ကျောက်ကပ်ကျောက်တည်ခြင်း (Kidney stones) ကို ဆေးပညာအရ Renal Calculi သို့မဟုတ် Nephrolithiasis ဟူ၍လည်း ခေါ်ဆိုနိုင်သည်။ ဆီးလမ်းကြောင်းအတွင်း သတ္တုဓာတ်များ (minerals) သို့မဟုတ် ဆားဓာတ် ပုံဆောင်ခဲများ (crystals) စုစည်းရာမှ မာကျောသည့် အခဲများ (solid masses or crystals) ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုအခဲများသည် သဲမှုန်အရွယ်အစားခန့်သာ သေးငယ်နိုင်သကဲ့သို့၊ ရှားရှားပါးပါးအားဖြင့် ဂေါက်သီးလုံးထက်ပင် ပို၍ ကြီးမားနိုင်သည်။ ကျောက်အများစုသည် ဆီးသွားသည့်အခါ ပါသွားတတ်ပြီး ဆီးလမ်းကြောင်းတစ်လျှောက် ရွေ့လျားသွားချိန်တွင် အလွန်နာကျင်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဆီးထဲတွင် ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ အောက်ဇာလိတ်နှင့် ယူရစ်အက်ဆစ်ကဲ့သို့သော သတ္ထုဓာတ်များ၊ အက်ဆစ်ဓာတ်များနှင့် အခြားဓာတ်ပစ္စည်းများ ပါဝင်ကြသည်။ ဆီးတွင် အဆိုပါ ဓာတ်ပစ္စည်းပမာဏ များလာပြီး ဆီးပမာဏ နည်းသည့်အခါ ကျောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုသို့ ကျောက်များ ဖြစ်ပေါ်ရန် လနှင့်ချီ၍ သို့မဟုတ် နှစ်နှင့်ချီ၍ ကြာမြင့်သည်။
ကျောက်အမျိုးအစားများနှင့် အဓိကဖြစ်စေသည့်အကြောင်းရင်းများ
ကျောက်များကို ဖွဲ့စည်းထားသည့် ပါဝင်ဓာတ်ပစ္စည်းအမျိုးအစားအလိုက် ခွဲခြားနိုင်သည်။
ကယ်လ်ဆီယမ်ကျောက်များ (Calcium stones)
ကယ်လ်ဆီယမ်အခြေခံကျောက်များသည် ကျောက်ကပ်ကျောက်များထဲတွင် အဖြစ်အများဆုံးဖြစ်သည်။ အများအားဖြင့် ကယ်လ်ဆီယမ်-အောက်ဇာလိတ် (Calcium oxalate) ကျောက်များဖြစ်ပြီး ကယ်လ်ဆီယမ်-ဖော့စ်ဖိတ် (Calcium phosphate) ကျောက်များလည်း ပါဝင်သည်။
ဆီးတွင်း ကယ်လ်ဆီယမ်ဓာတ်ပါဝင်မှု များစေသော ရောဂါအခြေအနေများ (Hypercalciuria)
- Primary hyperparathyroidism ဟု ခေါ်သည့် ပါရာသိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါ
- မွေးရာပါ အကြောင်းရင်းခံမသိဘဲဖြစ်သော ဆီးတွင်း ကယ်လ်ဆီယမ်ဓာတ်များခြင်း (Idiopathic hypercalciuria)
- အစားအသောက်
- အသားဓာတ်နှင့် ဆားဓာတ် ပါဝင်မှုများသော အစားအစာများ
- ဗီတာမင် ဒီ ဓာတ်များသော အစားအစာများအလွန်အကျွံ စားသုံးခြင်း (နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဆယ်မွန်ငါးကဲ့သို့ အဆီများသော ငါးများ၊ ဥအနှစ်၊ အသည်း စသည်)
ဆီးတွင်း အောက်ဇာလိတ်ဓာတ်ပါဝင်မှု များစေသော ရောဂါအခြေအနေများ (Hyperoxaluria)
