ပုံမှန်ထက်ကြီးထွားသော သန္ဓေသားဆိုသည်မှာ မွေးဖွားချိန်တွင် ကလေး၏ မွေးစအလေးချိန်သည် (၈) ပေါင် (၁၃) အောင်စ (၄,၀၀၀ ဂရမ်) သို့မဟုတ် ထို့ထက်ပိုနေခြင်းဖြစ်သည်။ သန္ဓေသားကြီးထွားလွန်းနေလျှင် သဘာဝအတိုင်း မွေးဖွားရာတွင် ကလေးထိခိုက်နိုင်ခြေရှိသကဲ့သို့ မွေးဖွားပြီးနောက်တွင်လည်း ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့နိုင်သည်။ အထူးသဖြင့် မွေးစကိုယ်အလေးချိန် (၉) ပေါင် (၁၄) အောင်စ (၄,၅၀၀ ဂရမ်) ထက်များပါက နောက်ဆက်တွဲပြဿနာများ ပို၍ဖြစ်ခြေနိုင်များသည်ဟု ယူဆကြသည်။
ကလေး၏ မွေးစကိုယ်အလေးချိန်သည် ပုံမှန် ဟုတ်မဟုတ်ကို သိရှိရန် ကိုယ်ဝန်သက်အလိုက် မွေးစကိုယ်အလေးချိန် ဂရပ်ဇယားများကို အသုံးပြုစစ်ဆေးနိုင်သည်။ ဤဇယားများတွင် Centile ဟုခေါ်သော ဂရပ်လိုင်းများ ပါဝင်သည်။
- ပုံမှန်အလေးချိန်
ကလေး၏ မွေးစကိုယ်အလေးချိန်သည် 10th centile နှင့် 90th centile ဂရပ်လိုင်းများကြားတွင် ရှိနေလျှင် ပုံမှန်အဖြစ် သတ်မှတ်သည်။ - ပုံမှန်ထက်ကြီးထွားခြင်း (Large for Gestational Age – LGA)
မွေးစကိုယ်အလေးချိန်သည် 90th centile ဂရပ်လိုင်း၏အထက်တွင် ရှိနေလျှင် သန္ဓေသား ပုံမှန်ထက်ကြီးထွားသည် (LGA/Macrosomia) ဟု သတ်မှတ်သည်။ - ပုံမှန်ထက်သေးငယ်ခြင်း (Small for Gestational Age – SGA)
မွေးစကိုယ်အလေးချိန်သည် 10th centile ဂရပ်လိုင်း၏အောက်တွင် ရှိနေလျှင် သန္ဓေသား ပုံမှန်ထက် သေးငယ်သည် (SGA) ဟု သတ်မှတ်သည်။
ဤဇယားများတွင် အောက်ဆုံးဂရပ်လိုင်းသည် 3rd centile ဖြစ်ပြီး၊ အပေါ်ဆုံးဂရပ်လိုင်းသည် 97th centile ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သန္ဓေသားပုံမှန်ထက်ကြီးထွားစေသော အကြောင်းရင်းများစွာရှိသည်။
မျိုးဗီဇ၊ ကိုယ်ဝန်ဆောင်မိခင် ဆီးချိုရောဂါ (Gestational diabetes) ရှိခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် အဝလွန်ခြင်းကဲ့သို့သော ကျန်းမာရေးအခြေအနေများသည် သန္ဓေသားပုံမှန်ထက်ကြီးထွားခြင်းကိုဖြစ်စေသည်။
- ကိုယ်ဝန်ဆောင်မိခင်ဆီးချိုရောဂါရှိခြင်း
ကိုယ်ဝန်ဆောင်ချိန်မှ ပေါ်လာသော ဆီးချိုရောဂါ (Gestational diabetes) သို့မဟုတ် ကိုယ်ဝန်မဆောင်မီကတည်းက ရှိနေသော ဆီးချိုရောဂါ (Pre-gestational diabetes) (အမျိုးအစား ၁ သို့မဟုတ် အမျိုးအစား ၂) ရှိသော ကိုယ်ဝန်ဆောင်မိခင်များတွင် သန္ဓေသား ပုံမှန်ထက်ကြီးထွားခြင်း ဖြစ်နိုင်ခြေများသည်။ မိခင်မှ အာဟာရဓာတ်များကို