Trigger finger (လက်ချောင်း အကြောညပ်ခြင်း)

Trigger finger (လက်ချောင်း အကြောညပ်ခြင်း)

လက်ချောင်းအကြောညပ်ခြင်း (Trigger Finger or Stenosing Tenosynovitis) ဆိုသည်မှာ လက်ချောင်းများ သို့မဟုတ် လက်မရှိ အဆစ်များအား ကွေးညွှတ်သည့် အရွတ်ကြောများ (Flexor Tendons) ကို ဖုံးအုပ်ထားသော အရွတ်ကြောအကာ (Tendon Sheath) သည် ရောင်ရမ်းထူထဲလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေတစ်ခုဖြစ်သည်။ လက်ချောင်းအကြောညပ်ခြင်းသည် လက်မနှင့်လက်ချောင်းအားလုံးတွင် ဖြစ်ပွါးနိုင်သော်လည်း လက်သူကြွယ်တွင် အဖြစ်များသည်။

အရွတ်ကြောအကာ ရောင်ရမ်းထူထဲလာသောအခါ လက်ချောင်းဆစ်များ၏ လှုပ်ရှားမှုသည် ချောမွေ့မနေဘဲ လက်ချောင်းကွေးရာတွင် ‘ထစ်‘ နေခြင်းဖြစ်သည်။ ထစ်နေသည့် လက်ချောင်းအဆစ်ကို ဆန့်ထုတ်ရန် ခက်ခဲနေတတ်ပြီး အနည်းငယ်အားစိုက်ကာ ဆန့်လိုက်မှ မြည်သံခံစားမှုနှင့်အတူ ရုတ်တရက် ဖြောင့်တန်းသွားလေ့ရှိသည်။ ဤဖြစ်စဉ်သည် သေနတ်ခလုတ်ကို ဆွဲလိုက်သည့်ပုံစံနှင့် ဆင်တူသောကြောင့် Trigger Finger ဟုခေါ်ဆိုသည်။ တစ်ခါတစ်ရံ အဆစ်သည် လုံးဝတောင့်တင်းကာ ဆန့်ထုတ်၍ မရနိုင်ဘဲ အခြားလက်တစ်ဖက်ဖြင့် ကူညီဆန့်ထုတ်ပေးရခြင်းမျိုးလည်း ရှိနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အရွတ်ကြော (Tendon) များသည် ကြွက်သားနှင့် အရိုးကို ဆက်သွယ်ပေးထားသည့် ကြိုးနှင့်တူသော အစိတ်အပိုင်းဖြစ်သည်။ ကြွက်သားနှင့် အရွတ်ကြောများ ပေါင်းစပ်လှုပ်ရှားမှုဖြင့် လက်မနှင့် လက်ချောင်းများ၏ အဆစ်များ ကွေးခြင်း၊ ဆန့်ခြင်းကို ချောမွေ့စေသည်။ ယင်းအရွတ်ကြောများ နေရာတကျရှိစေရန်၊ ချောမွေ့စွာ ရွေ့လျားနိုင်စေရန်နှင့် ကာကွယ်ပေးရန်အတွက် အရွတ်ကြောအကာ (Tendon Sheath) ဟုခေါ်သော အလွှာတစ်လွှာဖြင့် ဖုံးအုပ်ထားသည်။

လက်ချောင်းအကြောညပ်ခြင်းသည် ထိုဖုံးအုပ်ထားသည့် အရွတ်ကြောအကာ အထူးသဖြင့် လက်ချောင်း၏ အရင်းပိုင်းနေရာ၌ရှိသော A1 Pulley (ကြိုးဆွဲစက်သီးသဖွယ် လုပ်ဆောင်သည့် အစိတ်အပိုင်း) ရောင်ရမ်းထူထဲလာခြင်း သို့မဟုတ် အရွတ်ပေါ်၌ အဖုအထစ် (Nodule) များ ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်သည်။ ထိုသို့ရောင်ရမ်းထူထဲလာသောအခါ အရွတ်ကြောရွေ့လျားမှုသည် အဟန့်အတားဖြစ်ကာ ချောမွေ့မှုမရှိဘဲ ထစ်နေတတ်သည်။ ထိုအခါ လက်မ သို့မဟုတ် လက်ချောင်း၏အဆစ်သည် ကွေးနေသည့်အနေအထားတွင် တောင့်တင်းစွာ ထစ်နေပြီး ပြန်လည်ဆန့်ထုတ်ရန် အားစိုက်ရခြင်း သို့မဟုတ် အခြားလက်တစ်ဖက်ဖြင့် ကူညီဆန့်ထုတ်ပေးရခြင်းမျိုး ပြုလုပ်ပေးရသည်။