- မျိုးရိုးလိုက်သော ရှားပါး မွေးရာပါအင်ဇိုင်းချို့တဲ့ခြင်း (Primary hyperoxaluria)
- အူလမ်းကြောင်းဆိုင်ရာ ရောဂါအခြေအနေများ
- နာတာရှည် အူရောင်ရမ်းနာရောဂါများ (inflammatory bowel disease)
- အဝလွန်ခြင်းအား ခွဲစိတ်ကုသမှုတစ်မျိုးဖြစ်သည့် အူလမ်းကြောင်းလွှဲခွဲစိတ်မှု
- အောက်ဇာလိတ်ဓာတ်မြင့်မားသော အစားအစာများအလွန်အကျွံ စားခြင်း (ဟင်းနုနယ်ရွက်၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အာလူး၊ ပန်းဂေါ်ဖီ စသည့် ဟင်းသီးဟင်းရွက်များ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ မြေပဲ၊ နှမ်း စသည့် အစေ့အဆန်များ၊ ကိုကိုးမှုန့်၊ လက်ဖက်ရည်၊ ပဲနို့ စသည်)
ကယ်လ်ဆီယမ်-ဖော့စ်ဖိတ် ကျောက်တည်စေသည့် အခြေအနေများ
- ပါရာသိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါ
- Renal tubular acidosis ဖြစ်စေသော ရောဂါများ
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း စသည်တို့ဖြစ်သည်။
ယူရစ်အက်ဆစ်ကျောက်များ (Uric acid stones)
အသားဓာတ်ကြွယ်ဝသော အစားအစာများ (ဥပမာ _ အမဲသား၊ ကြက်၊ ဝက်၊ ဥများနှင့် ငါး) အလွန်အကျွံစားသုံးခြင်းသည် ယူရစ်အက်ဆစ်ကျောက်များ ဖြစ်ပေါ်စေနိုင်သည်။
ရေဓာတ်ဆုံးရှုံးမှု များသူများ၊ ဆီးချိုရောဂါရှိသူများ သို့မဟုတ် ဆီးတွင်း ယူရစ်အက်ဆစ်ဓာတ်များစေသော မျိုးရိုးဗီဇဆိုင်ရာ အချက်များကြောင့်လည်း ဖြစ်နိုင်သည်။
စထရူဗိုက်ကျောက်များ (Struvite stones)
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည်။ ဤကျောက်များသည် အလွန်လျင်မြန်စွာ ကြီးထွားနိုင်သည်။
ဆစ်စတင်းကျောက်များ (Cystine stones)
ဤကျောက်များသည် မျိုးရိုးလိုက်သည့် Cystinuria ခေါ် မွေးရာပါ အခြေအနေကြောင့် ဖြစ်ပေါ်သည်။
ကျောက်ကပ်ကျောက်တည်ခြင်း ပိုမိုဖြစ်စေနိုင်သော အချက်များ
- အရည် လုံလောက်စွာ မသောက်ခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း
- အသားနှင့် အခြားပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများ အလွန်အကျွံ စားခြင်း
- ဆိုဒီယမ် သို့မဟုတ် သကြား (sucrose, fructose) ဓာတ် မြင့်မားသော အစားအစာများ စားခြင်း
- ကိုယ်အလေးချိန်များခြင်း (အဝလွန်ခြင်း)
- မျိုးရိုးထဲတွင် ကျောက်ကပ်ကျောက်တည်ဖူးသူ ရှိခြင်း
- ဆီးလမ်းကြောင်းတွင် ပိတ်ဆို့မှု ရှိခြင်း
- အချို့သောဆေးဝါးများ (ဥပမာ _ ဆီးဆေးအချို့၊ ကယ်လ်ဆီယမ်အခြေခံ အက်ဆစ်လျှော့ဆေးများ၊ အချို့သော အတက်ကျဆေးများ)