အချင်းမှတစ်ဆင့် သန္ဓေသားဆီသို့ ပို့ပေးရာတွင် ဂလူးကို့စ်လည်း ပါဝင်သည်။ ထို့ကြောင့် မိခင်တွင် သွေးတွင်းဂလူးကို့စ် များနေပါက သန္ဓေသား၌လည်း များနေမည်ဖြစ်သည်။ ထိုသို့များနေခြင်းကြောင့် သန္ဓေသား၌ အင်ဆူလင်နှင့် ကြီးထွားဟော်မုန်း (Growth hormone) များထွက်စေသည်။ ဤဟော်မုန်းများသည် သန္ဓေသား၏ ခန္ဓာကိုယ်အဆီပိုများစေပြီး အရွယ်အစားပိုကြီးလာစေသည်။ ကိုယ်ဝန်ဆောင်မိခင်ဆီးချိုရောဂါကြောင့် သန္ဓေသားပုံမှန်ထက် ကြီးထွားသည့်အတွက် သန္ဓေသားပခုံးလည်း ကြီးထွားလာပြီး မွေးလမ်းကြောင်းမှ သဘာဝအတိုင်း မွေးဖွားစဉ် သန္ဓေသားပခုံးတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံးသည် မိခင်တင်ပါးဆုံရိုးကွင်းထဲ၌ တစ်နိုင်သည့်အန္တရာယ် (Shoulder Dystocia) ပို၍ ရှိနိုင်သည်။ ထို့အတွက် ဆီးချိုကောင်းစွာထိန်းနိုင်ရန် လိုသည်။ - ပုံမှန်ထက်ကြီးထွားသော သန္ဓေသားကို မွေးဖွားခဲ့ဖူးသော ရာဇဝင်ရှိခြင်း
ကိုယ်ဝန်ဆောင်မိခင်သည် ကိုယ်ဝန်မွေးစအလေးချိန် ၈ ပေါင် ၁၃ အောင်စ သို့မဟုတ် ထို့ထက်များသော ကလေးမွေးဖွားဖူးခြင်းရှိပါက နောက်ထပ်ကိုယ်ဝန်တွင်လည်း အလားတူကလေးမျိုး ကိုယ်ဝန်ဆောင် ရနိုင်ခြေ (၅)ဆ မှ (၁၀)ဆထိ ပို၍များသည်။ - ကိုယ်ဝန်ဆောင်မိခင်အဝလွန်ခြင်း
ကိုယ်ဝန်ဆောင်မိခင် အဝလွန်ခြင်းကြောင့်လည်း သန္ဓေသား ပုံမှန်ထက်ကြီးထွားနိုင်ခြေ ပိုများသည်။- ကိုယ်ဝန်မဆောင်မီ အဝလွန်နေခြင်း
ကိုယ်ဝန်မဆောင်မီကပင် အဝလွန်နေသော မိခင်များသည် သန္ဓေသားကြီးထွားသည့် ကလေးကို မွေးဖွားရန် (၄)ဆ မှ (၁၂)ဆအထိ ဖြစ်နိုင်ခြေ ပိုများသည်။ - ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်ခြင်း
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မိခင်၏ကိုယ်အလေးချိန် ပုံမှန်ထက် အလွန်အမင်းပိုတက်လာပါကလည်း သန္ဓေသား ပုံမှန်ထက်ကြီးထွားခြင်းကို ဖြစ်စေနိုင်သည်။
မိခင်အဝလွန်မှုသည် ကလေး၏ ခန္ဓာကိုယ်အရွယ်အစားကို ပိုကြီးစေနိုင်သော ဇီဝကမ္မဖြစ်စဉ်များပေါ် သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။
- ကိုယ်ဝန်မဆောင်မီ အဝလွန်နေခြင်း
- ကလေးသုံးယောက် သို့မဟုတ် ထို့ထက်ပို၍ မွေးဖွားဖူးခြင်း
ကလေးသုံးယောက်နှင့်အထက် မွေးဖွားဖူးသည့် မိခင်များတွင် နောက်ပိုင်းမွေးဖွားသည့် ကလေးများသည် ပုံမှန်ထက် ပိုကြီးထွားလာနိုင်သည်။ သန္ဓေသားသည် နောက်ထပ် ကိုယ်ဝန်ဆောင်တိုင်း ပျမ်းမျှအားဖြင့် ၄ အောင်စ (၁၁၃ ဂရမ်) စီ ပိုထွားလာသည်။ - ယောက်ျားလေး သန္ဓေသားဖြစ်ခြင်း
