TORCH Syndrome (TORCH ရောဂါအစုအဝေး)

TORCH Syndrome (TORCH ရောဂါအစုအဝေး)

TORCH ရောဂါအစုအဝေး ဆိုသည်မှာ မိခင်ကိုယ်ဝန်ဆောင်နေစဥ် ဖြစ်ပွါးသည့် ကူးစက်ရောဂါပိုးများကြောင့် သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ဖြစ်ပေါ်စေသော သို့မဟုတ် မွေးကင်းစကလေးငယ်အား ထိခိုက်စေနိုင်သော ရောဂါများအားလုံးကို စုပေါင်းသတ်မှတ်ခြင်းဖြစ်သည်။ ထိုရောဂါပိုးများသည် မိခင်ကိုယ်ဝန်ဆောင်နေစဉ်၊ သို့မဟုတ် ကလေးမွေးဖွားနေစဉ် သို့မဟုတ် မွေးဖွားပြီးနောက်တွင် ကလေးငယ်ထံသို့ ကူးစက်စေနိုင်သည်။

ကလေးသည် အများအားဖြင့် ရောဂါများကို တိုက်ထုတ်နိုင်သည့် ကိုယ်ခံစွမ်းအား နည်းပါးနေသောကြောင့် TORCH ရောဂါပိုးများသည် ကိုယ်ဝန်ဆောင်ချိန်၌ သန္ဓေသား သို့မဟုတ် မွေးကင်းစကလေး၏ ကိုယ်တွင်းအင်္ဂါများ ဖွံ့ဖြိုးမှုကို နှောင့်ယှက်ဟန့်တားနိုင်သည်။ ရောဂါပြင်းထန်မှုသည် ရောဂါပိုးအမျိုးအစားနှင့် ကလေးအား ကူးစက်ခံရသည့် ဖွံ့ဖြိုးမှုအဆင့်ပေါ်တွင် မူတည်သည်။ ကိုယ်ဝန်ပတ်အားလုံးတွင် ကူးစက်နိုင်သော်လည်း ကိုယ်ဝန်ပထမပတ်များအတွင်း ကူးစက်ခံရပါက နောက်ဆက်တွဲဆိုးကျိုးများ ပိုမိုပြင်းထန်နိုင်ခြေရှိသည်။ ထို့ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို လျှော့ချရန်အတွက် ဆောလျင်စွာ ဆေးကုသမှု ခံယူရန် လိုအပ်သည်။

TORCH ရောဂါအစုအဝေးသည် အောက်ပါရောဂါ အခြေအနေများကို ကိုယ်စားပြုသော စကားလုံးအတိုကောက် အစုအဝေးဖြစ်သည်။ ထိုအစုအဝေးတွင် ပါဝင်သော ရောဂါပိုးများမှာ_

  • T – Toxoplasmosis – တောက်ဆိုပလာစမာကပ်ပါးပိုး
  • O – Other Infections (အခြားရောဂါပိုးများ)
    ဥပမာ – HIV ရောဂါ၊ ကာလသားရောဂါ (Syphilis)၊ ပါဗိုဗိုင်းရပ်စ် B19 (Parvovirus B19)၊ ရေကျောက်ဗိုင်းရပ်စ်ပိုး (Chickenpox virus) နှင့် ဇီကာဗိုင်းရပ်စ်ပိုး (Zika virus) စသည့် ရောဂါပိုးများ
  • RRubella – ဂျိုက်သိုးဗိုင်းရပ်စ်ပိုး
  • C – Cytomegalovirus (CMV) – ဆိုက်တိုမီဂါလိုဗိုင်းရပ်စ်ပိုး
  • H – Herpes Simplex Virus (HSV) – ရေယုန်ဗိုင်းရပ်စ်ပိုးတို့ပါဝင်သည်။
ကူးစက်နိုင်သည့်နည်းလမ်းများ

TORCH ရောဂါပိုးများသည် အောက်ပါအခြေအနေများတွင် ကိုယ်ဝန်ဆောင်မိခင်မှ ကူးစက်နိုင်ခြေများသည်။

