Vaginal Fistula (ယောနိလမ်းကြောင်း ဂရင်ဂျီနာ)

Vaginal Fistula (ယောနိလမ်းကြောင်း ဂရင်ဂျီနာ)

ယောနိလမ်းကြောင်း ဂရင်ဂျီနာ (Vaginal Fistula) ဆိုသည်မှာ ယောနိလမ်းကြောင်းနှင့် ဆီးစွန့်ပြွန်၊ ဆီးအိမ်၊ ဆီးပြွန်၊ အူမကြီး သို့မဟုတ် အစာဟောင်းအိမ်ကြား ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်ဖြစ်ပေါ်ခြင်းဖြစ်ပြီး ယောနိလမ်းကြောင်းဘက် အပေါက်မှ ဆီး သို့မဟုတ် ဝမ်းများ ထွက်ကျနေခြင်းဖြစ်သည်။ ကလေးမွေးဖွားခြင်း၊ ခွဲစိတ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါပိုးဝင်ခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့၏ နောက်ဆက်တွဲပြဿနာအနေဖြင့် ဖြစ်ပေါ်နိုင်သည်။ ထိုသို့ဖြစ်ပေါ်နေသော လမ်းကြောင်းကို ခွဲစိတ်ကုသရန် လိုအပ်သည်။

ယောနိနှင့်တွဲ၍ လမ်းကြောင်းဖြစ်ပေါ်နေသော ကိုယ်တွင်းအင်္ဂါပေါ် မူတည်ပြီး အမျိုးအစားအမျိုးမျိုးရှိသည်။

  • Vesicovaginal fistula – ဆီးအိမ်နှင့်ယောနိကြား ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်မှု ဖြစ်ပေါ်ခြင်း (အဖြစ်အများဆုံး အမျိုးအစားဖြစ်သည်)
  • Ureterovaginal fistula – ကျောက်ကပ်မှ ဆီးအိမ်ဆီသို့ ဆီးများပို့ဆောင်ပေးသော ဆီးပို့ပြွန်နှင့် ယောနိကြား ပုံမှန်မဟုတ်သည့် ပြွန်လမ်းကြောင်း ဆက်သွယ်မှုဖြစ်ပေါ်ခြင်း (ဖြစ်လေ့ဖြစ်ထမရှိသော အမျိုးအစားဖြစ်သည်)
  • Urethrovaginal fistula – ဆီးအိမ်မှ ဆီးများကို ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးသော ဆီးစွန့်ပြွန်နှင့် ယောနိကြား ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်မှုဖြစ်ပေါ်ခြင်း
  • Rectovaginal fistula – အစာ‌ဟောင်းအိမ်နှင့်ယောနိကြား ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်မှု ဖြစ်ပေါ်ခြင်း
  • Colovaginal fistula – အူမကြီးနှင့်ယောနိကြား ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်မှုဖြစ်ပေါ်ခြင်း
  • Enterovaginal fistula – အူသိမ်ပိုင်းနှင့်ယောနိကြား ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်မှုဖြစ်ပေါ်ခြင်း
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဖြစ်ပေါ်နိုင်သော အကြောင်းရင်းများစွာရှိပြီး အချို့သော ကျန်းမာရေးပြဿနာများနှင့် ခွဲစိတ်မှု နောက်ဆက်တွဲပြဿနာများလည်း ပါဝင်သည်။

