Hydrocephalus ဆိုသည်မှာ ဦးနှောက်အတွင်းရှိ အခန်းငယ်များ (Ventricles) အတွင်း CSF အရည်များ ပုံမှန်ထက်ပို၍ စုလာခြင်းကြောင့် အခန်းများကျယ်လာသည့် အခြေအနေဖြစ်သည်။ ထိုသို့ ဦးနှောက်အခန်းများ ကျယ်လာခြင်းကြောင့် ဦးနှောက်အတွင်း ဖိအားများလာစေပြီး ကျန်ဦးနှောက်အစိတ်အပိုင်းများကိုပါ ထိခိုက်စေနိုင်သည်။ ကလေးများတွင် အဖြစ်များသော်လည်း လူကြီးများတွင်လည်း ဖြစ်ပွါးနိုင်ပြီး ရောဂါလက္ခဏာများမှာ အနည်းငယ်ကွာခြားမှု ရှိနိုင်သည်။ ဖိအားများခြင်းကို လျော့နည်းစေရန်နှင့် လက္ခဏာများ သက်သာစေရန်အတွက် ဆေးဝါးများနှင့်ဖြစ်စေ၊ ခွဲစိတ်၍ဖြစ်စေ ကုသနိုင်သည်။
Cerebrospinal Fluid – CSF ထုတ်လုပ်ပုံနှင့် လုပ်ဆောင်ချက်များ
ဦးနှောက်အတွင်းတွင် ပုံမှန်အားဖြင့် အခန်းငယ် (Ventricle) လေးခုရှိပြီး ထိုအခန်းငယ်များအတွင်းတွင် စီအက်စ်အက်ဖ် (Cerebrospinal Fluid – CSF) ဟုခေါ်သော အရည်တစ်မျိုး စီးဆင်းနေသည်။ ဦးနှောက်အပေါ်ပိုင်းရှိ အခန်းနှစ်ခု၏အတွင်းနံရံမှ စီအက်စ်အက်ဖ်အရည်ကို စတင်ထုတ်လုပ်သည်။ ဦးနှောက်အတွင်းမှ စီအက်စ်အက်ဖ်အရည်သည် ဦးနှောက်အပြင်ဘက် မျက်နှာပြင်များနှင့် ကျောရိုးအာရုံကြောမကြီးပတ်လည်သို့ လှည့်ပတ်စီးဆင်းသည်။ ထိုသို့လှည့်ပတ်စီးဆင်းပြီးနောက် ဦးနှောက်အပေါ် အပြင်ဘက်မျက်နှာပြင်ရှိ သွေးကြောများမှ ထိုအရည်များကို ပြန်လည်စုပ်ယူသွားသည်။ ထိုသို့ ထုတ်လုပ်သည့် ပမာဏနှင့် ပြန်လည်စုပ်ယူသည့် ပမာဏညီမျှနေမှသာ ဦးနှောက်အခန်းများအတွင်းရှိ ဖိအားသည် ပုံမှန်ဖြစ်နေမည်ဖြစ်သည်။ စီအက်စ်အက်ဖ် (Cerebrospinal Fluid – CSF) အရည်၏ လုပ်ငန်းများမှာ_
- ဦးနှောက်နှင့် အာရုံကြောများကို ထိခိုက်ဒဏ်ရာမရစေရန် ကူရှင်အဖြစ် ကာကွယ်ပေးခြင်း
- ဦးနှောက်အတွက် အာဟာရဓာတ်များရရှိရန် သယ်ယူပို့ဆောင်ပေးခြင်း
- မလိုအပ်သော အညစ်အကြေးများကို ဖယ်ရှားပေးခြင်း စသည်တို့ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဦးနှောက်အခန်းများအတွင်း ပုံမှန်စီးဆင်းနေသော စီအက်စ်အက်ဖ်အရည်သည်
- အကြောင်းရင်းတစ်ခုခုကြောင့် ထုတ်လုပ်မှု များလာလျှင်
- အရည်လှည့်ပတ်စီးဆင်းရာ လမ်းကြောင်းတစ်နေရာ၌ ပိတ်ဆို့နေလျှင်
- သွေးကြောများမှ ပြန်လည်စုပ်ယူခြင်း လျော့နည်းလျှင် စီအက်စ်အက်ဖ်အရည်များ ပိုများလာပြီး ဦးနှောက်အခန်းများလည်း ကျယ်လာနိုင်သည်။
Hydrocephalus ဖြစ်စေသော အကြောင်းရင်းများတွင် မွေးရာပါအခြေအနေများရှိသကဲ့သို့ မွေးဖွားပြီးနောက်ပိုင်းတွင်မှဖြစ်သော ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ အခြေအနေများလည်းရှိသည်။
မွေးရာပါ ဦးနှောက်အခန်းကျယ်သောအခြေအနေများ (Congenital causes)
- မွေးရာပါ ကျောရိုးကွင်းပုံမှန်မဆက်ခြင်း (ဥပမာ – Neural tube defect – Spina bifida)
