ပြန်ရည်ကျိတ်ကင်ဆာသည် ခန္ဓာကိုယ်အတွင်းရှိ ပြန်ရည်ကြောစနစ်မှ ဖြစ်ပေါ်လာသော ကင်ဆာအမျိုးအစားဖြစ်ပြီး Lymphocytes ဟုခေါ်သော သွေးဆဲလ်တစ်မျိုး မူမမှန်ပွါးများရာမှ ဖြစ်ပေါ်လာသည်။ ကလေးငယ်များနှင့် ဆယ်ကျော်သက်များ (မွေးစမှ အသက် ၁၉ နှစ်ကြား) တွင် အဖြစ်များဆုံး ကင်ဆာအမျိုးအစားများတွင်လည်း တစ်မျိုးအပါအဝင်ဖြစ်သည်။
ပြန်ရည်ကြောစနစ်ဆိုသည်မှာ ကိုယ်ခံအားစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြင်ပမှဝင်လာသော ပိုးမွှားများနှင့် ကူးစက်ရောဂါများကို တွန်းလှန်တိုက်ခိုက်ပေးသည့်လုပ်ငန်းတွင် ပါဝင်သည်။ ပြန်ရည်ကျိတ်ဂလင်းများသည် ပုံစံနှင့်အရွယ်အစား မျိုးစုံရှိပြီး ခန္ဓာကိုယ်အနှံ့ အလုံး (၆၀၀) ခန့်ရှိကာ လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ခြံနေရာများတွင်ရှိသော အကျိတ်များသည် လက်ဖြင့် စမ်းမိတတ်သော အကျိတ်ဂလင်းများဖြစ်သည်။ ခန္ဓာကိုယ်အတွင်းပိုင်းတွင်လည်း အများအပြားရှိသည်။ ထိုပြန်ရည်ကျိတ်များသည် ခန္ဓာကိုယ်တွင်းတစ်နေရာ သို့မဟုတ် တစ်နေရာထက်ပိုသော နေရာများတွင် မူမမှန်ဆဲလ်ပွါးများမှုများ ဖြစ်လာပါက ပြန်ရည်ကျိတ်ကင်ဆာ လက္ခဏာများ ဖြစ်ပေါ်လာသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးများတွင် ကင်ဆာဖြစ်စေသော အကြောင်းရင်းများကို အတိအကျ မသိရှိနိုင်သော်လည်း မွေးရာပါ မျိုးဗီဇပြောင်းလဲမှုကြောင့် အဓိကဖြစ်နိုင်သည်ဟု ယူဆကြသည်။ ထို့အပြင် အချို့ကင်ဆာရောဂါ အမျိုးအစားများသည် မိဘများတွင် ရောဂါမျိုးရိုးရှိခဲ့ပါက သားသမီးများတွင်လည်း ကင်ဆာဖြစ်နိုင်ခြေ မြင့်မားသည်ဟုဆိုသည်။
မျိုးဗီဇကြောင့် မဟုတ်သော လူနေမှုဘဝ သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ (ဥပမာ _ ဆေးလိပ်၊ အရက်၊ စိုက်ပျိုးရေးသုံးဓာတုစ္စည်းများ၊ ကင်ဆာဖြစ်စေသော အစားအသောက်များ၊ ကင်ဆာဖြစ်စေနိုင်သော အချို့ ဗိုင်းရပ်စ်ပိုးများ – HIV virus၊ HPV virus၊ EB virus စသည်တို့) ကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။
အမျိုးအစားများ
ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစားတွင် တွေ့ရှိရသော ကင်ဆာဆဲလ်အမျိုးအစားပေါ် မူတည်၍ အဓိကအားဖြင့် အုပ်စုနှစ်ခု ခွဲခြားထားသည်။
- ဟော့ဂျ်ကင်းပြန်ရည်ကျိတ်ကင်ဆာ (Hodgkin lymphoma) နှင့်
- ဟော့ဂျ်ကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာရောဂါ (Non-Hodgkin lymphoma)
ထိုကင်ဆာအုပ်စုနှစ်မျိုးတွင်လည်း ဆဲလ်အမျိုးအစားအသေးစိတ်ပေါ် မူတည်၍ အမျိုးအစားခွခွဲများစွာ ထပ်မံခွဲခြားထားသည်။
- ဟော့ဂျ်ကင်း ပြန်ရည်ကျိတ်ကင်ဆာ (Hodgkin lymphoma)
ဤအမျိုးအစားတွင် ကင်ဆာဆဲလ်များ၏ ပုံသဏ္ဌာန်သည် ဇီးကွက်မျက်လုံး (Owl’s eyes) ကဲ့သို့ သိသာထင်ရှားနေပြီး Reed-Sternberg cells ဟုခေါ်သည်။ ထိုဆဲလ်များတွေ့ရှိရပါက ဟော့ဂျ်ကင်း ပြန်ရည်ကျိတ်ကင်ဆာ (Hodgkin lymphoma) ဟုသတ်မှတ်နိုင်ပြီး၊ ၎င်းကိုလည်း အမျိုးအစားနှစ်မျိုး ထပ်မံခွဲခြားနိုင်သည်။- Classic Hodgkin lymphoma
