ရှိုးဂရန်းရောဂါစုဆိုသည်မှာ ခန္ဓာကိုယ်၏ အစိုဓာတ် ထိန်းသိမ်းထုတ်လုပ်သည့် အစိတ်အပိုင်းများကို ကိုယ်ခံအားစနစ်မှ မှားယွင်းစွာ တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့် ရောဂါတစ်မျိုးဖြစ်သည်။ ပထမဦးစွာ မျက်လုံးနှင့်ပါးစပ်ရှိ အချွဲအမြှေးပါးများနှင့် အစိုဓာတ်ထုတ်လုပ်သော ဂလင်းများကို ထိခိုက်သောကြောင့် မျက်ရည်နှင့် တံတွေးထုတ်လုပ်မှု လျော့နည်းသွားပြီး မျက်ရည်ခမ်းခြောက်ခြင်း၊ ခံတွင်းခြောက်ခြင်းများ ဖြစ်ပေါ်လာသည်။ ဤရောဂါသည် အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အများစုသည် ရောဂါရှာဖွေတွေ့ရှိချိန်တွင် အသက် (၄၀) ကျော်အရွယ်များ ဖြစ်လေ့ရှိသည်။ အမျိုးသမီးများတွင် ပို၍အဖြစ်များသည်။ အချို့ရောဂါရှိသူများတွင် နေ့စဥ်လူနေမှုဘဝကို ထိခိုက်သည်အထိ ပြင်းထန်နိုင်သော်လည်း ကုသမှုများဖြင့် ရောဂါလက္ခဏာများ သက်သာအောင် ပြုလုပ်ပေးနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကိုယ်ခံအားစနစ်သည် ပုံမှန်အားဖြင့် ခန္ဓာကိုယ်ကို ကာကွယ်ရမည့်အစား ခန္ဓာကိုယ်တွင် အရည်ထုတ်လုပ်သည့် ဂလင်းများကို မှားယွင်းစွာ တိုက်ခိုက်မိသောကြောင့် နာတာရှည် အစိုဓာတ်ခန်းခြောက်ခြင်းများဖြစ်လာပြီး ရှိုးဂရန်းရောဂါစုဖြစ်ပေါ်လာသည်။ အစိုဓာတ်ကို ထိန်းသိမ်းထုတ်လုပ်ပေးသည့် အစိတ်အပိုင်းများမှာ_
- မျက်ရည်ထုတ်ဂလင်းနှင့်ပြွန်များ
- ပါးစပ် (တံတွေးဂလင်းများ )
- နှာခေါင်း
- လည်ချောင်း
- အစာခြေစနစ်
- မိန်းမကိုယ်တို့ဖြစ်ကြသည်။
ရှိုးဂရန်းရောဂါစုကို အမျိုးအစား (၂) မျိုးခွဲနိုင်သည်။
- အလိုအလျောက်ဖြစ်ပေါ်သော ရှိုးဂရန်းရောဂါစု (Primary Sjogren’s syndrome)
ကျန်းမာရေးပြဿနာအရင်းခံတစ်ခုခုကြောင့် မဟုတ်ဘဲ အကြောင်းရင်းမရှိ အလိုအလျောက် ဖြစ်ပေါ်လာသော အမျိုးအစားဖြစ်သည်။ - အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော ရှိုးဂရန်းရောဂါစု (Secondary Sjogren’s syndrome)
အခြားသော ကျန်းမာရေးပြဿနာတစ်ခုခု (အထူးသဖြင့် အခြား ကိုယ်ခံအားမူမမှန်တုံ့ပြန်သည့် ရောဂါများနှင့် ဗိုင်းရပ်စ်ပိုးဝင်ခြင်း) တို့ကြောင့် စတင်ဖြစ်ပေါ်လာနိုင်သည့် အမျိုးအစားဖြစ်သည်။
ရောဂါဖြစ်ပွါးရသောအကြောင်းရင်းများ
ရောဂါဖြစ်ပွါးရသော တိကျသည့် အကြောင်းရင်းများကို သေချာမသိရှိသေးသော်လည်း အောက်ဖော်ပြပါအချက်များ ပေါင်းစပ်ပါဝင်နိုင်သည်ဟု လေ့လာတွေ့ရှိထားကြသည်။
- မျိုးဗီဇဆိုင်ရာ အချက်များ (Genetic factors)
မိသားစုမျိုးရိုးတွင် ကိုယ်ခံအား မူမမှန်တုံပြန်သည့်ရောဂါရှိသူများတွင် ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။ - ဟော်မုန်းဆိုင်ရာအချက်များ (Hormonal Factors)
အမျိုးသမီးဟော်မုန်းများနှင့် ဆက်စပ်မှုရှိသောကြောင့် ရှိုးဂရန်းရောဂါရှိသူများ၏ (၉၀) ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများဖြစ်ကြသည်။ - အခြားသော ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့် ရောဂါများရှိခြင်း (Other autoimmune diseases)