- စီအက်စ်အက်ဖ် စီးဆင်းသောလမ်းကြောင်း တစ်နေရာရာတွင် မွေးရာပါကျဉ်းနေခြင်း၊ ပိတ်နေခြင်း (ဥပမာ – Aqueductal stenosis, Chiari malformations, and Dandy–Walker malformation)
- လမစေ့ဘဲမွေးခြင်း သို့မဟုတ် အခြားအကြောင်းအမျိုးမျိုးကြောင့် ဦးနှောက်အခန်းငယ်များအတွင်း သွေးယိုစိမ့်ပြီး သွေးခဲများဖြင့်ပိတ်ဆို့ခြင်း၊ ထိုမှတစ်ဆင့် နောက်ဆက်တွဲအဖြစ် အခန်းများ ကျယ်လာခြင်း
- ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားထံသို့ ဗိုင်းရပ်စ်ပိုးများကူးစက်ခံရခြင်း (ဥပမာ – Rubella, CMV, Toxoplasma စသည်)
မွေးဖွားပြီးနောက် အခန်းကျယ်စေသော အခြေအနေများ (Acquired causes)
အောက်ပါ အကြောင်းရင်းများသည် CSF အရည်ပိုထွက်လာခြင်း၊ အရည်လမ်းကြောင်းပိတ်ဆို့ခြင်းနှင့် သွေးကြောများမှ ပြန်လည်စုပ်ယူမှုနည်းခြင်း အခြေအနေသုံးမျိုးအနက် မည်သည့်အခြေအနေကိုမဆို ဖြစ်စေနိုင်သည်။
- ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း (Head injury)
- သွေးကြောပိတ်ခြင်း၊ ပေါက်ခြင်းကြောင့် လေဖြတ်ခြင်း (Stroke)
- ဦးနှောက်နှင့် အာရုံကြောမကြီးတွင် ဖြစ်သောအကျိတ်များ (Brain tumours and spinal cord tumours)
- ဦးနှောက်အမြှေးရောင်ခြင်း _ အထူးသဖြင့် တီဘီကြောင့် ဦးနှောက်အမြှေးရောင်ခြင်း (Meningitis)၊ ဦးနှောက်ရောင်ခြင်း (Encephalitis) စသည့် အကြောင်းရင်းများကြောင့် နောက်ဆက်တွဲပြဿနာအနေဖြင့် CSF အရည်များစုခြင်း၊ အခန်းကျယ်ခြင်းများ ဖြစ်လာစေသည်။
Hydrocephalus အမျိုးအစားများ
- Communicating Hydrocephalus
CSF လမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့်မဟုတ်ဘဲ အရည်ထုတ်များ၍ဖြစ်စေ၊ ပြန်လည်စုပ်ယူမှုနည်း၍ဖြစ်စေ CSF အရည်များ သာမန်ထက်များလာသော အမျိုးအစားဖြစ်သည်။ - Non-Communicating Hydrocephalus (Obstructive Hydrocephalus)
ဦးနှောက်အခန်းငယ်များအကြား ချိတ်ဆက်ထားသည့် လမ်းကြောင်းတစ်နေရာရာတွင် ပိတ်ဆို့နေခြင်းကြောင့် ဖြစ်သောအမျိုးအစားဖြစ်သည်။ - Normal Pressure Hydrocephalus (NPH)
အသက် (၆၀) နှစ်နှင့်အထက် လူကြီးများတွင် ပိုမိုတွေ့ရတတ်သည်။ CSF အရည်များ၍ အခန်းကျယ်နေသော်လည်း ဖိအားမများသော အခြေအနေကို ဆိုလိုသည်။ ရုတ်တရက် CSF များလာခြင်းမဟုတ်ဘဲ နှစ်ပေါင်းများစွာကြာအောင် တဖြည်းဖြည်းနှင့် ပမာဏအနည်းငယ်စီ စုဆောင်းလာခြင်းကြောင့် ဖိအားမတက်ခြင်းဖြစ်သည်။ အသက်ကြီးသူများတွင် အကြောင်းရင်းမရှိဘဲ ဖြစ်နိုင်သကဲ့သို့ တစ်ခါတစ်ရံ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ အကျိတ်ဖြစ်ခြင်း၊ ဦးနှောက်တွင်း သွေးယိုစီးခြင်းနှင့် ဦးနှောက်ခွဲစိတ်မှုများ၏ နောက်ဆက်တွဲအနေဖြင့် တွေ့ရနိုင်သည်။ - Hydrocephalus ex-vacuo
