Tinnitus and Vertigo (နားအူခြင်းနှင့် ချာချာလည်မူးခြင်း)

Tinnitus and Vertigo (နားအူခြင်းနှင့် ချာချာလည်မူးခြင်း)

နားအူခြင်းသည် အတွေ့ရများသော ပြဿနာတစ်ခုဖြစ်ပြီး မိမိ၏နားတစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံးတွင် တဝီဝီမြည်နေခြင်း (သို့မဟုတ်) အခြားဆူညံသံများအား ကြားနေရခြင်းဖြစ်သည်။ ချာချာလည်မူးခြင်းဆိုသည်မှာ ဘေးပတ်ဝန်းကျင်သည် စက်ဝိုင်းပုံသဏ္ဌာန်လည်နေခြင်း (သို့မဟုတ်) တိမ်းစောင်းနေခြင်းကဲ့သို့ ခံစားမှုတစ်ခုဖြစ်သည်။ ဟန်ချက်မထိန်းနိုင်ဖြစ်စေပြီး ပျို့အန်ခြင်းနှင့်ပါတွဲ၍ ခံစားရနိုင်သည်။

အချို့သောသူများတွင် ထိုဖြစ်စဥ်များကြောင့် နေ့စဥ်လူနေမှုဘဝကို သိသိသာသာ ထိခိုက်စေနိုင်သည်။ ယေဘုယျအားဖြင့် ဖြစ်စေသည့်အကြောင်းရင်းများ မတူညီသော်လည်း တစ်ခါတစ်ရံတွင် အတွင်းနားပိုင်းဆိုင်ရာ ရောဂါအခြေအနေများကြောင့် နားအူခြင်းနှင့် ချာချာလည်မူးခြင်း နှစ်မျိုးလုံးကို ဖြစ်စေသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နားအူရခြင်းအကြောင်းရင်းများ

နားအူခြင်းသည် ရောဂါတစ်ခုမဟုတ်ဘဲ နားရောဂါအခြေအနေတစ်ခုခု၏ လက္ခဏာတစ်ခုဖြစ်သည်။ အောက်ပါအကြောင်းရင်းများကြောင့် အဖြစ်များသည်။

  • အကြားအာရုံဆုံးရှုံးခြင်း
    သေးငယ်နူးညံ့သည့် အမွေးအမှင်ဆဲလ်များသည် ခရုပတ်ခွေ ပုံသဏ္ဌာန်ရှိသော အတွင်းနားအစိတ်အပိုင်း (Cochlea) တွင်ရှိသည်။ အဆိုပါဆဲလ်များသည် အသံလှိုင်းများ လက်ခံရရှိသောအခါ ထိုအမွေးအမှင်များ လှုပ်ရှားမှုဖြစ်ပေါ်ကာ ဦးနှောက်သို့ လျှပ်စစ်အချက်ပြချက်အနေဖြင့် ပြောင်းလဲပို့ဆောင်သည်။ အသက်ကြီးသူများ (သို့မဟုတ်) ကျယ်လောင်သောဆူညံသံများကို နေ့စဥ်ကြားနေရသူများတွင် အသံလှိုင်းများ သယ်ဆောင်ပေးသည့် အမွေးအမှင်ဆဲလ်များ ပျက်စီးသွားသောကြောင့် နားအူနိုင်သည်။
  • နားပိုးဝင်ခြင်း၊ နားလမ်းကြောင်းပိတ်ခြင်း
    နားလမ်းကြောင်းတစ်လျှောက်တွင် ပိုးဝင်ခြင်းကြောင့် အရည်များစုလာခြင်း၊ နားဖာချေးပိတ်ခြင်း၊ အမှုန်များနှင့် ပြင်ပမှအရာဝတ္ထုများ ဝင်ရောက်ခြင်းကြောင့် နားလမ်းကြောင်းပိတ်သွားနိုင်သည်။ ထို့သို့ပိတ်ခြင်းကြောင့် နားအတွင်းဖိအားပြောင်းလဲမှုဖြစ်ပြီး နားအူခြင်းကိုဖြစ်စေသည်။
  • ဦးခေါင်း (သို့မဟုတ်) လည်ပင်းတွင် ဒဏ်ရာရခြင်း
    ဦးခေါင်း (သို့မဟုတ်) လည်ပင်းထိခိုက်ဒဏ်ရာကြောင့် အတွင်းနားထိခိုက်ခြင်း၊ အကြားအာရုံနှင့် ဆိုင်သောအာရုံကြောများနှင့် အသံနှင့် သက်ဆိုင်သည့် ဦးနှောက်၏ လုပ်ဆောင်မှုများအား ထိခိုက်ခြင်းတို့ဖြစ်ပေါ်စေသည်။ ယေဘုယျအားဖြင့် ထိခိုက်သည့်နားတစ်ဖက်တွင်သာ နားအူခြင်းဖြစ်စေသည်။
  • ဆေးဝါးများ
    အကိုက်အခဲပျောက်ဆေးများ၊ အချို့သောပဋိဇီဝပိုးသတ်ဆေးများ၊ ကင်ဆာဆေးများ၊ ဆီးဆေးများ၊ ငှက်ဖျားပျောက်ဆေးများနှင့် စိတ်ကျရောဂါဆေးများကြောင့် နားအူစေသည် သို့မဟုတ် နားအူခြင်းကိုပို၍ဆိုးစေသည်။ ယေဘုယျအားဖြင့် ဆေး၏ပမာဏများလေလေ နားအူခြင်းပိုဆိုးလေ ဖြစ်သည်။ ဆေးများအားရပ်လိုက်သည်နှင့် သက်သာသွားတတ်သည်။
  • အချို့သောရောဂါအခြေအနေများ
    နားထင်မေးရိုးအံအဆစ်တွင် ပြဿနာရှိခြင်း၊ သွေးကြောကျဥ်းခြင်း၊ သွေးကြောပုံပျက်ခြင်း၊ ဆီးချိုရောဂါ၊ သိုင်းရွိုက်ရောဂါ၊ ကိုယ်ခံအားမူမမှန် တုံပြန်မှုနှင့်ဆိုင်သောရောဂါများ စသည်တို့ဖြစ်သည်။
ချာချာလည်မူးခြင်းအကြောင်းရင်းများ