- သွေးလေးဘက်နာ (ရူးမတွိုက်အဆစ်ရောင်ရောဂါ – Rheumatoid arthritis)
- အရေပြားလေးဘက်နာ (အက်စ်လယ်အီးရောဂါ – SLE)
- အရေပြားနှင့် အဆစ်ရောင်ရောဂါ (ဆိုရီးယားစစ် အဆစ်ရောင်ရောဂါ – Psoriatic arthritis)
- ဗိုင်းရပ်စ်ပိုးဝင်ခြင်း (Viral infections)
- Epstein-Barr ဗိုင်းရပ်စ်
- အသည်းရောင်အသားဝါ စီ ဗိုင်းရပ်စ်
- COVID-19 ဗိုင်းရပ်စ်
- HTLV-1 ဗိုင်းရပ်စ်
- CMV ဗိုင်းရပ်စ်
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပြီး အချို့သူများတွင် လက္ခဏာများ အလွန်မပြင်းထန်သော်လည်း အချို့သူများတွင်မှု နေ့စဥ်လူနေမှုဘဝကို ထိခိုက်သည်အထိ ပြင်းထန်နိုင်သည်။
အဖြစ်များသော လက္ခဏာများမှာ_
- မျက်လုံးခြောက်ခြင်း (မျက်လုံးများ ပူစပ်ပူလောင်ခံစားရခြင်း၊ ယားယံခြင်း၊ သဲများဝင်နေသကဲ့သို့ ခံစားနေရခြင်း)
- ခံတွင်းခြောက်ခြင်း (ခံတွင်းခြောက်သဖြင့် အစာမျိုရခက်ခဲခြင်း၊ သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများ၊ စကားပြောရခက်ခဲခြင်း)
- ကြွက်သားနှင့်အဆစ်များ နာကျင်ကိုက်ခဲခြင်း
- မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်ကြသည်။
အခြားဖြစ်ပေါ်နိုင်သော လက္ခဏာများမှာ_
- အရေပြားခြောက်သည့်အတွက် ယားယံခြင်း၊ အရေပြားတွင် အကွက်ထခြင်း
- မျက်ရည်ဂလင်းများကြီးလာခြင်း ၊ တံတွေးဂလင်းများ ရောင်ရမ်းခြင်း (အထူးသဖြင့် မေးရိုးအနောက်ဘက်နှင့် နားရွက်အရှေ့ဘက်ရှိ ဂလင်းများ)
- မိန်းမကိုယ် ခြောက်သွေ့ခြင်း
- အချိန်ပြည့် ပင်ပန်းနွမ်းနယ်နေခြင်း
- အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ရင်ပူခြင်းတို့ ဖြစ်ကြသည်။
ထိုရောဂါလက္ခဏာများသည် ပိုဆိုးလာသည့်အခြေအနေ (Flare up) နှင့် သက်သာသွားသည့် အခြေအနေ (Remission) တို့ အလှည့်ကျဖြစ်ပေါ်နိုင်သည်။ ရောဂါလက္ခဏာ ပိုဆိုးလာစေသည့် အကြောင်းရင်းကို အတိအကျ မသိရှိနိုင်သော်လည်း အလွန်အမင်းအားစိုက်ထုတ်၍ အလုပ်လုပ်ကိုင်ခြင်း၊ လုံလောက်စွာ အနားမယူခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ရောဂါပိုမိုထကြွလာနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
မျက်လုံးနှင့်ခံတွင်းတို့တွင် နောက်ဆက်တွဲပြဿနာများ အဓိကဖြစ်ပေါ်လာနိုင်သည်။ အဖြစ်များသော နောက်ဆက်တွဲပြဿနာများမှာ_
- သွားပိုးစားခြင်း
- တံတွေးသည် သွားများကို ဘက်တီးရီးယားပိုးများမှ ကာကွယ်ပေးသောကြောင့် ခံတွင်းခြောက်သွားပါက သွားပိုးစားနိုင်ခြေပိုများသည်
- ခံတွင်းမှက္ခရုဖြစ်ခြင်း (Oral thrush)
- မျက်လုံးခြောက်ခြင်းကြောင့် အလင်းစူးရှမှုကို မခံနိုင်ခြင်း၊ အမြင်ဝေဝါးခြင်း၊ မျက်ကြည်လွှာ ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ကြသည်။
အခြား အဖြစ်နည်းသော နောက်ဆက်တွဲပြဿနာများမှာ_
