အလွန်ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ရောဂါသည် ရှားပါးသည့် ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်ပြီး အလွန်ပြင်းထန်သော နာကျင်မှုကို ဦးခေါင်းတစ်ဖက်ခြမ်း မျက်လုံးတစ်ဝိုက်တွင် ခံစားရခြင်းဖြစ်သည်။ ယင်းသည် သာမန်ခေါင်းကိုက်ခြင်းများထက် ပိုမိုပြင်းထန်၍ မခံမရပ်နိုင်အောင် နာကျင်တတ်သည်။ ခေါင်းတစ်ကြိမ်ကိုက်လျှင် (၁၅)မိနစ် မှ (၃)နာရီအထိ ကြာမြင့်နိုင်ပြီး အပတ်ပေါင်းများစွာမှ လပေါင်းများစွာကြာသည်အထိ နေ့စဥ်ထပ်တလဲလဲ ဖြစ်ပေါ်နိုင်သည်။ တစ်ရက်လျှင် (၈) ကြိမ်အထိ ဖြစ်ပွါးနိုင်ကာ နာကျင်မှုများ အလွန်ပြင်းထန်သောကြောင့် နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်မှုအပေါ် ကြီးမားစွာ ထိခိုက်နိုင်သည်။ ဆေးဝါးများဖြင့် ကုသမှုခံယူပါက ခေါင်းကိုက်သည့် အကြိမ်ရေနှင့် ခေါင်းကိုက်ခြင်းဝေဒနာ ပြင်းထန်မှုကို လျော့ကျစေနိုင်ပြီး ဝေဒနာခံစားရသည့် ကာလကိုလည်း တိုတောင်းစေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အလွန်ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်ပေါ်ရသည့် တိကျသောအကြောင်းရင်းကို အပြည့်အစုံ မသိရသေးပါ။ သို့သော် သုတေသနပြုချက်များအရ အောက်ပါအချက်များနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု တွေ့ရှိရသည်။
- အာရုံကြောနှင့် ဦးနှောက်လုပ်ဆောင်မှု မူမမှန်ခြင်း
မျက်နှာနှင့် ဦးနှောက်ကြား အာရုံခံစားမှုများကို ပို့ဆောင်ပေးသော Trigeminal nerve အနီးတွင် Histamine နှင့် Serotonin ကဲ့သို့သော ဓာတုပစ္စည်းများ ပုံမမှန် ထုတ်လွှတ်မှုများနှင့် ဆက်စပ်မှုရှိနိုင်သည်။ ထို့ပြင် ဦးနှောက်အခြေရှိ hypothalamus အစိတ်အပိုင်း၏ လုပ်ဆောင်မှု ပုံမှန်မဟုတ်ခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ - မျိုးဗီဇ (Genetics)
ရောဂါဖြစ်ပွားသူ (၅%) ခန့်တွင် မျိုးဗီဇနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိရသဖြင့် မိသားစုမျိုးရိုးတွင် ရောဂါရှိပါက ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေသည်။
ဤရောဂါသည် အသက်အရွယ်မရွေးဖြစ်ပေါ်နိုင်သော်လည်း အသက် (၂၀) မှ (၅၀) အတွင်း ပို၍ အဖြစ်များသည်။ အခြားသော ခေါင်းတစ်ခြမ်းကိုက်ရောဂါ (migraine) နှင့် လက္ခဏာများ မတူညီဘဲ အမျိုးသားများတွင် အမျိုးသမီးများထက် ပို၍ အတွေ့ရများသည်။ အလွန်ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်အောင် လှုံ့ဆော်အားပေးသော အကြောင်းရင်းများစွာရှိသည်။ ၄င်းတို့မှာ_
- အရက်သောက်ခြင်း
- ဆေးလိပ်သောက်ခြင်း
