အရက်ကြောင့် အသည်းရောင်ရမ်းခြင်း (Alcoholic Hepatitis) ဆိုသည်မှာ အရက်သောက်ခြင်းကြောင့် ဖြစ်ပွါးသော ပြင်းထန်အသည်းရောင်ရမ်းမှုတစ်မျိုး ဖြစ်သည်။ ဗိုင်းရပ်စ်ပိုးများနှင့် အချို့ဆေးဝါးများသည် အသည်းရောင်ခြင်းကို ဖြစ်စေနိုင်သကဲ့သို့ အရက်သောက်သုံးခြင်းသည်လည်း အသည်းရောင်ရမ်းစေသော အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။ အရက်သောက်သောအခါ အရက်၏ဓာတ်ပေါင်းများ အသည်းသို့ရောက်ရှိလာချိန်တွင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများအဖြစ် ပြိုကွဲပြီး အသည်းကို ဝန်ပိစေသည်။ အချိန်ကြာလာလျှင် အသည်းတစ်ရှူးများ ပျက်စီးပြီး အသည်းရောင်ရမ်းခြင်း၏ လက္ခဏာများ ဖြစ်ပေါ်စေသည်။
အရက်ကြောင့် အသည်းရောင်ရမ်းခြင်းတွင် အရက်အလွန်အကျွံ သောက်သုံး၍ ခေတ္တခဏမျှသာ ရောင်ရမ်းသောအဆင့်မှ နာတာရှည် အသည်းရောင်ရမ်းပြီး အသည်းလုံးဝပျက်စီးသည့် အဆင့်အထိ ဖြစ်နိုင်သည်။ ဤရောဂါသည် နှစ်ပေါင်းများစွာ အရက်အလွန်အကျွံ သောက်သုံးသူများတွင် အများဆုံးဖြစ်လေ့ရှိသော်လည်း အချို့လူများတွင် အရက်ပမာဏ အနည်းငယ်မျှဖြင့်ပင် ဖြစ်ပွါးနိုင်သည်။ ၎င်းအခြေအနေသည် အရက်သောက်သုံးမှုသာမက မျိုးဗီဇဆိုင်ရာ အကြောင်းရင်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ၏ ရှုပ်ထွေးသော ပေါင်းစပ်မှုကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရောဂါဖြစ်ပါက နောက်ထပ် အသည်းပျက်စီးမှုကို ကာကွယ်ရန် အရက်ဖြတ်ခြင်းသည် အရေးအကြီးဆုံးအချက်ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အရက်သောက်ခြင်းကြောင့် အသည်းတစ်ရှူးများ ထိခိုက်၍ အသည်းရောင်ခြင်းဖြစ်သည်ဟု ဆိုကြသော်လည်း အရက်သည် အသည်းကို မည်ကဲ့သို့ ထိခိုက်စေခြင်းနှင့် အဘယ်ကြောင့် အရက်အလွန်အကျွံသောက်သူ အချို့တွင်သာ ရောဂါဖြစ်ပေါ်ခြင်း စသည်တို့ကို ရှင်းလင်းတိကျစွာ မသိရသေးပါ။ ဖြစ်နိုင်သောအကြောင်းရင်းများတွင် အောက်ပါအချက်များ ပါဝင်သည်။
အရက်ကြောင့် အသည်းထိခိုက်ခြင်းအဆင့်ဆင့်
ပုံမှန်အားဖြင့် နေ့စဥ်စားသုံးသော အစားအစာများနှင့် အရည်များ၊ အဖျော်ယမကာများသည် အူလမ်းကြောင်းမှတစ်ဆင့် အသည်းသို့ ဦးစွာရောက်ရှိသည်။ အသည်းသည် အစားအသောက်များမှ အာဟာရဓာတ်များကို သွေးထဲပို့ပေးရန်နှင့် အစားအသောက်များ၌ ပါဝင်သော အဆိပ်အတောက်များကို စစ်ထုတ်၍ ချေဖျက်ရန် လုပ်ဆောင်ပေးသည်။ အရက်တွင် ပါဝင်သောဓာတ်များသည် အသည်းသို့ ရောက်သောအခါ ကိုယ်ခန္ဓာအတွက် အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများအဖြစ် ပြောင်းလဲသွားသည်။ အရက်ကို နှစ်ပေါင်းများစွာ အလွန်အကျွံသောက်ခြင်း၊ နာတာရှည် အရက်စွဲခြင်းတို့ကြောင့် အသည်းတွင် ထိုအဆိပ်အတောက်များနှင့် အဆီများ စုပုံလာပြီး အသည်းလုပ်ငန်းများကို ဝန်ပိစေသည်။ အသည်းလုပ်ငန်းများ ထိခိုက်လာသောအခါ အသည်းသည် ရောင်ရမ်းခြင်းဖြင့် တုံ့ပြန်သည်။ ထိုသို့ရောင်ရမ်းခြင်းသည် အသည်းကို ထပ်မံထိခိုက်မှု မဖြစ်အောင် ကိုယ်ခန္ဓာမှ တုံ့ပြန်ခြင်းဖြစ်သည်။
သို့သော် အရက်ကို ဆက်တိုက်ဆက်သောက်နေပါက အရက်ကြောင့်ဖြစ်သော ထိခိုက်မှုများနှင့် ရောင်ရမ်းမှုများသည်လည်း အဆက်မပြတ် ဖြစ်ပေါ်နေမည်ဖြစ်သည်။ ထိုရောင်ရမ်းမှုများသည် အချိန်ကြာလာသည်နှင့်အမျှ အသည်းတစ်ရှူးများကို ပျက်စီးစေ၍ ထိုအသည်းတစ်ရှူးများနေရာတွင် အမာရွတ်များ အစားထိုး ဖြစ်ပေါ်လာသည့် အသည်းခြောက်ခြင်း (cirrhosis) အဆင့်အထိ ဖြစ်စေသည်။
အရက်ကြောင့် အသည်းရောင်နိုင်ခြေများသူများ
အရက်ကို နှစ်ပေါင်းများစွာ အလွန်အကျွံသောက်သုံးသူများတွင် ဖြစ်နိုင်ခြေ ပိုများသော်လည်း အသည်းရောင်ရမ်းခြင်းသည် အရက်ပမာဏ အနည်းငယ်သာ သောက်သုံးသူများတွင်လည်း ဖြစ်ပွါးနိုင်သည်။ ထိုသို့ဖြစ်ရခြင်းသည် အောက်ပါအချက်များနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု လေ့လာမှုများက ဖော်ပြသည်။
- ကျား/မ
အမျိုးသမီးများသည် အမျိုးသားများထက် အရက်ကြောင့် အသည်းရောင်နိုင်ခြေ ပိုများသည်။ ၎င်းသည် အရက်ကို ချေဖျက်သည့် အင်ဇိုင်းကွာခြားချက်နှင့် ခန္ဓာကိုယ်အဆီပမာဏ ပိုများခြင်းကြောင့်ဖြစ်သည်။ - အဝလွန်ခြင်း
ကိုယ်အလေးချိန် များနေခြင်းသည် အရက်ကြောင့် အသည်းရောင်ခြင်း ဖြစ်နိုင်ခြေနှင့် အသည်းခြောက်နိုင်ခြေကို ပိုများစေသည်။ - မျိုးဗီဇ
မိသားစုဝင်များတွင် အရက်စွဲခြင်း (သို့မဟုတ်) အသည်းရောဂါဖြစ်ဖူးခြင်း ရာဇဝင်ရှိပါက အသည်းရောင်နိုင်ခြေ ပိုများသည်။ - အခြားအသည်းရောဂါများ
နာတာရှည် အသည်းရောဂါများ၊ အထူးသဖြင့် အသည်းရောင်အသားဝါ စီပိုး (Hepatitis C) ရှိသူတစ်ဦးသည် အရက်သောက်သုံးမည်ဆိုပါက ပမာဏအနည်းငယ် သောက်ရုံဖြင့်ပင် အသည်းခြောက်နိုင်ခြေ သိသိသာသာ ပိုများသည်။ - အာဟာရချို့တဲ့ခြင်း