အဖြစ်အများဆုံးကင်ဆာအမျိုးအစားဖြစ်ပြီး အမျိုးအစားလေးမျိုးထပ်မံခွဲခြားထားသည်။- Nodular sclerosis classic Hodgkin lymphoma
- Mixed cellularity classic Hodgkin lymphoma
- Lymphocyte-rich classic Hodgkin lymphoma
- Lymphocyte-depleted classic Hodgkin lymphoma တို့ဖြစ်သည်။
- Nodular lymphocyte-predominant Hodgkin lymphoma (NLPHL)
ကလေးများတွင် အတွေ့ရနည်းသော အမျိုးအစားဖြစ်သည်။
- Classic Hodgkin lymphoma
- ဟော့ဂျ်ကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာရောဂါ (Non-Hodgkin lymphoma)
Reed-Sternberg cells မတွေ့ရသော ပြန်ရည်ကျိတ်ကင်ဆာကို ဟော့ဂျ်ကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာရောဂါ (Non-Hodgkin lymphoma) ဟုသတ်မှတ်နိုင်ပြီး ဖြစ်ပွါးမှုနှုန်း မြန်သောအုပ်စု (High-grade lymphomas) နှင့် နှေးသောအုပ်စု (Low-grade lymphomas) ဟူ၍ ထပ်မံခွဲခြားနိုင်သည်။- ဖြစ်ပွါးမှုနှုန်းမြန်သောအုပ်စု (High-grade lymphomas) တွင်
- Burkitt lymphoma
- Diffuse large B cell lymphoma (DLBCL)
- Mantle cell lymphoma
- Primary central nervous system lymphoma (PCNSL) တို့ပါဝင်ပြီး
- ဖြစ်ပွါးမှုနှုန်း နှေးသောအုပ်စု (Low-grade lymphomas) တွင်
- Follicular lymphoma
- MALT lymphoma
- Waldenström macroglobulinaemia တို့ပါဝင်သည်။
- ဖြစ်ပွါးမှုနှုန်းမြန်သောအုပ်စု (High-grade lymphomas) တွင်
ရောဂါလက္ခဏာများ
ပြန်ရည်ကျိတ်ကင်ဆာတွင် အဖြစ်အများဆုံး ရောဂါလက္ခဏာမှာ လည်ပင်း၊ ချိုင်းအောက်နှင့် ပေါင်ခြံရှိ ပြန်ရည်ကျိတ်များ နာကျင်မှုမရှိဘဲ သိသိသာသာကြီးလာခြင်းဖြစ်သည်။ အခြားလက္ခဏာများမှာ ရောဂါစဖြစ်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းအပေါ်တွင် မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားကြသည်။ အများအားဖြင့်
- (၆) လအတွင်းတွင် စုစုပေါင်း ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာခြင်း
- ညဘက်တွင် ချွေးအထွက်လွန်ခြင်း (အိပ်ရာခင်းများ သို့မဟုတ် ညအိပ်ဝတ်စုံများ လဲရလောက်သည်အထိ ပြင်းထန်တတ်သည်)
- သုံးရက် သို့မဟုတ် သုံးရက်နှင့်အထက် အကြောင်းရင်းမရှိဘဲ ဆက်တိုက်ဖျားခြင်း (38’C အထိ တက်ခြင်း)
- ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူမဝခြင်း
- ဗိုက်နာခြင်း
- အော့အန်ခြင်း
- အသားအရေ ဖြူဖျော့လာခြင်း
- အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း
- ဝမ်းဗိုက်ဖောင်းလာခြင်း၊ ဗိုက်တွင် အလုံးအကျိတ်များ စမ်းမိတတ်ခြင်း
- အရေပြားတွင် အနီစက်၊ အနီကွက်များ ထွက်လာခြင်း စသည်တို့တွဲ၍ ရှိတတ်သည်။
