Psoriasis (ဆိုရီယားစစ်ရောဂါ)

Psoriasis (ဆိုရီယားစစ်ရောဂါ)

ဆိုရီယားစစ်ရောဂါဆိုသည်မှာ ကိုယ်ခံအားစနစ် မူမမှန်သောကြောင့် အရေပြားတွင် ငါးကြေးခွံပုံစံ အဖတ်များဖြစ်ပေါ်သော အရေပြားရောင်ရမ်းသည့်ရောဂါဖြစ်သည်။ ထိုအဖတ်လေးများသည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပေါ် နိုင်ပြီး တံတောင်ဆစ်၊ ဒူးခေါင်း၊ ဦးရေပြားနှင့် ခါးအောက်ပိုင်းတွင် အများဆုံးတွေ့ရှိရသည်။ မည်သည့်အသက်အရွယ်တွင်မဆို စတင်ဖြစ်ပေါ်နိုင်သော်လည်း အသက် (၂၀ – ၃၀) ကြား နှင့် (၅၀ – ၆၀) ကြားတွင် အဖြစ်များသည်။ ရောဂါပြင်းထန်မှုသည် တစ်ယောက်နှင့်တစ်ယောက် မတူညီဘဲ ကွဲပြားကြသည်။ နာတာရှည်‌ရောဂါဖြစ်သောကြောင့် ရောဂါလက္ခဏာ သက်သာသော အချိန်ရှိသကဲ့သို့ လူနေမှုဘဝကို ထိခိုက်သည်အထိ ရောဂါပြင်းထန်ချိန်များလည်းရှိသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အ‌ရေပြားဆဲလ်များ ထုတ်လုပ်မှု များပြားလာခြင်း၊ လျင်မြန်စွာ ကြီးထွားလာခြင်းတို့ကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့် အရေပြားဆဲလ်များသည် ဖြစ်ပေါ် ပြီး (၃)ပတ် မှ (၄)ပတ်အကြာတွင် လဲလှယ်လေ့ရှိသော်လည်း ဆိုရီယားစစ်ရောဂါရှိသူများတွင် (၃)ရက် မှ (၇)ရက်အကြာတွင် လဲလှယ်ကြသည်။ အရေပြားဆဲလ်များ ပျက်ခြင်း၊ အသစ်ဖြစ်ခြင်း မြန်ဆန်လာသောကြောင့် ထိုဆဲလ်များ စုပုံလာသောအခါ အရေပြားအဖတ်များ ဖြစ်ပေါ်လာသည်။ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းကို အတိအကျ မသိသော်လည်း ကိုယ်ခံအားစနစ် မူမမှန်ခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ ရောဂါနှင့်ရောဂါပိုးများ ဝင်‌ရောက်လာသောအခါ ကိုယ်ခံအားစနစ်မှ တုံ့ပြန်တိုက်ခိုက်ရင်း ကျန်းမာသော အ‌ရေပြားဆဲလ်များကိုပါ မှားယွင်းစွာ တိုက်ခိုက်မိသောကြောင့် ဆိုရီယားစစ် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ မျိုးရိုးလိုက်၍လည်း ဖြစ်ပေါ်တတ်သော ‌ရောဂါဖြစ်သည်။ ထိုရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ မကူးစက်နိုင်ပါ။ အောက်တွင်ဖော်ပြထားသော အခြေအနေတစ်ခုခုကြောင့် ရောဂါစတင်ဖြစ်ပေါ်ခြင်း (သို့မဟုတ်) ပိုဆိုးလာခြင်းများ ဖြစ်ပေါ်နိုင်သည်။

  • ရောဂါပိုးဝင်ခြင်း [လည်ချောင်းနာရောဂါပိုး (သို့မဟုတ်) အရေပြားရောဂါပိုး]
  • အေး၍ ခြောက်သွေ့သော ရာသီဥတုကြောင့်ဖြစ်ခြင်း
  • အရေပြားကို ထိခိုက်ဒဏ်ရာရခြင်း (ဥပမာ_ဓားရှခြင်း၊ အကောင်ကိုက်ခံရခြင်း)
  • ဆေးလိပ်သောက်ခြင်း
  • အရက်အလွန်အကျွံသောက်ခြင်း
  • အချို့ဆေးများ သုံးစွဲခြင်း
    • စိတ်ရောဂါတွင် အသုံးပြုသောဆေး (Lithium)
    • သွေးတိုးနှင့်နှလုံးရောဂါတွင် အသုံးပြုသောဆေး (Propranolol and other beta-blockers, ACEI and quinidine)
    • ငှက်ဖျားရောဂါတွင် အသုံးပြုသောဆေးများ (Chloroquine, Hydroxychloroquine)
    • အရောင်ကျဆေး (Indomethacin)
  • စတီးရွိုက်ဆေးများသောက်သုံးနေရာမှ ရုတ်တရက် ရပ်လိုက်ခြင်း
  • အိတ်ချ်အိုင်ဗွီရောဂါရှိခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • နေရောင်နှင့် ထိတွေ့ခြင်းတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