ယောက်ျားလေး သန္ဓေသားများသည် မိန်းကလေး သန္ဓေသားများထက် အနည်းငယ်ပို၍ ထွားကြသည်။ မွေးစအလေးချိန် ၄,၅၀၀ ဂရမ် သို့မဟုတ် ထို့ထက်ပိုသော ကလေးအများစုသည် ယောက်ျားလေးများ ဖြစ်သည်။ - သတ်မှတ်ထားသော မွေးရက် ကျော်လွန်ခြင်း
ကိုယ်ဝန်သက် (၄၂) ပတ်ထက်ကျော်လွန်သည်အထိ သန္ဓေသားကို အာဟာရဆက်လက်ပေးနေသဖြင့် ပုံမှန်ထက်ကြီးထွားနိုင်ခြေ ပိုများသည်။ - မိခင်၏ မွေးစအလေးချိန် (၈) ပေါင်ကျော်ခြင်း
မိခင်ကိုမွေးဖွားခဲ့စဉ်က မွေးစအလေးချိန် (၈) ပေါင် ကျော်ခဲ့ပါက၊ မွေးစအလေးချိန် (၈) ပေါင် (၁၃) အောင်စနှင့်အထက် ရှိသောကလေး မွေးဖွားနိုင်ခြေ နှစ်ဆ ပိုများသည်။ - မိခင်အရပ်ရှည်ခြင်း
အရပ်ရှည်သော မိခင်များ (၈၀ ရာခိုင်နှုန်းနှင့် အထက်) သည် ပုံမှန်ထက်ကြီးထွားသော ကလေး မွေးဖွားနိုင်ခြေ ပိုများသည်။ - မိခင် အသက် (၃၅) နှစ်နှင့်အထက် ကြီးခြင်း
အသက် (၃၅) နှစ်နှင့်အထက် ရှိသော မိခင်များသည် ပုံမှန်ထက်ကြီးထွားသော သန္ဓေသား ကိုယ်ဝန်ဆောင်ရနိုင်ခြေ ပိုများသည်။
သန္ဓေသားပုံမှန်ထက်ကြီးထွားခြင်းလက္ခဏာများ
သန္ဓေသားပုံမှန်ထက်ကြီးထွားခြင်းကြောင့် မိခင်တွင် သိသာထင်ရှားသည့် သီးသန့်လက္ခဏာများ မရှိသော်လည်း ပုံမှန်ကိုယ်ဝန်စောင့်ရှောက်မှု ခံယူနေစဉ်အတွင်း အောက်ပါအချက်များကို သတိပြုမိနိုင်သည်။
- သားအိမ်အမြင့် ပုံမှန်ကိုယ်ဝန်သက်ထက် ပို၍များနေခြင်း
ပုံမှန် ကိုယ်ဝန်စောင့်ရှောက်မှု ခံယူနေချိန်တွင် ကျန်းမာရေးစောင့်ရှောက်သူသည် ဆီးခုံရိုးမှ သားအိမ်၏ အမြင့်ဆုံးနေရာအထိ တိုင်းတာလေ့ရှိသည်။ သန္ဓေသားပုံမှန်ထက်ကြီးထွားနေလျှင် ဤတိုင်းတာမှုသည် လက်ရှိကိုယ်ဝန်သက်ထက် ပို၍များနေတတ်သည်။ - ရေမြွှာရည် ပုံမှန်ထက် များနေခြင်း (Polyhydramnios)
ရေမြွှာရည်သည် သန္ဓေသားကို သားအိမ်အတွင်း ကာကွယ်ပေးထားပြီး သန္ဓေသား၏ ဆီးလည်း ဖြစ်သည်။ သန္ဓေသားပုံမှန်ထက်ကြီးထွားပါက ဆီး ပိုမိုများပြားစွာ ပေါက်သောကြောင့် ရေမြွှာရည် ပို၍များလာနိုင်သည်။ ထို့ကြောင့် ရေမြွှာရည် ပုံမှန်ထက် များနေခြင်းသည် သန္ဓေသားပုံမှန်ထက်ကြီးထွားခြင်း၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။
သို့သော်သန္ဓေသား၏ အရွယ်အစားကို တိကျစွာ ခန့်မှန်းရန်ခက်ခဲပြီး သန္ဓေသားကြီးထွားခြင်းကြောင့် ခံစားရသော မသက်မသာဖြစ်မှုများသည် အခြားကိုယ်ဝန်ဆောင်များနည်းတူသာဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