နောက်ဆက်တွဲပြဿနာများ
ကလေးပြန်ရည်ကျိတ်ကင်ဆာများသည် နောက်ဆက်တွဲအနေဖြင့် ရိုးတွင်းခြင်ဆီအထိ ပျံ့နှံ့နိုင်သည့်အပြင် ကလေးသွေးကင်ဆာကဲ့သို့ စောစီးစွာကုသမှု မရရှိပါက အသက်သေဆုံးနိုင်ခြေ မြင့်မားသည်။ ကိုယ်ခံအားစနစ်ကို ထိခိုက်သောကြောင့် မကြာခဏဖျားခြင်း၊ ပိုးဝင်ခြင်း၊ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်အနှံ့သွေးထွက်ခြင်းစသည့် နောက်ဆက်တွဲပြဿနာများ မကြာခဏ ကြုံတွေ့ရတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးပြန်ရည်ကျိတ်ကင်ဆာများသည် ပြင်းထန်၍ အသက်အန္တရာယ်ရှိသောရောဂါများ ဖြစ်သောကြောင့် လက္ခဏာများထဲမှ အချို့ကို သတိထားမိပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်သည်။ မိသားစုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများဖြင့် ရောဂါရှာဖွေပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်သည် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ကလေးတွင် ပြန်ရည်ကျိတ်ကင်ဆာရောဂါ သံသယဖြစ်ဖွယ် လက္ခဏာများရှိပါက ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ကလေးအား အသေးစိတ် စမ်းသပ်စစ်ဆေးမှုများအပြင် ရောဂါအနေအထားပေါ် မူတည်၍ သက်ဆိုင်ရာ ဓာတ်ခွဲစစ်ဆေးမှုများ၊ ပုံရိပ်ဖော်ရိုက်ကူးမှုများနှင့် အခြားစစ်ဆေးမှုများကို လိုအပ်သလို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။
- သွေးစစ်ဆေးခြင်းများ (Blood tests)
- စီဘီစီ (Complete Blood Count) သွေးစစ်ဆေးခြင်းနှင့် အဏုကြည့်မှန်ပြောင်း (Microscope) ဖြင့် စစ်ဆေးခြင်း
- စီဘီစီကို သွေးထဲတွင် ပါဝင်သော သွေးဆဲလ်အမျိုးအစား တစ်ခုစီ၏ သက်ဆိုင်ရာအရေအတွက်နှင့် ပမာဏများကို ရေတွက်ရန် လုပ်ဆောင်သည်
- အဏုကြည့်မှန်ပြောင်း (Microscope) ဖြင့်စစ်ဆေးခြင်း (blood film)
- သွေးစက်အနည်းငယ်ကို ဖန်ဆလိုက်ပြားပေါ်တွင် ဖြန့်၍တင်ပြီး အဏုကြည့်မှန်ပြောင်းဖြင့် ပုံမမှန်သော သွေးဆဲလ်များ ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်
- သွေးဆဲလ်အရေအတွက် ပုံမှန်မဟုတ်ခြင်း၊ ဆဲလ်များ၏ ပုံပန်းသဏ္ဌာန်ပြောင်းလဲခြင်းနှင့် ပုံမှန်မဟုတ်သော သွေးဖြူဥများ (Blasts) ကိုတွေ့ရှိပါက သွေးကင်ဆာရှိသည်ဟု သံသယရှိနိုင်သည်
- ထိုသို့ Blasts ဆဲလ်များတွေ့ရှိပါက ရောဂါအတိအကျ သိရှိရန် ရိုးတွင်းခြင်ဆီစစ်ဆေးခြင်းကို ဆက်လက်ပြုလုပ်ရမည်ဖြစ်သည်
- အခြားသွေးစစ်ဆေးခြင်းများ (Other blood tests)
သွေးကင်ဆာကို သံသယရှိပါက ဓာတုဗေဒစစ်ဆေးမှု (Chemistry panel) ဟုခေါ်သော အခြားသွေးစစ်ဆေးမှုများကိုလည်း ဆက်လက်စစ်ဆေးနိုင်သည်။ ဥပမာအားဖြင့် အသည်းနှင့်ကျောက်ကပ် လုပ်ဆောင်ချက်များ (Liver function tests and renal profile) အပါအဝင် ခန္ဓာကိုယ်ရှိ ဓာတ်ဆားနှင့် အခြားသတ္တုဓာတ်များ (Electrolytes) ကိုလည်း စစ်ဆေးနိုင်သည်။
