Nasopharyngeal cancers (နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာ)

Nasopharyngeal cancers (နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာ)

နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာ (Nasopharyngeal cancer) သည် ရှားပါးသော ဦးခေါင်းနှင့် လည်ပင်းကင်ဆာ အမျိုးအစားတစ်ခုဖြစ်သည်။ ၄င်းကင်ဆာသည် နှာခေါင်းနှင့် လည်ချောင်းအတွင်းရှိ ပုံမှန်မဟုတ်သောဆဲလ်များ ထိန်းချုပ်၍မရဘဲ အဆမတန်ပွါးများလာခြင်း‌ကြောင့်ဖြစ်သည်။ ထိုကင်ဆာဆဲလ်များသည် အနီးပတ်ဝန်းကျင်ရှိ တစ်ရှူးများသို့ ပျံ့နှံ့နိုင်သကဲ့သို့ ခန္ဓာကိုယ်၏ အခြားသောအင်္ဂါအစိတ်အပိုင်းများသို့လည်း ပျံ့နှံ့နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နှာခေါင်းနောက်ပိုင်းရှိ လည်ချောင်းအစိတ်အပိုင်း (Nasopharynx) သည် လည်ချောင်း၏ အပေါ်ဆုံးပိုင်းဖြစ်ပြီး နှာခေါင်းအနောက်ဘက်ပိုင်းနှင့် လည်ချောင်းတို့ ထိစပ်နေသောနေရာဖြစ်သည်။ နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာသည် ထိုထိစပ်နေသည့်နေရာတွင် ဖြစ်ပေါ်သော ကင်ဆာအမျိုးအစားတစ်ခုဖြစ်သည်။ နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာ ဖြစ်ပေါ်ရသောအကြောင်းရင်း အတိအကျကို မသိရှိနိုင်ပါ။ ထိုနေရာရှိ ဆဲလ်များ၏ မျိုးဗီဇပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်သည်ဟု ယူဆသည်။

လူ့ခန္ဓာကိုယ်ရှိ ဆဲလ်များတွင် ခရိုမိုဆုမ်းအတွင်းရှိ ဒီအင်န်အေ (DNA) မျိုးဗီဇသည် ဆဲလ်များ ပုံမှန်ကြီးထွားရန်၊ ပွါးများရန် သို့မဟုတ် သေဆုံးရန်စသည့် လုပ်ငန်းစဥ်များ စနစ်တကျ ဖြစ်ပေါ်စေရန် အချက်ပြထိန်းချုပ်ထားသည်။ အဆိုပါဒီအင်န်အေ (DNA) များ ထိခိုက်ပြောင်းလဲသွားသောအခါ ဆဲလ်များအား ပုံမှန်မဟုတ်သော အချက်အလက်အသစ်များကို ပေးပို့ညွှန်ကြားခြင်းဖြင့် နဂိုပုံမှန်မဟုတ်သည့် ကင်ဆာဆဲလ်များ ဖြစ်ပေါ်စေသည်။ ၎င်းဆဲလ်များသည် ပုံမှန်ထက်ပို၍ လျင်မြန်စွာ ကြီးထွားပွါးများခြင်း၊ သက်တမ်းကြာရှည်စွာ ဆက်လက်ရှင်သန်နိုင်ခြင်းများ ဖြစ်ပေါ်လာသည်။ ထိုပုံသဏ္ဍာန်မမှန်သော ဆဲလ်များ စုပေါင်းကာ ကင်ဆာအကျိတ်များ ဖြစ်ပေါ်လာသည်။ ထိုကင်ဆာအကျိတ်များသည် ကြီးထွားလာပြီး အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများသို့ ပျံ့သွားသည်။

နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာ အမျိုးအစားများ

Nasopharynx တွင် တစ်ရှူးအမျိုးအစားများစွာရှိပြီး၊ တစ်မျိုးချင်းစီတွင် မတူညီသော ဆဲလ်အမျိုးအစားများစွာ ပါဝင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကင်ဆာဆဲလ်ဖြစ်ပေါ်သည့် ဆဲလ်အမျိုးအစားပေါ် မူတည်၍ အောက်ပါအတိုင်း သုံးမျိုးခွဲခြားထားသည်။

