Conjunctivitis (မျက်စိနာခြင်း)

Conjunctivitis (မျက်စိနာခြင်း)

မျက်စိနာခြင်း (Conjunctivitis) ဆိုသည်မှာ မျက်ခွံအတွင်းသားနှင့် မျက်လုံး၏ မျက်နှာပြင်ကို ဖုံးအုပ်ထားသည့် ပါးလွှာသော အကြည်ရောင်အမြှေးပါးဖြစ်သည့် မျက်မြှေး (conjunctiva) ရောင်ရမ်းခြင်းကို ဆိုလိုသည်။ ရောဂါပိုးဝင်ခြင်း (သို့မဟုတ်) ဓာတ်မတည့်ခြင်းများကြောင့် မျက်မြှေးရှိ သွေးကြောငယ်များ ရောင်ရမ်းဖောင်းကြွလာကာ ပိုမိုထင်ရှားလာသည့်အခါ မျက်လုံးအဖြူသားသည် ပန်းရောင် (သို့မဟုတ်) အနီရောင်အဖြစ် ပြောင်းလဲသွားသည်။

မျက်စိနာခြင်းသည် မျက်လုံးတစ်ဖက်တည်းဖြစ်နိုင်သလို မျက်လုံးနှစ်ဖက်စလုံးတွင်လည်း ဖြစ်ပွါးနိုင်သည်။ ၎င်းသည် လူကြီး၊ ကလေးမရွေး ဖြစ်နိုင်သည့် အခြေအနေတစ်ခုဖြစ်သည်။ ရောဂါကြာချိန်ပေါ်မူတည်၍ မျက်စိနာခြင်းကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

  • လတ်တလော မျက်စိနာခြင်း (Acute conjunctivitis) – ရောဂါလက္ခဏာများ စတင်ချိန်မှ (၃)ပတ် မှ (၄)ပတ်အထိ ကြာမြင့်နိုင်သည်
  • နာတာရှည် မျက်စိနာခြင်း (Chronic conjunctivitis) – ရောဂါလက္ခဏာများသည် (၄) ပတ်နှင့်အထက် ပိုမိုကြာမြင့်နိုင်သည်

မျက်စိနာခြင်းသည် ယေဘုယျအားဖြင့် အမြင်အာရုံကို ထိခိုက်စေခြင်းမရှိသော်လည်း မသက်မသာဖြစ်စေသည်။ အချို့သော မျက်စိနာခြင်းအမျိုးအစားများသည် ကူးစက်လွယ်သောကြောင့် စောစီးစွာသိရှိပြီး ကုသမှုခံယူပါက ရောဂါပျံ့နှံ့မှုကို တားဆီးနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မျက်စိနာခြင်းသည် ရောဂါပိုးများ (infectious) ကြောင့်ဖြစ်နိုင်သကဲ့သို့ ပိုးကြောင့်မဟုတ်ဘဲ (non-infectious) ဓာတ်မတည့်မှုများ သို့မဟုတ် ဓာတုပစ္စည်းများကြောင့်လည်း ဖြစ်နိုင်သည်။