အဖြစ်များသော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အရေပြားအကွက်များပေါ်တွင် ငါးအကြေးခွံအဖတ်များ ဖြစ်ပေါ်ခြင်း
  • ခြောက်သွေ့၍ ကွဲအက်သော အရေပြားများမှ သွေးထွက်ခြင်း
  • ယားခြင်း၊ ပူလောင်ခြင်း (သို့မဟုတ်) နာခြင်းတို့ ဖြစ်နိုင်သည်။

ဖြစ်ပေါ်သောလက္ခဏာများပေါ် မူတည်ပြီး ဆိုရီယားစစ် အမျိုးအစားများစွာရှိသည်။

  • အရေပြားတွင် အဖတ်ဖြစ်ပေါ်သော အမျိုးအစား (Plaque Psoriasis)
    အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး ယား၍ ခြောက်သွေ့သော ငါးအကြေးခွံ သဏ္ဌာန်ရှိသည့် အဖတ်များသည် တံတောင်ဆစ်၊ ဒူးခေါင်း၊ ဦးရေပြားနှင့် ခါးအောက်ပိုင်းတို့တွင် ဖြစ်ပေါ်လာသည်။ လူတစ်ဦးချင်းစီ၏ အသားအ‌ရောင်ပေါ် မူတည်၍ ထိုအဖတ်များ၏ အရောင်များ ပြောင်းလဲနိုင်သည်။ အသားညိုသူ၊ မည်းသူများတွင် ခရမ်းရောင်အရေပြားအကွက်ပေါ် မှ အကြေးခွံမှာ မီးခိုး‌ရောင်ဖြစ်ပြီး အသားဖြူသောသူများတွင် ပန်းရောင် (သို့မဟုတ်) အနီ‌ရောင် အရေပြားအကွက်ပေါ်မှ အကြေးခွံမှာ ငွေရောင်ဖြစ်ပေါ်လေ့ရှိသည်။

    psoriasis image 1 psoriasis image 2
  • လက်သည်း၊ ခြေသည်းတွင် ဖြစ်သော အမျိုးအစား (Nail Psoriasis)
    လက်သည်းနှင့် ခြေသည်းများတွင် သေးငယ်သောချိုင့်ခွက်များ ဖြစ်ပေါ်ခြင်း၊ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာခြင်းနှင့် အရောင်‌ပြောင်းလဲခြင်းများ တွေ့ရသည်။ လက်သည်း၊ ခြေသည်းခွံများ ချောင်၍ပြုတ်ထွက်ခြင်း၊ လက်သည်း၊ ခြေသည်းကျိုးခြင်းများလည်း ဖြစ်ပေါ် နိုင်သည်။