ဖြစ်ပွားနိုင်ခြေများသူများ (Risk Factors)

လက်ချောင်း အကြောညပ်ခြင်းသည် မည်သူမဆို ဖြစ်ပွါးနိုင်သော်လည်း အောက်ပါအခြေအနေများတွင် ပိုမိုအဖြစ်များသည်။

  1. အသက်အရွယ်နှင့် ကျား၊ မ
    • အသက် (၄၀ – ၆၀) ကြားတွင် အဖြစ်များဆုံးဖြစ်သည်
    • အမျိုးသမီးများတွင် အမျိုးသားများထက် ပိုမိုအတွေ့ရများသည်
  2. လက်ကို အလွန်အကျွံ အသုံးပြုရသော အလုပ်အကိုင်နှင့် ဝါသနာများရှိခြင်း
    • လက်မ၊ လက်ချောင်းဆစ်များကို အသုံးပြု၍ ထပ်ခါထပ်ခါ လှုပ်ရှားခြင်း၊ ဆုပ်ကိုင်ခြင်း၊ ဖိညှစ်ကိုင်တွယ်ခြင်းပြုလုပ်ရသည့် အလုပ် သို့မဟုတ် ဝါသနာများသည် ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေသည်
      ဥပမာ_
      • ဥယျာဉ်ခြံနှင့် လယ်ယာလုပ်ငန်းခွင်များ (ကိရိယာတန်ဆာပလာများကို ကိုင်တွယ်ရသူများ)
      • စက်ကိရိယာကိုင်တွယ်အသုံးပြုရသည့် လုပ်ငန်းခွင်များ
      • ဂီတတူရိယာပစ္စည်းများ တီးခတ်သူများ (ဥပမာ _ ဂစ်တာ၊ ဘေ့စ်၊ တယော စသည်တို့)
      • အားကစားသမားများ (ဥပမာ _ ကြက်တောင်ရိုက်ကစားခြင်း၊ တင်းနစ်ရိုက်ကစားခြင်း)
      • ဖုန်း သို့မဟုတ် ကွန်ပျူတာ အလွန်အကျွံသုံးစွဲသူများ (စာရိုက်ခြင်း၊ ဂိမ်းကစားခြင်း)
  3. အကြောင်းရင်းခံရောဂါများရှိခြင်း
    အောက်ပါရောဂါများကို ခံစားနေရသူများတွင်လည်း လက်ချောင်းအကြောညပ်ခြင်း ဖြစ်နိုင်ခြေ သိသိသာသာ များပြားသည်။
    • ဆီးချိုရောဂါ (Diabetes Mellitus)
    • ရူမတွိုက် အဆစ်ရောင်ရောဂါ (Rheumatoid Arthritis)
    • အဆစ်ကျီးပေါင်းတက်ရောဂါ (Osteoarthritis)
    • ဂေါက်ရောဂါ (Gout)
    • အေမိုင်းလွိုက်ပရိုတိန်း စုပုံအနည်ကျသောရောဂါ (Amyloidosis)
    • သိုင်းရွိုက်ရောဂါများ (Thyroid diseases)
ရောဂါလက္ခဏာများ

လက်ချောင်း အကြောညပ်ခြင်းတွင် အတွေ့ရများဆုံး လက္ခဏာများမှာ လက်မ သို့မဟုတ် လက်ချောင်းများ၌

  • လှုပ်ရှားမှုများ ပြုလုပ်ချိန်တွင် ထစ်နေသည်ကို ခံစားသိရှိခြင်း
  • ကွေးသည့်အချိန်တွင် နာကျင်ခြင်း၊ တင်းတောင့်နေခြင်း
  • ကွေးသည့်အချိန်တွင် အရင်းနေရာ လက်ဖဝါးပေါ်တွင် ရောင်ရမ်းနေကာ နာကျင်မှု ခံစားရခြင်း၊ အထူးသဖြင့် အရာဝတ္ထုတစ်ခုကို ကိုင်တွယ်ဆုပ်ကိုင်လိုက်သည့်အချိန်တွင် နာကျင်မှု ပိုဆိုးခြင်း
  • ကွေးနေသည့် အနေအထားတွင် ထစ်နေခြင်း၊ အားအနည်းငယ်စိုက်လိုက်မှသာ ဖြောင့်တန်းသွားခြင်း၊ တခါတရံတွင် အခြားလက်တစ်ဖက်ဖြင့် ဆွဲဆန့်ရန် လိုအပ်ခြင်း စသည့်လက္ခဏာများ ခံစားရသည်