  • လိုအပ်သော ကာကွယ်ဆေးများ မထိုးနှံထားခြင်း
  • လိင်မှတစ်ဆင့် ကူးစက်သော ရောဂါပိုးများ ရှိခြင်းနှင့်
  • တိရစ္ဆာန်များနှင့် ထိတွေ့မှုရှိခြင်းတို့ကြောင့် ရောဂါကူးစက်ခံရနိုင်ပြီး သန္ဓေသား သို့မဟုတ် မွေးကင်းစကလေးထံသို့ ဆက်လက်ကူးစက်နိုင်သည်။ ကူးစက်ပုံနည်းလမ်း (၃) မျိုးရှိသည်။
  1. အချင်း (Placenta) မှတစ်ဆင့် – ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အချို့သော ရောဂါများသည် အချင်းမှတစ်ဆင့် ကလေးငယ်၏ သွေးထဲသို့ ရောက်ရှိသွားနိုင်သည်
  2. မွေးဖွားစဉ်အတွင်း – သားအိမ်အတွင်းမှ မွေးလမ်းကြောင်းအတိုင်း ဖြတ်သန်းမွေးဖွားစဉ် ကလေးထံသို့ ကူးစက်နိုင်သည်
  3. မွေးဖွားပြီးနောက် – မိခင်နို့တိုက်ကျွေးနေစဉ်အတွင်း နို့မှတစ်ဆင့် ရောဂါပိုးများကို ကလေးငယ်ထံသို့ ကူးစက်စေနိုင်သည်
ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်၌

  • ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage)
  • သန္ဓေသား၏ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးခြင်း (Intrauterine growth restriction)
  • ပေါင်မပြည့် လမစေ့ဘဲ ကလေးမွေးဖွားခြင်း (Premature birth)
  • ကိုယ်ဝန်ပတ် (၂၀) နောက်ပိုင်းတွင်မှ ကလေးအသေမွေးဖွားခြင်း (Stillbirth) စသည့် ဆိုးကျိုးများဖြစ်ပေါ် နိုင်သည်။

TORCH ရောဂါပိုးကူးစက်ခြင်းခံရသော ကလေးငယ်များတွင် ယေဘုယျအားဖြင့် ဆင်တူသော လက္ခဏာအချို့ရှိတတ်ပြီး ထင်ရှားသော ဝိသေသလက္ခဏာများလည်း ရှိတတ်သည်။ ဆင်တူသော လက္ခဏာအချို့မှာ_

  • ဖျားခြင်း၊ နုံးချည့်ခြင်း
  • နို့ကောင်းစွာ မစို့ခြင်း
  • အသားဝါခြင်း
  • မွေးဖွားချိန်တွင် ကိုယ်အလေးချိန် နည်းပါးခြင်း
  • အကြားအာရုံ လျော့ကျခြင်း၊ ချို့ယွင်းခြင်း
  • အဆုတ်သွေးကြောမနှင့် နှလုံးသွေးကြောမ အကြားရှိ တွယ်ဆက်တစ်ရှူးသည် မပိတ်ဘဲ ပွင့်နေသော မွေးရာပါ နှလုံးရောဂါ (Patent ductus arteriosus – PDA)
  • ဦးခေါင်းအရွယ်အစား ပုံမှန်ထက် သိသိသာသာသေးခြင်း (Microcephaly)
  • ဝမ်းဗိုက်အတွင်း အသည်းနှင့် ဘေလုံးများကြီး၍ ဗိုက်ဖောင်းလာခြင်း (Hepatosplenomegaly)
  • အရေပြားတွင် သေးငယ်သော အနီရောင် သို့မဟုတ် အညိုရောင် သွေးခြည်ဥလေးများ ရှိခြင်း (Purpura)
  • မျက်လုံးတွင် အတွင်းတိမ်များဖြစ်ခြင်း (Cataract)၊ မျက်စိကွယ်ခြင်း (Blindness)
  • ဘလူးဘယ်ရီသီးအရောင်နှင့်တူသော အပြာရောင် သို့မဟုတ် ခရမ်းရောင် အစက်အပြောက်များ (Blueberry muffin rash) စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

အချိန်မီ စောလျင်စွာ မသိရှိပါက၊ ကုသမှုများ မရရှိပါက အသက် (၂) နှစ်အထက်တွင် ကလေးများ၌