အရက် အလွန်အကျွံသောက်သူ အများစုသည် အာဟာရချို့တဲ့မှု ရှိတတ်ပြီး ဗီတာမင်နှင့် သတ္တုဓာတ်များ လုံလောက်စွာ မရရှိသည့်အတွက် အသည်းဆဲလ်များ ပျက်စီးမှုကို ပိုမိုဆိုးရွားစေသည်။ - အရက်ပမာဏများများကို တစ်ကြိမ်တည်း သောက်ခြင်း (Binge Drinking)
ပုံမှန်ထက်ပိုသော အရက်ပမာဏ အများအပြားကို တစ်ကြိမ်တည်းဖြင့် သောက်သုံးခြင်းကို မကြာခဏ ပြုလုပ်ပါကလည်း အသည်းကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။
အသည်းရောင်ခြင်းကို ဖြစ်စေသော အရက်ပမာဏ
အသည်းရောင်ခြင်းကို ဖြစ်စေနိုင်သော အရက်ပမာဏသည် လူတစ်ဦးနှင့် တစ်ဦး ကွာခြားနိုင်သည်။ ယေဘုယျအားဖြင့် အရက်ကို နှစ်ပေါင်းများစွာ အလွန်အကျွံ ဆက်တိုက်ပုံမှန် သောက်ခြင်း (Heavy drinking) ရှိပါက အသည်းရောင်နိုင်ခြေ အလွန်များသည်။ အလွန်အကျွံသောက်သုံးခြင်းရှိမရှိ သတ်မှတ်ရာတွင် အမျိုးသားနှင့် အမျိုးသမီး ကွာခြားမှုရှိသည်။ အမျိုးသားများတွင် စံသတ်မှတ်ထားသော (၁) ခွက်စာ (1 unit) အရက်ပမာဏကို တစ်နေ့လျှင် (၄) ခွက်သောက်ခြင်း (သို့မဟုတ်) တစ်ပတ်လျှင် (၁၄) ခွက်နှင့် အထက်သောက်ပါက အရက်အလွန်အကျွံသောက်သည်ဟု ဆိုနိုင်သည်။ အမျိုးသမီးများတွင်မူ တစ်နေ့ (၃) ခွက် (သို့မဟုတ်) တစ်ပတ်လျှင် (၇) ခွက်နှင့် အထက်သောက်လျှင် အလွန်အကျွံသောက်သည်ဟု သတ်မှတ်သည်။ စံသတ်မှတ်ထားသော (၁) ခွက်စာ ပမာဏသည် ဝီစကီ၊ ဘီယာ၊ ဝိုင် စသော အရက်အမျိုးအစားများနှင့် အရက်ပါဝင်မှု ရာခိုင်နှုန်းများပေါ် မူတည်၍ ကွာခြားနိုင်သည်။
တစ်ကြိမ်တည်း၌ အရက်ပမာဏ အများအပြားသောက်ခြင်း (Binge drinking) ကို မကြာခဏ ပြုလုပ်ပါကလည်း အလွန်အကျွံသောက်ခြင်းဟု သတ်မှတ်နိုင်သည်။ အမျိုးသားများတွင် တစ်ကြိမ်တည်း (၅) ခွက်နှင့်အထက်၊ အမျိုးသမီးများတွင် (၄) ခွက်နှင့်အထက် သောက်ခြင်းကို Binge drinking ဟုသတ်မှတ်သည်။ ထိုသို့ တစ်ကြိမ်တည်း ပမာဏများများ သောက်ခြင်းကို တစ်လလျှင် (၅) ကြိမ်နှင့် အထက်သောက်ပါက အလွန်အကျွံသောက်သည်ဟု သတ်မှတ်နိုင်သည်။ အလွန်အကျွံသောက်သုံးခြင်းကို (၆) လဆက်တိုက် သောက်မည်ဆိုလျှင် အရက်ကြောင့် အသည်းရောင်ခြင်း ဖြစ်နိုင်ခြေ သိသိသာသာ မြင့်လာသည်။
ရောဂါလက္ခဏာများ
အဖြစ်အများဆုံး ရောဂါလက္ခဏာမှာ မျက်လုံးနှင့် အသားဝါလာခြင်း (Jaundice) ဖြစ်ပြီး အသားညိုသူများ၊ အသားမည်းသူများတွင် အသားဝါခြင်းကို မြင်ရန် ခက်ခဲနိုင်သည်။ အခြားလက္ခဏာများမှာ_
- အစားအသောက်ပျက်ခြင်း
- ပျို့အန်ခြင်း
- ညာဘက်နံရိုးအောက်ဘက်တွင် ဗိုက်အောင့်၊ ဗိုက်နာခြင်း
- အသည်းကြီးခြင်း