- ဆီးချိုရောဂါ၊ ဂေါက်ရောဂါ၊ သွေးတိုး၊ နာတာရှည်အူရောင်ရမ်းနာရောဂါ
ရောဂါလက္ခဏာများ
ကျောက်ကပ်ကျောက်များသည် ကျောက်ကပ်အတွင်း လှည့်လည်သွားလာခြင်း သို့မဟုတ် ဆီးပြွန် (ureters) အတွင်းသို့ ရောက်ရှိသွားခြင်း မရှိမချင်း ရောဂါလက္ခဏာများ မပြသတတ်ပါ။ သေးငယ်သောကျောက်များသည် လက္ခဏာမပြဘဲ ဆီးနှင့်အတူ ပါသွားနိုင်သည်။
ပြင်းထန်စွာနာကျင်ခြင်း
- ကျောက်ကပ်ကျောက်များ၏ အဓိကလက္ခဏာဖြစ်သည်
- ခါးအောက်ပိုင်း၊ ခါးကျောရိုး ဘေးဘက် နံရိုးအောက် တစ်ဖက်တစ်ချက်တွင် နာကျင်ခြင်း (flank pain) ဖြစ်သည်
- ဤနာကျင်မှုသည် ခါးမှတစ်ဆင့် ပေါင်ခြံသို့ ရွေ့လျား၍ အလွန်ဆိုးဝါးစွာ ထိုးအောင့်တတ်သည်
- အကယ်၍ ကျောက်သည် ဆီးပို့ပြွန်အတွင်း ပိတ်မိသွားပြီး ဆီးပို့ပြွန်က ကျောက်ကို ညှစ်ထုတ်သည့်အခါ မခံမရပ်နိုင်အောင် ထိုးအောင့်နာကျင်တတ်သည်
အခြားလက္ခဏာများ
- ပျို့အန်ခြင်း
- ဆီးတွင် သွေးပါခြင်း (ပန်းရောင်၊ အနီရောင် သို့မဟုတ် အညိုရောင် ဆီးသွားခြင်း)
- ဆီးသွားသည့်အခါ နာကျင်ခြင်း သို့မဟုတ် ပူစပ်ပူလောင် ဖြစ်ခြင်း
- ဆီးညှစ်ပေါက်ရခြင်း သို့မဟုတ် ပုံမှန်ထက် ပိုမိုမကြာခဏ ဆီးသွားခြင်း၊ ဆီးပမာဏ အနည်းငယ်သာ သွားနိုင်ခြင်း
- ဆီးမသွားနိုင်ခြင်း သို့မဟုတ် ဆီးမထွက်ခြင်း
- ပိုးဝင်ပါက ဖျားခြင်းနှင့် ချမ်းတုန်ခြင်း
- ဆီးအရောင် နောက်ကျိခြင်း သို့မဟုတ် ဆီးအနံ့ဆိုးခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အောက်ပါလက္ခဏာများ ခံစားရပါက အရေးပေါ်ဌာနသို့ ချက်ချင်း သွားရောက်ပြသသင့်သည်။
- မခံမရပ်နိုင်အောင် အလွန်ပြင်းထန်စွာ နာကျင်ခြင်း
- နာကျင်မှုနှင့်အတူ ပျို့အန်ခြင်း
- နာကျင်မှုနှင့်အတူ ဖျားခြင်းနှင့် ချမ်းတုန်ခြင်း
- ဆီးထဲသွေးပါနေခြင်း
- ဆီးသွားရ ခက်ခဲနေခြင်း သို့မဟုတ် လုံးဝ ဆီးမသွားနိုင်ခြင်း
ရောဂါရှာဖွေခြင်း
ရောဂါလက္ခဏာများ မေးမြန်းခြင်း၊ ဝမ်းဗိုက်စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်မည်။ ထို့နောက်လိုအပ်သော ပုံရိပ်ဖော်စစ်ဆေးမှု (Imaging)၊ သွေးစစ်ဆေးမှုနှင့် ဆီးစစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်သည်။
- ဆီးစစ်ဆေးခြင်း
ဆီးတွင် သွေးပါဝင်မှု၊ ကျောက်တည်စေနိုင်သည့် ပုံဆောင်ခဲများနှင့် ပိုးဝင်နေသည့် လက္ခဏာများကို စစ်ဆေးနိုင်သည်။ ကျောက်တည်စေသည့် သတ္ထုဓာတ်များ သို့မဟုတ် အခြားဓာတ်ပစ္စည်းများ ပါဝင်မှု ပမာဏကို စစ်ဆေးရန် (၂၄) နာရီ ဆီးစုဆောင်း၍ စစ်ဆေးခြင်းလည်း ညွှန်ကြားနိုင်သည်။ - သွေးစစ်ဆေးခြင်း