  • ခွဲစိတ်မှု နောက်ဆက်တွဲပြဿနာများ
    ယောနိ၊ စအိုဝ၊ အစာဟောင်းအိမ်တို့နှင့်ဆိုင်သော ခွဲစိတ်မှုများတွင် ခွဲစိတ်စဥ် ထိခိုက်မှု၊ ခွဲစိတ်ပြီးနောက် ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူများ၊ ဆေးလိပ်သောက်သူများတွင် ပို၍အဖြစ်များသည်။ ပိုမိုရှုပ်ထွေးသော သားအိမ်ထုတ်ခြင်းများ [သားအိမ်ထုတ်ခြင်း ခွဲစိတ်မှုကြာချိန် (၅) နာရီထက် ပိုကြာခြင်း၊ သွေးအမြောက်အများထွက်ခြင်း၊ သားအိမ်ပတ်ဝန်းကျင်ရှိ တစ်ရှူးများပါ ခွဲစိတ်ဖြတ်ထုတ်ခြင်း] တွင် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်မှု ဖြစ်ပေါ် နိုင်ခြေ များသည်။ ကျွမ်းကျင်သည့် ခွဲစိတ်ဆရာဝန်များသည် အဆိုပါခွဲစိတ်စဥ်ထိခိုက်မှုများကို ချက်ချင်းသိရှိကုသနိုင်လျှင် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်ဖြစ်ပေါ်မှု အလွန်နည်းသည်။
  • ကလေးမွေးဖွားစဥ် ထိခိုက်ဒဏ်ရာရရှိမှုများ
    မီးဖွားစဥ် ကလေးဦးခေါင်းသည် ယောနိမွေးလမ်းကြောင်းတစ်လျှောက် ဆင်းလာသည့်အချိန် ထိခိုက်စုတ်ပြဲသော ဒဏ်ရာများကြောင့်သော် လည်းကောင်း၊ ဒဏ်ရာပိုးဝင်ခြင်းကြောင့်သော် လည်းကောင်း ယောနိနှင့်စအိုဝအကြား ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်ဖြစ်ပေါ်နိုင်သည်။ ကလေးဦးခေါင်းသည် မွေးလမ်းကြောင်းအတွင်းသို့ ကောင်းစွာမဆင်းဘဲ မွေးဖွားချိန် ကြာမြင့်ခြင်း၊ ထို့အတွက် အရေးပေါ် ခွဲစိတ်မွေးဖွားခြင်း ပြုလုပ်ရခြင်းတို့သည် ပုံမမှန်ဆက်သွယ်မှု ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများဖြစ်သည်။
  • ခရုန်းရောဂါ (Crohn’s disease)၊ အူမကြီးရောင်ရမ်းနာရောဂါ (Ulcerative colitis)
    ခရုန်းရောဂါ (Crohn’s disease) နှင့် အူမကြီးရောင်ရမ်းနာရောဂါ (Ulcerative colitis) တို့သည် နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory Bowel Disease) တွင် အဓိကအမျိုးအစားများဖြစ်ပြီး ကောင်းမွန်မှန်ကန်စွာ မကုသလျှင် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်ဖြစ်ပေါ်နိုင်သည်။
  • ကင်ဆာရောဂါများနှင့် ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy)
    • စအိုဝကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာ၊ ယောနိလမ်းကြောင်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာများသည် ယောနိတွင် ပုံမှန်မဟုတ်သောပြွန်လမ်းကြောင်း ဆက်သွယ်ဖြစ်ပေါ်နိုင်သည်
    • ထို့အတူ တင်ပါးဆုံရိုးကွင်းအတွင်း ဓာတ်ရောင်ခြည်ကုထုံးကြောင့်လည်း တစ်ရှူးများ ထိခိုက်ပျက်စီးပြီး ယောနိတွင် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်ဖြစ်ပေါ်နိုင်သည်
  • အူမကြီးတွင် အပိုပါလာသော အတက်များ ရောင်ရမ်းခြင်း (Diverticulitis)
    အသက်ကြီးသူများတွင် အူမကြီးတွင် အပိုပါလာသော အတက်များ ရောင်ရမ်းခြင်းကြောင့်လည်း ယောနိတွင် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်မှု ဖြစ်ပေါ်နိုင်သည်။
  • မစင်များ မာကျောပြီး အစာဟောင်းအိမ်အတွင်း ပိတ်ဆို့နေခြင်း (Fecal impaction)
    အသက်ကြီးသူများတွင် မစင်များ မာကျောပြီး အူမကြီးအတွင်း ပိတ်ဆို့နေခြင်းကြောင့် ယောနိတွင် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်မှု ဖြစ်ပေါ်နိုင်သည်။
ရောဂါလက္ခဏာများ

ခံစားရသော ရောဂါလက္ခဏာများသည် ဆက်သွယ်ဖြစ်ပေါ်နေသည့် လမ်းကြောင်းပေါ် မူတည်၍ဖြစ်ပေါ်သည်။

