Inflammatory Bowel Disease – IBD (နာတာရှည် အူရောင်ရမ်းနာရောဂါများ)

Inflammatory Bowel Disease – IBD (နာတာရှည် အူရောင်ရမ်းနာရောဂါများ)

နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory bowel disease) သည် ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်၌ နာတာရှည်ရောင်ရမ်းမှု ဖြစ်စေသောရောဂါများ ဖြစ်သည်။ ရောဂါလက္ခဏာများ ရုတ်တရက် ပြင်းထန်စွာ ဖြစ်ပေါ် နိုင်ပြီး ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းများအပြင် အခြားလက္ခဏာများစွာကိုလည်း ဖြစ်ပေါ်စေသည်။ ကိုယ်ခန္ဓာ၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအထိ ထိခိုက်စေနိုင်သည်။

ထိုရောဂါများသည် အလျင်းပျောက်ကင်းအောင် ကုသ၍မရသည့် နာတာရှည်ရောဂါမျိုးဖြစ်သည်။ သို့သော် ခံစားရသည့် ရောဂါလက္ခဏာများကို သက်သာစေရန် ကုသနည်းများရှိသကဲ့သို့ နေ့စဥ်လူမှုဘဝတွင် အနှောင့်အယှက်မဖြစ်အောင် လုပ်ဆောင်နိုင်သော အဆင့်များလည်းရှိသည်။

နာတာရှည် အူရောင်ရမ်းနာရောဂါများတွင် ခရုန်းရောဂါ (Crohn’s disease) နှင့် အူမကြီးရောင်ရမ်းနာရောဂါ (Ulcerative colitis) တို့သည် အဓိကအမျိုးအစားများဖြစ်သည်။

  • ခရုန်းရောဂါ (Crohn’s disease) – ထိုအမျိုးအစားတွင် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် နေရာအနှံ့အနာများ (Ulcers) ဖြစ်သည်ကိုတွေ့ရသည်၊ အူလမ်းကြောင်းနံရံ အတွင်းပိုင်းနက်နက်အထိ ပိုမိုရောင်ရမ်းစေသည်၊ များသောအားဖြင့် အူသိမ်နှင့် အူမကြီးအပေါ်ပိုင်းတွင် ဖြစ်ပွားလေ့ရှိသော်လည်း ပါးစပ်မှစ၍ စအိုအထိ အစာအိမ်အူလမ်းကြောင်း၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ဖြစ်နိုင်သည်
  • အူမကြီးရောင်ရမ်းနာရောဂါ (Ulcerative colitis – UC) – ထိုအမျိုးအစားတွင် အဓိကအားဖြင့် အူမကြီးရောင်ရမ်းခြင်းနှင့် အူမကြီးအနာများ (Ulcers) ဖြစ်သည်ကိုတွေ့ရသည်၊ များသောအားဖြင့် စအိုမှ စတင်ဖြစ်ပေါ် ပြီး အူမကြီး၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးသို့ ပျံ့နှံ့နိုင်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နာတာရှည် အူရောင်ရမ်းနာရောဂါ ဖြစ်စေသောအကြောင်းရင်းကို ယနေ့အထိ တိတိကျကျ မသိရှိရသေးပါ။ ယခင်က အစားအသောက်နှင့် စိတ်ဖိစီးမှုတို့ကြောင့်ဟု ယူဆခဲ့ကြသည်။ ယနေ့ခေတ်လေ့လာချက်များအရ ထိုအချက်များသည် ရောဂါလက္ခဏာကို ပိုမိုဆိုးရွားစေနိုင်ခြင်းသာဖြစ်ပြီး ‌ရောဂါဖြစ်စေသော အကြောင်းရင်းမဟုတ်ပါ။ ရောဂါဖြစ်ပေါ်လာရန် အောက်ပါအကြောင်းရင်းများစွာ ပါဝင်နိုင်ခြေရှိကြောင်း ယနေ့ခေတ်ကာလတွင် ပိုမိုသိရှိလာသည်။

ကိုယ်ခံအားစနစ်

ဖြစ်စေနိုင်သောအကြောင်းရင်းတစ်ခုမှာ ကိုယ်ခံအားစနစ်၏ လုပ်ဆောင်ချက် မူမမှန်ပြောင်းလဲခြင်းကြောင့်ဖြစ်သည်။ ကိုယ်ခံအားစနစ်သည် ပြင်ပမှဝင်ရောက်လာသော ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားများကို တိုက်ထုတ်ရန် ကြိုးစားချိန်၌ ပုံမှန်မဟုတ်သော တုံ့ပြန်မှုကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းရှိ ပုံမှန်ကျန်းမာသောဆဲလ်များကိုပါ မှားယွင်းတိုက်ခိုက်ခြင်းဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် နာတာရှည် ဆဲလ်ရောင်ရမ်းမှုဖြစ်ကာ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်။

မျိုးဗီဇ

ကိုယ်ခန္ဓာတွင်းရှိ အချို့မျိုးဗီဇများသည် ပုံမှန်အားဖြင့် အောက်ပါလုပ်ငန်းများကို လုပ်ဆောင်သည်။