  • ဖွံ့ဖြိုးမှုမှတ်တိုင်များ နောက်ကျခြင်း (Developmental delay)
  • အမြင်အာရုံ လုံးဝဆုံးရှုံးခြင်း (Vision loss)
  • အကြားအာရုံ လုံးဝဆုံးရှုံးခြင်း (Hearing loss)
  • အတက်ရောဂါဖြစ်ပေါ်ခြင်း (Seizures)
  • ဉာဏ်ရည်မသန်စွမ်းခြင်း (Intellectual Disability)
  • စာသင်ကြားရာတွင် အခက်အခဲများရှိခြင်း (Learning difficulty) စသည့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။
ရောဂါပိုးအလိုက် ကူးစက်ပုံနှင့် သီးခြားဝိသေသလက္ခဏာများ
  1. တောက်ဆိုပလာစမာကပ်ပါးပိုး (Toxoplasma gondii)
    • ကူးစက်ပုံ
      နို့တိုက်သတ္တဝါများနှင့် ငှက်များတွင် ကူးစက်တတ်သော ကပ်ပါးပိုးကြောင့် ဖြစ်ပွါးခြင်းဖြစ်သည်။ မကျက်တကျက် ချက်ပြုတ်ထားသော အသားများ စားသုံးခြင်း၊ သန့်ရှင်းမှုမရှိသော မီးဖိုချောင်သုံးပစ္စည်းများ အသုံးပြုခြင်းနှင့် ကြောင်မစင်နှင့် ထိတွေ့မိခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် မိခင်မှတစ်ဆင့် သန္ဓေသားထံ ရောဂါပိုး တိုက်ရိုက်ကူးစက်ခြင်းဖြစ်သည်။
    • မိခင်ရောဂါလက္ခဏာများ
      လူအများစုတွင် ရောဂါလက္ခဏာ မပြသော်လည်း ၁၀ ရာခိုင်နှုန်းခန့်တွင် ဖျားခြင်းနှင့် ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းတို့ ဖြစ်ပွါးနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် ကူးစက်ခံရပါက ကိုယ်ဝန်ပျက်ကျ၍ သန္ဓေသားဆုံးရှုံးနိုင်သည့် အန္တရာယ်ရှိသည်။
    • ကလေးရောဂါလက္ခဏာများ (Congenital Toxoplasmosis)
    • မျက်စိအတွင်းရှိ မြင်လွှာရောင်ရမ်းခြင်းကြောင့် မျက်စိကွယ်ခြင်း
    • ဦးနှောက်အတွင်း အရည်များစုပုံ၍ ခေါင်းကြီးလာခြင်း (Hydrocephalus)
    • ခန္ဓာကိုယ်တွင် အနီစက်များ ထွက်ခြင်း
    • ဦးနှောက်အတွင်း ကယ်လ်စီယမ်ဓာတ်များ စုပုံကျောက်တည်ခြင်း
  2. ဂျိုက်သိုးဗိုင်းရပ်စ် (Rubella Virus)
    • ကူးစက်ပုံ
      ရောဂါပိုးရှိသော တံတွေး၊ နှာရည် သို့မဟုတ် လေထဲမှ အမှုန်အမွှားများနှင့် တိုက်ရိုက်ထိတွေ့မိရာမှတစ်ဆင့် မိခင်ထံ ကူးစက်ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ဖွံ့ဖြိုးဆဲသန္ဓေသားထံသို့ ဗိုင်းရပ်စ်ပိုး ဆက်လက် ကူးစက်သွားစေသည်။
    • မိခင်ရောဂါလက္ခဏာများ
      ဖျားခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း၊ အဆစ်ရောင်ခြင်း သို့မဟုတ် အရေပြားတွင် အနီစက်များ ထွက်ခြင်းစသည့် အပျော့စားလက္ခဏာများ ခံစားရတတ်သည်။
    • ကလေးရောဂါလက္ခဏာများ (Congenital Rubella Syndrome)
      ကိုယ်ဝန်ပတ် (၁၆) ပတ်မတိုင်မီ ကူးစက်ခံရပါက အောက်ပါလက္ခဏာများ ပိုမိုပြင်းထန်စွာ တွေ့ရတတ်သည်။
      • သန္ဓေသားကြီးထွားမှု နှောင့်နှေးခြင်းနှင့် ဦးခေါင်းသေးခြင်း
      • မျက်စိအတွင်းတိမ်ဖြစ်ခြင်းနှင့် မွေးရာပါနှလုံးရောဂါများ ပါရှိခြင်း
      • အရိုးရောင်ရမ်းခြင်း၊ အသည်းနှင့် ဘေလုံးကြီးခြင်း
      • ဦးနှောက်အတွင်း ကယ်လ်စီယမ်ဓာတ်များ စုပုံကျောက်တည်ခြင်း
  3. ဆိုက်တိုမီဂါလိုဗိုင်းရပ်စ် (Cytomegalovirus – CMV)
    • ကူးစက်ပု
      တံတွေး၊ မျက်ရည်၊ နှာရည်များအပြင် သုက်ရည်နှင့် မိန်းမကိုယ်မှထွက်သော အရည်များအပါအဝင် ရောဂါပိုးရှိသော ခန္ဓာကိုယ်ထွက်အရည်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်မှ ဖွံ့ဖြိုးဆဲသန္ဓေသားသို့ ကူးစက်ပါက မွေးရာပါ CMV ရောဂါ ဖြစ်ပွါးနိုင်ခြေရှိသည်။
    • မိခင်ရောဂါလက္ခဏာများ
      လူကြီးများတွင် ယေဘုယျအားဖြင့် ဖျားခြင်း၊ နုံးချည့်ခြင်းနှင့် ပြန်ရည်ကျိတ်များ ကြီးခြင်းစသည့် အပျော့စားလက္ခဏာများသာ တွေ့ရတတ်သည်။
    • ကလေးရောဂါလက္ခဏာများ
      • အရေပြားတွင် အနီစက်များ ထွက်ခြင်း
      • နားမကြားခြင်းနှင့် မြင်လွှာရောင်ရမ်းခြင်း (Chorioretinitis)
      • အတက်ရောဂါ ဖြစ်ပွါးခြင်း
      • ဦးနှောက်အတွင်း ကယ်လ်စီယမ်ဓာတ်များ စုပုံကျောက်တည်ခြင်းနှင့်
      • ဦးခေါင်းသေးခြင်း
  4. ရေယုန်ဗိုင်းရပ်စ် (Herpes Simplex Virus – HSV)
    • ကူးစက်ပုံ