ကျောက်ကပ်လုပ်ငန်းဆောင်တာများကို စစ်ဆေးရန်၊ ပိုးဝင်ခြင်း ရှိမရှိ သိနိုင်ရန်နှင့် သွေးတွင်း ကယ်လ်ဆီယမ် သို့မဟုတ် ယူရစ်အက်ဆစ်ကဲ့သို့သော ကျောက်တည်စေသည့် ဓာတ်ပစ္စည်းများ မြင့်မားနေခြင်းကို စစ်ဆေးသိရှိနိုင်သည်။ - ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging)
ကျောက်၏ အရွယ်အစား၊ ပုံသဏ္ဌာန်၊ တည်နေရာနှင့် အရေအတွက်တို့ကို သိရှိနိုင်သည်။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ဓာတ်မှန် (KUB X-ray) သို့မဟုတ် ဝမ်းဗိုက်အာထရာဆောင်း (USG) တို့ကို ကနဦး ညွှန်ကြားမည်ဖြစ်သည်။ လိုအပ်ပါက ကွန်ပျူတာဓာတ်မှန် (CT Scan) ဆက်လက်ပြုလုပ်ရန် ညွှန်ကြားမည်ဖြစ်သည်။ - ဆီးတွင်း စွန့်ထုတ်လိုက်သောကျောက်ကို ခွဲခြမ်းစိတ်ဖြာခြင်း (Analysis of passed stones)
ကျောက်ကို ဓာတ်ခွဲခန်းသို့ ပေးပို့၍ ၎င်း၏ ဓာတုဖွဲ့စည်းပုံ (chemical makeup) ကို စစ်ဆေးခြင်း ဖြစ်သည်။ ထိုသို့ စစ်ဆေးခြင်းဖြင့် ကျောက်တည်ရခြင်း၏ အကြောင်းရင်းကို တိကျစွာ သိရှိနိုင်ပြီး နောက်ထပ်ကျောက်မတည်စေရန် ကာကွယ်နိုင်သည်။
ကုသခြင်း
ကျောက်ကပ်ကျောက် ကုသမှုသည် ကျောက်၏ အရွယ်အစား၊ တည်နေရာ၊ အမျိုးအစား၊ ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများအပေါ် မူတည်သည်။
စောင့်ကြည့်ကုသခြင်း (Watchful waiting)
- ရောဂါလက္ခဏာမပြသသေးသည့် အရွယ်အစား (၅) မီလီမီတာ (၀.၅ cm) ထက်ငယ်သော ကျောက်များသည် သူ့အလိုအလျောက် ဆီးနှင့်အတူ ပါသွားနိုင်ခြေရှိသောကြောင့် စောင့်ကြည့်ကုသနိုင်သည်
- တစ်နှစ် တစ်ကြိမ် အာထရာဆောင်း သို့မဟုတ် ဓာတ်မှန်ရိုက်ခြင်း ပြုလုပ်သည်
- စောင့်ကြည့်ကုသစဥ် ကျောက်အရွယ်အစားကြီးလာပါက သို့မဟုတ် ရောဂါလက္ခဏာပေါ်လာပါက အခြားကုထုံးများဖြင့် ကုသရန် လိုအပ်သည်
ဆေးဝါးများဖြင့်ကုသခြင်း
- အကိုက်အခဲပျောက်ဆေးများ
ရုတ်တရက် ပြင်းထန်စွာ ထိုးအောင့်သောအခါ နာကျင်မှု သက်သာစေရန် အသုံးပြုသည်။ - Non-Steroidal Anti-Inflammatory Drugs (NSAIDs) စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေး
ကျောက်ကပ်ကျောက်ကြောင့် ရုတ်တရက် ပြင်းထန်သော နာကျင်မှု ထိရောက်သောဆေးဖြစ်သည်။ ထိုးဆေး၊ သောက်ဆေး သို့မဟုတ် စအိုတွင်းထည့် ဆေးတောင့်အနေဖြင့် အသုံးပြုနိုင်သည်။