  • ယောနိလမ်းကြောင်းမှတစ်ဆင့် ဆီး၊ မစင် သို့မဟုတ် လေများ ထွက်ကျခြင်း
  • ဆီးလမ်းကြောင်း မကြာခဏပိုးဝင်ခြင်း
  • ဆီးတွင် ပုံမှန်မဟုတ်သော အနံ့ သို့မဟုတ် သွေးပါခြင်း
  • ယောနိလမ်းကြောင်းမှ ပုံမှန်မဟုတ်သောအနံ့ရှိသည့် အရည်များဆင်းခြင်း
  • လိင်ဆက်ဆံမှုပြုစဥ် နာကျင်ခြင်း
  • ယောနိလမ်းကြောင်းနှင့် စအိုဝကြား နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း၊ ဖောင်းနေခြင်း
  • ယောနိလမ်းကြောင်း မကြာခဏပိုးဝင်ခြင်း
နောက်ဆက်တွဲပြဿနာများ

ယောနိတွင် ပုံမှန်မဟုတ်သောလမ်းကြောင်း ဆက်သွယ်မှု ဖြစ်ပေါ်ခြင်း၏ ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာများမှာ_

  • ပုံမှန်မဟုတ်သော ဆက်သွယ်မှုလမ်းကြောင်း ပြန်လည်ဖြစ်ပေါ်တတ်ခြင်း
  • ယောနိလမ်းကြောင်း၊ ဆီးလမ်းကြောင်းနှင့် ကျောက်ကပ် မကြာခဏရောဂါပိုးဝင်ခြင်း
  • ယောနိလမ်းကြောင်း၊ စအိုဝနှင့် အစာဟောင်းအိမ် ကျဥ်းလာခြင်း
  • ကိုယ်ဝန်ရရန် ခက်ခဲခြင်း
  • ကလေးအသေမွေးဖွားခြင်း (Stillbirth) တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ယောနိတွင် ပုံမှန်မဟုတ်သော လမ်းကြောင်းဆက်သွယ်မှု ဖြစ်ပေါ်ခြင်းကြောင့် ယောနိလမ်းကြောင်းမှ ဆီး၊ မစင်၊ လေထွက်ခြင်း၊ လိင်ဆက်ဆံစဥ် နာကျင်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ဖျားခြင်း၊ ပျို့ခြင်းနှင့် ဝမ်းလျှောခြင်း အစရှိသည့် လက္ခဏာများ ခံစားရလျှင် မိမိ၏မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ဆွေးနွေး၍ စမ်းသပ်စစ်ဆေးမှု ခံယူပါ။ ထိုသို့ဆွေးနွေးရာတွင် ခံစားနေရသော လက္ခဏာများ မိမိ၏ နေ့စဥ်လူနေမှုဘဝ၊ လူမှုဆက်ဆံရေးနှင့် စိတ်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ရှိနေမှုများကို ပြောပြဆွေးနွေးပါ။

ရောဂါရှာဖွေခြင်း

မိမိ၏မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်မှ ရောဂါရာဇဝင်များ မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ (ယောနိလမ်းကြောင်း စစ်ဆေးမှုအပါအဝင်) ပြုလုပ်ပြီး ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းဆက်သွယ်မှု ဖြစ်ပေါ်ခြင်းကို အတည်ပြုနိုင်သည်။ တစ်ခါတစ်ရံ လိုအပ်ပါက အောက်ဖော်ပြပါ နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားလိမ့်မည်။

