Postpartum complications (မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ)

Postpartum complications (မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ)

ကလေးမွေးပြီး ပထမ (၆)ပတ် မှ (၈)ပတ်အထိကို မီးတွင်းကာလဟု သတ်မှတ်သည်။ ထိုကာလအတွင်း ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို တွေ့ကြုံရပြီး တချို့သောခံစားချက်များသည် မီးဖွားပြီး လအတော်ကြာသည်အထိ ကျန်ရှိတတ်သည်။ အာဟာရရှိသော အစားအစာများစားခြင်း၊ ကောင်းစွာအနားယူခြင်းတို့ဖြင့် မီးတွင်းကာလကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်သည်။

မီးတွင်းကာလတွေ့ကြုံရသော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုလက္ခဏာများ
  • မိန်းမကိုယ်အဝ ရောင်ရမ်းနာကျင်ခြင်း
    • စအိုနှင့် မွေးလမ်းကြောင်းမိန်းမကိုယ်ကြားရှိ နေရာသည် ကလေးမီးဖွားစဥ် ကြွက်သားနှင့်အရေပြား ဆွဲဆန့်သကဲ့သို့ဖြစ်ခြင်း၊ တစ်ခါတစ်ရံ စုတ်ပြဲဒဏ်ရာရခြင်းများကြောင့် မွေးလမ်းကြောင်းအဝ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းကို ကလေးမွေးဖွားပြီး လအနည်းငယ်ကြာသည်အထိ ခံစားရသည်
    • ဖက်လုံးပေါ်ထိုင်ခြင်း၊ ရေနွေးဖြင့်ဆေး‌‌ကြောပေးခြင်း၊ အေး၍သန့်ရှင်းသော လစဥ်သုံးဂွမ်းထုပ်များ (Pad) ကို အသုံးပြုခြင်းဖြင့် သက်သာစေနိုင်သည်
  • မိန်းမကိုယ်မှ မီးနေသွေးဆင်းခြင်း
    • ခွဲစိတ်မွေးဖွား၍ဖြစ်စေ၊ သဘာဝအတိုင်း မွေးဖွား၍ဖြစ်စေ၊ ကလေးမွေးဖွားပြီးနောက် သွေး၊ အချွဲနှင့် သားအိမ်တစ်ရှူးများပါဝင်သော အနီရောင် မီးနေသွေးများ (Lochia rubra) စတင်ဆင်းလာသည်
    • မွေးဖွားပြီး (၄)ရက် မှ (၁၀)ရက်အတွင်း ပန်း‌ရောင်ဖျော့ဖျော့ သို့မဟုတ် အညိုရောင်မီးနေသွေးများ (Lochia serosa) ဆင်းပြီး နို့နှစ်ရောင် သို့မဟုတ် အဝါရောင်မီးနေသွေးများ (Lochia alba) သည် (၆) ပတ်အထိ ဆက်ဆင်းနိုင်သည်
    • ထိုအချိန်တွင် ဂွမ်းထုပ်များ (Pad) သုံးခြင်းဖြင့် သွေးဆင်းသောပမာဏကို ဂွမ်းထုပ်စိုစွတ်မှု၊ တစ်နေ့တာလဲရသည့် ဂွမ်းထုပ်အရေအတွက်နှင့် ခန့်မှန်းနိုင်ပြီး ပါဝင်သောသွေး၊ သွေးခဲ သို့မဟုတ် အချွဲနှင့် သားအိမ်တစ်ရှူး စသည်တို့ပေါ် မူတည်၍ မီးနေသွေးဆင်းခြင်း သို့မဟုတ် မီးနေသည် သွေးသွန်ခြင်းကို ခွဲခြားသိနိုင်မည်၊ သို့သော် ဂွမ်းတောင့်များ (Tampon) မသုံးရပါ