- အဖျားငွေ့ငွေ့ရှိခြင်း၊ အဖျားကြီးခြင်း
- မောပန်းနွမ်းနယ်ပြီး အားနည်းခြင်း
- ကိုယ်အလေးချိန်ကျလာခြင်း
- အာဟာရချို့တဲ့ခြင်း
ပြင်းထန်အသည်းရောင်အဆင့်တွင်
- ဝမ်းဗိုက်အတွင်း အရည်များစုလာခြင်း (Ascites)
- အသည်းလုပ်ငန်း ပျက်စီး၍ အဆိပ်အတောက်များ ဦးနှောက်တွင် စုပုံလာခြင်းကြောင့် ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်အာရုံထွေပြားခြင်း (Hepatic encephalopathy)
- အလွယ်တကူ သွေးထွက်နိုင်ခြင်း၊ အရေပြား အညိုအမည်းစွဲခြင်း (Thrombocytopenia)
- အသည်းပျက်စီးခြင်းကြောင့် နောက်ဆက်တွဲကျောက်ကပ်ပျက်စီးခြင်း (Hepatorenal syndrome) စသည့်လက္ခဏာများကို တွေ့နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အရက်ကြောင့် အသည်းရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာများသည် အသည်းတွင် အမာရွတ်တစ်ရှူးများ (Fibrosis) ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်သည်။ ထိုအမာရွတ်တစ်ရှူးများသည် အသည်းအတွင်း သွေးစီးဆင်းမှုကို နှေးကွေးစေပြီး အသည်းထဲရှိ သွေးပြန်ကြော (Portal vein) ၏ဖိအားကို တက်စေ၍ အဆိပ်အတောက်များ စုပုံလာနိုင်သည်။ တွေ့ရများသော နောက်ဆက်တွဲပြဿနာများမှာ_
- သွေးကြောများ ပုံမှန်မဟုတ်ဘဲ ဖောင်းလာခြင်း (Varices)
အသည်းသွေးပြန်ကြောအတွင်း ဖိအားတက်ခြင်းကြောင့် အစာအိမ်နှင့် အစာရေမျိုပြွန်နံရံများရှိ သွေးကြောများ ဖောင်းလာသည်။ ထိုသွေးကြောများသည် နံရံပါးလွှာသောကြောင့် သွေးစိမ့်ခြင်း၊ သွေးကြောပေါက်ခြင်းတို့ဖြစ်နိုင်ပြီး အစာအိမ်နှင့် အစာရေမျိုပြွန်အတွင်း သွေးထွက်လွန်ကာ အသက်အန္တရာယ် ဖြစ်စေနိုင်သည်။ - ဝမ်းဗိုက်အတွင်း အရည်စုခြင်း (Ascites)
ပြင်းထန်သော အသည်းရောင်ခြင်းနှင့် အသည်းခြောက်ခြင်းတို့တွင် ဝမ်းဗိုက်အတွင်း အရည်များစုလာပြီး ပိုးဝင်နိုင်ခြေများသည်။ ထိုအခြေအနေကို ရေဖျဉ်းစွဲသည်ဟု ခေါ်ကြသည်။ - ဦးနှောက်ထိခိုက်လာခြင်း (Hepatic encephalopathy)
သွေးတွင်းရှိ အဆိပ်အတောက်များကို အသည်းမှ မဖယ်ရှားနိုင်ဘဲ ဦးနှောက်အတွင်း စုပုံလာသောကြောင့် ကယောင်ကတမ်းဖြစ်ခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်စေသည်။ - ကျောက်ကပ်ပျက်စီးခြင်း (Hepatorenal syndrome)
အသည်းပျက်စီးခြင်းကြောင့် ကျောက်ကပ်၏ သွေးစီးဆင်းမှု ထိခိုက်ပြီး ကျောက်ကပ်ကိုပါ ပျက်စီးစေနိုင်သည်။ - အသည်းခြောက်ခြင်း (Cirrhosis)