  • ပြင်ပမှ ရောဂါပိုးမွှားများ ဝင်ရောက်လာသောအခါ အလွန်အကျွံ တုံ့ပြန်ခြင်းမရှိအောင် ကိုယ်ခံအားစနစ်ကို တည်ငြိမ်နေစေရန် ထိန်းထားပေးခြင်း
  • အူလမ်းကြောင်းအတွင်းရှိ ပထမဆုံး ခုခံကာကွယ်သောအလွှာဖြစ်သည့် တစ်ရှူးအလွှာအမြှေးပါး (Mucosa barrier) ကို ထိန်းသိမ်းပေးခြင်း
  • အူလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားပိုးမွှားများ ကြီးထွားမှုကို ထိန်းချုပ်ပေးခြင်း

ထိုမျိုးဗီဇများ ချို့ယွင်းပြောင်းလဲခြင်း (Mutation) ဖြစ်လာသောအခါ အူရောင်ရမ်းနာ ဖြစ်နိုင်ခြေကို တိုးပွားစေသည်။ သုတေသနပညာရှင်များက ထိုမျိုးဗီဇများကို ရောဂါဖြစ်ရန် အလားအလာများသော မျိုးဗီဇများ (Susceptibility genes) ဟုခေါ်ကြပြီး မတူညီသော မျိုးဗီဇပေါင်း (၁၆၀) ကျော်ရှိသည်။

အကယ်၍ ထိုမျိုးဗီဇများထဲမှ တစ်ခုခုပါခဲ့ပါက နေ့စဉ်လုပ်ဆောင်နေသော အပြုအမူများ (ဥပမာ_ပဋိဇီဝပိုးသတ်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှု စသည်တို့) သည် အူရောင်ရမ်းနာဖြစ်စေရန် လှုံ့ဆော်ပေးနိုင်သည်။ ထို့အပြင် ရောဂါလက္ခဏာရှိသူများ၏ (၅%) မှ (၂၀%) တွင် မိသားစုအရင်းအချာ (မိဘ၊ မောင်နှမ သို့မဟုတ် သားသမီး) များ၌ အူရောင်ရမ်းနာဖြစ်ပွားသည့် ရာဇဝင်ရှိကြောင်း လေ့လာတွေ့ရှိရသဖြင့် မျိုးရိုးလိုက်သော ရောဂါမျိုးဖြစ်သည်ဟုလည်း ယူဆနိုင်သည်။

ပတ်ဝန်းကျင်ဆိုင်ရာ လှုံ့ဆော်မှုများ

လေ့လာမှုများအရ ပတ်ဝန်းကျင်ဆိုင်ရာ အချို့အကြောင်းရင်းများသည် အူအတွင်းနံရံရှိ အူလမ်းကြောင်း မိုက်ခရိုဘိုင်အုမ်း သို့မဟုတ် သေးငယ်သော အဏုဇီဝပိုးမွှားများ (Gut microbiome) ကို ထိခိုက်စေခြင်းဖြင့် ရောဂါဖြစ်ပွားစေနိုင်သည်ဟု ဆိုကြသည်။ Gut microbiome ကို ထိခိုက်စေနိုင်သော အချက်များတွင် အောက်ပါတို့ပါဝင်နိုင်သည်။

  • ကလေးဘဝတွင် ရောဂါပိုးမွှားများနှင့် ထိတွေ့မှုနည်းသော သန့်ရှင်းသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခြင်း
  • ငယ်ရွယ်စဉ် ကလေးဘဝတွင် အစာအိမ်နှင့်အူလမ်းကြောင်း ပိုးဝင်ခဲ့ခြင်း
  • မွေးဖွားပြီး အသက်တစ်နှစ်အတွင်း ပဋိဇီဝဆေးများ သောက်သုံးခဲ့ရခြင်း
  • မိခင်နို့အစား ဖော်မြူလာနို့မှုန့်ကိုသာ အဓိကသောက်သုံးခဲ့ရခြင်း

၎င်းအချက်များအပြင် အောက်ပါအခြေအနေများတွင်လည်း သာမန်ထက် အူရောင်ရမ်းနာရောဂါ ပိုဖြစ်နိုင်သည်။