  • Keratinizing squamous cell carcinoma (WHO type 1)
    ပါးစပ်၊ နှာခေါင်း၊ အသံအိုး၊ သိုင်းရွိုက်နှင့် လည်ချောင်းတစ်လျှောက်ရှိ အတွင်းဆုံးအလွှာ ချပ်ပြားဆဲလ် (squamous cell) များမှ စတင်ဖြစ်ပေါ်ပြီး keratin ဖြင့် ဖုံးအုပ်ထားသည်။
  • Nonkeratinizing squamous cell carcinoma (WHO type 2)
    ၄င်းအမျိုးအစားတွင် ကင်ဆာဆဲလ်များသည် keratin ဖြင့် ဖုံးအုပ်ထားခြင်း မရှိပါ။
  • Undifferentiated or poorly differentiated carcinoma (WHO type 3)
    ၄င်းအမျိုးအစားတွင် ကင်ဆာဆဲလ်များသည် တိကျသောအမျိုးအစား မသတ်မှတ်နိုင်သော်လည်း လျင်မြန်စွာ ကြီးထွားပြန့်ပွါးသည်။
နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာ အဆင့်များ

ကင်ဆာအဆင့်များကို အကျိတ်၏အရွယ်အစား၊ တည်နေရာနှင့် ကင်ဆာဆဲလ်များ၏ ပျံ့နှံ့မှုပေါ်မူတည်၍ ဆုံးဖြတ်သည်။

  • အဆင့် ၀ – နှာခေါင်းနှင့် လည်ချောင်းရှိ ဆဲလ်များ၏ အပေါ်ယံအလွှာတွင်သာ ကင်ဆာဆဲလ်များ ရှိနေသည်
  • အဆင့် ၁ – ကင်ဆာကျိတ်သည် လည်ချောင်းအနောက်ဘက် သို့မဟုတ် နှာခေါင်းတွင်းကဲ့သို့သော နီးစပ်သည့်နေရာများသို့သာ ပျံ့နေသည်
  • အဆင့် ၂ – ကင်ဆာသည် လည်ပင်းတစ်ဖက်တည်းရှိ ပြန်ရည်ကျိတ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ပြန်ရည်ကျိတ်များသို့ ပျံ့နေသည်
  • အဆင့် ၃ – ကင်ဆာသည် လည်ပင်းနှစ်ဖက်လုံးရှိ ပြန်ရည်ကျိတ်များသို့ ပျံ့နေသည်
  • အဆင့် ၄ – ကင်ဆာကျိတ်သည် ဦးခေါင်းခွံ၊ မျက်လုံး၊ ဦးနှောက်အာရုံကြောများ၊ တံတွေးဂလင်း သို့မဟုတ် လည်ချောင်းအောက်ပိုင်းသို့ ပျံ့နေသည်၊ ထို့ပြင် အဆုတ်၊ အသည်းကဲ့သို့သော အခြားကိုယ်တွင်းအင်္ဂါများသို့လည်း ပျံ့နေနိုင်သည်
ဖြစ်နိုင်ခြေများသောအခြေအနေများ
  • လူမျိုး – တရုတ်၊ အရှေ့တောင်အာရှ၊ မြောက်အာဖရိကနှင့် အာတိတ်ဒေသရှိလူများတွင် ပို၍ဖြစ်နိုင်သည်
  • အသက်အရွယ် – အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် (၃၀) နှင့် (၆၀) ကြားတွင် ပို၍တွေ့ရသည်
  • လိင်အမျိုးအစား _ အမျိုးသားများသည် အမျိုးသမီးများထက် (၃)ဆ ပို၍ ဖြစ်နိုင်သည်
  • မိသားစုမျိုးရိုးရှိခြင်း
  • Epstein-Barr ‌ဗိုင်းရပ်စ်ပိုးဝင်ခြင်း
  • အရက်နှင့် ဆေးရွက်ကြီး အလွန်အကျွံသုံးစွဲခြင်း _ အရက်နှင့် ဆေးရွက်ကြီးပါဝင်သော ပစ္စည်းများကို အလွန်အကျွံသုံးစွဲခြင်းသည် ကင်ဆာဖြစ်နိုင်ခြေကို ပိုများစေသည်
  • ဆားနှင့်နယ်၍ အခြောက်ခံထားသော ငါး၊ အသားများစားခြင်း _ ထိုအစားအစာများကို ချက်ပြုတ်ရာတွင် အငွေ့မှထွက်လာသော ဓာတုပစ္စည်းများသည် ကင်ဆာဖြစ်နိုင်ခြေကို ပိုများစေသည်ဟု ယူဆသည်
  • မီးခိုးငွေ့များ၊ ဖုန်မှုန့်များ၊ သစ်မှုန့်များ၊ ဖော်မယ်လ်ဒီဟိုက် (formaldehyde) ကဲ့သို့သော ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများခြင်း
ရောဂါလက္ခဏာများ