- စီဘီစီ (Complete Blood Count) သွေးစစ်ဆေးခြင်းနှင့် အဏုကြည့်မှန်ပြောင်း (Microscope) ဖြင့် စစ်ဆေးခြင်း
- ပြန်ရည်ကျိတ်များမှ တစ်ရှူးအသားစနမူနာယူစစ်ဆေးခြင်း (Lymph node biopsy)
ပြန်ရည်ကျိတ်ကင်ဆာ သံသယရှိပါက ထိုအကျိတ်တစ်နေရာ သို့မဟုတ် နေရာများစွာမှ အကျိတ်တစ်ရှူးအသားစနမူနာယူစစ်ဆေးခြင်းကို ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။ ထုံဆေးဖြင့်ပင် အလွယ်တကူ ပြုလုပ်နိုင်ပြီး ဓာတ်ခွဲခန်းတွင် အဏုမြူမှန်ပြောင်းဖြင့် ကင်ဆာဆဲလ်များကို ရှာဖွေနိုင်သည်။ - ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း (Bone marrow aspiration and biopsy)
ပြန်ရည်ကျိတ်ကင်ဆာသည် ရိုးတွင်းခြင်ဆီသို့ ပျံ့နှံ့ခြင်းရှိမရှိ စစ်ဆေးနိုင်သည်။ ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်းတွင် ရိုးတွင်းခြင်ဆီ အရည်ထုတ်ယူစစ်ဆေးခြင်း (Aspiration) နှင့် ရိုးတွင်းခြင်ဆီ တစ်ရှူးအသားစနမူနာယူ စစ်ဆေးခြင်း (Biopsy) တို့ ပါဝင်သည်။ Aspiration and Biopsy နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်းပင် ပြုလုပ်လေ့ရှိပြီး ရိုးတွင်းခြင်ဆီနမူနာများကို အများအားဖြင့် တင်ပါးဆုံရိုးနေရာမှ ယူလေ့ရှိသည်။ ရိုးတွင်းခြင်ဆီစစ်ဆေးခြင်းကို ကင်ဆာဆေးဝါးများဖြင့် ကုသပြီးနောက် ကုသမှုကို တုံ့ပြန်ခြင်းနှင့် အကျိုးသက်ရောက်မှု ရှိမရှိအတွက်လည်း ပြုလုပ်နိုင်သည်။ - ခါးဆစ်ကြားမှအရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture)
ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်းသည် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးတစ်လျှောက် လှည့်ပတ်နေသောအရည် (စီအက်စ်ဖက် – cerebrospinal fluid-CSF) ကို ခါးရိုးဆစ်နှစ်ခုကြားမှ ထုတ်ယူ၍ ရောဂါရှာဖွေသည့် နည်းလမ်းဖြစ်သည်။ ထို CSF အရည်ထဲတွင် ပြန်ရည်ကျိတ်ကင်ဆာဆဲလ်များကို ကြည့်ရှုစစ်ဆေးခြင်းဖြင့် ဦးနှောက်နှင့်အာရုံကြောစနစ်သို့ ကင်ဆာပျံ့နှံ့မှု ရှိမရှိသိရှိနိုင်သည်။
ကင်ဆာအမျိုးအစား ခွဲခြားရန်အတွက် စစ်ဆေးမှုများ
အကျိတ်အသားစ၊ ရိုးတွင်းခြင်ဆီနှင့် အခြားနမူနာအားလုံးကို အသေးစိတ်စစ်ဆေးမှုများအတွက် ဓာတ်ခွဲခန်းသို့ နမူနာများအား ပို့ထားမည်ဖြစ်သည်။
- အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Microscopic exams)
သွေး၊ ရိုးတွင်းခြင်ဆီ၊ ပြန်ရည်ကျိတ်တစ်ရှူး သို့မဟုတ် CSF စသည့် နမူနာများအားလုံးကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေး၍ ပုံမှန်မဟုတ်သော သွေးဆဲလ်များကို ရှာဖွေသည်။ - ကင်ဆာဆဲလ်မှ ပရိုတင်းများကို စစ်ဆေးခြင်း (Flow cytometry and Immunophenotyping)