  • အသက်အရွယ် _ ရောဂါဖြစ်ပွားသူအများစုတွင် အသက် (၃၀) မတိုင်မီ ရောဂါရှာဖွေတွေ့ရှိတတ်သည်၊ သို့သော် အချို့သူများတွင် အသက် (၅၀) သို့မဟုတ် (၆၀) ဝန်းကျင်မှသာ ရောဂါရှာဖွေတွေ့ရှိနိုင်သည်
  • လူမျိုး သို့မဟုတ် လူမျိုးစု _ လူဖြူလူမျိုးများတွင် ပိုအဖြစ်များသော်လည်း မည်သူမဆို ဖြစ်ပွားနိုင်သည်၊ နောက်ပိုင်းတွင် အခြားလူမျိုးစုများ၌လည်း ရောဂါရှိသူဦးရေ တဖြည်းဖြည်းတိုးလာလျက်ရှိသည်
  • မိသားစုရာဇဝင် _ မိဘ၊ မောင်နှမ သို့မဟုတ် သားသမီးကဲ့သို့ သွေးသားတော်စပ်သူတစ်ဦးတွင် ရောဂါရှိပါက ဖြစ်နိုင်ခြေပိုများသည်
  • ဆေးလိပ်သောက်ခြင်း _ ဆေးလိပ်သောက်ခြင်းသည် ခရုန်းရောဂါ (Crohn’s disease) ဖြစ်ပွားခြင်းအတွက် အရေးကြီးဆုံးဆက်စပ်မှုဖြစ်သည်
  • စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ _ အိုင်ဗျူပရိုဖဲင်၊ နက်ပရိုဆင်၊ ဒိုင်ကလိုဖန်းနက် စသည့် ဆေးဝါးများသုံးစွဲခြင်းသည် ရောဂါဖြစ်ပွားနိုင်ခြေကို တိုးစေသည်၊ သို့မဟုတ် ရောဂါရှိသူများတွင် ရောဂါကို ပိုမိုဆိုးရွားစေနိုင်သည်
  • အစားအသောက် _ အူရောင်ရမ်းနာရောဂါများသည် အစားအသောက်များကြောင့် ဖြစ်ပွားလေ့မရှိပါ၊ သို့သော် ရောဂါရှိသူများတွင် တချို့အစားအစာများကို စားသောက်မိလျှင် ရောဂါလက္ခဏာများ ပိုဆိုးလာသည်ကို တွေ့ရသည်၊ မည်သည့်အစားအစာကြောင့် လက္ခဏာများကို ပို၍ဆိုးစေသည်ဆိုသည့်အချက်မှာမူ လူတစ်ဦးနှင့်တစ်ဦး မတူညီကြပါ၊ ရောဂါပိုဆိုးစေနိုင်သည့် အစားအစာနှင့် အဖျော်ယမကာများမှာ _
    • နို့နှင့်ပြုလုပ်ထားသော အစားအစာများ
    • အမျှင်ဓာတ်များစွာပါသော အစားအစာများ
    • အဆီများသော အစားအစာများ
    • အချိုဓာတ်ပါသော အဖျော်ယမကာများ
    • အရက်ပါဝင်သော အဖျော်ယမကာများ
    • ကဖိန်းဓာတ်ပါသော အဖျော်ယမကာများ စသည်တို့ဖြစ်သည်။
    ရောဂါလက္ခဏာများ

    ရောဂါလက္ခဏာများသည် ဖြစ်ပွားသည့် အူအစိတ်အပိုင်းနှင့် အူရောင်ရမ်းခြင်း ပြင်းထန်မှု ရှိမရှိပေါ်မူတည်၍ ကွဲပြားပြီး အပျော့စားမှ ပြင်းထန်အဆင့်အထိ ရှိနိုင်သည်။ လက္ခဏာများမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်ပြီး မည်သည့်အချိန်တွင် ပြန်လည်ဖြစ်ပေါ်မည်ဆိုသည်ကိုလည်း မခန့်မှန်းနိုင်ပါ။ ‌ရောဂါလက္ခဏာများ ဖြစ်ပေါ်နေချိန်ကို ရောဂါကြွချိန် (IBD flare) ဟုခေါ်ပြီး ဆေးကုသမှုခံယူပြီးနောက် လက္ခဏာများ သက်သာသွားချိန်ကို ရောဂါငြိမ်ချိန် (Remission) ဟုခေါ်သည်။ ရောဂါရှိသူတစ်ဦးသည် ရောဂါကြွနေသည့် အချိန်ကာလများနှင့် ရောဂါငြိမ်နေသည့် အချိန်ကာလများကို တစ်လှည့်စီ ကြုံတွေ့ရနိုင်ဖွယ်ရှိသည်။

    ခရုန်းရောဂါ (Crohn’s disease) နှင့် အူမကြီးရောင်ရမ်းနာရောဂါ နှစ်မျိုးစလုံးတွင် အများအားဖြင့် တွေ့ရသော လက္ခဏာများမှာ_

    • လတ်တလော ဝမ်းလျှောခြင်း၊ တစ်ခါတစ်ရံ နာတာရှည် ဝမ်းလျှောခြင်း
    • ဗိုက်အောင့်ခြင်းနှင့် ဗိုက်ရစ်နာခြင်း
    • ဝမ်းထဲတွင် သွေးပါခြင်း
    • အစားအသောက်ပျက်ခြင်း
    • အစားအသောက်လျှော့စားခြင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းလာခြင်း
    • အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း စသည်တို့ဖြစ်သည်။
    နောက်ဆက်တွဲပြဿနာများ

    အူရောင်ရမ်းနာရောဂါသည် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေများသည့်ရောဂါဖြစ်သည်။ အချို့တွင် အရေးပေါ်ကုသမှုခံယူရန် လိုအပ်နိုင်သည်အထိ ပြင်းထန်နိုင်သည်။၊ ထိုအခြေအနေများမှာ_