- ရာသီဥတု အပြောင်းအလဲ
- အချို့သော ဆေးဝါးများ (ဥပမာ – Sildenafil)
- ပြင်းသော အနံ့၊ စူးရှသော အလင်းရောင်
- နိုက်ထရိတ် (nitrates) ပါဝင်မှုများသော အစားအစာများ [ဥပမာ – ဝက်ဆားနယ် (bacon)]
- ပြင်းထန်သော လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
ခေါင်းကိုက်ခြင်းသည် မည်သည့် သတိပေးလက္ခဏာမျှ ဖြစ်ပေါ်ခြင်းမရှိဘဲ ရုတ်တရက် လျင်မြန်စွာ စတင်ဖြစ်ပေါ်လာနိုင်သည်။ သို့သော် အချို့တွင် ခေါင်းစမကိုက်မီအချိန်တွင် migraine ရောဂါ၌ ဖြစ်ပေါ်တတ်သော သတိပေးလက္ခဏာများဖြစ်သည့် ပုံမမှန် ခံစားမှုများနှင့် ထူးခြားအာရုံများ (Aura) ကို ပထမဦးစွာ ကြုံတွေ့ရတတ်သည်။
အလွန်ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ရောဂါတွင် အဓိကတွေ့ရသော လက္ခဏာများမှာ ခေါင်းကိုက်သည့်ဖက် တစ်ဖက်တည်းတွင် (unilateral) တွင်သာ စုစည်းဖြစ်ပေါ်လေ့ရှိသည်။ ၄င်းတို့မှာ_
- ဦးခေါင်းတစ်ဖက်ခြမ်း ပြင်းထန်စွာ နာကျင်ခြင်း
- မျက်လုံးအနောက်ဘက် သို့မဟုတ် နားထင်နေရာအနီး (orbital or temporal area – အဖြစ်အများဆုံးနေရာ)
- မျက်လုံး၏ အထက်ဘက်၊ နဖူးနှင့် နီးသော နေရာ (supraorbital area)
- နာကျင်သည့်ဖက်ခြမ်းရှိ မျက်လုံးတွင်
- မျက်ရည်ကျခြင်း (watery eye)
- နီရဲခြင်း (eye redness)
- မျက်ခွံတွဲကျခြင်း (droopy eyelid)
- နာကျင်သည့်ဖက်ခြမ်းတွင် နှာခေါင်းပိတ်ခြင်း (သို့မဟုတ်) နှာရည်ယိုခြင်း (runny or stuffy nostril)
- နာကျင်သည့်ဖက်တွင် မျက်နှာတစ်ခြမ်း နီမြန်းခြင်း (သို့မဟုတ်) ချွေးထွက်ခြင်း (flushing or sweating) တို့ဖြစ်ကြသည်။
ခေါင်းကိုက်သည့် အချိန်ကာလ (cluster period) သည် ရက်သတ္တပတ်ပေါင်းများစွာမှ လပေါင်းများစွာအထိ ကြာမြင့်လေ့ရှိသည်။ နှစ်စဥ် တူညီသော အချိန်ကာလ (ဥပမာ _ နွေဦးရာသီ သို့မဟုတ် ဆောင်းဦးရာသီတိုင်းတွင်) တွင် စတင်ကိုက်လေ့ရှိပြီး ခေါင်းကိုက်သည့်ကြာချိန်လည်း တူညီလေ့ရှိသည်။
အများစုတွင် ခေါင်းကိုက်သည့် အချိန်ကာလသည် တစ်ပတ်မှ တစ်နှစ်အတွင်း ကြာမြင့်လေ့ရှိသည်။ နောက်တစ်ကြိမ်ခေါင်းကိုက်ခြင်း ထပ်မံမဖြစ်ပေါ်ခင် နာကျင်မှုလုံးဝကင်းရှင်းသည့် ကာလ (remission period) သည် အနည်းဆုံး (၃) လနှင့်အထက် ရှိနိုင်သည်။ ဤအမျိုးအစားကို ကာလအပိုင်းအခြားဖြင့် ဖြစ်သော ခေါင်းကိုက်ခြင်း (episodic cluster headache) ဟုခေါ်သည်။
အချို့သူများတွင် ခေါင်းကိုက်သည့် အချိန်ကာလသည် တစ်နှစ်ထက်ပို၍ ဆက်တိုက်ဖြစ်ပေါ်နေပြီး နာကျင်မှုကင်းစင်သည့် ကာလ တစ်လထက်နည်းသည့် အမျိုးအစားကို နာတာရှည် ခေါင်းကိုက်ခြင်း (chronic cluster headache) ဟု သတ်မှတ်သည်။