ရောဂါပိုးများကြောင့် မျက်စိနာခြင်း (Infectious Conjunctivitis)
  • ဗိုင်းရပ်စ်ပိုးများကြောင့် မျက်စိနာခြင်း
    • အဖြစ်အများဆုံးအကြောင်းရင်းဖြစ်ပြီး ကူးစက်မှုအမြန်ဆုံးဖြစ်သည်၊ အအေးမိခြင်းကိုဖြစ်စေသည့် Adenovirus ကဲ့သို့သော ဗိုင်းရပ်စ်များကြောင့် အများဆုံး ဖြစ်ပွါးသည်
    • မျက်ရည်များ၊ အရည်ကြည်များ အလွန်အကျွံထွက်စေပြီး မျက်စိတစ်ဖက်မှ စတင်၍ (၂၄)နာရီ မှ (၄၈)နာရီအတွင်း အခြားတစ်ဖက်သို့ ကူးစက်တတ်သည်
    • အအေးမိခြင်းလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ လည်ချောင်းနာခြင်းနှင့် နှာရည်ယိုခြင်းများလည်း တွဲ၍ခံစားရနိုင်သည်၊ ပုံမှန်အားဖြင့် (၁)ပတ် မှ (၃)ပတ်အတွင်း အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်
  • ဘက်တီးရီးယားပိုးကြောင့် မျက်စိနာခြင်း
    • ဗိုင်းရပ်စ်ပိုးနောက်တွင် ဒုတိယအဖြစ်အများဆုံးဖြစ်သည်
    • မိမိ၏ အရေပြား (သို့မဟုတ်) အသက်ရှူလမ်းကြောင်းရှိ Staphylococcus aureus သို့မဟုတ် Streptococcus pneumoniae ကဲ့သို့သော ဘက်တီးရီးယားပိုးများကြောင့် အဓိကဖြစ်ပွါးသည်
    • မျက်လုံးမှ အဝါရောင်၊ အစိမ်းရောင်ရှိသော ပြည်နှင့် မျက်ဝတ်များ ထွက်လာပြီး၊ မျက်ခွံများ စေးကပ်နေတတ်သည်
    • မျက်လုံးတစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်နိုင်သည်
  • မွေးကင်းစကလေး မျက်စိနာခြင်း
    • မွေးဖွားစဉ် မွေးလမ်းကြောင်းမှတစ်ဆင့် Chlamydia သို့မဟုတ် Gonorrhea ကဲ့သို့သော ရောဂါပိုးများ ကူးစက်ခံရခြင်းကြောင့် ဖြစ်သည်
    • အချိန်မီ မကုသပါက အမြင်အာရုံကို ထာဝရထိခိုက်စေနိုင်ပြီး အလွန်အရေးကြီးသည့် ရောဂါအခြေအနေဖြစ်သည်
ပိုးမဝင်ဘဲ မျက်စိနာခြင်း (Non-Infectious Conjunctivitis)
  • ဓာတ်မတည့်မှုများကြောင့် မျက်စိနာခြင်း
    • လေထုထဲရှိ ဖုန်မှုန့်၊ ပန်းဝတ်မှုန်၊ တိရစ္ဆာန်အမွှေးများ စသည်တို့ကြောင့် ဖြစ်ပွါးသည်၊ ဓာတ်မတည့်ရောဂါများ [ဥပမာ _ နှာခေါင်းပန်းနာ (Hay fever)၊ ပန်းနာရင်ကျပ် (Asthma)] ရှိသူများတွင် ပိုမိုဖြစ်ပွါးလေ့ရှိသည်
    • အဓိကလက္ခဏာမှာ မျက်လုံးယားယံခြင်းနှင့် မျက်ရည်များကျခြင်းဖြစ်သည်၊ ဤအမျိုးအစားသည် တစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်းမရှိပေ
  • Giant Papillary Conjunctivitis (GPC)
    မျက်ကပ်မှန်များ (အထူးသဖြင့် မျက်ကပ်မှန်အမာစားများ) သို့မဟုတ် မျက်လုံးအတွင်းရှိ ချုပ်ရိုးကဲ့သို့သော ပြင်ပအရာဝတ္ထုတစ်ခုခုနှင့် အချိန်ကြာရှည်စွာ ထိတွေ့နေခြင်းကြောင့် ဓာတ်မတည့်မှုဖြစ်ပြီး မျက်ခွံအတွင်းသားတွင် အဖုလေးများ ထွက်လာခြင်းဖြစ်သည်။
  • ဓာတုပစ္စည်းများကြောင့် မျက်စိနာခြင်း
    လေထုညစ်ညမ်းမှု၊ ရေကူးကန်ရှိ ကလိုရင်း (သို့မဟုတ်) အချို့သော ဓာတ်ငွေ့များနှင့် ထိတွေ့မှုကြောင့် ဖြစ်သည်။
ရောဂါလက္ခဏာများ

မျက်စိနာခြင်း၏ လက္ခဏာများသည် ရောဂါဖြစ်စေသော အကြောင်းရင်းပေါ် မူတည်၍ ကွဲပြားနိုင်သည်။ အဖြစ်များသော လက္ခဏာများမှာ_

  • မျက်စိထဲတွင် သဲဝင်နေသကဲ့သို့ ခိုးလို့ခုလု ခံစားရခြင်း
  • မျက်စိနီရဲရောင်ရမ်းလာခြင်း
  • မျက်ဝတ်များ ထွက်ခြင်း [အရည်ကြည်၊ အဖြူရောင် (သို့မဟုတ်) အဝါရောင်ပြည်များ ဖြစ်နိုင်သည်]
  • မျက်စိတွင် ပူစပ်ပူလောင်ခံစားရခြင်း
  • မျက်စိယားယံခြင်း
  • နာကျင်ခြင်း (သို့မဟုတ်) အမြင်အာရုံဝေဝါးခြင်း
  • အလင်းရောင်ကို ကောင်းစွာမကြည့်နိုင်ခြင်း (Photophobia)
  • မျက်ရည်များကျခြင်း သို့မဟုတ် မျက်ခွံများ ရောင်ရမ်းလာခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