  • ရောဂါပိုးရှိနေမှုကို ရှာဖွေစစ်ဆေးရန် သွေး (Complete blood count – CBC) နှင့် ဆီး (Urinalysis) စစ်ဆေးခြင်း
  • အရောင်ရှိသောဆေးရည်ဖြင့် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းကို ရှာဖွေခြင်း (Dye Test)
    ဆီးအိမ် သို့မဟုတ် အစာဟောင်းအိမ်ထဲသို့ အရောင်ရှိသောအရည် (ဥပမာ _ ခရမ်းပြာရောင် ရှိသောအရည် – methylene blue) ကို ထိုးထည့်ပြီး ယောနိလမ်းကြောင်းမှ ထွက်ကျလာမှုကို စောင့်ကြည့်သည်။
  • ပုံမှန်မဟုတ်ဘဲ ဆက်သွယ်ဖြစ်ပေါ်နေသော ပြွန်လမ်းကြောင်းများ၏ အရေအတွက်နှင့် အရွယ်အစားကို သိရှိရန် ဓာတ်မှန်ရိုက်ခြင်း (Fistulogram)
  • ယောနိလမ်းကြောင်းနှင့် ဆီးလမ်းကြောင်းကို ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT urogram)
  • ယောနိလမ်းကြောင်းနှင့် အစာဟောင်းအိမ်ကို သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Pelvic MRI)
  • ဆီးအိမ်နှင့် ဆီးစွန့်ပြွန်ကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Cystoscopy)
  • အူမကြီး၏ နောက်ဆုံးပိုင်းနှင့် အစာဟောင်းအိမ်ကို ကွေးကောက်နိုင်သောမှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Flexible sigmoidoscopy)
  • အူမကြီးမှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Colonoscopy)
  • ယောနိလမ်းကြောင်းနှင့် ဆီးပြွန်ကြား ပြွန်ဆက်သွယ်မှုကို သိရှိရန် ဆေးရည်ထိုး၍ ဓာတ်မှန်ရိုက်စစ်ဆေးခြင်း (Retrograde pyelogram)
  • ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းကို ပုံရိပ်ဖြင့် ရှာဖွေဖော်ထုတ်ပြီးလျှင် လမ်းကြောင်းနားရှိ အသားစကို ယူ၍ ကင်ဆာဖြစ်နိုင်ခြေ ရှိမရှိ စစ်‌ဆေးခြင်း (Biopsy)
ကုသခြင်း

ယောနိတွင် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်မှု ဖြစ်ပေါ်ခြင်းကို ကုသသည့်အခါ အမျိုးအစား၊ အရွယ်အစားနှင့် လမ်းကြောင်းဝန်းကျင်ရှိ တစ်ရှူးအသားများ ကျန်းမာသန်စွမ်းမှု စသည့်အချက်များကို ထည့်သွင်းစဥ်းစားသည်။

အချို့သေးငယ်သည့် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်မှု ဖြစ်ပေါ်ခြင်းများသည် အောက်ဖော်ပြပါ သမားရိုးကျကုသနည်းများဖြင့် သက်သာနိုင်သည်။

  • ပိုးဝင်ခြင်းအတွက် ပဋိဇီဝဆေးများနှင့် နာတာရှည်အူရောင်ရမ်းနာရောဂါကို ကုသရန် ဆေးဝါးများပေးခြင်း
  • သဘာဝအတိုင်း စောင့်ကြည့်ကုသမှု ပြုလုပ်နေစဉ်အတွင်း ယောနိလမ်းကြောင်းနှင့် ဆီးအိမ်ကြား ပြွန်လမ်းကြောင်းဆက်သွယ်ဖြစ်ပေါ်ခြင်း သက်သာစေရန်
  • ယောနိလမ်းကြောင်းနှင့် ဆီးပြွန်ကြား ပြွန်လမ်းကြောင်းဆက်သွယ်ဖြစ်ပေါ်ခြင်း သက်သာစေရန် သဘာဝအတိုင်း စောင့်ကြည့်နေစဉ်အတွင်း ဆီးပြွန်ကို ပွင့်နေစေရန် ဆီးပြွန်ပိုက်များ တပ်ဆင်ခြင်း
  • အစားအသောက်ပုံစံကို ပြောင်းလဲရန် လိုအပ်နိုင်သည်၊ ဆရာဝန်သည် ဝမ်းသွားရ ပိုမိုလွယ်ကူစေရန် ဝမ်းပျော့ဆေးများကိုလည်း ညွှန်းပေးနိုင်သည်

ဖြစ်ပွါးမှုအများစုသည် ခွဲစိတ်၍ ပြွန်လမ်းကြောင်းပိတ်ရန် လိုအပ်သည်။ သားဖွားမီးယပ် အထူးကုဆရာဝန်၊ အူလမ်းကြောင်းခွဲစိတ် အထူးကုဆရာဝန် သို့မဟုတ် ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်သည် ပြွန်လမ်းကြောင်းအမျိုးအစားပေါ်မူတည်၍