- ခေါင်းကိုက်နေသည့် အချိန်ကာလ (cluster period) တွင် ခေါင်းကိုက်ခြင်းသည် နေ့စဥ် ဖြစ်ပေါ်၍ တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ကိုက်လေ့ရှိသည်
- တစ်ကြိမ်ကိုက်လျှင် (၁၅) မိနစ်မှ (၃) နာရီအထိ ကြာနိုင်သော်လည်း များသောအားဖြင့် မိနစ် (၃၀) မှ (၄၅)မိနစ်ထိ ကြာမြင့်လေ့ရှိသည်
- ခေါင်းကိုက်ခြင်း အကြိမ်အရေအတွက်များသည် နေ့စဥ် တူညီသော အချိန်တွင် ဖြစ်ပေါ် လေ့ရှိသည်
- အများစုသည် ညဘက် (အထူးသဖြင့် အိပ်ရာဝင်ပြီးနောက် ၁ နာရီမှ ၂ နာရီအကြာ) တွင် ဖြစ်လေ့ရှိပြီး ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကြောင့် အိပ်ရာမှ နိုးလာလေ့ရှိသည်
- ထိုနာကျင်ကိုက်ခဲမှုသည် ရုတ်တရက် စတင်ဖြစ်ပေါ်တတ်သကဲ့သို့ ရုတ်တရက်လည်း ပြီးဆုံးသွားနိုင်သည်၊ ထိုသို့ ခေါင်းကိုက်ဝေဒနာသက်သာပြီးနောက် လူအများစုသည် ခြေကုန်လက်ပန်းကျသကဲ့သို့ ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်သည်
နောက်ဆက်တွဲပြဿနာများ
အလွန်ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ရောဂါသည် အလွန်ပြင်းထန်သည့်အတွက် နေ့စဥ်လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်စေနိုင်သည့် ဝေဒနာတစ်မျိုးဖြစ်သည်။ ထိုကဲ့သို့ ပြင်းထန်သည့် ခေါင်းကိုက်ခြင်းကို နေ့စဥ်နှင့်အမျှခံစားနေရသည့်အတွက် မျှော်လင့်ချက်ကင်းမဲ့သည့် ခံစားချက်များ ဖြစ်ပေါ်စေနိုင်သည်။ ထိုမှတစ်ဆင့် စိတ်ကျရောဂါ (depression) ဖြစ်ပေါ်လာကာ မိမိကိုယ်ကို အဆုံးစီရင်လိုသည့် အတွေးများ (sucidal thoughts) ဖြစ်ပေါ်ခြင်းကဲ့သို့ နောက်ဆက်တွဲပြဿနာများ အလွန်ရှားပါးစွာ ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင် ဖော်ပြထားသော အလွန်ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ရောဂါ၏ လက္ခဏာများကို စတင်ခံစားရပါက မိသားစုဆရာဝန်နှင့် အရင်ဆုံး ပြသတိုင်ပင်သင့်သည်။ အလွန်ပြင်းထန်သော ခေါင်းကိုက်ခြင်းဖြစ်သည့်အတွက် ဦးနှောက်အကျိတ် သို့မဟုတ် သွေးကြောပေါက်ခြင်းကဲ့သို့သော အခြားပြင်းထန်သည့် ကျန်းမာရေးပြဿနာများကို ရှာဖွေစစ်ဆေးရန် အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီး သင့်တော်သည့် စစ်ဆေးကုသမှုများ လိုအပ်သည်။
အရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက်သင့်သည့် အခြေအနေများ
အောက်ပါ အရေးပေါ်လက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက် ကုသမှုခံယူရန် အရေးကြီးသည်။
- မိုးကြိုးပစ်သကဲ့သို့ အလွန်ပြင်းထန်သည့် ခေါင်းကိုက်ဝေဒနာ ရုတ်တရက် ဖြစ်ပေါ်ခြင်း