ချာချာလည်မူးခြင်းသည် ဘေးပတ်ဝန်းကျင် စက်ဝိုင်းပုံလည်နေသကဲ့သို့ ခံစားရခြင်းဖြစ်ပြီး ဟန်ချက်မထိန်းနိုင်ခြင်းကိုပါ ဖြစ်စေသည်။ ချာချာလည်မူးခြင်းသည် နောက်ခံရောဂါများ၏ လက္ခဏာတစ်ခုဖြစ်ပြီး အခြားသောလက္ခဏာများနှင့်လည်း တွဲ၍ဖြစ်တတ်သည်။ ချာချာလည်မူးခြင်းအကြောင်းရင်းများကို_

  • အတွင်းနားပြဿနာများ သို့မဟုတ် ဟန်ချက်ထိန်းညှိခြင်းနှင့် သက်ဆိုင်သည့် အာရုံကြောပြဿနာများကြောင့်ဖြစ်သော ချာချာလည်မူးခြင်း (Peripheral vertigo) နှင့်
  • ဦးနှောက်တွင်းပြဿနာများကြောင့် ချာချာလည်မူးခြင်း (Central vertigo) ဟု အဓိကအမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။

အဖြစ်အများဆုံးအကြောင်းရင်းများမှာ_

  • ဦးခေါင်းလှုပ်ရှားမှုကြောင့် ရုတ်တရက်မူးဝေခြင်း (Benign Paroxysmal Positional Vertigo – BPPV)
    အဖြစ်များသည့် အတွင်းနားဆိုင်ရာ ခေါင်းမူးရောဂါတစ်ခုဖြစ်သည်။ နားအတွင်းပိုင်း အာရုံခံအစိတ်အပိုင်း (Utricle) တွင် Otoconia ဟုခေါ်သော သေးငယ်သည့် ကယ်လ်ဆီယမ်အမှုန်အမွှားများရှိသည်။ ထိုအမှုန်များ အကြောင်းအမျိုးမျိုးကြောင့် မူလနေရာမှ ပြုတ်ထွက်ပြီး အတွင်းနားရှိ ခန္ဓာကိုယ်ဟန်ချက်ထိန်းသည့်နေရာတွင် စုစည်းသွားလျှင် မူးဝေခြင်းဖြစ်စေသည်။ ဦးခေါင်းလှုပ်ရှားမှုပြုလုပ်တိုင်း ရုတ်တရက် ချာချာလည်အောင် မူးဝေလာတတ်သည်။ BPPV သည် အကြောင်းရင်းမသိရှိဘဲ ဖြစ်ပွါးနိုင်ပြီး အသက်အရွယ်နှင့်လည်း ဆက်နွှယ်မှုရှိနိုင်သည်။
  • ရောဂါပိုးဝင်ခြင်း
    ယေဘုယျအားဖြင့် အတွင်းနားတွင် ရေကျောက်၊ ဝက်သက်စသည့် ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်းများနှင့် ဆက်စပ်မှုရှိသည်။ ထိုသို့အတွင်းနားတွင်းပိုးဝင်ခြင်းများကြောင့် အကြားအာရုံခံအင်္ဂါ အတွင်းသားရောင်ခြင်း (Labyrinthitis)၊ ဟန်ချက်ထိန်းညှိခြင်းနှင့် သက်ဆိုင်သည့် အာရုံကြောရောင်ခြင်း (Vestibular neuritis) တို့ဖြစ်နိုင်သည်။