ကင်ဆာဆဲလ်မျက်နှာပြင်ပေါ်ရှိ သို့မဟုတ် အတွင်းရှိ ပရိုတင်းဓာတ်ပေါင်းများအပေါ် အခြေခံ၍ သွေးကင်ဆာအမျိုးအစားကို ဆုံးဖြတ်ရန် စစ်ဆေးသည်။ ၎င်းကို အများအားဖြင့် ရိုးတွင်းခြင်ဆီမှ ဆဲလ်များတွင် စစ်ဆေးနိုင်သော်လည်း သွေး၊ ပြန်ရည်ကျိတ်များ၊ သားနံရည်ကြောဖုများနှင့် အခြားခန္ဓာကိုယ်အရည်များမှ ဆဲလ်များတွင်လည်း စစ်ဆေးနိုင်သည်။ - ဆဲလ်အတွင်းရှိ ခရိုမိုဆုန်းများကို စစ်ဆေးလေ့လာခြင်း (Chromosomal studies)
ဆဲလ်အတွင်းရှိ ခရိုမိုဆုန်းများ၏ အရေအတွက်နှင့် ဖွဲ့စည်းပုံ မူမမှန်မှုများကို လေ့လာခြင်းဖြစ်သည်။ သွေးကင်ဆာအမျိုးအစားအချို့တွင် ခရိုမိုဆုန်းဖွဲ့စည်းပုံနှင့် အရေအတွက် ပြောင်းလဲမှုများ ရှိနေတတ်သောကြောင့် ဤပြောင်းလဲမှုများကို ခွဲခြားသိရှိခြင်းဖြင့် သွေးကင်ဆာ၏ တိကျသောအမျိုးအစားကို ဖော်ထုတ်ရန်နှင့် မှန်ကန်သော ကုသမှုနှင့် ရောဂါရလဒ်ကြိုတင်ခန့်မှန်းချက် (prognosis) ကို ဆုံးဖြတ်ရန် အထောက်အကူပြုနိုင်သည်။ ၎င်းတို့တွင်- Cytogenetics (မျိုးဗီဇပြောင်းလဲမှုများကို ရှာဖွေခြင်း)
- Fluorescent in situ hybridization – FISH
- Polymerase chain reaction – PCR စသည့် နည်းပညာများ ပါဝင်သည်။
ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging tests)
ပုံရိပ်ဖော်စစ်ဆေးမှုများကို ခန္ဓာကိုယ်ရှိ ကိုယ်တွင်းအင်္ဂါများ၏ ပုံရိပ်များကို ရိုက်ကူးရန်အတွက် အသုံးပြုသည်။ အသည်း၊ ဘေလုံးစသည့် ကိုယ်တွင်းအင်္ဂါများ၏ အရွယ်အစားကို တိုင်းတာသိရှိရန်၊ ပြန်ရည်ကျိတ်များရှိပါက အရွယ်အစား၊ အရေအတွက်နှင့် တည်နေရာတို့ကို သိရှိရန်အပြင် ရောဂါလက္ခဏာတူသော အခြားကင်ဆာအမျိုးအစားများနှင့်လည်း ခွဲခြားရန် ရိုက်ကူးနိုင်သည်။
- ရင်ဘတ်ဓာတ်မှန် (Chest X-ray)
- အာထရာဆောင်း (USG)
- ကွန်ပျူတာဓာတ်မှန် (CT scan)
- သံလိုက်ဓာတ်မှန် (MRI) စသည်တို့ကို ရောဂါအခြေအနေပေါ်မူတည်၍ လိုအပ်သလို ရိုက်ကူးလေ့ရှိသည်။
ကုသခြင်း
ပြန်ရည်ကျိတ်ကင်ဆာကုသမှုသည် ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်သတ်မှတ်ချက်နှင့် ဖြစ်ပွါးမှုနှုန်း နှေးသော၊ မြန်သောအုပ်စုပေါ် မူတည်၍ ကုသမှုအမျိုးအစားနှင့် ကုသသောအချိန်ကာလတို့ ကွဲပြားခြားနားသည်။ ယေဘုယျအားဖြင့် အစောပိုင်းတွင် ဆေးရုံတက်၍ ကုသမှုခံယူရန် လိုအပ်ပြီး ဆေးကုသနေစဥ် တစ်လျှောက်လုံးတွင်လည်း ကလေး၏ ကိုယ်ခံအားကောင်းမွန်စေရန် အထူးဂရုစိုက်ရမည်ဖြစ်သည်။ နောက်ပိုင်းတွင် ဆေးရုံတက်ရန်မလိုဘဲ ပြင်ပလူနာအနေနှင့် ကုသနိုင်သည်။ ဆေးကုသမှုများသည် လပေါင်းများစွာမှသည် တစ်ခါတစ်ရံ နှစ်နှင့်ချီ၍ ကြာမြင့်တတ်သည်။
- ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
အသုံးအများဆုံး ကုထုံးဖြစ်သည်။ ကင်ဆာဆဲလ်များကို နှိမ်နင်းရန် အသုံးအများဆုံး ကုသမှုဖြစ်သည်။ သွေးကြောအတွင်းသို့ ထိုးဆေး သို့မဟုတ် ဆေးပြားအဖြစ် ရရှိနိုင်သည်။ ဆေးတစ်မျိုးတည်းအပြင် သုံးမျိုး သို့မဟုတ် လေးမျိုးပေါင်း၍ ပေါင်းစပ်ကုထုံး (Combined chemotherapy regime) အနေဖြင့်လည်း ပေးလေ့ရှိသည်။ ကင်ဆာအမျိုးအစား၊ အဆင့်နှင့် ပျံ့နှံ့မှုတို့အပေါ် မူတည်၍ ကင်ဆာဆေးသွင်းကုသရသည့် အကြိမ်အရေအတွက် ကွာခြားသည်။ - ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