- ခေါင်းကိုက်ခြင်းနှင့်အတူ အဖျားတက်ခြင်း၊ ပျို့အန်ခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ ထုံကျဉ်ခြင်း သို့မဟုတ် စကားပြောရန် ခက်ခဲခြင်း (ဤလက္ခဏာများသည် လေဖြတ်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း သို့မဟုတ် ဦးနှောက်အကျိတ်ကဲ့သို့သော အခြားပြင်းထန်သည့် အခြေအနေများကြောင့် ဖြစ်နိုင်သည်)
- ဦးခေါင်းကို ထိခိုက်ဒဏ်ရာရပြီးနောက် ခေါင်းကိုက်ခြင်း (သေးငယ်သော ထိခိုက်မှုဖြစ်သည့်တိုင်အောင် နာကျင်မှု ပိုမိုဆိုးရွားလာလျှင်)
- ဘဝတွင် ယခင်ကတစ်ခါမျှ မကြုံဖူးသော ရုတ်တရက် ပြင်းထန်သည့် ခေါင်းကိုက်ခြင်း
- ခေါင်းကိုက်ခြင်း ပုံစံပြောင်းလဲပြီး ပိုမိုဆိုးရွားလာခြင်း
ဤလက္ခဏာများရှိပါက ဆေးရုံသို့ အချိန်မဆိုင်းဘဲ သွားရောက်ရန် အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေနိုင်ရန် ရောဂါရာဇဝင်များ အသေးစိတ်မေးမြန်းခြင်း၊ ခန္ဓာကိုယ်နှင့် အာရုံကြောစနစ်ကို စမ်းသပ်စစ်ဆေးခြင်းတို့ကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ ထိုကဲ့သို့ မေးမြန်းစစ်ဆေးချက်များအရ လူနာခံစားနေရသော ခေါင်းကိုက်သည့်နေရာ၊ ပြင်းထန်မှုနှင့် ဖြစ်ပေါ်သည့် အကြိမ်အရေအတွက် ပေါ်မူတည်၍ ရောဂါရှာဖွေအတည်ပြုနိုင်သည်။ ပုံမှန်မဟုတ်သော ခေါင်းကိုက်ဝေဒနာခံစားနေရသူများအတွက် အခြားသော အကြောင်းရင်းများကို စစ်ဆေးရှာဖွေနိုင်ရန် ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်များလိုအပ်နိုင်သည်။
ကုသခြင်း
အလွန်ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ရောဂါကို လုံးဝပျောက်ကင်းအောင် မကုသနိုင်သော်လည်း နာကျင်ကိုက်ခဲမှုကို လျော့နည်းသက်သာစေရန်၊ ခံစားရသည့် အချိန်ကာလတိုတောင်းစေရန်နှင့် နောက်တစ်ကြိမ် ထပ်မံဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် တို့ကိုရည်ရွယ်၍ အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကုသနိုင်သည်။
- ခေါင်းကိုက်မှုဝေဒနာ ခံစားနေရစဥ် ဆေးဝါးများဖြင့် ကုသခြင်း
- ထရစ်တန် (Triptans) အုပ်စုဆေးဝါးများ (Sumatriptan)
- စတီးရွိုက် အရောင်ကျဆေးများ
- ၁၀၀ ရာခိုင်နှုန်း အောက်ဆီဂျင်စစ်စစ်ကို ရှူခြင်း
- ထုံဆေး (lidocaine) နှာခေါင်းဖျန်းဆေးများအနေဖြင့် အသုံးပြုခြင်း
- Dihydroergotamine (DHE) ထိုးဆေးများဖြင့် ကုသခြင်း (sumatriptan သောက်ထားသော လူနာများတွင် အသုံးမပြုရပါ) အစရှိသော နည်းလမ်းများဖြင့် ခေါင်းကိုက်ခြင်းဝေဒနာကို အချိန်တိုအတွင်း သက်သာအောင် ပြုလုပ်ပေးနိုင်သည်။
- ခေါင်းကိုက်မှုဝေဒနာ ထပ်မံဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် ဆေးဝါးများဖြင့် ကုသခြင်း
