Testicular Torsion (ဝှေးစေ့အညှာလိမ်ခြင်း)

Testicular Torsion (ဝှေးစေ့အညှာလိမ်ခြင်း)

ဝှေးစေ့အညှာလိမ်ခြင်း (Testicular Torsion) ဆိုသည်မှာ သွေးကြောများ၊ အာရုံကြောများနှင့် သုက်ပြွန်များဖြင့် ဖွဲ့စည်းထားသည့် ဝှေးစေ့အညှာ (Spermatic cord) လိမ်သွားခြင်းဖြစ်သည်။

ဝှေးစေ့အညှာလိမ်ခြင်းသည် အမျိုးသား (၄၀၀၀) တွင် (၁) ဦးခန့် ဖြစ်ပွားနိုင်သည်။ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း မွေးကင်းစကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်များ (၁၂)နှစ် မှ (၁၈)နှစ်ကြားတွင် အဖြစ်များဆုံးဖြစ်သည်။ ဝှေးစေ့အညှာလိမ်ခြင်းသည် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူရမည့် အခြေအနေ တစ်ခုဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဝှေးစေ့အညှာလိမ်ခြင်း ဖြစ်ရသည့် တိကျသောအကြောင်းရင်းကို မသိရှိပါ။

ဝှေးစေ့အညှာလိမ်နိုင်ခြေ ပိုများသော အခြေအနေများ
  • Bell Clapper Deformity
    မွေးရာပါ ဝှေးစေ့ အခြေအနေတစ်ခုဖြစ်သည့် ဝှေးစေ့သည် ကပ်ပယ်အိတ်နံရံတွင် ကောင်းစွာ တွယ်ချိတ်မှု မရှိသည့်အခြေအနေ (Bell clapper deformity) တွင် ကပ်ပယ်အိတ်အတွင်း ဝှေးစေ့သည် လွတ်လပ်စွာလည်၍ အညှာလိမ်သွားနိုင်သည်။
  • ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့ မဆင်းခြင်း (Undescended testis)
    ဝှေးစေ့သည် ဝမ်းဗိုက်အတွင်းမှ စတင်ဖြစ်ပေါ်ပြီး ကိုယ်ဝန် (၆) လခန့်တွင် ကပ်ပယ်အိတ်အတွင်းသို့ စတင်ဆင်းလာသည်။ မွေးဖွားပြီးချိန်တွင် ဝှေးစေ့သည် ကပ်ပယ်အိတ်အတွင်းသို့ ရောက်ရှိနေပြီးဖြစ်သည်။ အကယ်၍ သဘာဝအတိုင်း ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့မဆင်းပါက ဝှေးစေ့ အညှာလိမ်သွားနိုင်ခြေ ပိုများသည်။
  • ဝှေးစေ့ အညှာလိမ် ဖြစ်ခဲ့ဖူးခြင်း
  • ဝှေးစေ့ အညှာလိမ် ရောဂါဖြစ်ဖူးသူများတွင် အခြားတစ်ဖက်တွင်လည်း ဖြစ်နိုင်ခြေ ပိုများသည်။
  • မိသားစုတွင် ရောဂါရာဇဝင်ရှိခြင်း
  • မိသားစုအတွင်း ဝှေးစေ့အညှာလိမ်ခြင်း ဖြစ်ဖူးသူရှိပါက မိမိတွင် ဖြစ်နိုင်ခြေပိုများသည်။
ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများသည် အသက်အရွယ်ပေါ် မူတည်၍ ကွဲပြားနိုင်သည်။