လက်ချောင်းအရွတ်ကြော ထစ်ခြင်းနှင့် အဆစ်တင်းတောင့်ခြင်းတို့မှာ မနက်စောစောအချိန်တွင် ပိုဆိုးတတ်ပြီး လက်ချောင်းလှုပ်ရှားမှုများ စတင်ပြီးနောက်ပိုင်း တဖြည်းဖြည်း ပိုသက်သာလာတတ်သည်။

နောက်ဆက်တွဲပြဿနာများ
  • လက်မ သို့မဟုတ် လက်ချောင်းတစ်ခုခုတွင် အကြောညပ်ခြင်းကြောင့် အဆစ်လှုပ်ရှားမှုများ ချောမွေ့မှု မရှိသဖြင့် လက်ချောင်းများဖြင့် အသုံးပြုရသည့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရ ခက်ခဲလာသည်
  • ကာလကြာရှည်လာပါက နာတာရှည်နာကျင်မှုခံစားရနိုင်ပြီး လက်ချောင်းဆစ် ကွေးနေရာမှ မဆန့်နိုင်သည့် အနေအထား ဖြစ်လာသည်
  • လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ဆောင်ရွက်ရမှုများ အခက်အခဲရှိနိုင်ပြီး စိတ်ပိုင်းဆိုင်ရာပြဿနာများလည်း ခံစားရနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီး‌ ကုသပေးမည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

အရေးပေါ်ပြသရန်
လက်ချောင်းလေးများ မလှုပ်နိုင်အောင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့်အတူ ကိုယ်အပူချိန်တက်လာပါက အရေးပေါ်ကုသမှု လိုအပ်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် လက်ချောင်း အကြောညပ်ခြင်းရောဂါကို သိရှိနိုင်ပြီး ပြင်းထန်မှုကိုပါ ခန့်မှန်းနိုင်သည်။ ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်းတို့ လိုအပ်နိုင်သည်။ တွဲဖက်ရှိနေနိုင်သော အကြောင်းရင်းခံရောဂါများကို သိရှိနိုင်ရန်လည်း ဆက်လက်စစ်ဆေးရနိုင်သည်။

ကုသခြင်း

ခံစားရသည့် ရောဂါလက္ခဏာ ပြင်းထန်မှုအပေါ် မူတည်၍ ကုသမှုပေးသည်။

မခွဲစိတ်ဘဲကုသသည့်နည်းလမ်း
  • လက်ကိုအနားပေးခြင်း
    လက်ချောင်းလေးများကို ထပ်ခါထပ်ခါ အသုံးပြုရသည့် အလုပ်အကိုင်များနှင့် အားကစားလုပ်ခြင်းများကို ရပ်နားထားသင့်သည်။
  • လက်ချောင်းအဆစ်အထိန်း (Trigger Finger Splint) ဝတ်ဆင်ခြင်း
    လက်မ၊ လက်ချောင်းရှိ အရွတ်ကြော အနားရရန်အတွက် လက်ချောင်းအဆစ်များ ငြိမ်နေစေရန် အထိန်းများ ဝတ်ဆင်နိုင်သည်။
  • ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ
    • လက်ချောင်းလှုပ်ရှားမှု ချောမွေ့စေရန် လေ့ကျင့်ခန်းများ ပြုလုပ်ရမည်၊ လက်ချောင်းများကို ဘေးသို့ကား၍ ဆန့်တန်းမှုကို (၅-၁၀) စက္ကန့်ခန့် ထိန်းထားခြင်းကို (၁၀) ကြိမ်ခန့် မနက်၊ ည လုပ်နိုင်သည်၊ ရုတ်တရက်ကွေးခြင်း၊ ဆန့်ထုတ်ခြင်းမျိုး မပြုလုပ်ရဘဲ ညင်သာစွာ ပြုလုပ်ရမည်
    • သံပရာသီးကို လက်နှင့် ခပ်ဖွဖွဆုပ်ကိုင်ပေးရာမှ ဖြည်းညင်းစွာ ခပ်တင်းတင်း ဆုပ်ကိုင်နိုင်သည်၊ လေ့ကျင့်ခန်းကို တစ်ခါလုပ်လျှင် (၅-၁၀) မိနစ်ခန့်လုပ်ပြီး တစ်နေ့ (၄-၅) ကြိမ် လုပ်နိုင်သည်
    • နာကျင်မှု ဆက်တိုက်ခံစားနေရပါက လေ့ကျင့်ခန်းရပ်ပြီး ဆေးရုံ၊ ဆေးခန်းသို့ ပြန်ပြရမည်
  • ဆေးဝါးဖြင့်ကုသခြင်း
    ပါရာစီတမောအိုင်ဗျူပရိုဖဲင် စသည့် အနာသက်သာသည့်ဆေးများနှင့် အရောင်လျော့စေသည့်ဆေးများဖြင့် ကုသသည်။
  • အရွတ်ကြောအတွင်းသို့ ဆေးထိုးခြင်း (Corticosteroid injection)
    ရောင်ရမ်းမှုနှင့်နာကျင်မှု သက်သာစေရန် လက်မ သို့မဟုတ် လက်ချောင်း၏ အရွတ်ကြောအကာအတွင်းသို့ စတီးရွိုက်ထိုးဆေးထိုးခြင်းဖြင့် ကုသနိုင်သည်။
ခွဲစိတ်ကုသသည့်နည်းလမ်း