ယေဘုယျအားဖြင့် မျက်စိနာခြင်းသည် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ မရှိဘဲ ပျောက်ကင်းနိုင်သည်။ သို့သော် အချို့အခြေအနေများ၊ အထူးသဖြင့် ပြင်းထန်သောပိုးဝင်မှုများတွင် မျက်ကြည်လွှာရောင်ရမ်းခြင်း (Keratitis)၊ မျက်ကြည်လွှာတွင် အနာဖြစ်ခြင်း (Corneal ulcer) တို့ဖြစ်နိုင်ပြီး အမြင်အာရုံကို ထာဝရထိခိုက်သည်အထိ ဖြစ်ပွါးနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

မျက်စိနာခြင်းသည် များသောအားဖြင့် မပြင်းထန်သော်လည်း အချို့သောလက္ခဏာများ ရှိပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်သည်။

  • မျက်လုံးမှ အဝါရောင် (သို့မဟုတ်) အစိမ်းရောင် ပြည်များ အလွန်အမင်းထွက်ပြီး မျက်ခွံများ စေးကပ်နေခြင်း
  • အမြင်အာရုံဝေဝါးခြင်း သို့မဟုတ် အမြင်အာရုံ ထိခိုက်ခြင်း
  • အလင်းရောင်ကြည့်သောအခါ မျက်စိအလွန်နာကျင်ခြင်း
  • အဖျားကြီးခြင်း သို့မဟုတ် အခြားသောရောဂါလက္ခဏာများ တွဲဖက်ဖြစ်ပွါးခြင်း

အထက်ပါအခြေအနေများရှိပါက မိမိ၏ မိသားစုဆရာဝန်နှင့် အမြန်ဆုံးပြသပြီး အကြံဉာဏ်ရယူသင့်သည်။ ဆရာဝန်မှ ရောဂါ၏ ပြင်းထန်မှုနှင့် အကြောင်းရင်းကို စစ်ဆေး၍ လိုအပ်ပါက သက်ဆိုင်ရာ မျက်စိအထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မျက်စိနာခြင်းကို ဆရာဝန်က ရောဂါလက္ခဏာများ မေးမြန်းခြင်းနှင့် မျက်စိကို တိုက်ရိုက်စစ်ဆေးခြင်းတို့ဖြင့် အများအားဖြင့် ရောဂါအမည်တပ်သတ်မှတ်နိုင်သည်။ သို့သော် လိုအပ်ပါက အောက်ပါနည်းလမ်းများဖြင့် ပိုမိုတိကျသော ရောဂါရှာဖွေမှုများ ပြုလုပ်နိုင်သည်။

  • မျက်ဝတ်ပိုးမွေးခြင်း (Culture)
    ပြင်းထန်သော ရောဂါလက္ခဏာများရှိခြင်း သို့မဟုတ် ဖြစ်စေသော အကြောင်းရင်းကို အတိအကျသိရှိရန် လိုအပ်ခြင်း စသည့်အခြေအနေများတွင် မျက်လုံးမှထွက်သော မျက်ဝတ် (သို့မဟုတ်) အရည်များကို ဓာတ်ခွဲခန်းသို့ပို့ စစ်ဆေးသည်။ ထိုသို့စစ်ဆေးခြင်းဖြင့် မည်သည့်ပိုးအမျိုးအစားကြောင့် မျက်စိနာသည်ကို သိရှိပြီး သင့်လျော်သော ကုသမှုပေးရန် အထောက်အကူပြုနိုင်သည်။
  • အမြန်စစ်ဆေးမှုများ (Rapid Point-of-Care Testing)
    ခေတ်မီနည်းပညာများဖြစ်သော AdenoPlus ကဲ့သို့သော စမ်းသပ်ကိရိယာများသည် ဗိုင်းရပ်စ်ပိုး (Adenovirus) ကြောင့်ဖြစ်သည့် မျက်စိနာခြင်း ဟုတ်မဟုတ်ကို ဆေးခန်းတွင်ပင် လျင်မြန်စွာစစ်ဆေးနိုင်ပြီး၊ မလိုအပ်ဘဲ ပဋိဇီဝဆေးပေးခြင်းကို ရှောင်ရှားနိုင်စေသည်။
ကုသခြင်း