  • ခေါင်းတစ်ခြမ်းကိုက်ခြင်း
    ထိုဖြစ်စဥ်တွင် ချာချာလည်မူးခြင်းသည် မိနစ်ပိုင်းမှ နာရီပိုင်းအထိကြာနိုင်သည်။
  • ဦးခေါင်း သို့မဟုတ် လည်ပင်းဒဏ်ရာရခြင်း
  • ဦးနှောက်အတွင်းရှိပြဿနာများ (ဥပမာ _ လေဖြတ်ခြင်း၊ ဦးနှောက်ပိုးဝင်ခြင်း)
  • ဆေးဝါးများ
    နားထိခိုက်ခြင်းကိုဖြစ်စေသော ဆေးဝါးများသုံးစွဲခြင်း (ဥပမာ _ အကိုက်အခဲပျောက်ဆေးများ၊ နှလုံးသွေးကြောဆိုင်ရာဆေးများ၊ အချို့သောပဋိဇီဝပိုးသတ်ဆေးများ)
  • အချို့သောရောဂါအခြေအနေများ (ဥပမာ _ ဆီးချိုရောဂါ၊ နှလုံးစည်းချက်မမှန်ခြင်း) စသည်တို့ကြောင့်ဖြစ်နိုင်သည်။

နားအူခြင်းနှင့် ချာချာလည်မူးခြင်းကို ဖြစ်စေသောအကြောင်းရင်းများတွင် အတွင်းနားနှင့် ဆက်စပ်အစိတ်အပိုင်းများသည် အဓိကဖြစ်သောကြောင့် အောက်ပါရောဂါအခြေအနေများတွင် နားအူခြင်းနှင့် ချာချာလည်မူးခြင်း နှစ်ခုလုံးဖြစ်စေသည်။

  • အတွင်းနားအတွင်း အရည်များ စုလာခြင်း (Meniere disease)
  • အကြားအာရုံခံအင်္ဂါ အတွင်းသားရောင်ခြင်း (Labyrinthitis)
  • အာရုံကြောအကျိတ်ဖြစ်ခြင်း (Acoustic Neuroma)
  • နားအတွင်းတွင် ပုံမှန်မဟုတ်သည့်အရိုးကြီးထွားခြင်း (Otosclerosis)
  • ခေါင်းတစ်ခြမ်းကိုက်ခြင်း
  • အချို့သောမျိုးဗီဇရောဂါများ (ဥပမာ – Usher ဆင်ဒရုန်း) စသည်တို့ဖြစ်သည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
  • ဆူညံသံများနှင့် ထိတွေ့မှုများခြင်း (စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်သူများ၊ သီချင်းသံကျယ်လောင်စွာနားထောင်သူများ)
  • အသက်အရွယ်ကြီးသူများ၊ ယောက်ျားလေးများ
  • ဆေးလိပ်နှင့် အရက်သောက်သူများ
  • အချို့သောကျန်းမာရေးပြဿနာများ (အဝလွန်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ)
  • ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း
ရောဂါလက္ခဏာများ