  • မွေးကင်းစကလေးများ
    • မွေးကင်းစကလေးများတွင် ဖြစ်ပွားပါက နာကျင်မှုမရှိဘဲ ဖြစ်ပွားသည့်ဘက် ကပ်ပယ်အိတ်သည် အရွယ်ပိုကြီးလာခြင်း၊ စမ်းကြည့်ပါက ဝှေးစေ့ အနည်းငယ် မာကျောနေခြင်း စသည့်လက္ခဏာများ သတိပြုမိနိုင်သည်
    • ထို့အပြင် ကပ်ပယ်အိတ် အရေပြားအရောင်ပြောင်းကာ အညိုရောင်ဖြစ်နေတတ်သည်
  • အသက်ကြီးသော ကလေးများနှင့် အရွယ်ရောက်ပြီးသူများ
    • အဓိက အဖြစ်အများဆုံး လက္ခဏာမှာ ရုတ်တရက် ပြင်းထန်သော ဝှေးစေ့နာကျင်ခြင်းဖြစ်သည်၊ လေ့ကျင့်ခန်း ပြုလုပ်နေစဥ်၊ မတ်တတ်ရပ်နေစဥ်၊ လမ်းလျှောက်နေစဥ် သို့မဟုတ် အိပ်နေစဥ် စသည့် မည်သည့်အချိန်တွင်မဆို ရုတ်တရက် နာကျင်တတ်သည်
    • အချို့ကလေးငယ်များသည် ညဘက် (သို့မဟုတ်) နံနက်စောစောတွင် နာကျင်မှုကြောင့် အိပ်ရာမှ ရုတ်တရက် နိုးလာတတ်သည်
    • ပြင်းထန်စွာ မနာကျင်ဘဲ ရက်ရှည်နာကျင်နေခြင်းသည်လည်း ဝှေးစေ့အညှာလိမ်သည့်လက္ခဏာ ဖြစ်နိုင်သည်
  • အခြား ဝှေးစေ့အညှာလိမ်သည့် လက္ခဏာများ
    • ကပ်ပယ်အိတ် နာကျင်ရောင်ရမ်းခြင်း
    • အလုံးအကျိတ် စမ်းမိခြင်း
    • ဝှေးစေ့ တစ်ဖက်သည် အခြားတစ်ဖက်ထက် ပိုမြင့်တက်နေခြင်း
    • ကပ်ပယ်အိတ် အရောင်ပြောင်းခြင်း (နီလာခြင်း၊ ခရမ်းရောင်သန်းခြင်း၊ ညိုမည်းခြင်း)
    • ပျို့ခြင်း၊ အန်ခြင်း
    • ဗိုက်အောင့် ဗိုက်နာခြင်း
    • ဖျားခြင်းနှင့်
    • မကြာခဏ ဆီးသွားခြင်း
နောက်ဆက်တွဲပြဿနာများ
  1. ဝှေးစေ့ကျုံ့၍ ပျက်စီးခြင်း
    နာရီပေါင်းများစွာ ဝှေးစေ့အညှာလိမ်နေပါက ဝှေးစေ့သို့ သွေးစီးဆင်းမှု ပြတ်တောက်သွားပြီး ဝှေးစေ့ကျုံ့သွားခြင်း (Testicular atrophy) နှင့် ဝှေးစေ့ပုပ်သွားခြင်း (Testicular necrosis) ဖြစ်နိုင်သည်။ ထို့သို့ ဖြစ်ပေါ်ပါက ပျက်စီးသည့် ဝှေးစေ့ကို ခွဲစိတ်ဖယ်ရှားရန် လိုအပ်သည်။
  2. မျိုးပွားနိုင်စွမ်း ကျဆင်းခြင်း (Male infertility)
    ဝှေးစေ့ အညှာလိမ်သည့် လူနာများ၏ သုံးပုံတစ်ပုံတွင် သုက်ပိုးအရေအတွက် လျော့နည်းသွားခြင်းကြောင့် အမျိုးသားမျိုးပွားနိုင်စွမ်း ကျဆင်းနိုင်သည်။
  3. အမျိုးသားဟော်မုန်းထုတ်လုပ်မှု ထိခိုက်ခြင်း
    အသက်ငယ်ရွယ်စဉ်တွင်ပင် သွေးတွင်း၌ အမျိုးသားဟော်မုန်း တက်စတိုစတီရုန်း (testosterone) ပမာဏ လျော့ကျသွားနိုင်သည်။
  4. အခြား ဝှေးစေ့တွင် အညှာလိမ်နိုင်ခြေ ပိုများခြင်း
    ဝှေးစေ့တစ်ဖက်တွင် အညှာလိမ်ခြင်း ဖြစ်ဖူးပါက ကျန်တစ်ဖက်တွင် နောက် (၆) လအတွင်း အညှာလိမ်နိုင်ခြေ ပိုများသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ရုတ်တရက်ပြင်းထန်စွာ ဝှေးစေ့နာကျင်ပါက ဆေးရုံ၊ ဆေးခန်း သို့မဟုတ် အရေးပေါ်ဌာနသို့ ချက်ချင်း သွားရောက်ပြသသင့်သည်။