    psoriasis image 3
  • ကလေးနှင့် လူငယ်များတွင် အဓိကဖြစ်သော အမျိုးအစား (Guttate Psoriasis)
    ကလေးများနှင့် လူငယ်များတွင် အဓိကဖြစ်တတ်ပြီး လည်ချောင်းနာ ဘက်တီးရီးယားပိုး ဝင်သောကြောင့် ကိုယ်လုံး၊ ခြေထောက်နှင့် လက်များတွင် သေးငယ်သော ရေစက်ပုံသဏ္ဌာန်ရှိသည့် ငါးအကြေးခွံသဖွယ် အစက်များ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
  • ပေါင်ခြံ၊ တင်ပါးနှင့် ရင်သားတို့တွင်ဖြစ်သော အမျိုးအစား (Inverse Psoriasis)
    ပေါင်ခြံ၊ တင်ပါးနှင့် ရင်သားတို့တွင်ရှိသော အရေပြားခေါက်များတွင် ချောမွေ့ပြီး ရောင်ရမ်းသော အဖတ်များဖြစ်ပေါ် ၍ ပွတ်တိုက်ခြင်း၊ ချွေးထွက်ခြင်းနှင့် မှိုပိုးဝင်ခြင်းတို့ကြောင့် ပိုဆိုးစေနိုင်သည်။
  • ရေကြည်ဖုများ၊ ပြည်ဖုများ ဖြစ်ပေါ်သော အမျိုးအစား (Pustular Psoriasis)
    ရေကြည်ဖုများ၊ ပြည်ဖုများသည် လက်ဖဝါး (သို့မဟုတ်) ခြေဖဝါးတို့တွင် ဖြစ်ပေါ်သော ရှားပါးသည့် အမျိုးအစားဖြစ်သည်။
  • ခန္ဓာကိုယ်တစ်ခုလုံး အရေပြားများကွာကျပြီး အကွက်များဖြစ်ပေါ်သော အမျိုးအစား (Erythrodermic psoriasis)
    အဖြစ်အနည်းဆုံးနှင့် အဆိုးရွားဆုံး အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် အရေပြားများ ကွာကျပြီး အကွက်များ ဖြစ်ပေါ်လာကာ ယားခြင်း (သို့မဟုတ်) ပြင်းထန်သော ပူလောင်ခြင်းကို ခံစားရနိုင်သည်။

    psoriasis image 4
နောက်ဆက်တွဲပြဿနာများ

ဆိုရီယားစစ်ရောဂါရှိသူများတွင် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  • အဆစ်ရောင်ရမ်းခြင်း (Psoriatic arthritis) ကြောင့် အဆစ်များ နာကျင်ခြင်း၊ တောင့်ခြင်း၊ ရောင်ရမ်းခြင်း
  • အ‌ရေပြား ရောင်ရမ်းပြီးနောက် အရောင်ပြောင်းလဲခြင်း (အရောင်ရင့်ခြင်း – Hyperpigmentation (သို့မဟုတ်) အရောင်ဖျော့ခြင်း – Hypopigmentation)
  • မျက်လုံး ရောင်ရမ်းခြင်း (Conjunctivitis, Blepharitis and Uveitis)
  • အဝလွန်ခြင်း
  • အမျိုးအစား (၂) ဆီးချိုဖြစ်ခြင်း
  • သွေးပေါင်တက်ခြင်း
  • နှလုံးသွေးကြော ရောဂါဖြစ်ခြင်း
  • ကိုယ်ခံအားဆိုင်ရာရောဂါများ [နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory bowel disease) – ခရုန်းရောဂါ (Crohn’s disease)၊ Gluten ပရိုတင်းနှင့် ဓာတ်မတည့်သောရောဂါ (Celiac disease)]
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ (စိတ်ကျရောဂါ) တို့ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများတွေ့ရှိပြီး ဆိုရီယားစစ်ဖြစ်သည်ဟု သံသယဖြစ်ပါက မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ရောဂါရှာဖွေစစ်ဆေးပြီး ကုသမှုခံယူရန် လိုအပ်သည်။ လိုအပ်လျှင် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် ဆက်လက်တိုင်ပင်၍ ထိ‌ရောက်သောကုသမှု ခံယူနိုင်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် ရောဂါ ရာဇဝင်များ သေချာစွာမေးမြန်းခြင်း၊ အရေပြား၊ ဦးရေပြား၊ လက်သည်း အပါအဝင် အထွေထွေစမ်းသပ်စစ်ဆေးခြင်းနှင့် အရေပြား အသားစယူစစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။