အသည်းတွင် အမာရွတ်တစ်ရှူးများအနှံ့ဖြစ်လာသောအခါ အသည်းခြောက်ပြီး အသည်းလုပ်ငန်းများ လုံးဝပျက်စီးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အရက်ကြောင့် အသည်းရောင်ခြင်းသည် ပြင်းထန်ပြီး အသက်ဆုံးရှုံးနိုင်သည့် ရောဂါဖြစ်သောကြောင့် အထက်ပါလက္ခဏာများ ခံစားနေရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသ၍ ကုသမှုခံယူရန် လိုအပ်သည်။ အသည်းရောင်ရောဂါကို သိလျှင်သိချင်း စောစီးစွာကုသမှုခံယူလျှင် အသည်းကို နောက်ထပ် မပျက်စီးစေရန် ကာကွယ်နိုင်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်ပြီး သက်ဆိုင်ရာ အသည်းအထူးကုဆရာဝန်ထံ ညွှန်းပေးမည်ဖြစ်သည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန်အတွက် ဆရာဝန်မှ ရောဂါလက္ခဏာများကို မေးမြန်းခြင်း၊ အရက်သောက်ခြင်းနှင့် ပတ်သက်သော အချက်များ၊ အရက်စွဲနေခြင်း ရှိမရှိ အပါအဝင် ကျန်းမာရေးအခြေအနေများကို ဆန်းစစ်ခြင်း၊ ဝမ်းဗိုက်အပါအဝင် ကိုယ်ခန္ဓာကို စစ်ဆေးစမ်းသပ်ခြင်း၊ နာတာရှည် အရက်စွဲခြင်းကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်း ရှိမရှိကို စစ်ဆေးရန် ဓာတ်ခွဲစမ်းသပ်ချက်များ ပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
- သွေးစစ်ဆေးမှုများ
- ရောင်ရမ်းခြင်း၏ ပြင်းထန်မှုကို သိရှိနိုင်ရန် CBC, ESR, CRP စစ်ခြင်း
- အသည်းရောင်ရမ်းခြင်းကြောင့် အသည်းအင်ဇိုင်းများ မြင့်တက်နေခြင်းကို သိရှိရန် Bilirubin, ALT, AST စသော အသည်းဓာတ်များ စစ်ဆေးခြင်း
- အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး စစ်ဆေးခြင်း
- ကျောက်ကပ်ဓာတ်များ၊ သွေးခဲစနစ်များကို လိုအပ်သလို စစ်ဆေးခြင်း
- ပုံရိပ်ဖော်စစ်ဆေးခြင်း
အသည်းရောင်ရမ်းခြင်းနှင့် ပျက်စီးခြင်းကို သိနိုင်ရန် အာထရာဆောင်း (USG) ရိုက်ခြင်း၊ အသည်းခြောက်ခြင်း ရှိမရှိ စစ်ဆေးခြင်း (FibroScan)၊ လိုအပ်ပါက ကွန်ပျူတာဓာတ်မှန် (CT Scan)၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း စသည့်စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။ - အသည်းအသားစယူစစ်ဆေးခြင်း (Liver biopsy)
အခြားစစ်ဆေးမှုများနှင့် ရှင်းလင်းပြတ်သားသော ရောဂါရှာဖွေမှု မရရှိခြင်း (သို့မဟုတ်) အခြားအကြောင်းများကြောင့် အသည်းရောင်ခြင်းကို စစ်ဆေးရန် လိုအပ်ပါက အသည်းမှအသားစယူ၍ တစ်ရှူးနမူနာကို ဓာတ်ခွဲခန်းတွင် စစ်ဆေးနိုင်သည်။