  • မွေးကင်းစကလေးငယ်များတွင် ကပ်ပယ်အိတ် ရောင်ရမ်းလာပါက ကလေးအထူးကု သို့မဟုတ် အရေးပေါ်ဌာနသို့ ပြသသင့်သည်
  • အသက်ကြီးသော ကလေးငယ်များ သို့မဟုတ် အရွယ်ရောက်ပြီးသူများတွင် ထိခိုက်ဒဏ်ရာရခြင်းကြောင့် မဟုတ်ဘဲ ဝှေးစေ့နာကျင်မှု ဖြစ်ပေါ်လာပါက အရေးပေါ်ဌာနသို့ ချက်ချင်း သွားရောက်ပြသသင့်သည်
ရောဂါရှာဖွေခြင်း

ဆရာဝန်သည် ဝှေးစေ့အညှာလိမ်ခြင်း ဟုတ်မဟုတ် သို့မဟုတ် အခြားဝှေးစေ့ပြဿနာများ ရှိမရှိ သိရှိနိုင်ရန် ရောဂါရာဇဝင်ကို မေးမြန်းမည်ဖြစ်သည်။ ထို့နောက် ကပ်ပယ်အိတ်၊ ဝှေးစေ့များ၊ ဝမ်းဗိုက်နှင့် ပေါင်ခြံတို့ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်၍ ရောဂါရှာဖွေမည်ဖြစ်သည်။

ဝှေးစေ့အညှာလိမ်ခြင်းကို အတည်ပြုရန် သို့မဟုတ် ဖြစ်ပေါ်ရသည့် အခြားအကြောင်းရင်းများကို ရှာဖွေရန် အောက်ဖော်ပြပါ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်သည်။

  • ကပ်ပယ်အိတ် Doppler အာထရာဆောင်း (Scrotal doppler ultrasound)
    ဝှေးစေ့အညှာလိမ်ခြင်းအား အတည်ပြုနိုင်သော အဓိကစစ်ဆေးမှုဖြစ်သည်။ ဝှေးစေ့အရွယ်အစား၊ ကပ်ပယ်အိတ်အတွင်း အရည်စုခြင်း၊ ဝှေးစေ့အညှာလိမ်သည့် လက္ခဏာတစ်ခုဖြစ်သည့် ဝှေးစေ့သို့ သွေးစီးဆင်းမှု လျော့နည်းခြင်း ရှိမရှိ သိရှိနိုင်သည်။ သို့သော် အချို့လူနာ (အထူးသဖြင့် မွေးကင်းစကလေးငယ်များတွင်) အာထရာဆောင်းဖြင့် သွေးစီးဆင်းမှု လျော့နည်းခြင်းကို အမြဲတမ်း မတွေ့ရှိနိုင်ပါ။
  • ဆီးစစ်ဆေးခြင်း (Urine test)
    ပိုးဝင်ခြင်း ရှိမရှိ စစ်ဆေးရန် အသုံးပြုသည်။ ဆီးလမ်းကြောင်းပိုးဝင်သည့်လက္ခဏာသည် ဝှေးစေ့အညှာလိမ်ခြင်းနှင့် တူညီတတ်သောကြောင့်ဖြစ်သည်။
ကုသခြင်း