မျက်စိနာခြင်းကို ကုသရာတွင် အဓိကရည်ရွယ်ချက်သုံးခုရှိသည်။

  • ရောဂါလက္ခဏာများကို သက်သာစေရန်
  • ရောဂါပိုးဝင်မှုနှင့် ရောင်ရမ်းမှုများကို လျှော့ချရန်
  • ကူးစက်နိုင်သော မျက်စိနာခြင်းမျိုးဆိုပါက ရောဂါပျံ့နှံ့မှုကို တားဆီးရန်

မျက်စိနာခြင်းကို ဖြစ်စေသည့် အကြောင်းရင်းပေါ်မူတည်၍ ကုသမှုနည်းလမ်းများ ကွဲပြားသည်။

  1. ဗိုင်းရပ်စ်ပိုးများကြောင့် မျက်စိနာခြင်း
    • ဤအမျိုးအစားသည် အများအားဖြင့် ကုသမှုမလိုဘဲ (၁)ပတ် မှ (၃)ပတ်အတွင်း အလိုအလျောက် သက်သာပျောက်ကင်းသည်
    • သက်သာစေရန်အတွက် ရေနွေးဝတ်ကို မျက်လုံးပေါ်တင်ပေးခြင်း၊ မျက်ရည်တုမျက်စဉ်း ခပ်ခြင်းဖြင့် မျက်လုံးကို အစိုဓာတ်ရှိနေစေရန် ပြုလုပ်ပေးနိုင်သည်
    • ပဋိဇီဝပိုးသတ်ဆေးများသည် ဗိုင်းရပ်စ်ကို မတိုက်ဖျက်နိုင်သောကြောင့် သုံးစွဲရန်မလိုပေ၊ သို့သော် ရေယုန်ဗိုင်းရပ်စ် (Herpes) ကဲ့သို့သော ပိုမိုပြင်းထန်သည့်ပိုးကြောင့်ဖြစ်ပါက ဗိုင်းရပ်စ်သတ်ဆေးများ (antivirals) သုံးစွဲရန် လိုအပ်နိုင်သည်
  2. ဘက်တီးရီးယားပိုးများကြောင့် မျက်စိနာခြင်း
    • ရောဂါပိုးကို တိုက်ဖျက်ရန်အတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပဋိဇီဝပိုးသတ်ဆေး မျက်စဉ်း၊ လိမ်းဆေး သို့မဟုတ် သောက်ဆေးများကို သုံးစွဲရမည်
    • ပုံမှန်အားဖြင့် ဆေးစသုံးပြီး ရက်အနည်းငယ်အတွင်း လက္ခဏာများ သက်သာလာလေ့ရှိပြီး ဆေးကို သတ်မှတ်ထားသည့် အချိန်ပြည့်အောင် ဆက်လက်သုံးစွဲရမည်
  3. ဓာတ်မတည့်မှုများကြောင့် မျက်စိနာခြင်း
    • အရေးအကြီးဆုံးအချက်မှာ ဓာတ်မတည့်မှုကို ဖြစ်စေသည့်အရာ (allergen) ကို ဦးစွာရှောင်ရှားရမည်
    • မပြင်းထန်ပါက အေး၍စိုစွတ်သော အဝတ်ကို ကပ်ပေးခြင်း သို့မဟုတ် မျက်ရည်တုခပ်ပေးခြင်းဖြင့် သက်သာစေနိုင်သည်
    • ပိုမိုပြင်းထန်ပါက ဆရာဝန်မှ ဟစ်စ်တမင်းဆန့်ကျင်ဆေး (Antihistamines) သို့မဟုတ် စတီးရွိုက်ပါဝင်သော မျက်စဉ်းများကို ညွှန်ကြားနိုင်သည်။
  4. ဓာတုပစ္စည်းများကြောင့် မျက်စိနာခြင်း
    • ဓာတုပစ္စည်းနှင့် ထိတွေ့မိပါက မျက်လုံးကို ရေများများဖြင့် မိနစ်အနည်းငယ်ကြာအောင် ချက်ချင်း ဆေးကြောရမည်
    • အက်ဆစ်၊ အယ်လ်ကာလီကဲ့သို့သော ပြင်းထန်သည့် ဓာတုပစ္စည်းများသည် မျက်လုံးကို ထာဝရထိခိုက်စေနိုင်သောကြောင့် ချက်ချင်းဆေးကြောပြီးနောက် အရေးပေါ်ဌာန (သို့မဟုတ်) မျက်စိအထူးကုဆရာဝန်နှင့် ချက်ချင်းပြသရန် လိုအပ်သည်