ကုသခြင်း

ရောဂါကုသခြင်း၏ အဓိကရည်ရွယ်ချက်မှာ အရေပြားဆဲလ်များ လျင်မြန်စွာ ကြီးထွားလာခြင်းကို တားဆီးရန်နှင့် အကြေးခွံများကို ဖယ်ရှားရန်ဖြစ်သည်။ ဆိုရီယားစစ်ကို ပျောက်ကင်းအောင် ကုသ၍ မရသော်လည်း ရောဂါအမျိုးအစားနှင့် ပြင်းထန်မှုပေါ်မူတည်၍ ရောဂါသက်သာစေရန် ကုသနိုင်သော နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. လိမ်းဆေးများဖြင့် ကုသခြင်း (Topical treatments)
    ရောဂါလက္ခဏာ ပြင်းထန်မှု မရှိသေးသော သာမန်အခြေအနေတွင် အ‌ရေပြားပေါ်တွင် လိမ်းဆေးများလိမ်းခြင်းဖြင့် သက်သာနိုင်သည်။ အသုံးပြုနိုင်သော လိမ်းဆေးများမှာ_
    • စတီးရွိုက်လိမ်းဆေး
    • Retinoids လိမ်းဆေး
    • ဗီတာမင် ဒီ လိမ်းဆေး
    • ရေဓာတ်ဖြည့်ပေးသော ခရင်များ (Moisturizer)
    • ဆယ်လီစလစ် အက်ဆစ် (Salicylic acid)
    • Anthralin လိမ်းဆေး
    • JAK inhibitors လိမ်းဆေးများ (topical JAK inhibitors – tofacitinib) တို့ ဖြစ်ကြသည်။
  2. အလင်းကုထုံးဖြင့် ကုသခြင်း (Phototherapy)
    ခရမ်းလွန်ရောင်ခြည် (ultraviolet-UV) (သို့မဟုတ်) သဘာဝ အလင်းရောင်ဖြင့် ကုသခြင်းဖြစ်သည်။ အလင်းကုထုံးသည် ကျန်းမာသော အ‌ရေပြားဆဲလ်များကို တိုက်ခိုက်နေသည့် တက်ကြွနေသော သွေးဖြူဥဆဲလ်များကို သေစေခြင်းဖြင့် အရေပြားဆဲလ်များ လျင်မြန်စွာကြီးထွားမှုကို ရပ်တန့်စေသည်။ ခရမ်းလွန်ရောင်ခြည် အမျိုးအစား A နှင့် B နှစ်မျိုးလုံးကို အသုံးပြုနိုင်သည်။ ပြင်းထန်သော ရောဂါအခြေအနေ များတွင် အလင်းကုထုံးဖြင့် ကုသခြင်းကို အခြားသော ကုသခြင်းများနှင့် ပေါင်း၍ ကုသရန် လိုအပ်သည်။
  3. ဆေးဖြင့်ကုသခြင်း
    ပြင်းထန်သော ရောဂါ (သို့မဟုတ်) အခြားသော ကုသမှုများကို တုံ့ပြန်မှု မရှိသောအခါတွင် အောက်ဖော်ပြပါ သောက်ဆေး (သို့မဟုတ်) ထိုးဆေးဖြင့် ကုသနိုင်သည်။
    အများဆုံးအသုံးပြုသော ‌ဆေးများမှာ_
    • Biologics – etanercept, infliximab, adalimumab, ustekinumab
      ထိုဆေးများသည် ကိုယ်ခံအားစနစ်ကို ပြောင်းလဲစေ၍ ရောင်ရမ်းခြင်းကို သက်သာစေသောဆေးဖြစ်ပြီး ထိုးဆေးအနေဖြင့်လည်း အသုံးပြုနိုင်သည်။ အခြားသော ကုသမှုများနှင့် မသက်သာသော ပြင်းထန်သည့် အခြေအနေများတွင် အသုံးပြုနိုင်သည်။ ဆေးများသည် ကိုယ်ခံအားစနစ်ကို တိုက်ခိုက်သောကြောင့် ရောဂါပိုးဝင်နိုင်ခြေ မြင့်မားသည်။ ထိုဆေးကို အသုံးမပြုခင် တီဘီရောဂါ ရှိမရှိ စစ်ဆေးပြီးမှသာ အသုံးပြုရမည်။
    • Retinoids
      အရေပြားဆဲလ် ထုတ်လုပ်မှုကို လျော့ကျစေသည်။ ဆေးရပ်လိုက်လျှင် ရောဂါလက္ခဏာများ ပြန်ဖြစ်ပေါ်လာတတ်သည်။ ဘေးထွက်ဆိုးကျိုးများမှာ ဆံပင်ကျွတ်ခြင်းနှင့် အရေပြားများခြောက်သွေ့ခြင်းတို့ ဖြစ်သည်။ ထိုဆေးများသည် သန္ဓေသားမွေးရာပါ ချို့ယွင်းချက်များဖြစ်ပေါ်နိုင်သောကြောင့် ကိုယ်ဝန်ဆောင်များနှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ချက်ရှိသူများတွင် အသုံးမပြုရပါ။
    • Methotrexate
      တစ်ပတ်တွင် တစ်ကြိမ် သောက်ဆေးအနေဖြင့် အသုံးပြုနိုင်ပြီး အရေပြားဆဲလ်များ ထုတ်လုပ်မှုနှင့် ရောင်ရမ်းမှုကို လျော့နည်းစေသည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် အစာအိမ်နာခြင်း၊ အစားအသောက် ပျက်ခြင်း၊ နုံးနယ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ရေရှည်သောက်သုံးရမည့်သူများတွင် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်သွေးစစ်၍ ရက်ချိန်းပုံမှန်ပြရန် လိုအပ်သည်။ ကိုယ်ဝန်မယူခင် အနည်းဆုံး (၃) လ ဆေးရပ်နားရန် လိုအပ်ပြီး နို့တိုက်မိခင်များတွင် အသုံးမပြုရပါ။
    • Cyclosporine
      ပြင်းထန်သော ရောဂါများတွင် ကိုယ်ခံအားစနစ်ကို ချပေးသော ဆေးဖြစ်သည်။ ထိုဆေးကို အချိန် တစ်နှစ်ထက်ပိုပြီး အသုံးပြု၍ မရပါ။ ခုခံအားကျစေသောကြောင့် ရောဂါပိုးများဝင်ခြင်းနှင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် လည်း အသုံးပြု၍ မရပါ။
    • စတီးရွိုက်ဆေးများပေးခြင်း
      အချို့သေးငယ်သည့် အဖတ်များရှိလျှင် စတီးရွိုက်ထိုးဆေးကို ထိုးပေးခြင်းဖြင့် သက်သာစေနိုင်သည်။
ကာကွယ်ခြင်း