ကင်ဆာကုထုံးနှင့်အတူ ဓာတ်ရောင်ခြည်ကုထုံးကို တွဲ၍ ကုသရသည်လည်းရှိသည်။ ဦးနှောက်နှင့် အာရုံကြောစနစ်တွင် ကင်ဆာဆဲလ်များ ရောက်ရှိနေကြောင်း တွေ့ရှိရပါက ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသနိုင်သကဲ့သို့ ပင်မဆဲလ်အစားထိုးခြင်းမစတင်မီလည်း ဓာတ်ရောင်ခြည်ကုထုံးပေးနိုင်သည်။ - ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
ကလေး၏ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ကင်ဆာဆဲလ်များကို ပိုမိုကောင်းမွန်စွာ တိုက်ထုတ်နိုင်စေသည်။ - ကင်ဆာဆဲလ် သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted therapy)
သီးခြားမျိုးဗီဇ ပြောင်းလဲမှုများရှိသော ကင်ဆာဆဲလ်များကို အဓိကပစ်မှတ်ထားသော ကုသမှုဖြစ်သည်။ - ပင်မဆဲလ် (ရိုးတွင်းခြင်ဆီ) အစားထိုးကုသခြင်း (Stem cell transplant with high dose chemotherapy)
ပင်မဆဲလ်အစားထိုးမှုမပြုလုပ်မီ ပမာဏမြင့်မားသော ကင်ဆာဆေးသွင်းကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးကို ဦးစွာပေး၍ ကုသရသည်။ ထို့နောက်တွင်မှ သိမ်းဆည်းထားသော ပင်မဆဲလ်များကို ပြန်လည်ဖြည့်သွင်းပေးမည်ဖြစ်သည်။ ထိုပင်မဆဲလ်များသည် ရိုးတွင်းခြင်ဆီအတွင်းတွင် နေရာပြန်ယူ၍ ပုံမှန်ဆဲလ်အသစ်များ ထုတ်လုပ်ပေးရန် ဆောင်ရွက်မည်ဖြစ်သည်။
ပြန်ရည်ကျိတ်ကင်ဆာအများစုသည် စောစီးစွာ သိရှိကုသပါက ယေဘုယျအားဖြင့် ပျောက်ကင်းအောင် ကုသနိုင်ခြေ မြင့်မားသော်လည်း ရောဂါအမျိုးအစားပေါ် မူတည်၍ ဆေးကုသမှုကို တုံ့ပြန်မှုနည်းခြင်း သို့မဟုတ် ရောဂါလက္ခဏာများ နောက်တစ်ကြိမ် ပြန်ပေါ်လာခြင်းများ ဖြစ်တတ်သည်။ ကုသမှုပြီးမြောက်သော ကလေးများတွင်လည်း ကင်ဆာပြန်ဖြစ်လာခြင်း (Recurrence) နှင့် ကုသမှု၏ ရေရှည်အကျိုးသက်ရောက်မှုကို စောင့်ကြည့်ရန် ဆက်လက်စောင့်ရှောက်မှုများ လိုအပ်သည်။
ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ရောဂါအသိနောက်ကျသော သို့မဟုတ် ကုသမှုကို သတ်မှတ်ကာလအတွင်း ထိထိရောက်ရောက် မယူမိသော ကလေးများတွင် ရောဂါလုံးဝပျောက်ကင်းအောင် ကုသ၍ မဖြစ်နိုင်သော်လည်း ခံစားနေရသော လက္ခဏာများ သက်သာစေရန် “ဝေဒနာ ညင်သာစေရန် ပြုစုကုသမှု” (Palliative care) ဖြင့် ရောဂါလက္ခဏာများ တစ်စိတ်တစ်ပိုင်း သက်သာအောင် ပြုလုပ်ပေးနိုင်သည်။ ဝေဒနာညင်သာစေရန် ပြုစုကုသမှုသည် ကင်ဆာရောဂါလက္ခဏာများကို သက်သာစေသည့်အပြင် လူနာများနှင့် မိသားစုများ၏ ဘဝနေထိုင်မှု အရည်အသွေးကို တိုးတက်စေရန် ရည်ရွယ်သည်။
တိုးတက်ပြောင်းလဲမှုများ