      အလွန်ကူးစက်လွယ်သော ရောဂါဖြစ်ပြီး၊ ပါးစပ်ရေယုန် (HSV-1) သည် ခံတွင်းမှထွက်သောတံတွေးများနှင့် ခန္ဓာကိုယ်မှထွက်သော အခြားအရည်များ (ဥပမာ _ နမ်းခြင်း၊ အသုံးအဆောင် မျှဝေသုံးစွဲခြင်း) မှတစ်ဆင့် ကူးစက်ကာ လိင်ရေယုန် (HSV-2) မှာမူ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်သည်။ မွေးကင်းစကလေးများတွင် (၉၀) ရာခိုင်နှုန်းခန့်သည် မွေးလမ်းကြောင်းမှတစ်ဆင့် (Perinatally) ကူးစက်ခြင်းဖြစ်သည်။
    • မိခင်ရောဂါလက္ခဏာများ
      မိခင်တွင် ရေယုန်ပိုးရှိနေပါက လမစေ့ဘဲ မွေးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့် သန္ဓေသားကြီးထွားမှု နှောင့်နှေးခြင်းတို့ကို ဖြစ်စေနိုင်သည်။
    • ကလေးရောဂါလက္ခဏာများ
      • အရေပြားတွင် အရည်ကြည်ဖုများ ထွက်ခြင်း
      • ဦးနှောက်ရောင်ရမ်းခြင်း (Meningoencephalitis)
  5. အခြားရောဂါပိုးများ (Other Infections)
    • HIV ဗိုင်းရပ်စ်
      • ကူးစက်ပုံ – HIV ပိုးရှိသောမိခင်မှ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ် သို့မဟုတ် နို့တိုက်ခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်
      • ကလေးရောဂါလက္ခဏာများ – မွေးစကိုယ်အလေးချိန်နည်းခြင်း၊ အသည်းနှင့် ဘေလုံးကြီးခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်းနှင့် အဆုတ်ရောင်ခြင်းတို့ ဖြစ်ပွါးနိုင်သည်
    • မွေးရာပါ ကာလသားရောဂါ (Congenital Syphilis)
      • ကူးစက်ပုံ – လိင်မှတစ်ဆင့် ကူးစက်တတ်သော Treponema pallidum ဘက်တီးရီးယားကြောင့် ဖြစ်ပွါးသည်။ ကိုယ်ဝန်ဆောင်ကာလ သို့မဟုတ် ကလေးမွေးဖွားချိန်တွင် မိခင်မှတစ်ဆင့် ကူးစက်နိုင်သည်
      • ကလေးရောဂါလက္ခဏာများ – အရေပြားတွင် အနာနှင့် အကွက်များဖြစ်ခြင်း၊ အသားဝါခြင်း၊ သွေးအားနည်းခြင်း၊ အသည်းနှင့် ဘေလုံးကြီးခြင်း၊ ကြာရှည်နှာစေးနှာပိတ်ခြင်းနှင့် အရိုးရောင်ရမ်းခြင်းတို့ ဖြစ်တတ်သည်၊ ဆေးကုသမှု နောက်ကျပါက နားမကြားခြင်း၊ သွားပြဿနာများနှင့် နှာခေါင်းပုံပျက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်
    • ပါဗိုဗိုင်းရပ်စ် B19 (Parvovirus B19)
      • ကူးစက်ပုံ – နှာချေခြင်း၊ ချောင်းဆိုးခြင်းမှတစ်ဆင့် ကူးစက်သည်
      • မိခင်ရောဂါလက္ခဏာများ – ဖျားခြင်း၊ မျက်နှာနှင့် ကိုယ်ခန္ဓာတွင် အနီစက်များ ထွက်ခြင်း၊ နုံးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းတို့ ရှိတတ်သည်
      • ကလေးရောဂါလက္ခဏာများ – သန္ဓေသားတွင် သွေးအားနည်းခြင်း၊ ကိုယ်ခန္ဓာတစ်ခုလုံး ပြင်းထန်စွာ ဖောရောင်ခြင်း (Hydrops fetalis)၊ နှလုံးကြွက်သားရောင်ခြင်းနှင့် သန္ဓေသားသေဆုံးခြင်းတို့အထိ ဖြစ်နိုင်သည်။
    • ရေကျောက်ဗိုင်းရပ်စ် (Congenital Varicella Syndrome)
      • ကူးစက်ပုံ – နှာချေ၊ ချောင်းဆိုးရာမှထွက်သော အမှုန်အမွှားများမှတစ်ဆင့် ကူးစက်သည်
      • မိခင်ရောဂါလက္ခဏာများ – ကိုယ်ဝန်ဆောင်များတွင် အဆုတ်ရောင်ခြင်း (Pneumonitis) ကြောင့် သေဆုံးနိုင်ခြေ ပိုမြင့်မားသည်
      • ကလေးရောဂါလက္ခဏာများ – မျက်စိရောင်ခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်း၊ ခြေလက်များ ကျုံ့ဝင်၍ တိုနေခြင်း (Limb atrophy)၊ ဦးခေါင်းသေးခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးမှု ပုံမမှန်ခြင်းတို့ ဖြစ်တတ်သည်။
    • ဇီကာဗိုင်းရပ်စ် (Congenital Zika syndrome)
      • ကူးစက်ပုံ – ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် မိခင်သို့ ကူးစက်ပြီး ထိုမှတစ်ဆင့် သန္ဓေသားသို့ ကူးစက်သည်
      • မိခင်ရောဂါလက္ခဏာများ – ဖျားခြင်း၊ မျက်စိနာခြင်း၊ ကြွက်သားကိုက်ခဲခြင်းနှင့် အဖုအပိမ့်များ ထွက်ခြင်းတို့ ဖြစ်တတ်သည်
      • ကလေးရောဂါလက္ခဏာများ – ဦးခေါင်းသေးခြင်း (Microcephaly)၊ ဦးနှောက်ဖွံ့ဖြိုးမှု ပုံမမှန်ခြင်း၊ အမြင်အာရုံ၊ အကြားအာရုံ ထိခိုက်ခြင်းနှင့် အတက်ရောဂါများ ဖြစ်ပွါးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အကယ်၍ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေဖြင့် အောက်ပါ‌ရောဂါလက္ခဏာတစ်မျိုးမျိုးကို သတိထားမိပါက သို့မဟုတ် သံသယရှိပါက မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်ထံ ချက်ချင်းဆက်သွယ်၍ ကုသမှုခံယူသင့်သည်။ သတိပြုသင့်သည့် လက္ခဏာအချို့မှာ_