သန္ဓေသား ပုံမှန်ထက်ကြီးထွားခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- မိခင်နောက်ဆက်တွဲပြဿနာများ
- သန္ဓေသားပုံမှန်ထက်ကြီးထွားခြင်းကြောင့် မွေးဖွားချိန်ကြာမြင့်သဖြင့် ညှပ်ဖြင့်ဆွဲ၍ မွေးဖွားခြင်း (Forceps delivery)၊ လေစုပ်စက်အကူအညီဖြင့် မွေးဖွားခြင်း (Vacuum delivery)၊ တစ်ခါတစ်ရံ အရေးပေါ်ခွဲစိတ်၍ မွေးဖွားရခြင်း
- သန္ဓေသားပုံမှန်ထက်ကြီးထွားခြင်းကြောင့် မွေးဖွားစဥ် မိန်းမကိုယ်အတွင်းနံရံများ၊ ကြွက်သားများ ထိခိုက် စုတ်ပြဲခြင်း (Genital tract lacerations)
- မွေးဖွားပြီးနောက် သားအိမ်ကောင်းစွာ မဝပ်နိုင်သောကြောင့် သွေးသွန်ခြင်း
- သားအိမ်ကွဲထွက်ခြင်း (Uterine rupture)
အကယ်၍ ယခင်ခွဲစိတ်မွေးဖွားခဲ့ဖူးခြင်း သို့မဟုတ် သားအိမ်အသားလုံး ခွဲစိတ်ဖူးခြင်းရှိသူများသည် ပုံမှန်ထက်ကြီးထွားသော သန္ဓေသားကို မီးဖွားစဥ် ရှားပါးစွာ သားအိမ်ကွဲထွက်နိုင်သည်။ ထို့ကြောင့် သားအိမ်ကွဲထွက်နိုင်ခြေ ရှိပါက အရေးပေါ်ခွဲစိတ်မွေးဖွားရန် လိုအပ်နိုင်သည်။
- ကလေးနောက်ဆက်တွဲပြဿနာများ
- သဘာဝအတိုင်းမီးဖွားနေစဥ် သန္ဓေသားဦးခေါင်းသည် မွေးလမ်းကြောင်းပြင်ပသို့ ရောက်ရှိပြီးသော်လည်း ပခုံးသည် မွေးလမ်းကြောင်းရှိ တင်ပါးဆုံရိုးကွင်းအတွင်း တစ်နေခြင်း (Shoulder dystocia)၊ ထိုသို့တစ်နေခြင်းကြောင့် သန္ဓေသား ခန္ဓာကိုယ်တွင် ဒဏ်ရာရခြင်း (Birth injuries)၊ ညှပ်ရိုးကျိုးခြင်း၊ လက်ပိုင်းဆိုင်ရာ အာရုံကြောအစုအဝေး ထိခိုက်ဒဏ်ရာရခြင်းကြောင့် လက်အနေအထား ပုံမှန်မဟုတ်ခြင်း (Erb’s palsy)
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိခြင်း
- သွေးနီဥအရေအတွက်များခြင်း
- မွေးကင်းစကလေး အသားဝါခြင်း
- သွေးတွင်းအချိုဓာတ်နည်းခြင်း
- ကလေးဘဝ အဝလွန်ခြင်း
- ကလေးဘဝ ဇီဝကမ္မဖြစ်စဥ် မူမမှန်ခြင်းရောဂါစု (Metabolic syndrome) ဖြစ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
သန္ဓေသား ပုံမှန်ထက်ကြီးထွားခြင်း ဖြစ်ပေါ်စေနိုင်သော မျိုးဗီဇ၊ ကိုယ်ဝန်ဆောင်မိခင် ဆီးချိုရောဂါရှိခြင်း၊ ကိုယ်ဝန်ဆောင်မိခင် အဝလွန်ခြင်း စသည့်အထက်ဖော်ပြပါ အကြောင်းအရာများရှိလျှင် ကိုယ်ဝန်ရသည့်အခါ သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် သေချာစွာ ပြသဆွေးနွေး တိုင်ပင်ရမည်။
ရောဂါရှာဖွေခြင်း