ရောဂါအခြေအနေအမျိုးမျိုးကြောင့် CSF အခန်းငယ်များပတ်လည်ရှိ ဦးနှောက်တစ်ရှူးများ ပျက်စီး၍ ကျုံ့သွားလျှင် ထို CSFအခန်းများ ဘေးသို့ အလိုအလျောက် ကျယ်လာခြင်းဖြစ်သည်။ သို့သော် CSF များခြင်းကြောင့်ဖြစ်သော ဖိအားများသည့် လက္ခဏာများမရှိပါ။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများမှာ အသက်အရွယ်ပေါ် မူတည်၍ ကွဲပြားခြားနားသည်။
မွေးကင်းစအရွယ်နှင့် လသားအရွယ်ကလေးများ
ဦးခွံရိုး မဆက်သေးသည့် ငယ်ထိပ်ပွင့်နေသေးသော ကလေးငယ်များတွင် အောက်ပါလက္ခဏာများ တွေ့ရသည်။
- ဦးခေါင်းအရွယ်အစားသည် ပုံမှန်ထက်ကြီးနေခြင်း (ကလေး၏ ဦးခေါင်းသည် ရုတ်တရက် သို့မဟုတ် တဖြည်းဖြည်း အရွယ်အစားကြီးလာခြင်း)
- ငယ်ထိပ်မပိတ်ဘဲ ကျယ်နေခြင်း၊ ဖောင်းတင်းနေခြင်း
- ဦးခွံရိုးဆက်ကြောင်းများ ဟနေခြင်း
- ဦးခေါင်းခွံအရေပြား ပြောင်တင်းနေခြင်း၊ သွေးကြောများကို ထင်ထင်ရှားရှား တွေ့ရခြင်း
- မျက်လုံးနှစ်လုံး အောက်ဖက်သို့ စိုက်နေခြင်း (Sunsetting eyes)
- ဦးနှောက်တွင်း ဖိအားများလာသောကြောင့် ပျို့ခြင်း၊ အန်ခြင်း
- အလွန်မှိန်းခြင်း၊ အီခြင်း
- အစားအသောက်နည်းခြင်း
- တက်ခြင်းစသည်တို့ဖြစ်သည်။
လမ်းလျှောက်စအရွယ်နှင့် ကလေးကြီးများ
- ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း
- အမြင်အာရုံ ဝေဝါးခြင်း၊ နှစ်ထပ်မြင်ရခြင်း
- မှိန်းခြင်း၊ အီခြင်း
- လမ်းလျှောက်ပုံ မူမမှန်ခြင်း
- ဦးခေါင်းအရွယ်အစား ကြီးနေခြင်း
- အစားအသောက်ပျက်ခြင်း
- ဆီး၊ ဝမ်း မထိန်းနိုင်သော ပြဿနာရှိခြင်း
- ဖွံ့ဖြိုးမှုမှတ်တိုင်များ နောက်ကျခြင်း
- ကျောင်းစာသင်ယူနိုင်မှု လျော့နည်းခြင်း
- အမူအကျင့်များ ပြောင်းလဲခြင်း စသည်တို့ကို တွေ့ရသည်။
လူငယ်များနှင့် လူလတ်ပိုင်းများ
- ခေါင်းကိုက်ခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- လှုပ်ရှားမှုများ နှေးကွေးလာခြင်း
- အမြင်အာရုံဆိုင်ရာ ပြဿနာများ ပေါ်လာခြင်း
- ဆီး၊ ဝမ်း မထိန်းနိုင်သော ပြဿနာရှိခြင်း
- ကိုယ်နေဟန်ထား တည့်မတ်အောင် ထိန်းသိမ်းရန် ခက်ခဲခြင်း
- အာရုံစိုက်နိုင်စွမ်း၊ မှတ်ဉာဏ်နှင့် စဥ်းစားတွေးခေါ်နိုင်စွမ်းများ ကျဆင်းလာခြင်း
အသက် (၆၀) အထက်လူကြီးများ
- လမ်းလျှောက်ရခက်ခဲခြင်း၊ လမ်းလျှောက်ပုံ မူမမှန်ခြင်း
- မှတ်ဉာဏ်ချို့ယွင်းခြင်း
- စဥ်းစားတွေးခေါ်နိုင်စွမ်း ကျဆင်းခြင်း
- ဆီး၊ ဝမ်း မထိန်းနိုင်ခြင်းစသည့် လက္ခဏာများ တွေ့ရသည်။
နောက်ဆက်တွဲပြဿနာများ