- အဆုတ်၊ ကျောက်ကပ်နှင့် အသည်းပြဿနာများ
- အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း
- ကျောက်ကပ်လုပ်ငန်းများ ထိခိုက်ခြင်း
- အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း
- ပြန်ရည်ကျိတ်ကင်ဆာ (ဖြစ်နိုင်ခြေ အနည်းငယ်ရှိသည်)
- အာရုံကြော ပြဿနာများ _ ခြေလက်များ ထုံကျဥ်ခြင်း၊ အားနည်းခြင်းတို့ ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင် ဖော်ပြထားသော လက္ခဏာများ ဖြစ်ပေါ်လျှင် မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်ပြီး ရောဂါလက္ခဏာများ သက်သာစေရန် ထိရောက်သော ကုသမှု ခံယူရမည်။ ရောဂါရှာဖွေတွေ့ရှိရန် အခက်အခဲဖြစ်ပါက မိသားစုဆရာဝန်များမှတစ်ဆင့် အထူးကုဆရာဝန်များထံသို့ လွှဲပြောင်းကုသခြင်းများ ဆက်လက်ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရှိုးဂရန်းရောဂါစုကို ရှာဖွေရန် လူနာကို ရောဂါရာဇဝင်များမေးမြန်းခြင်း၊ သေချာစွာ စမ်းသပ်စစ်ဆေးခြင်းများ ဦးစွာပြုလုပ်ရန် လိုအပ်သည်။ ရောဂါလက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦး မတူညီသည့်အပြင် အခြားရောဂါများတွင် ဖြစ်ပေါ်တတ်သော လက္ခဏာများ၊ အချို့ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများနှင့်လည်း ဆင်တူနိုင်သောကြောင့် ရှိုးဂရန်းရောဂါ ရှာဖွေတွေ့ရှိရန် အခက်အခဲဖြစ်နိုင်သည်။ ထို့ကြောင့် အခြားသောရောဂါအခြေအနေများ မဟုတ်ကြောင်း သေချာစေရန်နှင့် ရှိုးဂရန်းရောဂါရှာဖွေရန် အထောက်အကူပြုသည့် အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
- သွေးစစ်ဆေးခြင်း
- သွေးဆဲလ်အမျိုးအစားများ စစ်ဆေးခြင်း (Complete Blood Count – CBC)
- ရှိုးဂရန်းရောဂါစုတွင် တွေ့ရသော ပဋိပစ္စည်း (Antibodies – anti-Ro/SS-A, anti, anti-La/SS-B) ကိုစစ်ဆေးရှာဖွေခြင်း
- သွေးတွင်းရောင်ရမ်းမှုအခြေအနေ စစ်ဆေးခြင်း (ESR, CRP)
- အသည်းလုပ်ငန်း၊ ကျောက်ကပ်လုပ်ငန်းများ စစ်ဆေးခြင်း (Liver function test, Renal function test)
- မျက်လုံးတွင် မျက်ရည်ထုတ်လုပ်မှုကို တိုင်းတာစစ်ဆေးခြင်း (Schirmer Tear Test)
- မျက်စိအထူးကုဆရာဝန်များမှ Slit lamp ဟုခေါ်သည့် မျက်စိစစ်ဆေးကိရိယာဖြင့် အသေးစိတ်ကြည့်ရှုစစ်ဆေးခြင်း (Eye test)
- တံတွေးဂလင်းများကို ဓာတ်မှန်ရိုက်ခြင်း (Sialogram)၊ ပါးစပ်တွင်း တံတွေးစီးဆင်းမှုပမာဏကို တိုင်းတာခြင်း
- နှုတ်ခမ်းတွင် တံတွေးဂလင်းပါဝင်သော သေးငယ်သည့် အရေပြားအသားစကို ထုတ်ယူ၍ အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးခြင်း (minor salivary gland biopsy)
- ဆီးစစ်ဆေးခြင်း (Urinalysis)
ကုသခြင်း