    • အူမကြီးကင်ဆာ _ ကင်ဆာဖြစ်ပွားနိုင်ခြေများစေသည်
    • အူပေါက်ခြင်း _ ပြင်းထန်သော ဗိုက်အောင့်ခြင်းနှင့် ဗိုက်ရစ်နာခြင်း၊ လေပွ၍ ဗိုက်ဖောင်းခြင်းနှင့် ဗိုက်ကိုထိလျှင် အလွန်နာကျင်ခြင်းစသည့် ရောဂါလက္ခဏာများ ပါဝင်သည်
    • အူပိတ်ခြင်း _ အူလမ်းကြောင်းနံရံများရောင်၍ ထူလာပြီး အူလမ်းကြောင်းပိတ်ဆို့ခြင်း ဖြစ်နိုင်သည်၊ ခရုန်းရောဂါ (Crohn’s disease) အမျိုးအစားတွင် ပိုဖြစ်နိုင်သည်
    • အူမကြီး ဖောင်း၍ကျယ်လာခြင်း (Toxic megacolon) _ ရောဂါလက္ခဏာများတွင် ဝမ်းထဲသွေးပါခြင်း၊ ပြင်းထန်သော ဗိုက်အောင့်ခြင်းနှင့် ဗိုက်ကိုထိလျှင် အလွန်နာကျင်ခြင်း တို့ပါဝင်သည်၊ နောက်ဆက်တွဲအနေဖြင့် အူမကြီးဖောင်းရာမှ ပေါက်ထွက်၍ အသက်အန္တရာယ် ထိခိုက်နိုင်သည်
    • အခြားနောက်ဆက်တွဲပြဿနာများအနေဖြင့် စအိုလမ်းကြောင်းကျဉ်းခြင်း (Anal stenosis) နှင့် စအိုအတွင်းနံရံနှင့် တင်ပါးအရေပြားအကြား ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဆက်သွယ်ဖြစ်ပေါ်ခြင်း (Anal fistula) စသည်တို့ဖြစ်ပွားနိုင်သည်၊ စအိုလမ်းကြောင်းကျဉ်းခြင်းသည် မစင်စွန့်ရန် တဖြည်းဖြည်းခက်ခဲလာစေနိုင်သည်။

    အူလမ်းကြောင်းအပြင် ကိုယ်ခန္ဓာ၏ အခြားနေရာများတွင်လည်း အောက်ပါ နောက်ဆက်တွဲပြဿနာများကို ဖြစ်ပွားစေနိုင်သည်။

    • သွေးအားနည်းခြင်း
    • သွေးခဲများဖြစ်၍ သွေးကြောပိတ်ခြင်း
    • မျက်လုံးနာကျင်ခြင်းနှင့် ယားယံခြင်း၊ မျက်လုံးရောင်ခြင်း (Uveitis)
    • ကျောက်ကပ်တွင် ကျောက်တည်ခြင်း
    • ခံတွင်းအနာများ
    • အသည်းရောဂါများ [ဥပမာ_အသည်းခြောက်ခြင်း (Cirrhosis) နှင့် မူလအကြောင်းရင်းမသိသော သည်းခြေပြွန်ရောင်ခြင်း (Primary sclerosing cholangitis)]
    • အာဟာရ စုပ်ယူမှုအားနည်းခြင်းနှင့် အာဟာရချို့တဲ့ခြင်း၊ ဝမ်းလျှောခြင်းကြောင့် ရေဓာတ်အလွန်ခန်းခြောက်ခြင်း
    • အဆစ်များ ရောင်ရမ်းခြင်း
    • အရေပြားတွင် အနာများနှင့် အင်ပျဉ်များထွက်ခြင်း
    • အရိုးများအားနည်းခြင်း (အရိုးပွရောဂါ)
    • ရောဂါကုသရာတွင်သုံးသော ဆေးဝါးများ၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်း
    ဆေးရုံ၊ ဆေးခန်းပြသရန်
    အ‌ရေးပေါ်ပြသရန်
    • ၁၀၀.၃ ဒီဂရီဖာရင်ဟိုက် (၃၇.၉ ဒီဂရီစင်တီဂရိတ်) အထက် အဖျားနှင့် ချမ်းတုန်ခြင်းစသည့် ပိုးဝင်ခြင်းလက္ခဏာများ ရှိခြင်း
    • ပြင်းထန်သော ဝမ်းဗိုက်အောင့်ခြင်း သို့မဟုတ် ဆက်တိုက်နာကျင်ခြင်း
    • ပြင်းထန်သော ပျို့အန်ခြင်း
    • ဝမ်းထဲတွင် သွေးပါခြင်း
    • ဗိုက်ဖောင်းလာခြင်း စသော လက္ခဏာတို့သည် အူမကြီး ဖောင်း၍ကျယ်လာခြင်း (Toxic megacolon) သို့မဟုတ် အူပေါက်ခြင်း (Perforated bowel) ကဲ့သို့သော အခြေအနေများ ဖြစ်နိုင်သည်၊ ၎င်းတို့သည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

    ထိုကဲ့သို့ အရေးပေါ် လက္ခဏာများမဟုတ်ဘဲ အခြားအစာအိမ်နှင့် အူလမ်းကြောင်းလက္ခဏာများ ခံစားရပါက မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသကုသမှု ခံယူရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အစာအိမ်အူလမ်းကြောင်း အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