နားအူခြင်းသည် တဝီဝီမြည်သံများ၊ ဆူဆူညံညံအသံများ၊ ညည်းသံများ၊ တရှူးရှူးမြည်သံများ၊ လေချွန်သံများ အစရှိသည့်အသံများအား ကြားနေခြင်းဖြစ်သည်။ ထိုဆူညံသံများသည် ပြင်ပမှအသံအစစ်မဟုတ်ဘဲ မိမိ၏နားအတွင်း၌သာ ကြားနေရခြင်းဖြစ်သည်။ ထိုကြားရသောအသံများသည် သတိမထားမိလောက်အောင် တိုးသောအသံများဖြစ်နိုင်သကဲ့သို့ အလွန်ကျယ်လောင်သဖြင့် ပတ်ဝန်းကျင်ရှိ အသံအစစ်များကို မကြားရသည်အထိ ဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် နှလုံးခုန်ချက်နှင့်အညီ တဝီဝီမြည်နေသည့် အသံများလည်း ကြားရနိုင်သည်။ နားအူခြင်းသည် မည်သူမဆိုဖြစ်နိုင်သော်လည်း အသက် (၄၀) နှင့် (၈၀) ကြား လူကြီးများတွင် အဖြစ်များသည်။ နားအူခြင်းသည် တောက်လျှောက်ဖြစ်နေနိုင်သလို ပေါ်လိုက်ပျောက်လိုက်လည်း ဖြစ်နိုင်သည်။ ပြင်းထန်သောနားအူခြင်းကို ခံစားရသောသူများသည် အာရုံစိုက်ရန်ခက်ခဲခြင်း၊ အိပ်ရန်ခက်ခဲခြင်းတို့ ဖြစ်နိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ စိတ်အလိုမကျခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ပါ ခံစားလာရနိုင်သည်။

ချာချာလည်မူးခြင်းသည် ဦးခေါင်းအနေအထားပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်ပြီး ရုတ်တရက်ဖြစ်ပေါ်တတ်သည်။ ပြင်းထန်သောချာချာလည်မူးခြင်းဖြစ်လျှင် ရောဂါလက္ခဏာများသည် ဆက်တိုက်ဖြစ်နေတတ်ပြီး ရက်ပေါင်းများစွာခံစားရနိုင်သည်။ တွဲ၍အတွေ့ရများသောလက္ခဏာများမှာ_

  • ပတ်၀န်းကျင်ရှိပစ္စည်းများ လည်နေသည်ဟု ခံစားရခြင်း
  • လှုပ်ရှားမှုပြုလုပ်လျှင်မူးခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • ဟန်ချက်မထိန်းနိုင်ခြင်း
  • အကြားအာရုံဆုံးရှုံးခြင်း၊ နားအူခြင်း
  • ခေါင်းကိုက်ခြင်း
  • ပုံရိပ်နှစ်ထပ်မြင်ခြင်း
  • လျင်မြန်သော မျက်လုံးအိမ်လှုပ်ရှားမှုများ ရုတ်တရက်ဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်သည်။ အများအားဖြင့် အထက်ပါလက္ခဏာများသည် မိနစ်ပိုင်းမှ နာရီပိုင်းအထိကြာနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

အချို့သောရောဂါပြင်းထန်သည့်အခြေအနေများတွင် ရက်ပေါင်းများစွာကြာသည်အထိ ဆက်တိုက်ဖြစ်နေနိုင်သောကြောင့် နေ့စဥ်လူနေမှုဘဝတွင် အခက်အခဲများကြုံတွေ့ရနိုင်သည်။

  • နုံးခြင်း၊ စိတ်ဖိစီးမှုများခြင်း
  • အိပ်စက်ခြင်းနှင့်ပတ်သက်သော ပြဿနာများဖြစ်ခြင်း
  • အာရုံမစိုက်နိုင်ခြင်း
  • စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်မှုများခြင်း
  • ခေါင်းကိုက်ခြင်း
  • အလုပ်နှင့် မိသားစုဘဝတွင် အခက်အခဲများကြုံရနိုင်ခြင်း တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ချာချာလည်မူးခြင်း (သို့မဟုတ်) နားအူခြင်းသည် ရုတ်တရက်ပြင်းထန်စွာဖြစ်ခြင်း၊ အန်ခြင်း၊ လမ်းလျှောက်ရန်ခက်ခဲခြင်း၊ ရုတ်တရက်မထိန်းနိုင်ဘဲပြုတ်ကျခြင်း၊ အကြားအာရုံဆုံးရှုံးခြင်း၊ အမြင်အာရုံတွင် ပြောင်းလဲမှုဖြစ်ခြင်း၊ နားအတွင်းဖိအားရှိနေခြင်း စသည့်ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကု ဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လိုအပ်သည့်စမ်းသပ်စစ်ဆေးခြင်းများအား ပြုလုပ်၍ ရောဂါကိုသိရှိနိုင်သည်။ သို့သော် ရောဂါလက္ခဏာများအားကုသရန်၊ ဖြစ်စေသော အကြောင်းအရင်းများအား သိရှိနိုင်ရန် ဓာတ်ခွဲစစ်ဆေးခြင်း၊ နားအကြားအာရုံစစ်ဆေးခြင်း၊ ဟန်ချက်စစ်ဆေးခြင်းများ (ဥပမာ _ Romberg’s test၊ Fukuda-Unterberger test)၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း စသည့်လိုအပ်သည့် စစ်ဆေးမှုများအား ပြုလုပ်နိုင်သည်။