ရှိုးဂရန်းရောဂါစုကို ပျောက်ကင်းအောင်ကုသ၍ မရသော်လည်း ခံစားနေရသော ရောဂါလက္ခဏာများသက်သာ၍ နေ့စဥ်လုပ်ငန်းများကို ကောင်းစွာလုပ်ကိုင်နိုင်ပြီး ကောင်းမွန်သော လူနေမှုဘဝကို ရရှိနိုင်သည်။ အချို့သူများတွင် မျက်လုံးနှင့် ခံတွင်းခြောက်ခြင်းအတွက် မျက်စဥ်းခပ်ခြင်း၊ ရေမကြာခဏသောက်ပေးခြင်းဖြင့် သက်သာနိုင်သော်လည်း အချို့သူများတွင် ဆေးဝါးဖြင့်ကုသခြင်း (သို့မဟုတ်) ခွဲစိတ်ကုသခြင်းများ ပြုလုပ်ရန် လိုအပ်နိုင်သည်။
ရောဂါလက္ခဏာများသက်သာစေရန် နေ့စဥ်လိုက်နာရန် လိုအပ်သော နည်းလမ်းများမှာ_
- ရေများများ ပုံမှန်သောက်ပါ
- ခံတွင်းခြောက်သည်ဟု ခံစားရလျှင် ရေသောက်ပေးပါ
- ခံတွင်းခြောက်ခြင်းကို သက်သာစေသော ဂျယ်လ်လိမ်းဆေးများ (dry mouth gels) အသုံးပြုပါ
- ခံတွင်းသန့်ရှင်းရေး ဂရုစိုက်ပါ
- ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးဖြင့် တစ်နေ့လျှင် (၂-၃) ကြိမ် သွားတိုက်ပါ
- သကြားဓာတ်မပါဝင်သော ပီကေဝါးပါ
- (၆) လ တစ်ကြိမ် သွားဆရာဝန်နှင့် ပုံမှန်စစ်ဆေးပါ
- အိမ်တွင်း လေထုစိုထိုင်းစမြင့်အောင် ထားပါ
- လေထုစိုထိုင်းစက် (Humidifier) အသုံးပြုပါ
- လေထုစိုထိုင်းစမြင့်မားစေရန် အိမ်တွင်းအပင်များ စိုက်ထားပါ
- မျက်လုံးခြောက်ခြင်းကို ကာကွယ်ပါ
- ဘေးဘက်အကာပါသော နေကာမျက်မှန်ကို အပြင်ထွက်သည့်အချိန်တွင် တပ်ခြင်းဖြင့် မျက်လုံးခြောက်ခြင်း ကာကွယ်ပါ
- မျက်ရည်အတု (Artificial tears) ပုံမှန်အသုံးပြုပါ
- နှစ်စဥ် မျက်စိစစ်ဆေးမှု ခံယူပါ
- အာဟာရပြည့်ဝသော အစားအသောက်များကို စားသောက်ပါ
- ငါးကြီးဆီ ပါဝင်မှုများသော အစားအသောက်များ၊ ဗီတာမင်ဓာတ် ကြွယ်ဝသော အသီးအနှံများ စားပါ
- ကြွက်သားနှင့်အဆစ်နာကျင်မှုများအတွက် လိုအပ်လျှင် ပါရာစီတမောကဲ့သို့သော အနာသက်သာဆေးများကို သောက်ပါ၊ မသက်သာပါက ဆရာဝန်ပြသ၍ ညွှန်ကြားသည့်အတိုင်း ကုသမှုခံယူပါ
- မိန်းမကိုယ်ခြောက်သွေ့မှုအတွက် လိုအပ်လျှင် မိန်းမကိုယ်အစိုဓာတ်ထိန်းဆေး (Vaginal moisturizer) ကို အသုံးပြုခြင်း၊ လိင်ဆက်ဆံစဥ် ရေအခြေခံသော ချောဆီ (water-based lubricant) ကို အသုံးပြုပါ
အထက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် ခံစားရသော ရောဂါလက္ခဏာများကို သိသိသာသာ လျော့ကျစေနိုင်သည်။ ရှိုးဂရန်းရောဂါစုသည် နာတာရှည်ရောဂါဖြစ်သောကြောင့် မည်သည့်အချိန်တွင်မဆို ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာပါက ဆရာဝန်များနှင့် တိုင်ပင်၍ အောက်ပါကုသမှု နည်းလမ်းများဖြင့် ကုသနိုင်သည်။
- ဆေးများဖြင့်ကုသခြင်း
- မျက်စိရောင်ရမ်းခြင်းကို သက်သာစေသော မျက်စဥ်းဆေးများဖြင့် ကုသခြင်း (Cyclosporine eye drop or lifitegrast eye drop)
- တံတွေးထုတ်လုပ်မှုများစေသော ဆေးဝါးများဖြင့် ကုသခြင်း (Pilocarpine၊ Cevimeline)
- အဆစ်များနှင့် ကြွက်သားများ နာကျင်ခြင်းအတွက် စတီးရွိုက်ဆေးများကို ကာလတိုပေးခြင်း၊ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ (NSAIDs) ဖြင့် ကုသခြင်း
- ကိုယ်ခံအားစနစ်မှ ဂလင်းများကို တိုက်ခိုက်မှု လျော့နည်းစေရန် ကုသခြင်း