တွေ့ရှိနိုင်သောလက္ခဏာများမှာ_

  • လည်ပင်းတွင် အကျိတ်ထွက်ခြင်း
    • နာကျင်မှုမရှိသောအကျိတ်များ ထွက်ခြင်း
    • ပြန်ရည်ကျိတ်များရောင်နေသောကြောင့် လည်ပင်းတွင် တစ်ဆို့ဆို့ခံစားရခြင်း
  • နားနှင့်ပတ်သက်သော ပြဿနာများ
    • နားပိုးဝင်ခြင်း
    • နားအတွင်းအလယ်ပိုင်း အရည်စုခြင်း (glue ear)
    • နားအူခြင်း
    • အကြားအာရုံ ဆုံးရှုံးခြင်း
  • နှာခေါင်းနှင့်ပတ်သက်သော ပြဿနာများ
    • နှာခေါင်းပိတ်ခြင်း သို့မဟုတ် နှာရည်ယိုခြင်း
    • နှာခေါင်းသွေးလျှံခြင်း
  • မျက်စိနှင့် ပတ်သက်သောပြဿနာများ
    • ပုံရိပ်နှစ်ထပ်မြင်ခြင်း
    • မျက်စိစွေခြင်း
  • အခြားလက္ခဏာများ
    • မျက်နှာအာရုံခံစားမှု မရှိခြင်း၊ မျက်နှာနာကျင်ခြင်း
    • ခေါင်းကိုက်ခြင်း
    • လည်ချောင်းနာခြင်း
    • ပါးစပ်ဖွင့်ရန် ခက်ခဲခြင်း

အထက်ပါလက္ခဏာများသည် အခြားပြင်းထန်မှုမရှိသော သာမန်ရောဂါများ၏ လက္ခဏာများနှင့် ဆင်တူသည်။ ထို့ကြောင့် ဤလက္ခဏာများ မကြာခဏပြန်ဖြစ်ခြင်း သို့မဟုတ် (၂) ပတ်ထက် ပိုကြာ၍ ဖြစ်နေပါက သက်ဆိုင်ရာဆရာဝန်နှင့် အမြန်ဆုံးပြသသင့်သည်။

နောက်ဆက်တွဲပြဿနာများ

နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာနှင့် ၄င်း၏ကုသမှုများသည် အောက်ပါ နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။