ခံစားရသော ခေါင်းကိုက်မှုဝေဒနာ ပြင်းထန်မှု လျော့နည်းစေရန်နှင့် ခံစားရသည့်အချိန်ကာလ တိုတောင်းစေရန်၊ မကြာခဏ ခေါင်းကိုက်ခြင်းကို ကာကွယ်နိုင်ရန် အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ကုသနိုင်သည်။- သွေးတိုးရောဂါတွင် အသုံးပြုသော ဆေးဝါးများ (calcium channel blocker – verapamil)
- စတီးရွိုက်အရောင်ကျဆေးများ (Prednisolone)
- ကိုယ်ခံအားထိန်းညှိဆေးများ (CGRP monoclonal antibodies – Galcanezumab)
- အတက်ကျဆေးများ (anti-epileptics -topiramate)
- စိတ်ရောဂါတွင် အသုံးပြုသောဆေးများ (lithium)
- ခွဲစိတ်ကုသခြင်း
အထက်တွင် ဖော်ပြထားသော ကုသမှုများဖြင့် မသက်သာသော နာတာရှည် ခေါင်းကိုက်ဝေဒနာ ခံစားနေရသူများတွင် ခွဲစိတ်ကုသခြင်းနည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်သည်။ သို့သော် ရေရှည်တွင် အကျိုးသက်ရောက်မှုမည်မျှရှိနိုင်သည်မှာ မသေချာဘဲ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ (ဥပမာ – မေးရိုးကြွက်သား အားနည်းခြင်း၊ မျက်နှာနှင့် ဦးခေါင်းတွင် ခံစားနိုင်စွမ်းပျောက်ဆုံခြင်း) ဖြစ်ပေါ်နိုင်သောကြောင့် အသုံးပြုမှုနည်းပါးသည်။ - အာရုံကြောညှိနှိုင်း ကုထုံး (Neuromodulation)
အာရုံကြောများကို လှုံ့ဆော်ပေးခြင်းဖြင့် နာကျင်မှုကို တုံ့ပြန်သည့် ပုံစံ ပြောင်းလဲစေသည့် ကုသမှုတစ်ခုဖြစ်သည်။ ဤကုထုံးတွင်- Sphenopalatine ganglion stimulation
- Occipital nerve stimulation
- Deep brain stimulation အစရှိသော နည်းလမ်းအမျိုးမျိုးပါဝင်သည်
ဤကုထုံးတွင် ဦးနှောက်၏အချို့နေရာများတွင် ကိရိယာငယ်တစ်ခု တပ်ဆင်ကာ လျှပ်စစ်အချက်ပြမှုများ ပို့လွှတ်ပြီး နာကျင်မှုကို ပိတ်ဆို့ခြင်းဖြစ်သည်။
- နေအိမ်တွင် ခေါင်းကိုက်သက်သာအောင် ပြုလုပ်ခြင်း
- ရေခဲကို ပါးလွှာသော အဝတ်စဖြင့် ထုတ်၍ ခေါင်းကိုက်သည့်နေရာပေါ် တွင် တင်ပြီး ကပ်ပေးနိုင်သည်။ (တစ်ကြိမ်လျှင် ၁၀ မိနစ်မှ မိနစ် ၂၀ အထိ ကပ်ပေးနိုင်သည်)
- အသက်ရှူလေ့ကျင့်ခန်းများ (breathing exercises) ပြုလုပ်ခြင်း
အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် နာကျင်မှုကို တိုက်ရိုက်သက်သာစေခြင်း မဟုတ်သော်လည်း စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး စိတ်ဖိစီးမှုများကို ထိန်းချုပ်နိုင်သော အကျိုးကျေးဇူးများကို ရရှိနိုင်သည်။ တိတ်ဆိတ်ငြိမ်သက်သော နေရာတွင် သက်သောင့်သက်သာရှိသော အနေအထားတွင် ထိုင်ပြီး မိနစ်အနည်းငယ်ကြာသည်အထိ စိုးရိမ်ပူပန်မှုများကို ခဏတာ လွှတ်ချ၍ စိတ်ကို အနားပေးပြီးနေပါ။ နေ့တိုင်းအချိန်တစ်ခုသတ်မှတ်၍ ပုံမှန်လေ့ကျင့်ပေးခြင်းဖြင့် နာကျင်မှုခံစားရသည့်အချိန်တွင် စိတ်ငြိမ်သက်အောင် ထိန်းသိမ်းနိုင်ပြီး ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်သည်။ အသက်ရှူခြင်း နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကြည့်နိုင်သည်။- အသက်ပြင်းပြင်းရှူခြင်း (deep breathing)
စိတ်ဖိစီးမှုများကြုံတွေ့သည့်အခါ ပုံမှန်ထက် ပို၍ အသက်ရှူမြန်လေ့ရှိကြသည်။ ဤလေ့ကျင့်ခန်းသည် ထိုအခြေအနေကို ပြန်လည်ထိန်းညှိရန် အထောက်အကူပြုသည်။ ဝမ်းဗိုက်ပေါ်တွင် လက်တင်ကာ အာရုံစူးစိုက်ထားပြီး နှာခေါင်းမှတစ်ဆင့် လေကို ဆွဲ၍ ရှူသွင်းပြီးနောက် အဆုတ်ထဲမှ လေကုန်သည်အထိ ရှည်လျားဖြည်းညင်းစွာ အသက်ရှူထုတ်ပါ။ အသက်ရှူသွင်း ရှူထုတ်ကို ဝမ်းဗိုက်ပေါ်ရှိ လက်တွင် အာရုံစုစည်းထားပြီး ငြိမ်းချမ်းစွာတွေးတောနေထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်သည်။ - စည်းချက်ညီညီ အသက်ရှူခြင်း (Rhythmic Breathing)
အသက်ရှူမြန်နေသူများတွင် တစ်မှ ငါးအထိ စိတ်ထဲမှ ရေတွက်ရင်း နှာခေါင်းမှတစ်ဆင့် အသက်ကို ဖြည်းဖြည်းချင်း စည်းချက်ညီညီ အသက်ရှူသွင်း ရှူထုတ် ပြလုပ်ပေးပါ။ အသက်ရှူတိုင်း စိတ်ကို ငြိမ်းချမ်းအောင်ပြုလုပ်ပြီး ထပ်ခါထပ်ခါ ဖြည်းဖြည်းနှင့် စည်းချက်ညီအောင် ပြုလုပ်ပေးခြင်းဖြင့် ပို၍ အေးချမ်းတည်ငြိမ်လာမည် ဖြစ်သည်။ - စိတ်ကူးယဥ် ပုံရိပ်ဖော်၍ အသက်ရှူခြင်း (Visualized Breathing)
သက်သောင့်သက်သာရှိသော အနေအထားတွင်နေ၍ မျက်လုံးမှိတ်ထားပြီး အသက်ကို ပုံမှန်ရှူပါ။ နှာခေါင်းမှ အသက်ရှူသွင်းသောအခါ လေများအဆုတ်တွင် ပြည့်နှက်ပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်ပြည့်နှက်လာသည်ကို စိတ်ကူးပုံရိပ်ဖော်ကြည့်ခြင်းဖြင့် ပို၍သက်သောင့်သက်သာ ရှိလာမည်ကို တွေ့ရှိရမည်ဖြစ်သည်။ အသက်ရှူထုတ်သည့် အခါတွင်လည်း ပြင်းအားဖြင့် ရှူထုတ်သည်ကို ရှူသွင်းတုန်းကကဲ့သို့ပင် ပုံရိပ်ဖော်ကြည့်ပါ။ ထိုသို့ ထပ်ခါထပ်ခါ ပြုလုပ်ပေးခြင်းဖြင့် စိတ်အေးချမ်းတည်ငြိမ်လာပြီး ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်သည်။
- အသက်ပြင်းပြင်းရှူခြင်း (deep breathing)
ကာကွယ်ခြင်း
အလွန်ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ရောဂါပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် တိကျသော ကာကွယ်နည်းလမ်းမရှိသေးပေ။ သို့သော် ရောဂါဖြစ်ပွါးမှုနှင့် ပြင်းထန်မှုကို လျှော့ချရန်အတွက် ရောဂါကို လှုံ့ဆော်နိုင်သော အကြောင်းရင်းများ (triggers) ကို ရှောင်ရှားခြင်းနှင့် ဆေးဝါးများ ပုံမှန်သောက်သုံးခြင်းဖြင့် ကာကွယ်နိုင်သည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်း