    ရောဂါရှာဖွေခြင်း

    ဆရာဝန်မှ ရောဂါလက္ခဏာများ၊ ၎င်းတို့ဖြစ်ပွားခဲ့သည့် ကာလကြာမြင့်ချိန်၊ ရောဂါလက္ခဏာများ သက်သာခြင်း သို့မဟုတ် ပြင်းထန်ခြင်း ရှိမရှိနှင့် ပြင်းထန်မှု အတက်အကျ ရှိမရှိ စသည်တို့ကို မေးမြန်းမည်။ ထို့နောက် ကိုယ်ခန္ဓာအား အသေးစိတ် စစ်ဆေးစမ်းသပ်ပြီး လိုအပ်သော သွေးစစ်ဆေးခြင်း၊ ဝမ်းစစ်ဆေးခြင်း၊ အူလမ်းကြောင်းတစ်လျှောက် မှန်ပြောင်းဖြင့် စစ်ဆေးခြင်းနှင့် ဓာတ်မှန်ရိုက်ခြင်းတို့ကို ဆက်လက်ညွှန်ကြား စစ်ဆေးပေးမည်ဖြစ်သည်။

    သွေးစစ်ဆေးခြင်း

    သွေးစစ်ခြင်းဖြင့် ပိုးဝင်ခြင်း သို့မဟုတ် သွေးအားနည်းခြင်း ရှိမရှိကို စစ်ဆေးနိုင်သည်။ ထို့ပြင် ပြင်းထန်သောရောင်ရမ်းခြင်းများ၊ အသည်းလုပ်ဆောင်မှုအခြေအနေ သို့မဟုတ် ‌ရောဂါအောင်းနေသည့် တီဘီ (Latent TB) ကဲ့သို့ ပိုးဝင်ခြင်းများကို စစ်ဆေးရန်အတွက်လည်း အသုံးပြုနိုင်သည်။ ရောဂါပိုးများကို တိုက်ခိုက်နိုင်သော ခုခံအား ရှိမရှိ (ဥပမာ _ အသည်းရောင် ဘီပိုး ကာကွယ်နိုင်သော ခုခံအား) ကိုလည်း စစ်ဆေးနိုင်သည်။

    ဝမ်းစစ်ဆေးခြင်း

    ဝမ်းတွင် သွေး သို့မဟုတ် ပိုးမွှားများ [ဥပမာ _ ဝမ်းလျှောခြင်းနှင့် ရောဂါလက္ခဏာများကို ဖြစ်စေသော ဘက်တီးရီးယားပိုးများ သို့မဟုတ် ရှားရှားပါးပါး ပါရာဆိုက်ကပ်ပါးပိုးများ] ရှိမရှိ စစ်ဆေးရန်အတွက် အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံတွင် အူရောင်ရမ်းမှုကို ဖော်ပြသော ကယ်လ်ပရိုတက်တင် (Calprotectin) ပရိုတင်းကို ဝမ်းတွင်စစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေရာတွင် အထောက်အကူဖြစ်နိုင်သည်။

    အူလမ်းကြောင်းတစ်လျှောက် မှန်ပြောင်းဖြင့်စစ်ဆေးခြင်း
    • အူမကြီးမှန်ပြောင်းကြည့်ရှုစစ်‌ဆေးခြင်း (Colonoscopy)
      • မှန်ပြောင်းကြည့်နေစဥ်အတွင်း တစ်ပြိုင်တည်း အူနံရံတစ်ရှူးအသားစကို ယူ၍စစ်ဆေးနိုင်သည်
    • အူမကြီးနှောင်းပိုင်းကို မှန်ပြောင်းပျော့ဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Flexible Sigmoidoscopy)
      • အူမကြီး အလွန်အမင်းရောင်ရမ်းနေသည့် အခြေအနေတွင် ပို၍ပါးလွှာကာ ကွေးနိုင်ဖြောင့်နိုင်သော မှန်ပြောင်းငယ်ကိုသုံး၍ စစ်ဆေးနိုင်သည်
    • အစာအိမ်မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Upper GI Endoscopy)
      • ခရုန်းရောဂါ (Crohn’s disease) ကြောင့် အစာအိမ်ရောင်ခြင်း ဟုတ်မဟုတ် သိရှိရန် စစ်ဆေးနိုင်သည်
    • ကင်မရာဆေးတောင့်ဖြင့် အူအတွင်းကြည့်ရှုစစ်ဆေးခြင်း (Capsule Endoscopy)
      • ခရုန်းရောဂါ (Crohn’s disease) အတွက် ကင်မရာပါသော ဆေးတောင့်ကို မျိုချပြီး ထိုကင်မရာမှ ရိုက်ထားသောပုံရိပ်များကို မှတ်တမ်းတင်စက်သို့ပို့၍ စစ်ဆေးခြင်းဖြစ်သည်။ ဆေးတောင့်သည် နောက်ဆုံး စအိုမှတစ်ဆင့် နာကျင်မှုမရှိဘဲ ပြန်ထွက်သွားသည်။ သို့ဖြစ်၍ အူပိတ်ဆို့သည်ဟု သံသယရှိပါက ဤစစ်ဆေးမှုကို မပြုလုပ်သင့်ပါ
    • ပူဖောင်းအကူအညီဖြင့် အူသိမ်အတွင်း ကြည့်ရှုစစ်ဆေးခြင်း (Balloon-assisted Enteroscopy)
      • ပုံမှန်အစာပြွန်ကြည့်မှန်ပြောင်းများ မရောက်နိုင်သော အူသိမ်အတွင်းပိုင်းကို ပိုမိုကြည့်ရှုနိုင်ရန်အတွက် (Overtube) ဟုခေါ်သော ကိရိယာနှင့် တွဲဖက်၍ မှန်ပြောင်းကို အသုံးပြုသည်
    ပုံရိပ်ဖော်စစ်ဆေးခြင်းများ (Imaging Tests)
    • ဝမ်းဗိုက်ဓာတ်မှန် (Abdominal X-ray)
    • ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
      • CT enterography သည် အူသိမ်၏ အခြေအနေကို သေချာစွာ ပြသပေးနိုင်သော အထူး ကွန်ပျူတာဓာတ်မှန် တစ်မျိုးဖြစ်သည်
    • သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
      • MR enterography သည် စအိုဧရိယာ သို့မဟုတ် အူသိမ်ပတ်လည်ရှိ ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းများ (Fistula) ကိုစစ်ဆေးရန်အတွက် အထူးအသုံးဝင်သော စစ်ဆေးမှုတစ်ခုဖြစ်သည်
    ကုသခြင်း