ဤရောဂါကို ကာကွယ်၍ မရသော်လည်း အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များစားခြင်း
  • ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်လျှော့သောက်ခြင်း
  • စိတ်ဖိစီးမှု လျော့နည်းအောင်ပြုလုပ်ပေးခြင်း
  • နေ့စဥ်ရေချိုးပေးခြင်း
  • အရေပြားကို ခြောက်သွေ့မနေစေရန် ရေဓာတ်ပါသော လိမ်‌ဆေးများ လိမ်းခြင်း
  • အရေပြားကို ကုတ်ခြစ်ခြင်းမှ ရှောင်ကြဥ်ခြင်းတို့ဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

References:

  1. Psoriasis – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 30, 2025, from https://www.mayoclinic.org/diseases-conditions/psoriasis/symptoms-causes/syc-20355840
  2. Website, N. (2024). Psoriasis. nhs.uk. Retrieved June 30, 2025, from https://www.nhs.uk/conditions/psoriasis/
  3. Shaban, D. (2023). Psoriasis: symptoms, causes, and treatment. WebMD. Retrieved June 30, 2025, from https://www.webmd.com/skin-problems-and-treatments/psoriasis/understanding-psoriasis-basics
  4. Holland, K. (2023). Everything you need to know about psoriasis. Healthline. Retrieved July 10, 2025, from https://www.healthline.com/health/psoriasis

Published: 10 June 2025

Share

10 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

See also
Elbow fractures (တံတောင်ဆစ်အရိုးကျိုးခြင်း)
Sep 26, 2025
Diseases and Conditions

Elbow fractures (တံတောင်ဆစ်အရိုးကျိုးခြင်း)

တံတောင်ဆစ်အရိုးကျိုးခြင်းသည် မတော်တဆထိခိုက်မှုများကြောင့်...

Neurofibromatosis – NF (အာရုံကြောအကျိတ်ငယ်များထွက်သောရောဂါ)
Sep 26, 2025
Diseases and Conditions

Neurofibromatosis – NF (အာရုံကြောအကျိတ်ငယ်များထွက်သောရောဂါ)

ဦးနှောက်၊ ကျောရိုးနှင့် အရေပြားများပေါ်တွင် အာရုံကြောအကျိတ်များ...

Tuberous Sclerosis Complex – TSC (ကင်ဆာမဟုတ်သော အကျိတ်ငယ်များ ဖြစ်ပေါ်စေသည့် မျိုးဗီဇဆိုင်ရာရောဂါ)
Sep 26, 2025
Diseases and Conditions

Tuberous Sclerosis Complex – TSC (ကင်ဆာမဟုတ်သော အကျိတ်ငယ်များ ဖြစ်ပေါ်စေသည့် မျိုးဗီဇဆိုင်ရာရောဂါ)

မျိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး မွေးပြီးစမှာပင် အတက်ရောဂါ၊...