  • ဖျားခြင်း
  • အကြောင်းရင်းမသိရသော အဖုအပိမ့်များ သို့မဟုတ် အရေပြားအနာများ
  • လည်ပင်း သို့မဟုတ် ပေါင်ခြံဧရိယာတွင် ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
  • လည်ချောင်းနာခြင်း
  • ခန္ဓာကိုယ် သို့မဟုတ် ကြွက်သားများ နာကျင်ခြင်း
  • ပါးစပ် သို့မဟုတ် လိင်အင်္ဂါတစ်ဝိုက်တွင် သေးငယ်၍ ယားယံသော၊ တစ်ခါတစ်ရံ နာကျင်သော အနာများ သို့မဟုတ် အရည်ကြည်ဖုများ ထွက်ခြင်း (Cold sores) စသည်တို့ဖြစ်သည်။

မိခင်ကိုယ်ဝန်ဆောင်ချိန်၌ အထက်ပါလက္ခဏာများ သိသာထင်ရှားစွာ မရှိခဲ့သော်လည်း မွေးဖွားလာသော မွေးကင်းစကလေး သို့မဟုတ် လသားကလေးများတွင် သံသယဖြစ်ဖွယ် လက္ခဏာများ ဖြစ်ပေါ်လာပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသသင့်သည်။ မိသားစုဆရာဝန်မှ ရာဇဝင်မေးမြန်းခြင်း၊ အသေးစိတ်စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်၍ လိုအပ်ပါက သက်ဆိုင်ရာအထူးကုများထံသို့ ဆက်လက်လွှဲပြောင်းပေးမည်ဖြစ်သည်။