ကုသခြင်း

ဖြစ်ပေါ်စေသည့် အခြေအနေပေါ်မူတည်၍ ကုသမှုပေးရမည်ဖြစ်သည်။ နားအူခြင်းနှင့် ချာချာလည်မူးခြင်းသည် နောက်ခံရောဂါများကြောင့် ဖြစ်ပါက ထိုရောဂါများအား စနစ်တကျ ကုသမှုခံယူရန် လိုအပ်သည်။ တစ်ခါတစ်ရံ ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သည်။

နားအူခြင်းတွင် ကုသနိုင်သည့်နည်းလမ်းများမှာ _

  • ပိတ်နေသော နားဖာချေးများအား ဖယ်ရှားခြင်း
  • အကြားအာရုံဆုံးရှုံးသူများတွင် နားအူခြင်းသက်သာစေရန် နားကြားကိရိယာတပ်ခြင်း (Hearing Aids)၊ အတွင်းနားအစားထိုးကိရိယာတပ်ခြင်း (Cochlear implants)
  • နားအူခြင်းသည် လက်ရှိသောက်နေသောဆေးများ၏ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်၍ ဆေးလျှော့ခြင်း၊ ဆေးပြောင်းခြင်းများ ပြုလုပ်ခြင်း
  • သွေးကြောကျဥ်းခြင်း၊ သွေးကြောပုံပျက်ခြင်းစသည့် အခြေအနေများကို ကုသမှုပေးခြင်း
  • အသံကုထုံးဖြင့် ကုသခြင်း
    သဘာဝအသံများဖြစ်သော စမ်းရေစီးသံ၊ လှိုင်းသံများထုတ်ပေးသော စက်များအား အိပ်ရာဘေးတွင်ထား၍ အိပ်ခြင်းဖြင့် နားအူသည့်အသံများအား သတိထားမိခြင်းကိုသက်သာစေသည်
  • အမူအကျင့်နှင့် စိတ်ပိုင်းဆိုင်ရာများ လေ့ကျင့်ပေးခြင်း (Behavioural therapy)
  • အသိအမြင်အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး [Cognitive behavioural therapy (CBT)] ၊ Tinnitus Retraining Therapy (TRT) များဖြင့် ကုသခြင်းဖြစ်သည်
  • ဆေးဝါးများဖြင့်ကုသခြင်း
    ဆေးဝါးများဖြင့်ကုသမှုပေးရာတွင် နားအူခြင်းကိုကုသမှုမဟုတ်ဘဲ ကောင်းစွာအိပ်ပျော်စေရန်၊ စိတ်ပူပန်မှုများကိုလျှော့ချနိုင်စေရန် ဆေးများပေးခြင်းဖြစ်သည်