- အရက်နှင့် ဆေးလိပ်ရှောင်ပါ
ခေါင်းကိုက်ခြင်းကို အဓိက လှုံ့ဆော်နိုင်သော အရာများဖြစ်သည့် အရက်နှင့် ဆေးလိပ်ကို လုံးဝရှောင်ကြဉ်ခြင်းသည် အလွန်အရေးကြီးသည်။ - ပုံမှန် အိပ်စက်ချိန် ထိန်းသိမ်းပါ
နေ့စဉ် ပုံမှန်အချိန်များတွင် အိပ်ခြင်းနှင့် နိုးထခြင်းကို ထိန်းသိမ်းပါ။ အိပ်ရေးပျက်ခြင်းသည် ခေါင်းကိုက်ရောဂါကို ဖြစ်စေနိုင်သည်။ - ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများကို ရှောင်ပါ
ရာသီဥတုအပြောင်းအလဲ၊ ပြင်းထန်သော အနံ့အသက်များနှင့် တောက်ပသည့် အလင်းရောင်တို့ကို ရှောင်ပါ။ - ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ
ပြင်းထန်သော လှုပ်ရှားမှုများကို ရှောင်ရှားပြီး ပုံမှန်ပေါ့ပါးသည့် လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။
ကာကွယ်ဆေးများ (Preventive Medications)
အထက်တွင်ဖေါ်ပြခဲ့သောကာကွယ်ဆေးများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပုံမှန်သောက်သုံးရန် လိုအပ်သည်။ မိမိဘာသာ ဆေးဝါးရွေးချယ်သောက်သုံးခြင်း သို့မဟုတ် ဆေးရပ်ခြင်းမျိုး မပြုလုပ်သင့်ပါ။
ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ဆရာဝန်နှင့် ပုံမှန်တိုင်ပင်ဆွေးနွေးပြီး မိမိ၏ လက္ခဏာများနှင့် အသင့်တော်ဆုံး ကုသမှုနည်းလမ်းကို ရွေးချယ်ခြင်းပင်ဖြစ်သည်။
References:
- Cleveland Clinic. (n.d.). Cluster headaches. Retrieved August 22, 2025, from https://my.clevelandclinic.org/health/diseases/5003-cluster-headaches
- Healthline. (n.d.). Cluster headache: Causes & symptoms. Retrieved August 22, 2025, from https://www.healthline.com/health/cluster-headache#causes
- Mayo Clinic. (n.d.). Cluster headache — Diagnosis and treatment. Retrieved August 22, 2025, from https://www.mayoclinic.org/diseases-conditions/cluster-headache/diagnosis-treatment/drc-20352084
- Mayo Clinic. (n.d.). Cluster headache — Symptoms and causes. Retrieved August 22, 2025, from https://www.mayoclinic.org/diseases-conditions/cluster-headache/symptoms-causes/syc-20352080
- WebMD. (n.d.). Cluster headaches. Retrieved August 22, 2025, from https://www.webmd.com/migraines-headaches/cluster-headaches
Published: 8 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