သန္ဓေသား ပုံမှန်ထက်ကြီးထွားခြင်းကို အတည်ပြုနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ မွေးကင်းစကလေး၏ အလေးချိန်ကို တိုင်းတာခြင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သားဖွားမီးယပ်အထူးကုဆရာဝန်သည် အောက်ပါအချက်များအပေါ် အခြေခံ၍ သန္ဓေသား၏ အရွယ်အစားကို ခန့်မှန်းနိုင်သည်။
- သားအိမ်အမြင့် တိုင်းတာခြင်း
ကိုယ်ဝန်ဆောင်ချိန်တွင် သားအိမ်အမြင့်သည် ကိုယ်ဝန်သက်နှင့်အညီ ရှိမရှိ တိုင်းတာခြင်း - ဖြစ်နိုင်ခြေအချက်များ (Risk factors)
မိခင်တွင် ဆီးချိုရောဂါရှိခြင်း၊ အဝလွန်ခြင်း သို့မဟုတ် အခြားသော ဖြစ်နိုင်ခြေအချက်များ ရှိမရှိကို စစ်ဆေးခြင်း
အာထရာဆောင်း (USG) ရိုက်၍ သန္ဓေသား၏ ကိုယ်အလေးချိန်ကို တွက်ချက်နိုင်သော်လည်း တိကျမှု အားနည်းသည်။ ဥပမာအားဖြင့် အာထရာဆောင်းသည် သန္ဓေသား၏ကိုယ်အလေးချိန်ကို (၉) ပေါင်ဟု တွက်ချက်ပေးလျှင် အမှန်တကယ်တွင် ထိုသန္ဓေသားသည် (၈) ပေါင်နှင့် (၁၀) ပေါင်ကြား၌သာ ရှိနိုင်သည်။
ကုသခြင်း
သန္ဓေသား ပုံမှန်ထက်ကြီးထွားခြင်းကို ရှာဖွေတွေ့ရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော သားဖွားမီးယပ် အထူးကုဆရာဝန်သည် အောက်ပါအချက်များအပေါ် အခြေခံ၍ အကောင်းဆုံး မွေးဖွားမှုနည်းလမ်းကို အကြံပြုမည်။
- အာထရာဆောင်းမှ ရရှိသော တွက်ချက်မှုများ
- ကိုယ်ဝန်ဆောင်မိခင်၏ ကျန်းမာရေးရာဇဝင်
- ဖြစ်နိုင်ခြေရှိသော အန္တရာယ်များ
သဘာဝအတိုင်း မွေးလမ်းကြောင်းမှ မွေးဖွားခြင်းတွင် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များ၊ အထူးသဖြင့် သန္ဓေသားပခုံးတစ်နိုင်ခြင်း (Shoulder dystocia) ကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို ရှောင်ရှားနိုင်ရန် အချို့သော အခြေအနေများတွင် ခွဲစိတ်မွေးဖွားခြင်း (Caesarean section) ကို အကြံပြုနိုင်သည်။
ကျန်းမာရေးပြဿနာများမရှိပါက နောက်ဆက်တွဲပြဿနာများ လျော့ကျစေရန်အတွက် သတ်မှတ်ထားသော ရက်မတိုင်မီ စောစီးစွာ မွေးဖွားရန် အကြံမပြုပါ။ ကိုယ်ဝန်သက် (၃၉) ပတ်မတိုင်မီ စောမွေးခြင်းသည် ကလေးတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေကို တိုးစေသည်။
ကာကွယ်ခြင်း
သန္ဓေသားပုံမှန်ထက်ကြီးထွားခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများစွာရှိသဖြင့် အပြည့်အဝ ကာကွယ်ရန် မဖြစ်နိုင်ပါ။ သို့သော် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို လျှော့ချနိုင်ရန် အောက်ပါအချက်များကို လိုက်နာရန် လိုအပ်ပါသည်။
- ပုံမှန်စစ်ဆေးမှုများ ခံယူခြင်း