ဤဆေးများသည် အချို့သောလူနာများတွင် အောက်ပါဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သောကြောင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိကျစွာ လိုက်နာပါ။- အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ (ဥပမာ _ ဗိုက်အောင့်ခြင်း၊ အစာအိမ်တွင် အနာဖြစ်ခြင်း သို့မဟုတ် သွေးထွက်ခြင်း)
- ကျောက်ကပ်လုပ်ဆောင်မှုကို ထိခိုက်စေခြင်း
- ဘိန်းပါဝင်သော မူးယစ်ဆေးကဲ့သို့သော ဆေးများ (Opioids)
စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးဖြင့် မသက်သာလျှင် အသုံးပြုနိုင်သည်။ - ပဋိဇီဝပိုးသတ်ဆေးများ
ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary tract infection)၊ သွေးတွင်းဘတ်တီးရီးယားပိုးဝင်ခြင်း (Bacteraemia) စသည့် အခြေအနေများတွင် အသုံးပြုသည်။ - Alpha blockers ဆေးများ
ဆီးပို့ပြွန် (ureter) ရှိ ကြွက်သားများကို ပြေလျော့စေပြီး ကျောက်ကို ပိုမိုမြန်ဆန်စွာ စွန့်ထုတ်နိုင်ရန် ကူညီပေးပါသည်။ (ဥပမာ – tamsulosin ဆေး) - ကျောက်ပျော်ဆေးများ
- ဆီးကို အယ်လ်ကာလီဖြစ်စေသော ဆေးဝါးများ
- Alkaline citrates
- Sodium bicarbonate ဆေးများ
- ဆီးတွင်း ယူရစ်အက်ဆစ်ဓာတ်များခြင်းအတွက် ဆေးဝါးများ
- Allopurinol ဆေး
- Febuxostat ဆေး
- ဆီးကို အယ်လ်ကာလီဖြစ်စေသော ဆေးဝါးများ
ကျောက်ကပ် ကျောက်ချေခြင်းနှင့် ကျောက်ကပ်ကျောက် ဖယ်ရှားခြင်း
ကျောက်ကပ်ကျောက်ချေခြင်းနှင့် ကျောက်ကပ်ကျောက် ဖယ်ရှားခြင်း နည်းလမ်းများမှာ_
- အသံလှိုင်းဖြင့် ကျောက်ချေကုသခြင်း (Extracorporeal Shockwave Lithotripsy – ESWL)
- ဆီးလမ်းကြောင်း မှန်ပြောင်းအသုံးပြု၍ ကျောက်ချေဖယ်ရှားခြင်း (Retrograde Intrarenal Surgery – RIRS)
- အပေါက်ငယ်ဖောက်၍ ကျောက်ချေကုသခြင်း (Percutaneous Nephrolithotomy)
- ခွဲစိတ်ကုသခြင်း (Surgery)
ကုသမည့် နည်းလမ်း ရွေးချယ်ရာတွင်
- ကျောက်အရွယ်အစား
- ကျောက်တည်နေရာ
- ကျောက်၏ သိပ်သည်းဆ
- ကျောက်ကပ်အခြေအနေနှင့်
- လူနာအခြေအနေတို့အပေါ်တွင် မူတည်ဆုံးဖြတ်သည်။
အသံလှိုင်းဖြင့် ကျောက်ချေကုသခြင်း (Extracorporeal Shockwave Lithotripsy)
ကိုယ်ခန္ဓာအပြင်ဘက်မှ အသံလှိုင်းများကို အသုံးပြု၍ ကျောက်များကို ဆီးနှင့်အတူ လွယ်ကူစွာ ပါသွားနိုင်သည့် အမှုန်အမွှားသေးများအဖြစ် ရိုက်ချေခြင်းဖြစ်သည်။ ကျောက်မှုန်ကျောက်မွှားများဖြင့် ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း၊ နာကျင်ခြင်း၊ သွေးခြည်ဥခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။