  • ယောနိလမ်းကြောင်းမှ ခွဲစိတ်ခြင်း (Virginally)
  • မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း (Laparoscopically)
  • စက်ရုပ်အကူအညီယူ၍ မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း (Robotically)
  • အစာဟောင်းအိမ်မှ ခွဲစိတ်ခြင်း (Rectally) စသဖြင့် လိုအပ်သည့် ခွဲစိတ်မှုကို လုပ်ဆောင်သည်။

ခွဲစိတ်ကုသမှု၏ ရည်ရွယ်ချက်မှာ ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းကို ဖယ်ရှားပြီး၊ ကျန်းမာသန်စွမ်းသော တစ်ရှူးများကိုချုပ်၍ အပေါက်ပိတ်ရန်ဖြစ်သည်။

ခွဲစိတ်ပေးသောဆရာဝန်သည် ပြွန်လမ်းကြောင်းအပေါက်ကို ပိတ်ရန် သို့မဟုတ် ဖုံးအုပ်ရန်အတွက် မိမိခန္ဓာကိုယ်မှ တစ်ရှူးများ၊ ဓာတ်ခွဲခန်းမှ အထူးပြုလုပ်ထားသော တစ်ရှူးများ သို့မဟုတ် ခွဲစိတ်ကုသမှုတွင် အသုံးပြုသည့် စကာကွက် (surgical mesh patch) များ စသည်တို့ကို အသုံးပြုသည်။

ယောနိတွင် ပုံမှန်မဟုတ်သောပြွန်လမ်းကြောင်း ဆက်သွယ်ဖြစ်ပေါ်ခြင်းရှိသော အမျိုးသမီး (၁၀) ယောက်တွင် (၉) ယောက်ခန့်သည် ခွဲစိတ်မှုပြုလုပ်ပြီးနောက် လုံးဝပြန်လည်ကောင်းမွန်လာကြသည်။

ယောနိလမ်းကြောင်းနှင့် အစာဟောင်းအိမ်ကြား ပုံမှန်မဟုတ်သောပြွန်လမ်းကြောင်းကို ခွဲစိတ်ကုသရာတွင် အူလမ်းကြောင်းလွှဲရန် ဝမ်းဗိုက်တွင် ယာယီအပေါက်ဖောက်ရန် လိုအပ်နိုင်သည်။

ခွဲစိတ်ဆရာဝန်မှ ယောနိလမ်းကြောင်းနှင့် အစာဟောင်းအိမ်ကြား ပုံမှန်မဟုတ်သော ကြီးမားသည့် ပြွန်လမ်းကြောင်းကို ခွဲစိတ်ကုသပြီးသည့်နောက် အူလမ်းကြောင်းလွှဲရန် ဝမ်းဗိုက်တွင် ယာယီအပေါက် ဖောက်ပြီး အစာဟောင်းအိတ်ထည့်ရန် လိုအပ်နိုင်သည်။ အစာဟောင်းအိတ်ကို လဲလှယ်နည်း၊ ဝမ်းဗိုက်ရှိ အူလမ်းကြောင်းလွှဲထားသော အပေါက်ကို သန့်ရှင်းနေစေရန် ထိန်းသိမ်းနည်းများကို ပြောပြမည်။ ခွဲစိတ်ထားသည့် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း အလုံးစုံ သက်သာပျောက်ကင်းသွားသည့်အခါ နောက်ထပ်ခွဲစိတ်မှုတစ်ခုပြုလုပ်၍ အူလမ်းကြောင်းနှင့် အစာ‌ဟောင်းအိမ်ပြန်ဆက်ပေးပြီး လမ်းကြောင်းလွှဲထားသော အူလမ်းကြောင်းကို ပြန်ပိတ်နိုင်သည်။

ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်ဖြစ်ပေါ်ခြင်းကို ခွဲစိတ်ကုသပြီးနောက် အောက်ပါအချက်များကို လိုက်နာပါ။