ဦးနှောက်အခန်းကျယ်၍ ဖိအားများခြင်းကို အချိန်မီကုသမှု မရပါက နေ့စဥ်လှုပ်ရှားမှုဘဝအတွက် လိုအပ်သော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ သင်ယူလေ့လာနိုင်စွမ်းနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များတွင် ထိခိုက်လာနိုင်ပြီး တစ်ခါတစ်ရံ ဦးနှောက်အတွင်း ဖိအားများခြင်းကြောင့် အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်နိုင်သည်။ ကလေးများတွင်လည်း ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်ခြင်းကြောင့် ဖွံ့ဖြိုးမှုမှတ်တိုင်များ နောက်ကျခြင်း၊ အမြင်အာရုံထိခိုက်ခြင်းစသည့် နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ လက္ခဏာများနှင့်ပတ်သက်သော ရောဂါရာဇဝင်မေးမြန်းခြင်း၊ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ စမ်းသပ်မှုများအပါအဝင် အသေးစိတ်စမ်းသပ်စစ်ဆေးခြင်း၊ ဦးနှောက်ဖိအားများသည့် လက္ခဏာများကို ရှာဖွေခြင်းတို့ကို ပြုလုပ်မည်ဖြစ်ပြီး လိုအပ်ပါက ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ကွန်ပျူတာဓာတ်မှန် (CT scan) နှင့် သံလိုက်ဓာတ်မှန် (MRI) များ ရိုက်ခြင်းစသည်တို့ကို ဆက်လက်စစ်ဆေးပြုလုပ်နိုင်သည်။
ကုသခြင်း
ဦးနှောက်အခန်းတွင်း အရည်များခြင်းအခြေအနေကို ကုသရန် ခွဲစိတ်ကုသခြင်းသည် အသင့်တော်ဆုံးကုသမှုဖြစ်သည်။ ဦးနှောက်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်များမှ ခွဲစိတ်ပေးလေ့ရှိပြီး အဓိကခွဲစိတ်ကုသနည်း (၂) မျိုးရှိသည်။
ဦးခေါင်းအတွင်း ပိုက်ထည့်၍ ဦးနှောက်အခန်းတွင်းမှ CSF အရည်များကို ဝမ်းဗိုက်ခေါင်းအတွင်းသို့ နေရာလွှဲပေးခြင်း (Ventriculo-peritoneal Shunt – VP shunt)
ဦးနှောက်အတွင်း ပမာဏများနေသော စီအက်စ်အက်ဖ်အရည်များကို ခန္ဓာကိုယ်တစ်နေရာသို့ လမ်းလွှဲစီးဆင်းစေခြင်းဖြင့် ကုသသောနည်းလမ်းဖြစ်ပြီး ကလေးလူကြီး အသက်အရွယ်မရွေး ပြုလုပ်ပေးနိုင်သော ခွဲစိတ်ကုသမှုဖြစ်သည်။ ဆီလီကွန်ဖြင့် ပြုလုပ်ထားသော ပိုက်အပျော့ကို အသုံးပြုပြီး နားရွက်၏ အနောက်နေရာမှ ဦးခေါင်းခွံကို ခွဲစိတ်၍ ပိုက်ကို ထည့်လေ့ရှိသည်။ ပိုက်၏အစွန်းတစ်ဖက်ကို ဦးနှောက်အခန်းငယ်အတွင်းသို့ ထည့်ပြီး ပိုက်ကိုအရေပြားအောက် မြှုပ်ထားကာ ကျန်အစွန်းတစ်ဖက်ကို ဝမ်းဗိုက်ခေါင်းအတွင်းသို့ဖြစ်စေ၊ နှလုံးသွေးဝင်ခန်းအတွင်းသို့ဖြစ်စေ (Ventriculo-atrial shunt) ဆက်သွယ်၍ ထည့်ရန်လိုသည်။ အများအားဖြင့် ဝမ်းဗိုက်ခေါင်းအတွင်းသို့ လမ်းလွှဲစီးဆင်းစေခြင်းကို ပြုလုပ်လေ့ရှိပြီး လမ်းလွှဲထားသော စီအက်စ်အက်ဖ်အရည်များကို ဝမ်းဗိုက်အတွင်းနံရံရှိ သွေးကြောများမှတစ်ဆင့် ပြန်လည်စုပ်ယူလေ့ရှိသည်။
ထိုပိုက်သည် အမြဲထည့်ထားရသော ပိုက်မျိုးဖြစ်ပြီး နောက်ဆက်တွဲပြဿနာများ တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်သည်။ အဖြစ်များသော ပြဿနာများမှာ_
- ပိုက်လမ်းကြောင်း ပိတ်ဆို့ခြင်း
- ပိုက်လမ်းကြောင်း နေရာလွဲခြင်း
- ပိုက်လမ်းကြောင်းတစ်လျှောက် ပိုးဝင်ခြင်းများဖြစ်သည်။
လမ်းလွှဲထားသောပိုက်တွင် နောက်ဆက်တွဲပြဿနာ တစ်ခုခုရှိနေပါက လူနာတွင်
- ခေါင်းကိုက်ခြင်း
- ဖျားခြင်း၊ နုံးချည့်ခြင်း
- ပျို့အန်ခြင်း