- ငှက်ဖျားဆေးဟု လူသိများသည့်ဆေး (Hydroxychloroquine)
- စတီးရွိုက်ဆေးများ
- ကိုယ်ခံအားနှိမ့်ချပေးသော ဆေးဝါးများ (ဥပမာ – Methotrexate)
- ခွဲစိတ်ကုသခြင်း
မျက်လုံးအတွင်းရှိမျက်ရည် ပြင်ပစီးမထွက်စေရန် မျက်ရည်လမ်းကြောင်းကိုပိတ်သော အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ခြင်းဖြင့် မျက်လုံးခြောက်ခြင်းကို သက်သာစေသည်။ - ဖြစ်စေသော အခြေခံအကြောင်းရင်းကို ကုသခြင်း
အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော ရှိုးဂရန်းရောဂါစု (Secondary Sjogren’s syndrome) ဖြစ်ပါက ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းကို ကုသမှုပေးရန် လိုအပ်သည်။ (ဥပမာ _ သွေးလေးဘက်နာ (ရူးမတွိုက်အဆစ်ရောင်ရောဂါ)ကို ကုသခြင်း)
ကာကွယ်ခြင်း
ရှိုးဂရန်းရောဂါစု ဖြစ်ပေါ်ရသော အကြောင်းရင်းကို အတိအကျ မသိရှိသောကြောင့် ရောဂါဖြစ်ပွါးမှုကို မကာကွယ်နိုင်သော်လည်း ရောဂါစတင်ဖြစ်ပွါးနေသူသည် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ရောဂါလက္ခဏာများ ပိုမဆိုးလာစေရန် ကာကွယ်နိုင်သည်။
- ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားပါ
- ခြောက်သွေ့သော၊ မသန့်ရှင်းသော ပတ်ဝန်းကျင်ကို ရှောင်ပါ
- အခိုးအငွေ့များသော၊ ဖုန်ထူသော၊ လေပြင်းတိုက်သော၊ လေအေးပေးစက် (သို့မဟုတ်) အပူပေးစက် တပ်ထားသော နေရာများကို ရှောင်ကြဥ်ပါ
- အသားခြောက်စေသော ဆပ်ပြာနှင့်အမွှေးနံ့များ သုံးစွဲမှုကို ရှောင်ကြဥ်ပါ
- မျက်လုံးခြောက်သွေ့မှုကို ပိုဆိုးစေနိုင်သော အချိန်ကြာမြင့်စွာ စာဖတ်ခြင်း၊ တီဗွီကြည့်ခြင်း၊ ဖုန်း၊ ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ကြဥ်ပါ
Reference:
- Mayo Clinic. (2022). Sjogren’s syndrome: Symptoms & causes. Mayo Clinic. Retrieved August 2, 2025, from https://www.mayoclinic.org/diseases-conditions/sjogrens-syndrome/symptoms-causes/syc-20353216
- Mayo Clinic. (2022). Sjogren’s syndrome: Diagnosis & treatment. Mayo Clinic. Retrieved August 2, 2025, from https://www.mayoclinic.org/diseases-conditions/sjogrens-syndrome/diagnosis-treatment/drc-20353221
- Cleveland Clinic. (2023). Sjögren’s syndrome. Cleveland Clinic. Retrieved August 2, 2025, from https://my.clevelandclinic.org/health/diseases/4929-sjogrens-syndrome
- NHS. (2024). Sjögren’s syndrome. NHS. Retrieved August 2, 2025, from https://www.nhs.uk/conditions/sjogrens-syndrome/
- WebMD. (2022). Sjogren’s syndrome: Causes, symptoms, and treatment options. WebMD. Retrieved August 2, 2025, from https://www.webmd.com/a-to-z-guides/sjogrens-syndrome
Published: 15 August 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.