  • ပိုးဝင်ခြင်းမှ ကာကွယ်ရန် ညွှန်ကြားထားသော ပဋိဇီဝပိုးသတ်ဆေးများကို သောက်ပါ
  • မိမိ၏ဆရာဝန် ခွင့်မပြုမီအထိ လိင်ဆက်ဆံခြင်း၊ ဂွမ်းတောင့် (tampons) အသုံးပြုခြင်း သို့မဟုတ် ယောနိလမ်းကြောင်းအတွင်းသို့ မည်သည့်အရာမှ ထည့်သွင်းခြင်းများကို ရှောင်ကြည်ရမည်
  • အမျှင်ဓာတ်များသော အစားအစာများ စားသုံးခြင်းနှင့် ရေများများသောက်ခြင်းဖြင့် ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းကို ကာကွယ်ပါ၊ ဝမ်းပျော့ဆေးများ သို့မဟုတ် ဝမ်းနှုတ်ဆေးများ သုံးစွဲရန် သင့်မသင့် မိမိ၏ဆရာဝန်ကို မေးမြန်းပါ
ကာကွယ်ခြင်း

ယောနိတွင် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းဆက်သွယ်မှု ဖြစ်ပေါ်ခြင်းကို အပြည့်အဝ ကာကွယ်ရန် နည်းလမ်းမရှိပါ။ ဖြစ်ပေါ်နိုင်မှု လျော့နည်းအောင် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပါ။

  • ခရုန်းရောဂါနှင့် အူမကြီးရောင်ရမ်းနာရောဂါတို့ဖြစ်လျှင် မှန်ကန်သည့်ကုသမှု သေချာစွာ ခံယူပါ
  • တင်ပါးဆုံရိုးကွင်းအတွင်း ရောဂါပိုးဝင်ရောက်သည့် လက္ခဏာရှိလျှင် တိကျမှန်ကန်သောကုသမှု ရယူပါ
  • ကိုယ်ဝန်စောင့်‌ရှောက်မှု မှန်မှန်ရယူခြင်းဖြင့် မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်မှ မွေးဖွားချိန် ကြာမြင့်နိုင်သော၊ ခက်ခဲသော မွေးဖွားမှုများကို ကြိုတင်ခန့်မှန်း သိရှိနိုင်လျှင် နောက်ဆက်တွဲပြဿနာများကို ရှောင်ရှားနိုင်မည်
  • သားအိမ်ထုတ်ခြင်းကဲ့သို့သော ခွဲစိတ်မှုများ၊ မီးယပ်ကင်ဆာခွဲစိတ်မှုများကို ပြုလုပ်ရန် ကျွမ်းကျင်၍ အတွေ့အကြုံများသော သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသမှု ခံယူခြင်းဖြင့် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်မှုဖြစ်ပေါ်ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများ လျော့နည်းနိုင်မည်ဖြစ်သည်

References:

  1. Cleveland Clinic. (n.d.). Vaginal fistula. Cleveland Clinic. Retrieved September 30, 2025, from https://my.clevelandclinic.org/health/diseases/22079-vaginal-fistula
  2. Mayo Clinic. (n.d.). Vaginal fistulas: Diagnosis and treatment. Mayo Foundation for Medical Education and Research. Retrieved September 30, 2025, from https://www.mayoclinic.org/diseases-conditions/vaginal-fistulas/diagnosis-treatment/drc-20563198

Published: 10 October 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

10 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Metatarsalgia (ခြေဖဝါးရှေ့ပိုင်း နာကျင်ခြင်း)
Jul 29, 2026
Diseases and Conditions

Metatarsalgia (ခြေဖဝါးရှေ့ပိုင်း နာကျင်ခြင်း)

ခြေဖဝါးရှေ့ပိုင်းနာကျင်ခြင်း (Metatarsalgia) သည် ခြေချောင်းများ၏...

Avascular Necrosis of Femoral head (ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း)
Jul 29, 2026
Diseases and Conditions

Avascular Necrosis of Femoral head (ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း)

ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း (Avascular Necrosis...

Chronic Suppurative Otitis Media (နာတာရှည် နားပြည်ယိုခြင်း)
Jul 28, 2026
Diseases and Conditions

Chronic Suppurative Otitis Media (နာတာရှည် နားပြည်ယိုခြင်း)

နာတာရှည် နားပြည်ယိုခြင်း (Chronic Suppurative Otitis Media) သည်...