ဆီးလမ်းကြောင်း မှန်ပြောင်းအသုံးပြု၍ ကျောက်ချေဖယ်ရှားခြင်း (Retrograde Intrarenal Surgery)
ဆီးအိမ်နှင့် ဆီးပို့ပြွန်မှတစ်ဆင့် သေးငယ်သောမှန်ပြောင်း ထည့်သွင်းကာ လေဆာအသုံးပြု၍ ကျောက်ချေဖျက်ခြင်း သို့မဟုတ် အထူးပြုလုပ်ထားသည့် ခြင်းငယ်ဖြင့် ကျောက်ဖယ်ရှားခြင်းတို့ ပြုလုပ်ခြင်းဖြစ်သည်။ ESWL နှင့် PCNL နည်းလမ်းများ မရရှိနိုင်သည့်အခါ သို့မဟုတ် အရွယ်အစား (၂) စင်တီမီတာထက်ကြီးသော ကျောက်များအတွက် အသုံးပြုသည်။
အပေါက်ငယ်ဖောက်၍ ကျောက်ချေကုသခြင်း (Percutaneous Nephrolithotomy (PCNL)
ဤနည်းလမ်းကို အခြားနည်းလမ်းများဖြင့် မကုသနိုင်သည့် အရွယ်အစားကြီးသော ကျောက်များတွင် အသုံးပြုသည်။ ခါးဘေးဘက်ရှိ အရေပြားကို သေးငယ်သော ခွဲကြောင်းပေးပြီး အပေါက်ဖောက်ကာ ကျောက်ကပ်အတွင်းသို့ မှန်ပြောင်း ထည့်သွင်း၍ ကျောက်ချေဖယ်ရှားခြင်းဖြစ်သည်။ ဤနည်းလမ်းသည် များသောအားဖြင့် မေ့ဆေးလိုအပ်ပြီး ဆေးရုံတွင် (၁)ရက် မှ (၃) ရက်အထိ နေထိုင်ရနိုင်သည်။
အပေါက်ဖောက်သည့်နေရာတွင် သွေးယိုစိမ့်နိုင်သည့် အန္တရာယ်ရှိသည်။ (အထူးသဖြင့် သွေးမခဲဆေး အသုံးပြုနေသည့်သူများ)
ခွဲစိတ်ဖယ်ရှားခြင်း (Surgery)
အထက်ဖော်ပြပါ နည်းလမ်းများဖြင့် မပျောက်ကင်းနိုင်သော သို့မဟုတ် အထက်ပါ နည်းလမ်းများ အသုံးမပြုနိုင်သော အခြေအနေများတွင် ခွဲစိတ်ဖယ်ရှားရန် လိုအပ်သည်။
ခွဲကြောင်းပေး၍ ခွဲစိတ်ခြင်း (Open) နှင့် မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laparoscopic) တို့ ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း
ကျောက်ကပ်ကျောက်တည်ဖူးသူများသည် နောင်တစ်ချိန်တွင် ထပ်မံတည်နိုင်ခြေ မြင့်မားသည်။ [(၅) နှစ်အတွင်း (၅၀%) ခန့် ကျောက်ပြန်တည်နိုင်ခြေ ရှိသည်] ကျောက်ကို ဓာတ်ခွဲခန်းသို့ ပေးပို့၍ ၎င်း၏ ဓာတုဖွဲ့စည်းပုံ (chemical makeup) ကို စစ်ဆေးခြင်းဖြင့် ကျောက်တည်ရခြင်း၏ အကြောင်းရင်းကို တိကျစွာ သိရှိနိုင်ပြီး နောက်ထပ်ကျောက်မတည်စေရန် ကာကွယ်နိုင်သည်။
ကာကွယ်ရန်အတွက် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် ကျောက်ကပ်ကျောက်ကာကွယ်သည့် ဆေးဝါးများ သောက်သုံးခြင်းတို့ကို ပေါင်းစပ်ပြုလုပ်ရန် လိုအပ်သည်။
နေထိုင်မှုပုံစံနှင့် အစားအသောက်ပြောင်းလဲခြင်း
- ရေများများသောက်ခြင်း