ချာချာလည်မူးခြင်းတွင် ကုသမှုပေးနိုင်သည့်နည်းလမ်းများမှာ_

  • ဟန်ချက်မထိန်းနိုင်ခြင်းများကို သက်သာစေရန်အတွက် လေ့ကျင့်ခန်းများလုပ်ခြင်း
  • ဦးခေါင်းလှုပ်ရှားမှုကြောင့် ရုတ်တရက်မူးဝေခြင်းကို သက်သာစေရန် လေ့ကျင့်ခန်းပြုလုပ်ခြင်း
    Epley maneuver (Canalith Repositioning Procedure) ဟုခေါ်သော လေ့ကျင့်ခန်းသည် အမှုန်လေးများကို အတွင်းနားရှိ နဂိုမူလနေရာသို့ ပြန်လည်ရောက်ရှိစေခြင်းဖြင့် မူးဝေခြင်းကို သက်သာစေသည်။
  • ဆေးဝါးများဖြင့်ကုသခြင်း
    ချာချာလည်မူးခြင်းကိုဖြစ်စေသည့် နောက်ခံအခြေအနေများ၊ လက္ခဏာများကို ကုသမှုပေးခြင်းဖြစ်သည်၊ ဥပမာ အတွင်းနားပိုးဝင်ခြင်းများအတွက် ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း၊ ရောင်ရမ်းမှုများ သက်သာစေရန်အတွက် စတီးရွိုက်ဆေးများပေးခြင်း၊ အတွင်းနားအတွင်း အရည်များစုလာခြင်းအတွက် ဆီးဆေးများပေးခြင်း၊ ချာချာလည်မူးခြင်းကို သက်သာစေရန် ဟစ်စ်တမင်းဆန့်ကျင်ဆေးများပေးခြင်း စသည်တို့ဖြစ်သည်
  • ခွဲစိတ်ခြင်း
    အချို့သောအခြေအနေများတွင် ခွဲစိတ်ကုသမှုပြုလုပ်ခြင်းဖြင့် သက်သာစေသည် (ဥပမာ _ အကျိတ်များဖယ်ရှားခြင်း)

Epley Maneuver (ဦးခေါင်းလှုပ်ရှားမှုကြောင့် မူးဝေခြင်း သက်သာစေရန် လေ့ကျင့်ခန်း)

အသုံးပြုနိုင်သည့်အခြေအနေများ_

  • ဦးခေါင်းအနေအထားပြောင်းလျှင် ရုတ်တရက်မူးဝေခြင်း (Benign paroxysmal positional vertigo – BPPV)
  • အိပ်ရာမှ ထစဥ်၊ လှဲသည့်အခါ၊ ဦးခေါင်းငုံ့လိုက်စဥ်မူးခြင်း

Epley maneuver တွင် လုပ်ဆောင်ရမည့်အချက်များမှာ အောက်ပါအစီအစဥ်အတိုင်းဖြစ်သည်။

  1. ကုတင်ပေါ်တွင် ခါးနှင့် ဦးခေါင်းကို မတ်မတ်ထားပြီး ပုံတွင် ပြထားသည့်အတိုင်းထိုင်ပါ
  2. သင်၏ ဦးခေါင်းကို မူးဝေခြင်း ခံစားရသည့်ဘက်သို့ (၄၅) ဒီဂရီ လှည့်ပါ
  3. နောက်သို့ လျင်မြန်စွာ လှဲချလိုက်ပြီး ဦးခေါင်းကို ကုတင်အစွန်းတွင် ချထားပြီး မူး‌ဝေသည့်ဘက်သို့ (၉၀) ဒီဂရီ ရောက်အောင် ဆက်လှည့်ထားပါ၊ ထိုခဏတွင် မူး‌ဝေခြင်းပိုဆိုးလာနိုင်သည်
  4. သင်၏ ဦးခေါင်းကို ဆန့်ကျင်ဘက်သို့ တဖြည်းဖြည်းချင်း (၉၀) ဒီဂရီလှည့်ပြောင်းပါ
  5. သင်၏ ခန္ဓာကိုယ်ကို ဦးခေါင်းဘက်သို့ တစ်ပြေးညီဖြစ်အောင် လိုက်လှည့်ပါ
  6. ခဏနေပြီးလျှင် မတ်မတ်ထထိုင်ပါ

လေ့ကျင့်ခန်း ပြုလုပ်ချိန်မှာ (၅)မိနစ် မှ (၁၀)မိနစ်ခန့် ကြာမြင့်နိုင်ပြီး ပိုမိုသက်သာစေရန် လေ့ကျင့်ခန်းကို ထပ်ခါထပ်ခါ ပြုလုပ်ပေးရသည်။ လေ့ကျင့်ခန်းကို ရောဂါလက္ခဏာများ တစ်ရက်တိတိ လုံးဝသက်သာသွားသည်အထိ တစ်ရက်လျှင် အများဆုံး (၃) ကြိမ်အထိ ပြုလုပ်နိုင်သည်။ တစ်ကြိမ်နှင့် တစ်ကြိမ်အကြားတွင် (၁၅) မိနစ်ခန့် အနားယူနိုင်သည်။