ကလေးပြန်ရည်ကျိတ်ကင်ဆာ ကုသမှုများသည် ရောဂါပျောက်ကင်းနှုန်းကို ထိန်းသိမ်းထားနိုင်ပြီး ရေရှည်ဆိုးကျိုးများ (Late Effects) ကို လျှော့ချခြင်းများတွင် သိသာထင်ရှားစွာ တိုးတက်လာသည်။
- တိကျပစ်မှတ်ထားသော ခုခံအားကုထုံးများ (Precision Immunotherapies)
- CAR T-cell ကုထုံး (Chimeric Antigen Receptor T-cell Therapy)
ဤကုထုံးသည် ကလေး၏ ကိုယ်ခံအားဆိုင်ရာ ဆဲလ်များ (T-cells) ကို ဓာတ်ခွဲခန်းတွင် ပြုပြင်ပြောင်းလဲ၍ ကင်ဆာဆဲလ်များကို ပိုမိုထိရောက်စွာ တိုက်ခိုက်စေခြင်းဖြစ်သည်။ ပြန်လည်ဖြစ်ပွါးသော သို့မဟုတ် သမားရိုးကျ ကုသမှုကို မတုံ့ပြန်သော Non-Hodgkin Lymphoma အမျိုးအစားများအတွက် ထိရောက်သည့် ကုထုံးတစ်ခုအဖြစ် အသုံးပြုလာကြသည်။ - Targeted Monoclonal Antibodies
Rituximab (Anti-CD20) ဆေးကို Non-Hodgkin Lymphoma အမျိုးအစားအချို့ကို ကုသရာတွင် မူလအသုံးပြုနေကျ ကင်ဆာဆေးဝါးများနှင့် တွဲဖက်အသုံးပြုခြင်းဖြင့် ရောဂါပျောက်ကင်းနှုန်းနှင့် အသက်ရှင်နှုန်းကို သိသိသာသာ မြင့်တက်လာစေသည်။ Brentuximab Vedotin (Anti-CD30) ကဲ့သို့ ဆေးဝါးများကိုလည်း Hodgkin Lymphoma ကုသမှုတွင် ဘေးထွက်ဆိုးကျိုးများသောဆေးဝါးများအစား အစားထိုး အသုံးပြုရန် ကြိုးစားလာကြသည်။ - Immune Check-point Inhibitors ကုထုံး
Nivolumab နှင့် Pembrolizumab ကဲ့သို့ ဆေးဝါးများကို ပြန်လည်ဖြစ်ပွါးသော Classic Hodgkin Lymphoma အမျိုးအစားအချို့အတွက် အသုံးပြုနေကြသည်။ ကင်ဆာဆဲလ်များ၏ ကိုယ်ခံအားစနစ်မှ ကင်ဆာဆဲလ်များကို မတိုက်ခိုက်နိုင်အောင် ပိတ်ဆို့ထားသည့် ပရိုတင်းများ (Checkpoint proteins) ကို တားဆီးပိတ်ပင်ပေးခြင်းဖြင့် ကိုယ်ခံအားစနစ်မှ ကင်ဆာဆဲလ်များကို ပြန်လည်သိရှိ တိုက်ခိုက်စေခြင်းဖြစ်သည်။ ဤကုထုံးကို မူလအသုံးပြုနေကျ ကင်ဆာဆေးဝါးများနှင့် အတူတွဲဖက်သုံးစွဲခြင်းဖြင့် ရလဒ်ကောင်းများ ရရှိနေသည်ကိုတွေ့ရသည်။
- CAR T-cell ကုထုံး (Chimeric Antigen Receptor T-cell Therapy)
- ရောဂါတုံ့ပြန်မှုအလိုက် ကုသမှုကို အဆင့်ပြန်လျှော့ခြင်း (PET–CT Adapted or Response Adapted De-escalation)
ပြန်ရည်ကျိတ်ကင်ဆာ ကုသမှု၏ အစောပိုင်းကာလတွင် (ဥပမာ – ကင်ဆာဆေးသွင်းခြင်း နှစ်ကြိမ်ခန့်အပြီး) ပီအီးတီ စကင်န် (PET Scan) ဖြင့် ပြန်လည်စစ်ဆေးခြင်းဖြစ်သည်။ စစ်ဆေးမှုအရ ကင်ဆာဆဲလ်များ လျင်မြန်စွာ လျော့နည်းသွားကြောင်း တွေ့ရှိပါက နောက်ဆက်တွဲဆိုးကျိုးများ လျှော့ချနိုင်ရန်အတွက် ဆက်လက်ပေးရမည့် ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy) ပမာဏကို လျှော့ချခြင်း သို့မဟုတ် ရှောင်ရှားခြင်းတို့ကို ပြုလုပ်နိုင်ကြောင်းလည်း လေ့လာသိရှိရသည်။
ရောဂါရလဒ် ခန့်မှန်းချက် (Prognosis of childhood lymphoma)