- အမြင်အာရုံဝေဝါးခြင်းအပြင်
- ကလေးငယ်များတွင် ဦးခေါင်းအရွယ်အစား ပြန်ကြီးလာခြင်းစသည့် လက္ခဏာများ တွေ့ရနိုင်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ လိုအပ်ပါက ဦးခေါင်းကို ပြန်လည်ခွဲစိတ်၍ ပိုက်အသစ်လဲခြင်း ပြုလုပ်ရနိုင်သည်
ပိုက်ထည့်ရန်မလိုဘဲ အပေါက်ဖောက်၍ လမ်းလွှဲပေးခြင်း (Endoscopic Third Ventriculostomy – ETV)
မှန်ပြောင်း (Endoscopy) ကိုအသုံးပြု၍ ဦးနှောက်အခန်းငယ်များအနက် Third ventricle ဟုခေါ်သော အခန်း၏အောက်ခြေတွင် အပေါက်ငယ်တစ်ခုဖောက်၍ CSF အရည်များကို ဦးနှောက်အပြင်ဘက်သို့ လမ်းကြောင်းလွှဲ၍ ကုသပေးခြင်းဖြစ်သည်။ ထိုလမ်းလွှဲပေးထားသော CSF အရည်များကို ဦးနှောက်သွေးကြောများအတွင်းသို့ တဖြည်းဖြည်း ပြန်လည်စုပ်ယူသွားမည်ဖြစ်သည်။ အများအားဖြင့် အသက် (၂) နှစ်အထက် ကလေးများမှစ၍ ကုသမှုပေးနိုင်သည်။
ခွဲစိတ်မှုခံယူထားသူများ (အထူးသဖြင့် ကလေးများ) အနေဖြင့်လည်း သက်ဆိုင်ရာ ဦးနှောက်အာရုံကြော အထူးကုဆရာဝန်များ၊ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းပညာရှင်များနှင့် ပြသတိုင်ပင်၍ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဆိုင်ရာ လေ့ကျင့်ခန်းများ၊ နေ့စဉ်လှုပ်ရှားမှု စွမ်းရည်များအတွက် ကုထုံးများ၊ စကားပြောခြင်းဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
ကာကွယ်ခြင်း
ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်ဝန်စောင့်ရှောက်မှုခံယူခြင်း၊ ကာကွယ်ဆေးများထိုးနှံခြင်း၊ ရောဂါပိုးများမကူးစက်စေရန် သတိပြုနေထိုင်ခြင်းဖြင့် ဖြစ်စေသော အကြောင်းရင်းအချို့ကို ကာကွယ်နိုင်မည်ဖြစ်သော်လည်း အချို့သောအကြောင်းရင်းများကို မကာကွယ်နိုင်ပါ။
References:
- Mayo Clinic. (n.d.). Hydrocephalus: Symptoms & causes. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/hydrocephalus/symptoms-causes/syc-20373604
- Cleveland Clinic. (n.d.). Hydrocephalus. Retrieved August 26, 2025, from https://my.clevelandclinic.org/health/diseases/17334-hydrocephalus
- Johns Hopkins Medicine. (n.d.). Hydrocephalus. Retrieved August 26, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/hydrocephalus
- Great Ormond Street Hospital (GOSH). (n.d.). Hydrocephalus. Retrieved August 26, 2025, from https://www.gosh.nhs.uk/conditions-and-treatments/conditions-we-treat-index-page-group/hydrocephalus/
- KidsHealth. (n.d.). Hydrocephalus. Retrieved August 26, 2025, from https://kidshealth.org/en/parents/hydrocephalus.html
Published: 22 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.