ပိုမိုကောင်းမွန်သော ကုသမှုဗျူဟာများ
မျက်စိနာခြင်းကို ကုသရာတွင် ဆေးပညာရှင်များသည် ပဋိဇီဝဆေးယဉ်ပါးမှု (Antibiotic resistance) ကို တိုက်ဖျက်ရန် ပိုးသတ်ဆေးကို ထိရောက်စွာ အသုံးပြုခြင်း (Antibiotic Stewardship) နည်းလမ်းကို ပိုမိုအလေးထားလာကြသည်။ ဤနည်းလမ်းတွင် ပဋိဇီဝဆေးများကို လိုအပ်မှသာ ပေးခြင်းနှင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် မျက်စိနာခြင်းအတွက် Povidone-iodine ကဲ့သို့သော ပိုးသတ်ဆေးမျက်စဉ်းများကို စမ်းသပ်သုံးစွဲခြင်းတို့ ပါဝင်သည်။

အိမ်တွင် ပြုစုနည်းများ

  • ရေနွေးဝတ်ကပ်ခြင်း – ဗိုင်းရပ်စ် (သို့မဟုတ်) ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပါက သန့်ရှင်းသောရေနွေးဝတ်ကို မျက်လုံးပေါ် ညင်သာစွာကပ်ပေးခြင်းဖြင့် မသက်မသာဖြစ်မှုကို သက်သာစေနိုင်သည်
  • ရေအေးဝတ်ကပ်ခြင်း – ဓာတ်မတည့်မှုကြောင့်ဖြစ်ပါက ရေအေးဝတ်ကို အသုံးပြုပါ
  • မျက်လုံးပွတ်ခြင်းကို ရှောင်ပါ – မျက်လုံးကို ပွတ်ခြင်းသည် ရောဂါကို ပိုမိုပျံ့နှံ့စေပြီး လက္ခဏာများ ပိုဆိုးစေနိုင်သည်
  • မျက်ရည်တု (သို့မဟုတ်) ဟစ်စ်တမင်းဆန့်ကျင်ဆေးပါသော မျက်စဉ်းများ – ဤမျက်စဉ်းများသည် မျက်စိမသက်မသာဖြစ်မှုများကို လျော့ကျစေနိုင်ပြီး ဆေးဆိုင်များတွင် ဆရာဝန်၏ ဆေးစာမလိုဘဲ ဝယ်ယူရရှိနိုင်သည်
ကာကွယ်ခြင်း

မျက်စိနာခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းရင်းများစွာရှိသောကြောင့် ရာနှုန်းပြည့် ကာကွယ်နိုင်ရန် ခက်ခဲသည်။ သို့သော် တစ်ကိုယ်ရေသန့်ရှင်းရေးကို စနစ်တကျလိုက်နာခြင်းဖြင့် ရောဂါကူးစက်မှုနှင့် ပြန်ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်သည်။ မိမိမျက်စိနာနေစဉ်၊ မိသားစုဝင် သို့မဟုတ် အနီးအနားမှ မိတ်ဆွေတစ်ဦး မျက်စိနာနေစဉ်တို့တွင် အောက်ပါအချက်များကို အထူးဂရုပြုသင့်သည်။