ရောဂါရှာဖွေခြင်း
ကိုယ်ဝန်ဆောင်မိခင်၌ စစ်ဆေးမှုများ

ကိုယ်ဝန်ဆောင်မိခင်တွင် ကူးစက်ရောဂါဖြစ်ပွါးခဲ့သည့် ရာဇဝင်ရှိခြင်းသည် TORCH ကူးစက်မှုကို စောစီးစွာ ရှာဖွေတွေ့ရှိရန်အတွက် အဓိကသော့ချက်ဖြစ်သည်။ ရောဂါပိုးခွဲခြားခြင်း၊ မွေးရာပါ ချို့ယွင်းချက်များနှင့် ကိုယ်တွင်းအင်္ဂါ ပြဿနာများကို သိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။

  • အာထရာဆောင်း (USG) ရိုက်ခြင်း
    သန္ဓေသား၏ ဦးနှောက်အတွင်း အရည်စုခြင်း (Ventriculomegaly)၊ ဦးနှောက်အတွင်း ကယ်လ်စီယမ်ဓာတ် စုပုံကျောက်တည်ခြင်း (Intracranial calcification) နှင့် သန္ဓေသားကြီးထွားမှု နှေးကွေးခြင်းတို့ကို စစ်ဆေးနိုင်သည်။
  • ရေမြွှာရည် စစ်ဆေးခြင်း (PCR Test)
    မွေးရာပါ တောက်ဆိုပလာစမိုးစစ်၊ ကာလသားရောဂါနှင့် Parvovirus B19 တို့ကို ရေမြွှာရည်မှတစ်ဆင့် DNA နမူနာယူ၍ PCR စစ်ဆေးမှုဖြင့် အတည်ပြုနိုင်သည်။
  • CMV နှင့် HSV စစ်ဆေးခြင်း
    ဗိုင်းရပ်စ် မွေးမြူခြင်း (Viral culture)၊ PCR စစ်ဆေးခြင်းနှင့် သွေးထဲရှိ IgM ပဋိပစ္စည်း တိုင်းတာခြင်းတို့ဖြင့် ရောဂါရှာဖွေနိုင်သည်။
  • ဂျိုက်သိုး (Rubella) စစ်ဆေးခြင်း
    ဂျိုက်သိုးဗိုင်းရပ်စ်သီးသန့် IgM ပဋိပစ္စည်းကို စစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။
  • HIV စစ်ဆေးခြင်း
    သွေးထဲရှိ HIV ပဋိပစ္စည်း (Antibodies) နှင့် ပဋိလှုံ့ပစ္စည်း (Antigens) တို့ကို စစ်ဆေးနိုင်သကဲ့သို့ ဗိုင်းရပ်စ်ပိုး တိုက်ရိုက်ရှာဖွေခြင်း (NAT Test) ကိုလည်း ပြုလုပ်နိုင်သည်။
မွေးကင်းစကလေးတွင် စစ်ဆေးမှုများ

မိခင်တွင် ရောဂါပိုးရှိရုံဖြင့် ကလေးထံ အမြဲကူးစက်သည်ဟု မသတ်မှတ်နိုင်ပါ။ ထို့ကြောင့် ကလေးမွေးဖွားပြီးနောက် အောက်ပါတို့ကို ဆက်လက်စစ်ဆေးရန် လိုအပ်သည်။

  • ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း – ကလေးငယ်၏ ကိုယ်ခန္ဓာအခြေအနေနှင့် သံသယဖြစ်ဖွယ် လက္ခဏာများကို အသေးစိတ် အကဲဖြတ်ခြင်းဖြစ်သည်
  • ဓာတ်ခွဲစစ်ဆေးမှုများ – ကလေး၏ သွေး သို့မဟုတ် ခန္ဓာကိုယ်ထွက်အရည်များကို ယူ၍ ဗိုင်းရပ်စ်ပိုး မွေးမြူခြင်း၊ PCR စစ်ဆေးခြင်းနှင့် IgM ပဋိပစ္စည်း စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်သည်
  • ပုံရိပ်ဖော်စစ်ဆေးမှုများ – ဦးနှောက်ထိခိုက်မှု၊ အရည်စုခြင်းနှင့် ကယ်လ်စီယမ်ဓာတ် စုပုံခြင်းများ ရှိ၊ မရှိ သိရှိရန် ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ကူးနိုင်သည်
  • သက်ဆိုင်ရာအထူးကုများနှင့် ပြသခြင်း – အမြင်အာရုံ၊ အကြားအာရုံများ ထိခိုက်မှု ရှိမရှိ သိရှိရန် မျက်စိစစ်ဆေးခြင်းနှင့် နားအကြားအာရုံ စစ်ဆေးခြင်းများကို လိုအပ်သလို လုပ်ဆောင်နိုင်သည်
ကုသခြင်း
  • ကုသမှုသည် ရောဂါအမျိုးအစား၊ ကူးစက်ချိန်နှင့် လက္ခဏာများ၏ ပြင်းထန်မှုပေါ် မူတည်ပြီး ပဋိဇီဝပိုးသတ်‌ဆေးများ (antibiotics)၊ ကပ်ပါးပိုးသတ်ဆေးများ (antiparasitics) သို့မဟုတ် ဗိုင်းရပ်စ်သတ်ဆေးများ (antiviral medications) ပါဝင်နိုင်သည်
  • အချို့ ဗိုင်းရပ်စ်ပိုးများအတွက်မူ အနားယူခြင်းနှင့် ရေဓာတ်ဖြည့်တင်းခြင်းမှလွဲ၍ သီးခြားကုသမှု မရှိပါ
  • တစ်ခါတစ်ရံ မွေးကင်းစကလေးသည် မွေးဖွားပြီးသည်နှင့် ချက်ချင်း ဆေးကုသမှု သို့မဟုတ် မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) တွင် ထား၍ စောင့်ရှောက်မှု ခံယူရန် လိုအပ်နိုင်သည်
  • ကူးစက်ခံရသော ရောဂါဖြစ်စေသော ရောဂါပိုးပေါ် မူတည်၍ ကုသမှုများ ကွာခြားနိုင်သည်
  • တောက်ဆိုပလက်စမိုးဆစ်ရောဂါရှိသော ကလေးငယ်များကို ကပ်ပါးပိုးသတ်ဆေး (Pyrimethamine) နှင့် ပဋိဇီဝပိုးသတ်‌ဆေး (Sulfadiazine) တို့ဖြင့် ကုသနိုင်သည်၊ အကယ်၍ ကိုယ်ဝန်အစောပိုင်းအဆင့်တွင် မိခင်၌ တောက်ဆိုပလက်စမိုးဆစ် ရောဂါပိုးရှိသည်ကို တွေ့ရှိပါက သန္ဓေသားထံ ကူးစက်မှုကို ကာကွယ်ရန် ပဋိဇီဝဆေးနှင့် ကပ်ပါးပိုးသတ်ဆေးဖြစ်သော Spiramycin ဖြင့် မိခင်အားကုသပေးနိုင်သည်
  • ရေယုန်ဗိုင်းရပ်စ် (HSV) ကြောင့်ဖြစ်ပါက ဗိုင်းရပ်စ်သတ်ဆေး Acyclovir ဖြင့် ထိရောက်စွာ ကုသနိုင်သည်၊ Acyclovir သည် ရေကျောက်ဗိုင်းရပ်စ် (VZV) ကြောင့်ဖြစ်သော အခြေအနေများကိုလည်း ကုသနိုင်သည်
  • မွေးရာပါ ဆိုက်တိုမီဂါလိုဗိုင်းရပ်စ် (CMV) ကူးစက်မှုအတွက် ကုသမှုများတွင် ပုံမှန်အားဖြင့် Ganciclovir ကဲ့သို့သော ဗိုင်းရပ်စ်သတ်ဆေးများ ပါဝင်ပြီး ထိုကုသမှုသည် ကလေး၏ နားမကြားနိုင်ခြေကို လျှော့ချပေးကာ ဦးခေါင်းကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုသည်
  • ဂျိုက်သိုးဗိုင်းရပ်စ်ပိုးအတွက် သီးခြားဗိုင်းရပ်စ်သတ်ဆေး မရှိသော်လည်း အကြားအာရုံနှင့် အမြင်အာရုံပြဿနာများကို စောစီးစွာ စစ်ဆေးကုသပေးခြင်းနှင့် နှလုံးချို့ယွင်းချက်များကို ပြုပြင်ရန် ခွဲစိတ်ခြင်းကဲ့သို့သော ပံ့ပိုးကူညီသည့် ကုသမှုများ ပြုလုပ်နိုင်သည်
  • ကာလသားရောဂါ (Syphilis) ကို ဖြစ်စေသော Treponema pallidum ဘက်တီးရီးယားပိုးအတွက် မိခင်နှင့်ကလေး နှစ်ဦးလုံးကို ပဋိဇီဝပိုးသတ်ဆေး Penicillin ဖြင့် ကုသနိုင်သည်
  • HIV ဗိုင်းရပ်စ်ပိုးအတွက် မိခင်ကို အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုးထိန်းဆေး (ART) ဖြင့် တတ်နိုင်သမျှ စောလျင်စွာ ကုသထားသင့်သကဲ့သို့ ကလေးအတွက်လည်း မွေးဖွားသည့်အချိန်မှစတင်၍ အသက် (၄-၆) ပတ်ထိ အရည်ပုံစံဖြင့်လာသော ART ဆေးကို တိုက်၍ ကလေးဆီသို့ ရောဂါပိုးကူးစက်နိုင်ခြေ လျော့ချရမည်
  • ပါဗိုဗိုင်းရပ်စ် B19 နှင့် ဇီကာဗိုင်းရပ်စ်ပိုးများအတွက် သီးသန့်ဗိုင်းရပ်စ်သတ်ဆေးများ မရှိပါ၊ အဓိကကုသမှုအားဖြင့် လုံလောက်စွာ အနားယူခြင်း၊ ရေဓာတ်ပြည့်ဝစွာ ဖြည့်တင်းခြင်းနှင့် နာကျင်ခြင်းနှင့် ဖျားခြင်းတို့ကို လျှော့ချရန် ပါရာစီတမောကဲ့သို့သော ဆေးဝါးများကို အသုံးပြုခြင်းဖြင့် လက္ခဏာများကို စီမံခန့်ခွဲခြင်းအပေါ် အာရုံစိုက်သည်၊ သို့သော် အထူးသတိပြုရန်မှာ Ibuprofen နှင့် Naproxen ကဲ့သို့ အကိုက်အခဲပျောက်‌ဆေး (NSAIDs) များကို ဇီကာဗိုင်းရပ်စ်ရှိသူများတွင် ရှောင်ကြဉ်သင့်သည်။
ကာကွယ်ခြင်း