ဝှေးစေ့အညှာလိမ်ခြင်းကို အချိန်မီ ကုသပါက ဝှေးစေ့ ပျက်စီးခြင်း သို့မဟုတ် ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်သည်။ ရုတ်တရက် ပြင်းထန်စွာ နာကျင်ချိန်မှု သို့မဟုတ် ရောဂါလက္ခဏာ စတင်ခံစားရချိန်မှ (၄)နာရီ မှ (၆)နာရီအတွင်း ကုသမှုခံယူနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ (၆) နာရီကျော်လွန်ပါက ဝှေးစေ့ကို ဖယ်ရှားရနိုင်ခြေများသည်။

ခွဲစိတ်ကုသခြင်း
  • ခွဲစိတ်ကုသခြင်းသည် အဓိကကုသနည်းဖြစ်သည်
  • အချို့တွင် အညှာလိမ်နေသော ဝှေးစေ့အား ဆရာဝန်မှ ပြန်လှည့်ကာ ပြန်လည်ဖြည်ပေးနိုင်သည်၊ ဤနည်းလမ်းဖြင့် လိမ်နေသော အညှာကို ပြန်ဖြည်သော်လည်း ထပ်မံအညှာလိမ်နိုင်သည့်အတွက် ခွဲစိတ်ကုသမှသာ ပျောက်ကင်းနိုင်သည်
  • ခွဲစိတ်မှုကို မေ့ဆေးဖြင့် ပြုလုပ်လေ့ရှိသည်
  • ခွဲစိတ်သည့်နည်းတွင် ဆရာဝန်သည် ကပ်ပယ်အိတ်တွင် အသေးစား ခွဲစိတ်မှုတစ်ခု ပြုလုပ်ကာ ဝှေးစေ့အညှာကို ပြန်လည်ဖြည်မည်ဖြစ်သည်
  • ထို့နောက် နောက်တစ်ကြိမ် လိမ်ခြင်းမှ ကာကွယ်ရန် ဝှေးစေ့ကိုကပ်ပယ်အိတ်အတွင်းပိုင်းနံရံတွင် တွဲ၍ချုပ်သည်
  • ကျန်ဝှေးစေ့တစ်ဖက်တွင်လည်း အညှာလိမ်နိုင်ခြေရှိသောကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဝှေးစေ့ကို ကပ်ပယ်အိတ်အတွင်းနံရံနှင့် တွဲချုပ်ပေးလေ့ရှိသည်
  • အကယ်၍ သိရှိချိန်နှင့် ကုသချိန် နောက်ကျသောကြောင့် ဝှေးစေ့ပုပ်နေပါက ဖြတ်ထုတ်ဖယ်ရှားမည်ဖြစ်သည်
  • မွေးကင်းစကလေးငယ်များတွင်မူ ဝှေးစေ့အညှာလိမ်ပါက ဝှေးစေ့သည် သွေးစီးဆင်းမှုမရှိ၍ ဝှေးစေ့ပုပ်နေလေ့ရှိသောကြောင့် ဝှေးစေ့ခွဲစိတ်ဖယ်ရှားရသည်။
ကာကွယ်ခြင်း

ဝှေးစေ့အညှာလိမ်ခြင်း ဖြစ်ပွားရသည့် တိကျသောအကြောင်းရင်းများ မရှိသောကြောင့် ကာကွယ်ရန် မဖြစ်နိုင်ပါ။ သို့သော် ဝှေးစေ့အညှာလိမ်နိုင်ခြေကို လျှော့ချရန် နည်းလမ်းများ ရှိသည်။