  • လက်ကို သန့်ရှင်းစွာထားရှိခြင်း
    လက်ကို ရေနှင့်ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပါ။ မသန့်ရှင်းသောလက်ဖြင့် မျက်လုံးကို ကိုင်တွယ်ခြင်း သို့မဟုတ် ပွတ်ခြင်းကို ရှောင်ရမည်။
  • ပစ္စည်းများ မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း
    ရောဂါပိုးများသည် အဝတ်အထည်များ၊ မျက်နှာသုတ်ပဝါများ၊ ခေါင်းအုံးစွပ်များ၊ လက်ကိုင်ပဝါများနှင့် မျက်စိသုံး မိတ်ကပ်ပစ္စည်းများမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်သည်။ ထို့ကြောင့် အဆိုပါပစ္စည်းများကို အများနှင့်အတူ မျှဝေသုံးစွဲခြင်းမှ ရှောင်ရမည်။
  • မျက်ကပ်မှန်နှင့် မိတ်ကပ်ပစ္စည်းများ ဂရုပြုသုံးစွဲခြင်း
    မျက်စိနာနေစဉ်အတွင်း မျက်ကပ်မှန် လုံးဝမတပ်သင့်ပေ။ မျက်ကပ်မှန်ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာစွာ သန့်ရှင်းအောင်ထားရမည်။ မျက်စိနာပြီးနောက် ရောဂါမပြန်ဖြစ်စေရန် ယခင်က သုံးစွဲခဲ့သည့် မျက်စဉ်းဆေးဘူးများ၊ မျက်ကပ်မှန်နှင့် မိတ်ကပ်ပစ္စည်းများကို စွန့်ပစ်ရမည်။
  • ဓာတ်မတည့်မှုကို ဖြစ်စေသည့်အရာများ ရှောင်ရှားခြင်း
    ဓာတ်မတည့်မှုကြောင့် မျက်စိနာခြင်းဖြစ်ပါက ပန်းဝတ်မှုန်၊ ဖုန်မှုန့် (သို့မဟုတ်) အမွေးအမှင်ကဲ့သို့သော ဓာတ်မတည့်မှုဖြစ်စေသည့် အရာများနှင့် ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ပါ။
  • ကလေးများ မျက်စိနာနေပါက ကျောင်းမလွှတ်သင့်ပါ

References:

  1. WebMD. (n.d.). Conjunctivitis (pink eye). Retrieved September 5, 2025, from https://www.webmd.com/eye-health/eye-health-conjunctivitis
  2. American Optometric Association. (n.d.). Conjunctivitis. Retrieved September 5, 2025, from https://www.aoa.org/healthy-eyes/eye-and-vision-conditions/conjunctivitis
  3. Mayo Clinic. (n.d.). Pink eye (conjunctivitis): Diagnosis and treatment. Mayo Foundation for Medical Education and Research. Retrieved September 5, 2025, from https://www.mayoclinic.org/diseases-conditions/pink-eye/diagnosis-treatment/drc-20376360
  4. American Academy of Ophthalmology. (n.d.). Pink eye (conjunctivitis). Retrieved September 5, 2025, from https://www.aao.org/eye-health/diseases/pink-eye-conjunctivitis
  5. National Center for Biotechnology Information. (2019). Conjunctivitis. In StatPearls. StatPearls Publishing. https://www.ncbi.nlm.nih.gov/books/NBK541034/
  6. Sauer, A., et al. (2022). Povidone-iodine as a topical antiseptic for infectious conjunctivitis: A systematic review. Ophthalmology, 129(4), 450–459.
  7. Teng, C. W., et al. (2023). Efficacy of combination topical ophthalmic solutions for allergic conjunctivitis: A randomized trial. Journal of Allergy and Clinical Immunology: In Practice, 11(2), 568–575.
  8. Shepard, G. (2022). Rapid diagnosis of adenoviral conjunctivitis using a point-of-care test. American Journal of Ophthalmology, 235, 102–108.
  9. Srinivasan, S., et al. (2023). Antibiotic prescribing patterns for acute conjunctivitis: A global perspective on antibiotic stewardship. Eye (London), 37(15), 3172–3179.
  10. Chen, Y. T., et al. (2022). The evolving landscape of infectious conjunctivitis diagnosis and management. Current Opinion in Ophthalmology, 33(2), 161–168.

Published: 10 October 2025

Share

10 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View More
Addiction (စွဲလမ်းမှု)
Oct 21, 2025
Diseases and Conditions

Addiction (စွဲလမ်းမှု)

စွဲလမ်းမှု (Addiction) ဆိုသည်မှာ ကာယကံရှင်၏ ဘဝအပေါ် ဆိုးကျိုးများ...

Trigger finger (လက်ချောင်း အကြောညပ်ခြင်း)
Oct 21, 2025
Diseases and Conditions

Trigger finger (လက်ချောင်း အကြောညပ်ခြင်း)

လက်ချောင်းအကြောညပ်ခြင်းသည် အသက်အရွယ်ကြီးသူများနှင့် လက်ကို...

Halitosis (Bad breath) (ခံတွင်းနံ့ဆိုးခြင်း)
Oct 17, 2025
Diseases and Conditions

Halitosis (Bad breath) (ခံတွင်းနံ့ဆိုးခြင်း)

ခံတွင်းနံ့ဆိုးခြင်း (Halitosis) သည် ယေဘုယျအားဖြင့် ခံတွင်းသန့်ရှင်းမှု...