အထက်ပါနည်းလမ်းများဖြင့် ကုသသော်လည်း သက်သာမှုမရှိပါက ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။ နာကျင်မှုမရှိစေရန် ထုံ​ဆေးအသုံးပြုပြီး ထူထဲရောင်ရမ်းနေသည့် အရွတ်ကြောအကာကို လှီးဖြတ်လိုက်ခြင်းဖြင့် အရွတ်ကြောထစ်ခြင်းကို သက်သာစေသည်။ ဤခွဲစိတ်မှုသည် ဆေးရုံတက်ရန်မလိုသော ပြင်ပလူနာခွဲစိတ်မှုသာ ဖြစ်သည်။

ကာကွယ်ခြင်း
  • လက်မနှင့် လက်ချောင်းများကို အလွန်အမင်းအသုံးပြုခြင်းမှ ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံး ကာကွယ်နည်းဖြစ်သည်
  • လုပ်ငန်းခွင်နှင့် ကိုယ်လက်လှုပ်ရှား အားကစားများတွင် သင့်လျော်သော အကာအကွယ်များ နည်းစနစ်ကျစွာ အသုံးပြုရမည်
  • လက်မနှင့်လက်ချောင်းများကို မဖြစ်မနေ အသုံးပြုလုပ်ကိုင်ရမည်ဆိုပါက အချိန်အနည်းငယ် အနားပေးကာ လုပ်ကိုင်ရမည်

References:

  1. Cleveland Clinic. (2023). Trigger finger. Retrieved October 12, 2025, from https://my.clevelandclinic.org/health/diseases/7080-trigger-finger
  2. Mayo Clinic. (n.d.). Trigger finger: Symptoms & causes. Retrieved October 12, 2025, from https://www.mayoclinic.org/diseases-conditions/trigger-finger/symptoms-causes/syc-20365100
  3. WebMD. (n.d.). Trigger finger (rheumatoid arthritis). Retrieved October 12, 2025, from https://www.webmd.com/rheumatoid-arthritis/trigger-finger
  4. NHS. (n.d.). Trigger finger. Retrieved October 12, 2025, from https://www.nhs.uk/conditions/trigger-finger/

Published: 21 October 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

21 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Atrial Septal Defect (ASD) (နှလုံး ဘယ်၊ ညာ သွေးဝင်ခန်းနံရံတွင် အပေါက်ပါခြင်း)
Mar 28, 2026
Diseases and Conditions

Atrial Septal Defect (ASD) (နှလုံး ဘယ်၊ ညာ သွေးဝင်ခန်းနံရံတွင် အပေါက်ပါခြင်း)

Atrial Septal Defect (ASD) သည် နှုတ်ခမ်း၊ လျှာ၊ လက်သည်း ပြာခြင်းမရှိသော...

Keloid (ဖောင်းကြွအမာရွတ်တစ်ရှူး)
Mar 28, 2026
Diseases and Conditions

Keloid (ဖောင်းကြွအမာရွတ်တစ်ရှူး)

Keloid အမာရွတ်ဆိုသည်မှာ အရေပြားဒဏ်ရာရပြီး အနာကျက်ခြင်းဖြစ်စဉ်တွင်...

Gynaecomastia (အမျိုးသား ရင်သားကြီးထွားခြင်း)
Mar 26, 2026
Diseases and Conditions

Gynaecomastia (အမျိုးသား ရင်သားကြီးထွားခြင်း)

အမျိုးသားများတွင် ရင်သားကြီးထွားခြင်းအခြေအနေသည် အတွေ့ရများသော...