  • အကျိတ်ကြောင့်ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ
    • အကြားအာရုံချို့ယွင်းခြင်း – ကင်ဆာကျိတ်၏ တည်နေရာနှင့် ပျံ့နှံ့မှုပေါ်မူတည်၍ အကြားအာရုံချို့ယွင်းခြင်းကို ဖြစ်စေသည်
  • ကုသမှုနှင့်ဆက်စပ်သော နောက်ဆက်တွဲပြဿနာများ
    • ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၏ နောက်ဆက်တွဲပြဿနာများ – အမြှေးပါးအလွှာ ရောင်ရမ်းခြင်း (mucositis)၊ ပါးစပ်ခြောက်ခြင်း၊ ဓာတ်ရောင်ခြည်ကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း
    • ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း၏ ‌နောက်ဆက်တွဲပြဿနာများ – ပျို့ခြင်း၊ အန်ခြင်း၊ မောပန်းလွယ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းကြောင့် ရောဂါပိုးဝင်လွယ်ခြင်း စသည်တို့ဖြစ်သည်
    • ပါးစပ်ခြောက်ခြင်း – တံတွေးဂလင်းများ၏ လုပ်ဆောင်မှု ကျဆင်းခြင်းကြောင့် ပါးစပ်ခြောက်ခြင်းကိုဖြစ်စေပြီး အစာမျိုချရာတွင် ခက်ခဲခြင်း၊ စကားပြောရာတွင် ခက်ခဲခြင်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများကို ပိုဖြစ်စေသည်
    • တွေးတောသိမြင်နိုင်မှုစွမ်းရည် ထိခိုက်ခြင်း – ဦးခေါင်းနှင့် လည်ပင်းနေရာကို ဓာတ်ရောင်ခြည်ပေးခြင်း၏ နောက်ဆက်တွဲအနေဖြင့် တွေးတောသိမြင်နိုင်မှုစွမ်းရည် (cognitive function) ကို ထိခိုက်နိုင်သည်။
  • ကင်ဆာပျံ့နှံ့ခြင်းနှင့် ပြန်ဖြစ်ခြင်း
    • ကင်ဆာပျံ့နှံ့ခြင်း – ၄င်းကင်ဆာများသည် လည်ချောင်းအနီးရှိ တစ်ရှူးများသို့ ပျံ့နှံ့နိုင်သည့်အပြင် ခန္ဓာကိုယ်၏ အခြားသောကိုယ်တွင်းအင်္ဂါများသို့ပါ ပျံ့နှံ့နိုင်သည်၊ အဖြစ်များသောနေရာများမှာ ပြန်ရည်ကျိတ်များ၊ အဆုတ်၊ အသည်း၊ အရိုးနှင့် ဦးနှောက်ဖြစ်သည်
    • ကင်ဆာပြန်ဖြစ်ခြင်း – ကုသမှုပြီးသည့်တိုင်အောင် မူလအကျိတ်နေရာတွင် ကင်ဆာပြန်ဖြစ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းများကို ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ကင်ဆာဖြစ်ကြောင်း အတည်ပြုနိုင်ရန်နှင့် နောက်ဆက်တွဲပြဿနာများ ရှိမရှိကို သိရှိနိုင်ရန် အောက်ပါစမ်းသပ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်သည်။

  • မှန်ပြောင်းကြည့်ခြင်း (endoscopy)
    ထိပ်ဝတွင် ကင်မရာပါသော သေးငယ်၍ ပျော့ပြောင်းသောပြွန်ကို အသုံးပြု၍ နှာခေါင်းနှင့်လည်ချောင်း ဆက်စပ်နေသည့်နေရာကို ကြည့်ရှူခြင်းဖြစ်သည်။
  • အသားစယူစစ်ဆေးခြင်း (Biopsy)
    အများအားဖြင့် မှန်ပြောင်းကြည့်ရှူစဥ် သေးငယ်သောတစ်ရှူးစကိုယူ၍ အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးခြင်းဖြစ်သည်။ တစ်ခါတစ်ရံ လိုအပ်ပါက ပြန်ရည်ကျိတ်ကိုလည်း အသားစယူစစ်ဆေးနိုင်သည်။
  • ပုံရိပ်ဖော်စစ်ဆေးမှုများ
    ဓာတ်မှန် (X-ray)၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI)၊ ပီအီးတီစကင်န် (PET scan) များကို လိုအပ်သလို ရိုက်ကူးရမည်။ အကျိတ်၏ တည်နေရာ၊ အရွယ်အစားနှင့် အခြားကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့မှုအခြေအနေကို သိနိုင်သည်။
  • သွေးစစ်ဆေးခြင်း
    Complete blood count (CBC) စစ်ဆေးခြင်းအပါအဝင် အခြားသော လိုအပ်သည့် သွေးစစ်ဆေးမှုများကို ပြုလုပ်သည်။ Epstein-Barr ‌ဗိုင်းရပ်စ်ပိုးဝင်ခြင်း ရှိမရှိကိုလည်း စစ်ဆေးနိုင်သည်။
ကုသခြင်း

နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာကုသခြင်းကို အများအားဖြင့် ဓာတ်ရောင်ခြည်ပေး၍ ကုသလေ့ရှိသည်။ အချို့သူများတွင်မူ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းနှင့် ကင်ဆာဆေးသွင်းကုသခြင်းတို့ကို ပေါင်းစပ်၍ ကုသကြသည်။ ကုသရာတွင် ကင်ဆာအဆင့်၊ ကုသမှု၏ရည်ရွယ်ချက်နှင့် နောက်ခံ ကျန်းမာရေးအခြေအနေ၊ နောက်ဆက်တွဲဆိုးကျိုးများကို ခံနိုင်ရည်ရှိမှုတို့ကိုပါ ထည့်သွင်းစဥ်းစား၍ ကုသမှုပေးရမည်။

  • ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiation therapy)
    • နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာကို ကုသရာတွင် ခန္ဓာကိုယ်ပြင်ပမှ ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်း (External Beam Radiation therapy) ကို အသုံးပြုသည်
      • ကင်ဆာရှိသည့် နေရာအတိအကျကို ပစ်မှတ်ထားချိန်ညှိ၍ ဓာတ်ရောင်ခြည်ပေးခြင်းဖြစ်သည်
      • သေးငယ်သော ကင်ဆာအကျိတ်များအတွက် ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း တစ်မျိုးတည်းသာ လိုအပ်နိုင်သည်
      • ကြီးမားသောအကျိတ်များ သို့မဟုတ် အနီးပတ်ဝန်းကျင်သို့ ပျံ့နေသောအကျိတ်များတွင်မူ ကင်ဆာဆေးသွင်းကုသခြင်းဖြင့် တွဲ၍ပေးလေ့ရှိသည်
    • နောက်တစ်ကြိမ်ပြန်ဖြစ်သော ကင်ဆာများတွင်မူ ခန္ဓာကိုယ်အတွင်း ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်း (Brachytherapy) ကို သုံးလေ့ရှိသည်
      • ဤကုသမှုတွင် ဓာတ်ရောင်ခြည်ထုတ်လွှတ်ပေးသော ဝါယာ သို့မဟုတ် စက်ပစ္စည်းကို ခန္ဓာကိုယ်အတွင်းရှိ အကျိတ်ထဲသို့ သို့မဟုတ် အကျိတ်အနီးတွင် ထည့်ထားခြင်းဖြစ်သည်
  • ကင်ဆာဆေးဝါးများဖြင့်ကုသခြင်း (Chemotherapy)
    ပြင်းထန်သောဆေးဝါးများကို အသုံးပြု၍ ကုသခြင်းဖြစ်သည်။ ကင်ဆာဆေးများကို သောက်ဆေးအနေဖြင့်လည်းကောင်း၊ ထိုးဆေးအနေဖြင့်လည်းကောင်း ပေးနိုင်သည်။ တစ်ခါတစ်ရံတွင် ဓာတ်ရောင်ခြည်ကုထုံးဖြင့် အတူတကွတွဲပေးနိုင်သကဲ့သို့ ဓာတ်ရောင်ခြည်ကုထုံး မပေးမီ သို့မဟုတ် ပေးပြီးနောက်တွင်လည်း ပေးနိုင်သည်။
  • ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
    ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်စေသည်။ ကင်ဆာဆဲလ်များကို ခုခံအားစနစ်မှ မှတ်မိစေရန် ပြုပြင်ပေးခြင်းဖြစ်သည်။ အများအားဖြင့် ပြန်ဖြစ်သောကင်ဆာများ ကုသရာတွင် အသုံးပြုသည်။
  • ခွဲစိတ်ကုသခြင်း (Surgery)
    နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာတွင် ခွဲစိတ်ခြင်းသည် ဦးစားပေးကုထုံး မဟုတ်သော်လည်း လည်ပင်းရှိ ကင်ဆာဆဲလ်ပျံ့နေသော ပြန်ရည်ကျိတ်များကို ဖယ်ရှားရန် အသုံးပြုသည်။ တစ်ခါတစ်ရံတွင် ကင်ဆာကျိတ်များကို ဖယ်ရှားရန်အတွက်လည်း အသုံးပြုသည်။ ခွဲစိတ်ရာတွင် နှာခေါင်း သို့မဟုတ် အာခေါင်မှတစ်ဆင့် ခွဲစိတ်ခြင်း သို့မဟုတ် မှန်ပြောင်းအသုံးပြု၍ခွဲစိတ်ခြင်း နည်းလမ်းများရှိသည်။
  • ဝေဒနာသက်သာစေရေး ပြုစုကုသခြင်း (Palliative Care)
    ကုသမှု၏ရည်ရွယ်ချက်မှာ ကင်ဆာ သို့မဟုတ် ကင်ဆာကုသမှုနှင့် သက်ဆိုင်သော ရောဂါလက္ခဏာများကို သက်သာစေရန်ရန်၊ လူနာအား တတ်နိုင်သမျှ သက်သောင့်သက်သာ ဖြစ်စေရန်ဖြစ်သည်။
ကာကွယ်ခြင်း

နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာကို ဖြစ်စေသော အကြောင်းရင်းအများစုသည် ကာကွယ်၍မရသော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ကင်ဆာဖြစ်စေသည့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

  • ဆားဖြင့်နယ်၍ အခြောက်ခံထားသည့် အသားငါးများကို ရှောင်ကြဥ်ခြင်း
  • ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ခြင်း
  • အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဥ်ခြင်း

References:

  1. Cancer Research UK. (n.d.). About nasopharyngeal cancer. Retrieved October 31, 2025, from https://www.cancerresearchuk.org/about-cancer/nasopharyngeal-cancer/about
  2. Cleveland Clinic. (n.d.). Nasopharyngeal cancer. Retrieved October 31, 2025, from https://my.clevelandclinic.org/health/diseases/21661-nasopharyngeal-cancer
  3. Mayo Clinic. (n.d.). Nasopharyngeal carcinoma: Diagnosis & treatment. Retrieved October 31, 2025, from https://www.mayoclinic.org/diseases-conditions/nasopharyngeal-carcinoma/diagnosis-treatment/drc-20375535
  4. National Library of Medicine. (n.d.). Nasopharyngeal cancer [in StatPearls]. Retrieved October 31, 2025, from https://www.ncbi.nlm.nih.gov/books/NBK459256/
  5. WebMD. (n.d.). Nasopharyngeal cancer. Retrieved October 31, 2025, from https://www.webmd.com/cancer/nasopharyngeal-cancer

Published: 27 December 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

27 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Reye’s Syndrome (ရွိုင်း‌ရောဂါစု)
Jun 20, 2026
Diseases and Conditions

Reye’s Syndrome (ရွိုင်း‌ရောဂါစု)

‌ရေကျောက် သို့မဟုတ် တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော...

Autoimmune Diseases and Pregnancy (ကိုယ်ဝန်ဆောင်မိခင်နှင့် ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများ)
Jun 19, 2026
Diseases and Conditions

Autoimmune Diseases and Pregnancy (ကိုယ်ဝန်ဆောင်မိခင်နှင့် ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများ)

ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါရှိသော်လည်း ကိုယ်ဝန်မယူမီ စနစ်တကျ...

Tetralogy of Fallot (TOF) (ချို့ယွင်းချက်လေးမျိုး စုပေါင်းဖြစ်ပေါ်နေသော‌ မွေးရာပါနှလုံးရောဂါ)
May 28, 2026
Diseases and Conditions

Tetralogy of Fallot (TOF) (ချို့ယွင်းချက်လေးမျိုး စုပေါင်းဖြစ်ပေါ်နေသော‌ မွေးရာပါနှလုံးရောဂါ)

Tetralogy of Fallot ဆိုသည်မှာ နှလုံးတွင် ချို့ယွင်းချက်လေးမျိုးပါရှိနေသော ...