ကုသခြင်း
အရက်ကြောင့် အသည်းရောင်ခြင်းကို ကုသခြင်းတွင် အရက်ဖြတ်ခြင်းအပြင် အသည်းပျက်စီးခြင်း၏ လက္ခဏာများကို သက်သာစေသော ကုသမှုများ ပါဝင်သည်။
အရက်ဖြတ်ခြင်း
အရက်ကြောင့် အသည်းရောင်ခြင်းရောဂါ၏ အရေးအကြီးဆုံးကုသမှုသည် အရက်သောက်ခြင်းကို လုံးဝရပ်တန့်ခြင်းဖြစ်သည်။ ထိုသို့ လုံးဝရပ်တန့်ခြင်းသည် အသည်းပျက်စီးမှုကို ပြန်လည်သက်သာ ကောင်းမွန်စေသလို ရောဂါပိုမဆိုးလာအောင် ထိန်းပေးနိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ အရက်မဖြတ်ဘဲ ဆက်လက်သောက်နေပါက အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေများသည်။
အကယ်၍ အရက်စွဲနေပါက ရုတ်တရက် အရက်ဖြတ်ခြင်းသည် ခန္ဓာကိုယ်အတွက် အန္တရာယ် ဖြစ်နိုင်သောကြောင့် ဆရာဝန်များနှင့် သေချာတိုင်ပင်ပြီးမှ သင့်တော်သော ကုသမှုများဖြင့် စနစ်တကျ အရက်ဖြတ်ရန် လိုအပ်သည်။ ကုသမှုများတွင် ပါဝင်သော အချက်များမှာ_
- နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်း
- အရက်ဖြတ်ချိန်တွင် ဖြစ်ပေါ်သော လက္ခဏာများ (Withdrawal symptoms) ကို ဆေးဝါးများဖြင့် ကုသခြင်း
- ကုသမှုကို ထောက်ပံ့ပေးသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း
- ပြင်ပလူနာ (သို့မဟုတ်) အရက်ဖြတ်စင်တာများတွင် ခေတ္တနေထိုင်၍ ကုသခြင်း တို့ဖြစ်သည်။
အာဟာရချို့တဲ့ခြင်းအတွက် ကုသမှု
နာတာရှည်အရက်စွဲသူများတွင် အဖြစ်များသော အာဟာရချို့တဲ့ခြင်းကိုလည်း ထိရောက်စွာ ကုသမှုပေးရန် လိုအပ်သည်။ ဆရာဝန်နှင့် အာဟာရဆိုင်ရာ ကျွမ်းကျင်သူများသည် ဗီတာမင်နှင့် အာဟာရချို့တဲ့မှုများကို ပြန်လည်ဖြည့်စွက်ပေးရန် အစားအသောက်ပုံစံကို လမ်းညွှန်မည်ဖြစ်သည်။ အကယ်၍ အစားစားရန် ခက်ခဲနေပါက နှာခေါင်းပိုက်မှတစ်ဆင့် အာဟာရဖြည့်စွက် အရည်များကို အစာအိမ်ထဲသို့ ထည့်သွင်းပေးခြင်းများ ပြုလုပ်နိုင်သည်။
အသည်းရောင်ရမ်းမှုကို လျှော့ချပေးသော ဆေးဝါးများ
အောက်ပါဆေးဝါးများကို အရက်ကြောင့် ပြင်းထန်စွာအသည်းရောင်ခြင်းအတွက် ရောဂါသက်သာစေရန် ပေးနိုင်သည်
- စတီးရွိုက်ဆေးများ (Corticosteroids)
- အရက်ကြောင့် ပြင်းထန်အသည်းရောင်သူများတွင် ရောင်ရမ်းမှုသက်သာစေ၍ သက်တမ်းရှည်စေရန် ပေးနိုင်သည်။ သို့သော် စတီးရွိုက်ဆေးများတွင် ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများရှိနိုင်သည်။ ထို့ပြင် ကျောက်ကပ်ပျက်စီးခြင်း၊ အစာအိမ်သွေးယိုခြင်း (သို့မဟုတ်) ဝမ်းဗိုက်တွင်းပိုးဝင်ခြင်းစသည့် အခြေအနေများတွင် စတီးရွိုက်ဆေးကို အသုံးမပြုရပါ။
