖြင့် (၆)လ မှ (၂)နှစ်ခန့် တပ်ဆင်ရန်လိုအပ်သော်လည်း အခြေအနေပေါ် မူတည်၍ (၃)နှစ်ခန့် အထိကြာနိုင်သည်။ သွား၏ပြဿနာအခြေအနေ၊ မေးရိုးနေရာ၊ ခံတွင်းကျန်းမာရေးအခြေအနေနှင့် ညွှန်ကြားချက်များကို လိုက်နာနိုင်မှု စသည့်တို့ပေါ်မူတည်၍ ကွာခြားမှုရှိနိုင်သည်။
သွားထိန်းညှိကိရိယာ ဖြုတ်ပြီးနောက်တွင် အထိန်း(retainer)ကို ဆက်လက်တပ်ဆင်ရန် လိုအပ်သည်။ အထိန်းသည် ပြုပြင်ပြောင်းလဲထားသောသွားကို နေရာတွင်မြဲနေစေရန် ကူညီလုပ်ဆောင်ပေးသည်။ အထိန်းကို တပ်ဆင်မှုမရှိပါက သွားများသည် နဂိုမူလနေရာသို့ ပြန်ရွေ့သွားနိုင်သည်။ အထိန်းကို ပထမ (၄)လ မှ (၆)လတွင် အချိန်ပြည့်တပ်ဆင်ထားရန် လိုအပ်သည်။ ထို့နောက်တွင် ညအိပ်ချိန်များတွင်သာ တပ်ဆင်ရန်လိုအပ်သည်။ အထိန်းတပ်ဆင်ရန် စုစုပေါင်းကြာချိန်သည် သွားဆရာဝန်၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
သွားထိန်းညှိကိရိယာနှင့် အထိန်းများသည် ပါးစပ်၏အတွင်းမျက်နှာပြင်နှင့် ပွတ်တိုက်မှုရှိသောကြောင့် ပါးစောင်တွင် အနာဖြစ်စေနိုင်သည်။ ပါးစောင်တွင်အနာဖြစ်ပါက သွားဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိမ်းဆေးများလိမ်းနိုင်သည်။ ထို့အပြင် ပွတ်တိုက်ခြင်းကိုကာကွယ်ရန် ဖယောင်းခဲ (dental wax) ကို ကြားခံ၍သုံးနိုင်သည်။ အခြားနောက်ဆက်တွဲဆိုးကျိုးများမှာ_
- စတင်တပ်ဆင်ချိန်နှင့် ချိန်ညှိမှုပြုလုပ်ပြီးချိန်များတွင် အနည်းငယ်မသက်မသာခံစားရခြင်း
- လျှာ၊ နှုတ်ခမ်းနှင့် ပါးစောင်ကို ပွတ်တိုက်မိခြင်း
- မေးရိုးနာကျင်ခြင်း
- အစာစားရန် ခက်ခဲခြင်း စသည်တို့ကို ခံစားရနိုင်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
ထိန်းသိမ်းစောင့်ရှောက်ပုံ
သွားထိန်းညှိကိရိယာ တပ်ဆင်ထားပါက သွားသန့်ရှင်းရေးကို ပို၍ပြုလုပ်သင့်သည်။ သေချာစွာ သန့်ရှင်းရေးမပြုလုပ်ပါက သွားချေးများ၊ သွားကျောက်များသည် သွားထိန်းညှိကိရိယာ၏ သွားထိန်းကြိုးများနှင့် သွားထိန်းတုံးများ ပတ်လည်တွင်စုပုံလာပြီး သွားအခေါင်းပေါက်ဖြစ်ခြင်း၊ သွားဖုံးရောင်ခြင်းများ ဖြစ်စေသည်။
- သွားများအား နူးညံ့သောသွားတိုက်တံဖြင့် တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်တိုက်ပါ၊ သုံးကြိမ်ထက်မပိုပါနှင့်၊ ဖလိုရိုက်ပါသော သွားတိုက်ဆေးများဖြင့် သွားတိုက်ပါ
- သွားများနှင့် သွားထိန်းညှိကိရိယာကြားတွင် ကပ်နေသော အစာများနှင့် သွားချေးများကို ဖယ်ရှားရန် သွားပွတ်ကြိုးဖြင့် တစ်နေ့တစ်ကြိမ် သန့်ရှင်းရေးပြုလုပ်ပါ
- သွားထိန်းအကြည်ကို တပ်ဆင်ထားပါက နေ့စဥ်သေချာစွာ သန့်ရှင်းရေးလုပ်၍ မဝတ်ဆင်သည့်အချိန်တွင် သေချာစွာသိမ်းထားရန် လိုအပ်သည်
- အယ်လ်ကိုဟော မပါဝင်သော ခံတွင်းသန့်စင်ဆေးရည်ကို တစ်နေ့နှစ်ကြိမ် အသုံးပြုရမည်၊ ခံတွင်းသန့်စင်ဆေးရည်သည် သွားတိုက်တံ မရောက်နိုင်သော နေရာများသို့ သန့်ရှင်းရန် ကူညီပေးသည်
- မာကျောသော၊ ကြွပ်သော၊ စေးကပ်သော အစာများ (ဥပမာ_ရေခဲ၊ အစေ့အဆန်များ၊ သကြားလုံး၊ ပီကေ)စားခြင်းကို ရှောင်ကြဥ်ပါ၊ ပျော့၍ဝါးရလွယ်သော အစာများကို ရွေးချယ်စားရန်နှင့် အသီးအနှံ အရွက်များကို သေးငယ်သော အစိတ်အပိုင်းများဖြစ်အောင် လှီး၍စားသင့်သည်
- သွားထိန်းညှိကိရိယာများကို ပြုပြုင်ထိန်းသိမ်းရန်၊ သွားသန့်ရှင်းရေးပြုလုပ်ရန်နှင့် သွားကျန်းမာရေးစစ်ဆေးရန် သွားဆရာဝန်နှင့် ပုံမှန်ပြ၍စစ်ဆေးရမည်။
သွားနာ၊ သွားကိုက်ခြင်းသည် ဆေးများဖြင့် မသက်သာလျှင်၊ သွားထိန်းကြိုး (သို့မဟုတ်) သွားထိန်းတုံး ကျိုးသွားလျှင်၊ မျက်နှာ (သို့မဟုတ်) ပါးစပ်တွင် ထိခိုက်ဒဏ်ရာရလျှင်၊ သွားဖုံးသွေးယိုလျှင်၊ ပိုးဝင်လျှင် သွားဆရာဝန်နှင့် ချက်ချင်းပြသရန် လိုအပ်သည်။
References:
- Professional, C. C. M. (2024). Teeth Braces. Cleveland Clinic. Retrieved December 13, 2024, from https://my.clevelandclinic.org/health/treatments/24601-teeth-braces
- American Association of Orthodontists. (2024). How Do Braces Work? | American Association of Orthodontists. Retrieved December 13, 2024, from https://aaoinfo.org/treatments/braces/
- Braces. (2024). WebMD. Retrieved December 13, 2024, from https://www.webmd.com/oral-health/braces-and-retainers
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.