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ပုံမှန်စောင့်ရှောက်မှုနှင့် စစ်ဆေးမှုများ ခံယူခြင်းဖြင့် မိခင်၏ကျန်းမာရေးနှင့် သန္ဓေသား၏ ကြီးထွားမှုကို သားဖွားမီးယပ်အထူးကုဆရာဝန်က အနီးကပ် စောင့်ကြည့်နိုင်သည်။ - ဆီးချိုရောဂါ ရှိမရှိ စစ်ဆေးခြင်း
ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ရှိမရှိကို သိရှိရန် သကြားရည်တိုက်၍ (၂) နာရီအကြာတွင် သွေးတွင်းသကြားဓာတ် တိုင်းတာစစ်ဆေးမှု (Oral glucose tolerance test) ပြုလုပ်ရန် အရေးကြီးသည်။ - ကိုယ်ဝန်ဆောင်စဉ် လေ့ကျင့်ခန်းလုပ်ခြင်း
ကိုယ်ဝန်ဆောင်စဉ် အေရိုးဗစ် (aerobic) နှင့် ကြွက်သားအားကောင်းစေသော လေ့ကျင့်ခန်း များ ပြုလုပ်ခြင်းသည် သန္ဓေသားကြီးထွားလွန်းခြင်းအန္တရာယ်ကို လျှော့ချပေးနိုင်သည်။ မည်သည့်လေ့ကျင့်ခန်းအမျိုးအစားများ ပြုလုပ်ရမည်ကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ - ဆီးချိုရောဂါကို ထိန်းချုပ်ခြင်း
မိခင်တွင် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိပါက အချိုဓာတ်နည်းသော အစားအစာများ စားသုံးခြင်းဖြင့် ထိန်းချုပ်နိုင်ပြီး ကြီးထွားလွန်းခြင်းအန္တရာယ်ကို လျှော့ချနိုင်သည်။ ကိုယ်ဝန်မဆောင်မီကတည်းက ဆီးချိုရောဂါရှိပါက သွေးတွင်းအချိုဓာတ်ကို တတ်နိုင်သမျှ ပုံမှန်အတိုင်း ထိန်းထားခြင်းဖြင့်လည်း အန္တရာယ်ကို လျှော့ချပေးနိုင်သည်။ - အဝလွန်ခြင်းကို ထိန်းချုပ်ခြင်း
ကိုယ်ဝန်မဆောင်မီကပင် ကျန်းမာသောကိုယ်အလေးချိန်ကို ရရှိစေရန် ကြိုးစားသင့်သည်။ ၎င်းအတွက် အစားအသောက်ပုံစံပြောင်းလဲခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း သို့မဟုတ် ဆရာဝန်၏ အကြံပြုချက်အရ အခြားနည်းလမ်းများဖြင့် ကုသမှုခံယူနိုင်သည်။
References:
- Mayo Clinic. (n.d.). Fetal macrosomia: Symptoms & causes. Retrieved September 14, 2025, from https://www.mayoclinic.org/diseases-conditions/fetal-macrosomia/symptoms-causes/syc-20372579
- Cleveland Clinic. (n.d.). Fetal macrosomia. Retrieved September 14, 2025, from https://my.clevelandclinic.org/health/diseases/17795-fetal-macrosomia
- WebMD. (2025). Fetal macrosomia: Causes, symptoms, and more. Retrieved September 14, 2025, from https://www.webmd.com/baby/what-is-fetal-macrosomia
Published: 25 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.