- Pentoxifylline
စတီးရွိုက်ဆေးပေးရန် မသင့်တော်သော လူနာများတွင် pentoxifylline ဆေးကို သောက်သုံးရန် ညွှန်ကြားနိုင်သည်။ အဆိုပါဆေး၏ အာနိသင်နှင့် အကျိုးသက်ရောက်မှုများကို ဆက်လက်လေ့လာမှုများ ပြုနေဆဲဖြစ်သည်။ - အခြားကုသမှု
N-acetylcysteine ဆေးသည် အရက်ကြောင့် အသည်းရောင်သူများကို သက်သာစေနိုင်သော အကျိုးကျေးဇူးရှိသော်လည်း ဆက်လက်လေ့လာရန် လိုအပ်သည်။
အသည်းအစားထိုးကုသခြင်း (Liver transplant)
အရက်ကြောင့် ပြင်းထန်စွာအသည်းရောင်သူ အများစုသည် အသည်းအစားထိုးခြင်း မပြုလုပ်ပါက သေဆုံးနိုင်ခြေ မြင့်မားသည်။ လေ့လာချက်များအရ အရက်ကြောင့် ပြင်းထန်အသည်းရောင်သူများသည် အသည်းအစားထိုးပြီးနောက် အခြားအသည်းရောဂါသည်များနည်းတူ အသက်ရှင်နှုန်းမြင့်မားကြောင်း တွေ့ရသည်။
ရောဂါ၏ အခြေအနေနှင့် ပြန်လည်သက်သာနိုင်မှု
အသည်းရောင်ရမ်းခြင်း၏ ပြင်းထန်မှုအခြေအနေပေါ် မူတည်၍ ပြန်လည်သက်သာနိုင်မှု ကွာခြားသည်။ မပြင်းထန်သော ရောင်ရမ်းခြင်း အဆင့်တွင် အရက်ဖြတ်လိုက်ပါက အသည်းတစ်ရှူးများ ပြန်လည်ကျန်းမာလာနိုင်သည်။ သို့သော် အရက်ဆက်တိုက်သောက်နေသူများတွင်မူ အသည်းခြောက်ခြင်းနှင့် အသည်းလုပ်ငန်းများ ပျက်စီးခြင်း အဆင့်အထိ ဖြစ်နိုင်သည်။ နာတာရှည် အသည်းရောင်ရမ်းသူများတွင် အသည်းထဲရှိ အမာရွတ်တစ်ရှူးများကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်သော်လည်း အရက်ကို လုံးဝဖြတ်လိုက်ခြင်းဖြင့် အသည်းတစ်ရှူးများ ဆက်လက်ပျက်စီးခြင်းကို တားဆီးနိုင်ပြီး ကျန်ရှိသော ကျန်းမာသည့် အသည်းအပိုင်းကို ထိန်းသိမ်းထားနိုင်သည်။ ထို့ကြောင့် ရောဂါသက်သာစေရန်အတွက် အရက်ကို ရာသက်ပန် လုံးဝဖြတ်ရန် အလွန်အရေးကြီးသည်။
ကာကွယ်ခြင်း
အောက်ပါအချက်များကို လိုက်နာခြင်းအားဖြင့် အရက်ကြောင့် အသည်းရောင်ရမ်းခြင်းဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
- အရက်ကို လုံးဝမသောက်ခြင်း (သို့မဟုတ်) အသင့်အတင့်သာ သောက်သုံးခြင်း
ကျန်းမာသော အရွယ်ရောက်ပြီးသူများတွင် အရက်အသင့်အတင့်သောက်သုံးခြင်း ဆိုသည်မှာ အမျိုးသမီးများတွင် စံသတ်မှတ်ထားသော အရက်ပမာဏ တစ်နေ့ (၁) ခွက် နှင့် အမျိုးသားများတွင် တစ်နေ့ (၂) ခွက်ထက် ပို၍မသောက်ခြင်း ဖြစ်သည်။ သို့သော် အရက်ကြောင့် အသည်းရောင်ရမ်းခြင်းကို ကာကွယ်ရန် အထိရောက်ဆုံး တစ်ခုတည်းသောနည်းလမ်းမှာ အရက်အားလုံးကို လုံးဝရှောင်ကြဉ်ခြင်းဖြစ်သည်။ - အသည်းရောင်အသားဝါ စီ (hepatitis C) ပိုး မဝင်အောင် ကာကွယ်ခြင်း