အရေးကြီးသောအကြံပြုချက်များ

  • ဤလေ့ကျင့်ခန်းကို ပထမဆုံးအကြိမ်ပြုလုပ်မှုတွင် ဆရာဝန်၏လမ်းညွှန်မှုဖြင့် ပြုလုပ်ရမည်
  • ပြုလုပ်ပြီးနောက် (၂) ရက်အတွင်း ခေါင်းကိုမတ်မတ်ထားပါ၊ ခေါင်းကို လျင်မြန်စွာ လှုပ်ရှားမှုများ ပြုလုပ်ခြင်းမှ ရှောင်ကြဥ်ပါ (ဥပမာ _ ရေကူးခြင်း)
  • လိုအပ်ပါက ခေါင်းလှုပ်ရှားမှုများကို နည်းစေရန် လည်ပင်းထိန်းကော်လာ အသုံးပြုပါ
  • မူးဝေခြင်းမဖြစ်သည့် ကောင်းသည့်ဘက်ခြမ်းတွင် လှည့်၍ အိပ်ပါ
  • နားအတွင်းဒဏ်ရာ၊ လည်ပင်းဒဏ်ရာများရှိပါက လေ့ကျင့်ခန်းမပြုလုပ်မီ ဆရာဝန်နှင့် ဦးစွာတိုင်ပင်ရမည်
ကာကွယ်ခြင်း

အများအားဖြင့် နားအူခြင်းနှင့် ချာချာလည်မူးခြင်းသည် ကာကွယ်၍မရသော အခြေအနေများကြောင့် ဖြစ်သည်။ သို့သော် အောက်ပါ အချို့သောအချက်များကို လိုက်နာခြင်းဖြင့် ရောဂါလက္ခဏာများ သက်သာစေနိုင်သည်။

  • ကျယ်လောင်သောအသံများနှင့်ထိတွေ့မှုကို လျှော့ချခြင်း
  • ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်နေစဥ် နားအကာအကွယ်သုံးခြင်း
  • သီချင်းနားထောင်ချိန်တွင် အသံကို လျှော့၍နားထောင်ခြင်း
  • နှလုံးသွေးကြောဆိုင်ရာရောဂါများအား စနစ်တကျကုသခြင်း
  • အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းအား လျှော့ချခြင်း
  • ချာချာလည်မူးချိန်တွင် ငြိမ်သက်စွာထိုင်ခြင်း၊ လဲလျောင်းနေခြင်း
  • လုပ်ငန်းဆောင်တာများအား တဖြည်းဖြည်းချင်းမှ ပြန်လည်လုပ်ဆောင်ခြင်း
  • ရုတ်တရက်အနေအထားပြောင်းခြင်းအား ရှောင်ကြဥ်ခြင်း
  • အလင်းရောင်စူးစူးများကြည့်ခြင်းမှ ရှောင်ကြဥ်ခြင်း

References:

  1. Askinazi, O., PhD. (2024). Are tinnitus and vertigo related? Healthline. Retrieved June 24, 2025, from https://www.healthline.com/health/tinnitus-and-vertigo#conditions
  2. Tinnitus – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 24, 2025, from https://www.mayoclinic.org/diseases-conditions/tinnitus/symptoms-causes/syc-20350156
  3. Professional, C. C. M. (2024). Tinnitus. Cleveland Clinic. Retrieved June 24, 2025, from https://my.clevelandclinic.org/health/symptoms/14164-tinnitus
  4. Healthdirect Australia. (2025). Vertigo. Symptoms, Causes and Treatments | Healthdirect. Retrieved June 24, 2025, from https://www.healthdirect.gov.au/vertigo
  5. Professional, C. C. M. (2025). Vertigo. Cleveland Clinic. Retrieved June 24, 2025, from https://my.clevelandclinic.org/health/symptoms/21769-vertigo
  6. Hazell, T., & Mendis, S. (2024). Vertigo. Patient. Retrieved June 24, 2025, from https://patient.info/signs-symptoms/dizziness/vertigo
  7. What is tinnitus? — Causes and treatment. (2023). NIDCD. Retrieved June 24, 2025, from https://www.nidcd.nih.gov/health/tinnitus

Published: 3 July 2025

Share

3 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.