    ကုသမှုအားလုံး၏ အဓိကရည်ရွယ်ချက်မှာ အူရောင်ရမ်းခြင်းကို သက်သာစေရန်၊ ရောဂါလက္ခဏာများ ရေရှည်ထိန်းချုပ်နိုင်စေရန်နှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးရန်ဖြစ်သည်။ ကုသမှုနည်းလမ်းများသည် ရောဂါအမျိုးအစား၊ အခြေအနေနှင့် ပြင်းထန်မှုအဆင့်ပေါ် မူတည်၍ အနည်းငယ်ကွဲပြားနိုင်သည်။ အချို့လူနာများတွင် ဆေးဝါးများ ထိရောက်မှုမရှိပါက သို့မဟုတ် ရောဂါအခြေအနေ ဆိုးရွားပါက ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်သည်။

    ဆေးဝါးများ

    ခရုန်းရောဂါ (Crohn’s disease) နှင့် အူမကြီးရောင်ရမ်းနာ (Ulcerative Colitis) တို့အတွက် အသုံးပြုသည့်ဆေးဝါးများ ဆင်တူသော်လည်း ရောဂါ၏ အမျိုးအစား၊ ပြင်းထန်မှုနှင့် လူနာ၏တုံ့ပြန်မှုပေါ် မူတည်၍ ဆေးရွေးချယ်မှု ကွဲပြားနိုင်သည်။

    အဓိကအသုံးပြုသော ဆေးအမျိုးအစားများ

    1. ပဋိဇီဝပိုးသတ်ဆေးများ (Antibiotics)
      ဂရင်ဂျီနာ (Anal fistula) ကဲ့သို့သော ဘက်တီးရီးယားပိုးဝင်မှုများအတွက် Ciprofloxacin နှင့် Metronidazole စသော ပဋိဇီဝပိုးသတ်ဆေးများ ပေးလေ့ရှိသည်။
    2. ဝမ်းလျှောခြင်းကို သက်သာစေသော ဆေးများ (Anti-diarrheal Drugs)
      Loperamide ကဲ့သို့သော ဆေးများသည် ခရုန်းရောဂါတွင် ဝမ်းပျက်ဝမ်းလျှောခြင်းကို ထိန်းပေးနိုင်သည်။
    3. စတီးရွိုက်ဆေးများ (Corticosteroids)
      Prednisone၊ Budesonide တို့သည် ရောင်ရမ်းမှုကို အမြန်သက်သာစေသော်လည်း ရေရှည်သုံးရန် မသင့်ပါ။
    4. Aminosalicylates (5-ASA)
      Mesalamine၊ Balsalazide၊ Olsalazine တို့သည် အူမကြီးရောင်ရမ်းနာအတွက် အထူးထိရောက်ပြီး ရောင်ရမ်းမှုကို လျှော့ချပေးသည်။
    5. ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးသောဆေးများ (Immunomodulators)
      Azathioprine၊ Mercaptopurine (6-MP)၊ Methotrexate တို့သည် ကိုယ်ခံအားကို နှိမ့်ချကာ ရောဂါပြန်ဖြစ်မှုကို ကာကွယ်ပေးသည်။
    6. ဇီဝဆေးများ (Biologics)
      Infliximab၊ Adalimumab၊ Vedolizumab၊ Golimumab၊ Certolizumab စသည့် ဆေးများသည် TNF-alpha နှင့် အခြားရောင်ရမ်းမှုဖြစ်စေသော မော်လီကျူးများကို တားဆီးပေးသည်။
    7. မော်လီကျူးဆေးများ (Small Molecule Drugs)
      Tofacitinib၊ Upadacitinib ကဲ့သို့သော JAK inhibitors များသည် ပါးစပ်မှ သောက်သုံးနိုင်ပြီး ရောင်ရမ်းမှုကို တားဆီးပေးသည်။
    8. နာကျင်မှုသက်သာဆေးများ (Pain Relievers)
      Acetaminophen (Paracetamol) ကို အပျော့စားနာကျင်မှုအတွက် အသုံးပြုနိုင်သော်လည်း NSAIDs (ဥပမာ – Ibuprofen) များသည် ရောဂါကို ပိုဆိုးစေနိုင်သဖြင့် ရှောင်ကြဉ်ရန် အရေးကြီးသည်။
    အာဟာရ (Nutritional support)
    • အာဟာရဖြည့်စွက်စာများ _ ဗီတာမင် B12၊ သံဓာတ်၊ ဗီတာမင် D စသည့် အာဟာရချို့တဲ့မှုများအတွက် ဖြည့်စွက်ပေးရန် လိုအပ်သည်
    • အာဟာရထောက်ပံ့ကုထုံး (Nutritional Therapy) _ နှာခေါင်းပိုက်မှတစ်ဆင့် အာဟာရဖြည့်ခြင်း (Enteral nutrition) သို့မဟုတ် သွေးကြောမှတစ်ဆင့် အာဟာရပေးခြင်း (Parenteral nutrition) ကို ပြင်းထန်သော အာဟာရချို့တဲ့မှုရှိပါက အသုံးပြုနိုင်သည်

    ဆေးဝါးအားလုံးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာသောက်သုံးရန် အရေးကြီးသည်။

    ခွဲစိတ်ကုသမှု (Surgery)

    အစားအသောက်နှင့် နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ ဆေးဝါးကုထုံး သို့မဟုတ် အခြားကုသမှုများသည် ရောဂါလက္ခဏာများကို သက်သာစေခြင်းမရှိပါက ခွဲစိတ်ကုသမှုကို အကြံပြုနိုင်သည်။

    • အူမကြီးရောင်ရမ်းနာ‌ရောဂါအတွက် ခွဲစိတ်မှု
      • အူမကြီးနှင့် စအိုလမ်းကြောင်းတစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားသည်
      • ထို့နောက် အူသိမ်ကို အိတ်ပုံစံ (Ileal pouch) ကဲ့သို့ ပြုလုပ်၍ စအိုနှင့် ချိတ်ဆက်ပေးပြီး ထိုအိတ်မှတစ်ဆင့် စအိုမှ ပုံမှန်ဝမ်းသွားစေသည်
      • အူသိမ်ဖြင့် အိတ်ပြုလုပ်ရန် ခက်ခဲသော အချို့လူနာများတွင် ဝမ်းဗိုက်ပေါ်၌ အပေါက်ငယ် (Ileal stoma) ဖောက်ပေးပြီး ထိုအပေါက်ငယ်မှတစ်ဆင့် ဝမ်းဗိုက်အရေပြားတွင် ချိတ်ဆက်ထားသော အိတ်ထဲသို့ ဝမ်းကို စွန့်ထုတ်နိုင်သည်
    • ခရုန်းရောဂါ (Crohn’s disease) အတွက် ခွဲစိတ်မှု
      • ပျက်စီးနေသော အစာခြေလမ်းကြောင်း၏ အစိတ်အပိုင်းများကို ဖယ်ရှားပြီး ကျန်းမာသောအပိုင်းများကို ပြန်လည်ဆက်သွယ်ပေးသော ခွဲစိတ်မှုဖြစ်သည်
      • ပြွန်လမ်းကြောင်း (Fistulas) များကို ပိတ်ရန်နှင့် ပြည်တည်နာ (Abscesses) များကို ဖောက်ထုတ်ရန်အတွက်လည်း ခွဲစိတ်မှုကို ပြုလုပ်သည်

    မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်း
    Inflammatory Bowel Disease (IBD) သည် တစ်သက်လုံး ထိန်းသိမ်းကုသရမည့် နာတာရှည်ရောဂါဖြစ်ပြီး မကုသဘဲထားပါက အူမကြီးကင်ဆာအပါအဝင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေ မြင့်တက်စေသည်။ ထို့ကြောင့် ရောဂါလက္ခဏာများ မပြသည့်အချိန်တွင်ပင် ပုံမှန်ဆေးစစ်ခြင်းနှင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ကို ပြုလုပ်သင့်သည်။

    ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ
    • ရောဂါငြိမ်နေစဉ် _ အနည်းဆုံး (၆) လ တစ်ကြိမ် ဆရာဝန်နှင့် ပြသပါ
    • ရောဂါပြန်ဖြစ်ပါက _ လိုအပ်သလို မကြာခဏ ပြသပါ
    • အသက် (၃၀-၄၀) ဝန်းကျင် IBD ရှိသူများ _ အခြားသူများထက်စောပြီး အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးခြင်း (Colonoscopy) ပြုလုပ်သင့်သည်
    IBD နှင့်အတူ နေထိုင်နည်း