အသည်းရောင်စီပိုးရှိသူများသည် ကုသမှုမခံယူပါက အသည်းခြောက်ခြင်းအထိ ဖြစ်နိုင်သည်။ အသည်းရောင် စီပိုးရှိသူများ အရက်သောက်ပါက အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေ ပို၍မြင့်မားသည်။ - ဆေးဝါးများ မသောက်ခင် စစ်ဆေးခြင်း
ဆရာဝန်ညွှန်ကြားသော ဆေးများမသောက်ခင်နှင့် ဆေးသောက်နေချိန်တွင် အရက်သောက်သုံးရန် ဘေးကင်းခြင်း ရှိ၊ မရှိကို ဆရာဝန်ထံ သေချာမေးမြန်းပါ။ အချို့အကိုက်အခဲပျောက်ဆေးများ (Acetaminophen) သည် အရက်နှင့် အတူသောက်သုံးပါက ပြင်းထန်သော ဓာတ်ပြုမှုများဖြစ်နိုင်သောကြောင့် ထိုဆေးများ သောက်ချိန်တွင် အရက်ကို လုံးဝမသောက်ရပါ။
References:
- American Academy of Family Physicians. (2022). Alcoholic hepatitis: Diagnosis and management. American Family Physician. Retrieved August 26, 2025, from https://www.aafp.org/pubs/afp/issues/2022/0400/p412.html
- Cedars-Sinai. (n.d.). Alcoholic hepatitis. Cedars-Sinai Health Library. Retrieved August 26, 2025, from https://www.cedars-sinai.org/health-library/diseases-and-conditions/a/alcoholic-hepatitis.html
- Cleveland Clinic. (n.d.). Alcoholic hepatitis. Cleveland Clinic. Retrieved August 26, 2025, from https://my.clevelandclinic.org/health/diseases/17853-alcoholic-hepatitis
- Mayo Clinic. (n.d.). Alcoholic hepatitis: Diagnosis and treatment. Mayo Clinic. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/alcoholic-hepatitis/diagnosis-treatment/drc-
- Mayo Clinic. (n.d.). Alcoholic hepatitis: Symptoms and causes. Mayo Clinic. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/alcoholic-hepatitis/symptoms-causes/syc-
- National Health Service (NHS). (n.d.). Alcohol-related liver disease (ARLD). NHS. Retrieved August 26, 2025, from https://www.nhs.uk/conditions/alcohol-related-liver-disease-arld/
Published: 8 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.