  1. ကြိုတင်ကာကွယ်ခွဲစိတ်မှု
    အောက်ဖော်ပြပါ အခြေအနေများတွင် ဝှေးစေ့အညှာလိမ်နိုင်ခြေ မြင့်မားသောကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ခွဲစိတ်မှု ပြုလုပ်နိုင်သည်။
    • ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့ မဆင်းခြင်း (Undescended testis)
    • မျိုးရိုးလိုက်သည့် ကပ်ပယ်အိတ်အတွင်း ဝှေးစေ့လွတ်လပ်စွာ လည်နေနိုင်သည့် အခြေအနေ (Bell clapper deformity) ရှိခြင်း
    • မကြာခဏ ဝှေးစေ့အညှာ လိမ်ခြင်းနှင့် ပြန်လည်ပြေသွားခြင်း (Intermittent torsion-detorsion) စသည့် အခြေအနေများတွင်
      ဝှေးစေ့အညှာ မလိမ်စေရန် ဝှေးစေ့နှစ်ခုစလုံးကို ကပ်ပယ်အိတ်အတွင်းနံရံတွင် ချုပ်ပေးသော ခွဲစိတ်မှု (Orchiopexy) ကို ကြိုတင်ပြုလုပ်နိုင်သည်။
  2. ဝှေးစေ့နှင့် ကပ်ပယ်အိတ် အကာအကွယ်များ ဝတ်ဆင်ခြင်း
    အကယ်၍ ဝှေးစေ့တစ်ခုသာ ကျန်ရှိပါက လက်ဝှေ့အားကစား၊ ဘောလုံးအားကစားစသည့် ပြင်းထန်သော အားကစားများ ပြုလုပ်သည့်အခါ ဝှေးစေ့နှင့် ကပ်ပယ်အိတ် အကာအကွယ်ပစ္စည်းများ ဝတ်ဆင်သင့်သည်။

References

  1. Mayo Clinic. (2022). Testicular torsion: Diagnosis & treatment. Retrieved September 12, 2025, from https://www.mayoclinic.org/diseases-conditions/testicular-torsion/diagnosis-treatment/drc-20378274
  2. Mayo Clinic. (2022). Testicular torsion: Symptoms & causes. Retrieved September 12, 2025, from https://www.mayoclinic.org/diseases-conditions/testicular-torsion/symptoms-causes/syc-20378270
  3. Cleveland Clinic. (2025). Testicular torsion. Retrieved September 12, 2025, from https://my.clevelandclinic.org/health/diseases/15382-testicular-torsion
  4. Cincinnati Children’s Hospital. (n.d.). Testicular torsion: Causes, symptoms & treatment. Retrieved September 12, 2025, from https://www.cincinnatichildrens.org/health/t/testicular-torsion

Published: 24 September 2025

Share

24 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

More articles
Ganglion Cyst (ဂန်ဂလီယံအရည်အိတ်)
Dec 31, 2025
Diseases and Conditions

Ganglion Cyst (ဂန်ဂလီယံအရည်အိတ်)

ဂန်ဂလီယံအရည်အိတ်သည် အဆစ်နှင့် အရွတ်များတွင် ဖြစ်ပေါ်တတ်သော ကင်ဆာမဟုတ်သည့်...

Tennis Elbow (Lateral Epicondylitis) (တင်းနစ်တံတောင်ဆစ် သို့မဟုတ် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းခြင်း)
Dec 31, 2025
Diseases and Conditions

Tennis Elbow (Lateral Epicondylitis) (တင်းနစ်တံတောင်ဆစ် သို့မဟုတ် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းခြင်း)

တံတောင်ဆစ်နာကျင်မှုများတွင် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော...

Chorioamnionitis (ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်း)
Dec 30, 2025
Diseases and Conditions

Chorioamnionitis (ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်း)

ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်းသည် မိခင်ရောကလေးပါ...