ကိုယ်ဝန်ဆောင်စဉ် TORCH ရောဂါပိုးများ မကူးစက်စေရန် တတ်နိုင်သမျှ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ကူးစက်မှုအန္တရာယ်ကို လျှော့ချရန်_

  • ကလေးယူရန် အစီအစဥ်ရှိသော အမျိုးသမီးများသည် ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေး၊ ရေကျောက်ကာကွယ်ဆေးများကို ကြိုတင်ထိုးနှံထားသင့်သည်
  • ကိုယ်ဝန်မဆောင်မီ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါပိုးများအတွက် စစ်ဆေးပါ
  • ဖျားနာနေသူများနှင့် ထိတွေ့မှုကို ရှောင်ပါ
  • အစားအစာများ၊ တိရစ္ဆာန်များနှင့် ကလေးများကို ကိုင်တွယ်သည့်အခါ လက်ကို မကြာခဏ ဆေးကြောပါ
  • အသားနှင့် ကြက်ဥကို ကျက်အောင် ချက်ပြုတ်စားပါ
  • အခြားသူများနှင့် အဖျော်ယမကာ သို့မဟုတ် အသုံးအဆောင်များကို မျှဝေမသုံးစွဲပါနှင့်
  • ကူးစက်ရောဂါများ ပျံ့နှံ့နေသော ကမ္ဘာ့နိုင်ငံအချို့သို့ ခရီးသွားခြင်းကို ရှောင်ပါ
  • လိင်ဆက်ဆံသည့်အခါ ကွန်ဒုံးကို အသုံးပြုပါ
  • TORCH ရောဂါပိုးများနှင့် ထိတွေ့မှုရှိပါက ချက်ချင်း ဆေးကုသမှု ခံယူပါ
  • ပဋိဇီဝပိုးသတ်ဆေးများနှင့် ဗိုင်းရပ်စ်ပိုးသတ်ဆေးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ပါ။

References:

  1. Cleveland Clinic. (n.d.). TORCH syndrome. Retrieved December 15, 2025, from https://my.clevelandclinic.org/health/diseases/23322-torch-syndrome
  2. DermNet NZ. (n.d.). TORCH infections. Retrieved December 15, 2025, from https://dermnetnz.org/topics/torch-infections
  3. National Center for Biotechnology Information. (n.d.). TORCH infection (in StatPearls). Retrieved December 15, 2025, from https://www.ncbi.nlm.nih.gov/books/NBK560528/
  4. Children’s Hospital Colorado. (n.d.). TORCH. Retrieved December 15, 2025, from https://childrenshospital.org/conditions/torch
  5. WebMD. (n.d.). What is TORCH syndrome?. Retrieved December 15, 2025, from https://www.webmd.com/children/what-is-torch-syndrome
  6. Osmosis. (n.d.). TORCH infection. Retrieved December 15, 2025, from https://www.osmosis.org/answers/torch-infection
  7. Siemens Healthineers. (n.d.). TORCH laboratory diagnostics. Retrieved December 15, 2025, from https://www.siemens-healthineers.com/clinical-specialities/womens-health-information/laboratory-diagnostics/torch

Published: 24 January 2026

Share

24 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.