    IBD ရောဂါလက္ခဏာများသည် ရုတ်တရက်ဆိုးရွားလာတတ်ပြီး လပေါင်းများစွာ ပျောက်သွားနိုင်သည်။ သို့သော် ရောဂါပြန်ဖြစ်မည်ကို စိုးရိမ်ရခြင်း၊ ရုတ်တရက် ဝမ်းလျှောခြင်းကြောင့် အများနှင့်အတူနေရာတွင် ရှက်ရွံ့ခြင်း သို့မဟုတ် စိတ်ဖိစီးမှုများ ဖြစ်နိုင်သည်။ ထို့ကြောင့် မိမိကိုယ်ကို ရေရှည်စောင့်ရှောက်ရန် အောက်ပါနည်းလမ်းများကို လိုက်နာပါ။

    1. အစားအသောက်ကို ဂရုစိုက်ပါ၊ အာဟာရပညာရှင်နှင့် သင့်တော်သော အစားအစာအစီအစဉ် ရေးဆွဲရန် တိုင်ပင်ပါ
      • ရှောင်ရမည့်အစားအစာများ _ အဆီများသော အစာများ၊ အစပ်များသော အစာများ၊ နို့နှင့်နို့ထွက်ပစ္စည်း၊ အမျှင်ဓာတ်များသော အသီးအနှံများ၊ အချိုရည်နှင့် အရက်
      • စားသုံးသင့်သော အစားအစာများ _ ပဲပြား၊ ကြက်ဥ၊ ငါး (ပရိုတင်းဓာတ်ကြွယ်ဝသော အစာများ)၊ ပေါင်မုန့်ဖြူ၊ ဆန်၊ အာလူး (အစာကြေလွယ်သော ကာဗိုဟိုက်ဒရိတ်)
    2. ရောဂါလက္ခဏာများကို စောင့်ကြည့်၍ ရောဂါပြန်ဖြစ်ချိန်အတွက် အဆင်သင့်ပြင်ထားပါ
      • ဝမ်းပျက်ဝမ်းလျှော၊ ဗိုက်အောင့်ခြင်း၊ ဖျားခြင်း စသည့်လက္ခဏာများ ပေါ်လာပါက ဆရာဝန်နှင့် အမြန်ပြပါ
      • အရေးပေါ်ပစ္စည်းအိတ် ပြင်ဆင်ထားပါ [အတွင်းခံအပို၊ လူကြီးသုံး Diapers၊ ရေစိုပဝါ (Wet wipes)၊ အိမ်သာသုံးစက္ကူ၊ ဆရာဝန်ညွှန်ကြားထားသောဆေး အကိုက်အခဲပျောက်ဆေးများ ပါဝင်သော အိတ်]
    3. စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ
      • တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းကဲ့သို့သော စိတ်ငြိမ်စေသည့် လှုပ်ရှားမှုများ ပြုလုပ်ပါ
      • လမ်းလျှောက်ခြင်း၊ ဂီတနားထောင်ခြင်းစသည့် ဝါသနာများဖြင့် စိတ်ဖိစီးမှု လျှော့ချပါ
    4. လူမှုရေးအထောက်အပံ့ရယူပါ
      • အရေးပေါ်အခြေအနေတွင် အကူအညီရနိုင်ရန် မိသားစုဝင်များ၊ သူငယ်ချင်းများကို ရောဂါအကြောင်း ပြောပြထားပါ
      • IBD အဖွဲ့အစည်းများတွင် ပါဝင်ခြင်းဖြင့် အခြားရောဂါရှင်များ၏ အတွေ့အကြုံများနှင့် ကုထုံးများကို လေ့လာနိုင်သည်
    5. ဆေးလိပ်ဖြတ်ပါ
      • ဆေးလိပ်သောက်ခြင်းသည် IBD လက္ခဏာများကို ပိုဆိုးစေပြီး ကုသမှုအာနိသင်ကို လျော့နည်းစေသည်
    6. စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ
      • IBD ရှိသူများတွင် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်းတို့ ဖြစ်နိုင်သဖြင့် လိုအပ်ပါက စိတ်ရောဂါဆရာဝန်နှင့် တိုင်ပင်ရန်လိုသည်
    ကာကွယ်ခြင်း

    ဖြစ်စေသောအကြောင်းရင်း တိတိကျကျမရှိဘဲ ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းနှင့် ဆက်စပ်သော ရောဂါဖြစ်သဖြင့် ကာကွယ်နိုင်သည့်နည်းလမ်း မရှိသေးပါ။

    References:

    1. Cleveland Clinic. (2024). Inflammatory bowel disease (IBD): Symptoms, causes, treatment. Retrieved June 1, 2026, from https://my.clevelandclinic.org/health/diseases/15587-inflammatory-bowel-disease-overview
    2. Johns Hopkins Medicine. (n.d.). Inflammatory bowel disease (IBD). Retrieved June 1, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/inflammatory-bowel-disease
    3. Mayo Clinic. (n.d.). Inflammatory bowel disease (IBD): Symptoms and causes. Retrieved June 1, 2026, from https://www.mayoclinic.org/diseases-conditions/inflammatory-bowel-disease/symptoms-causes/syc-20353315
    4. American College of Gastroenterology. (n.d.). Inflammatory bowel disease (IBD). Retrieved June 1, 2026, from https://gi.org/topics/inflammatory-bowel-disease/

    Published: 19 June 2025

    Last updated: 10 July 2026

    Share

    10 July 2026
    Medically reviewed:

    Terms of use:
    ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
    သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

    Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.