- ရေများများသောက်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ ဆီးသည် အရောင်ဖျော့၍ ကြည်လင်နေသည်အထိ ရေလုံလောက်စွာ သောက်ပါ
- အသီးအရွက်နှင့် အသားဓာတ် ညီမျှစွာ စားသုံးခြင်း
- ဆိုဒီယမ်နှင့် သကြားဓာတ်ကို လျှော့စားခြင်း
- အောက်ဇာလိတ်ဓာတ်မြင့်မားသော အစားအစာများ လျှော့စားခြင်း
- ကယ်လ်ဆီယမ်-အောက်ဇာလိတ်ကျောက်များ ဖြစ်ဖူးပါက ဟင်းနုနယ်၊ ထိပ်ချွန်းသီး (rhubarb)၊ မြေပဲနှင့် သစ်ပင်သီးနှံအခွံမာသီးများ၊ ကိုကိုး၊ လက်ဖက်ခြောက် ကဲ့သို့သော အောက်ဇာလိတ်ဓာတ် မြင့်မားသည့် အစားအစာများ လျှော့စားရန် လိုအပ်သည်
- ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများ စားသုံးခြင်း
- အစားအစာမှရသော ကယ်လ်ဆီယမ်သည် ကျောက်ကပ်ကျောက်ကို ကာကွယ်နိုင်သည်
- သို့သော် ကယ်လ်ဆီယမ် ဖြည့်စွက်ဆေးများ (supplements) သို့မဟုတ် ကယ်လ်ဆီယမ်ပါဝင်သော အက်ဆစ်လျှော့ဆေးများသည် ကျောက်ဖြစ်နိုင်ခြေကို တိုးစေနိုင်သဖြင့် ဆရာဝန်၏ အကြံပြုချက်အရသာ သောက်သုံးသင့်သည်
- ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
ဆေးဝါးဖြင့်ကာကွယ်ခြင်း
အစားအသောက် ပြောင်းလဲမှုများဖြင့် မရနိုင်ပါက ကျောက်အမျိုးအစားအလိုက် ဆီးထဲရှိ ဓာတ်သတ္တုပမာဏကို ထိန်းချုပ်ရန် ဆေးဝါးများ ညွှန်ကြားပေးနိုင်သည်။ ဥပမာ _ ကယ်လ်ဆီယမ်ကျောက်များအတွက် သိုင်ယာဇိုက်ဆီးဆေး (Thiazide diuretic) သို့မဟုတ် ပိုတက်ဆီယမ် စီထရိတ် (Potassium citrate)၊ ယူရစ်အက်ဆစ်ကျောက်များအတွက် Allopurinol သို့မဟုတ် ပိုတက်ဆီယမ် စီထရိတ်တို့ကို ညွှန်ကြားနိုင်သည်။
References:
- Cleveland Clinic. (2025). Kidney stones. Retrieved October 9, 2025, from https://my.clevelandclinic.org/health/diseases/15604-kidney-stones
- Mayo Clinic. (n.d.). Kidney stones: Symptoms and causes. Retrieved October 9, 2025, from https://www.mayoclinic.org/diseases-conditions/kidney-stones/symptoms-causes/syc-20355755
- Mayo Clinic. (n.d.). Kidney stones: Diagnosis and treatment. Retrieved October 9, 2025, from https://www.mayoclinic.org/diseases-conditions/kidney-stones/diagnosis-treatment/drc-20355759
- Patient.info. (2023). Kidney stones. Retrieved October 9, 2025, from https://patient.info/kidney-urinary-tract/kidney-stones
Published: 15 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.