ပြန်ရည်ကျိတ်ကင်ဆာကလေးများ၏ ရောဂါရလဒ်ခန့်မှန်းချက်ကို အများအားဖြင့် ၅ နှစ် အသက်ရှင်နှုန်း (5-year survival rate) ဖြင့် ခန့်မှန်းလေ့ရှိသည်။ (ကင်ဆာရောဂါ စတင်တွေ့ရှိပြီးနောက် အနည်းဆုံး ၅ နှစ် အသက်ရှင်နိုင်သော လူနာရာခိုင်နှုန်းကို ဆိုလိုသည်)
ကုသမှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ
- ဟော့ဂျ်ကင်းပြန်ရည်ကျိတ်ကင်ဆာ (Hodgkin lymphoma) ၏ ၅ နှစ် အသက်ရှင်နှုန်းသည် ၉၅ ရာခိုင်နှုန်းအထက်တွင် ရှိပြီး
- ဟော့ဂျ်ကင်းမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာရောဂါ (Non-Hodgkin lymphoma) ၏ ၅ နှစ် အသက်ရှင်နှုန်းသည် (၇၀ – ၉၅) ရာခိုင်နှုန်းအထိ ရှိကြောင်း တွေ့ရှိရသည်။
သို့သော် ၅ နှစ် အသက်ရှင်နှုန်းသည် ပြန်ရည်ကျိတ်ကင်ဆာ အမျိုးအစားနှင့် ကုသမှုကို တုံ့ပြန်မှုများအပေါ် မူတည်၍ ကွဲပြားနိုင်သည်။
ကာကွယ်ခြင်း
ယေဘုယျအားဖြင့် ကလေးများတွင် ကင်ဆာရောဂါမဖြစ်စေရန် အပြည့်အဝကာကွယ်ရန် မဖြစ်နိုင်ချေ။ သို့ရာတွင် ကင်ဆာဖြစ်စေသော အစားအသောက်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ (ဥပမာ _ ကင်ဆာဖြစ်ပွါးနိုင်သော ဓာတ်ပစ္စည်းများ၊ ဆယ်ကျော်သက်အရွယ်များ ဆေးလိပ်၊ အရက် သောက်ခြင်း) စသည်တို့ကို ရှောင်ရှားသင့်သည်။
References:
- Leukaemia Foundation. (2024). Childhood lymphoma. Retrieved September 29, 2025, from https://www.leukaemia.org.au/types-of-blood-cancer/childhood-blood-cancers/childhood-lymphoma/
- Lymphoma Action. (2024). Lymphoma in children and young people. Retrieved September 29, 2025, from https://lymphoma-action.org.uk/types-lymphoma-lymphoma-children-and-young-people/lymphoma-children
- Cleveland Clinic. (n.d.). Non‑Hodgkin’s lymphoma in children. Retrieved September 29, 2025, from https://my.clevelandclinic.org/health/diseases/6198-non-hodgkins-lymphoma-children
- St. Jude Children’s Research Hospital. (n.d.). Lymphoma — children and teens. Retrieved September 29, 2025, from https://together.stjude.org/en-us/conditions/cancers/lymphoma.html
- Blood Cancer UK. (n.d.). Lymphoma. Retrieved September 29, 2025, from https://bloodcancer.org.uk/understanding-blood-cancer/lymphoma/
- National Cancer Institute. (n.d.). Lymphoma research. Retrieved September 29, 2025, from https://www.cancer.gov/types/lymphoma/research
- American Society of Hematology. (n.d.). PET‑CT‑adapted treatment strategy identifies … Retrieved September 29, 2025, from https://ashpublications.org/ashclinicalnews/news/2660/PET-CT-Adapted-Treatment-Strategy-Identifies
Published: 19 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