  • သားအိမ်ဝပ်ခြင်း
    • ကလေးမွေးဖွားပြီးနောက် သားအိမ်သည် ကိုယ်ဝန်မဆောင်မီအရွယ်အစားထိ ပြန်လည်ကျုံ့ဝပ်သွားရန် အချိန်ကာလ (၆) ပတ်ထိကြာနိုင်သည်
    • သားအိမ်ဝပ်ခြင်းကြောင့် သကျည်းကိုက်နာကျင်ခြင်း ဝေဒနာကို မွေးဖွားပြီး ရက်အနည်းငယ်ထိ ခံစားရသည်၊ အထူးသဖြင့် မိခင်နို့တိုက်ကျွေးစဥ် သားအိမ်ဝပ်နှုန်း ပိုကောင်းသည့်အတွက် သကျည်းကိုက်ခြင်းဝေဒနာကို ပို၍ခံစားရသည်
  • ရင်သားတင်းခြင်းနှင့် နို့သီးခေါင်းနာကျင်ခြင်း
    • နို့ရည်ပြည့်ဝလာခြင်း၊ နို့သီးခေါင်းကွဲအက်ခြင်းတို့ကြောင့် နာကျင်ခြင်းကို ရက်အနည်းငယ်မှ ရက်အတော်ကြာ ခံစားရနိုင်သည်
    • နို့သီးခေါင်းကို ရေနွေးဝတ်ကပ်ခြင်း၊ နည်းစနစ်မှန်ကန်စွာ နို့တိုက်ခြင်းတို့ဖြင့် သက်သာစေနိုင်သည်၊ မိခင်နို့တိုက်ကျွေးခြင်းနှင့်ဆိုင်သော အကြံဉာဏ်များ ဆွေးနွေးတိုင်ပင်ရယူရန် လိုအပ်သည်
  • ချွေးထွက်များခြင်း
    • ကလေးမွေးဖွားပြီး ‌ဟော်မုန်းအပြောင်းအလဲများ ချက်ချင်းဖြစ်လာခြင်းကြောင့် ချွေးထွက်များနိုင်သည်
    • အထူးသဖြင့် ညအချိန်များ၌ ပိုဖြစ်တတ်ပြီး တစ်ပတ်၊ နှစ်ပတ်အတွင်း သက်သာသွားနိုင်သည်
  • ဝမ်းချုပ်ခြင်း
    • မွေးဖွားပြီးနောက် ဝမ်းချုပ်လေ့ရှိသည်
    • အကယ်၍ ကလေးမွေးဖွားစဥ် နာကျင်မှု မခံစားရစေရန် ခါးထုံဆေးပေးထားခဲ့လျှင် အူလှုပ်ရှားမှုနှေးစေပြီး ဝမ်းချုပ်ခြင်းကို ပိုဖြစ်စေသည်
    • ကလေးမွေးဖွားပြီး ဝမ်းညှစ်ရန် ကြောက်သောအချက်သည်လည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းတစ်ချက်ဖြစ်သည်
    • ထို့ကြောင့် ဝမ်းချုပ်ခြင်းနှင့်အတူ လိပ်ခေါင်းရောဂါကို မီးတွင်းကာလတွင် အတွေ့ရများသည်
    • အသီးအနှံများများစားခြင်း၊ ရေများများသောက်ခြင်း၊ လိုအပ်လျှင် ဝမ်းပျော့ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း စားသုံးခြင်းများဖြင့် ကုသနိုင်သည်
  • ခွဲစိတ်မွေးဖွားပြီး နာလန်ထအချိန်
    • ခွဲစိတ်မွေးဖွားထားသူများတွင် အရေပြားချုပ်ရိုးကျက်ရန် (၁၀) ရက်ခန့်ကြာနိုင်ပြီး အတွင်းချုပ်ရိုးများ ကောင်းစွာကျက်ရန် (၁၂) ပတ်ခန့်ကြာနိုင်သည်
    • ပိုးဝင်ခြင်းလက္ခဏာများဖြစ်သော ဖျားခြင်း၊ ချုပ်ရိုးမှ ပြည်ထွက်ခြင်း စသည်တို့ကို စောင့်ကြည့်သင့်သည်
  • ဆံပင်ကျွတ်ခြင်း
    • မီးတွင်းကာလ ဟော်မုန်းအပြောင်းလဲကြောင့် ဆံပင်ကျွတ်ခြင်း အဖြစ်များသည်
မီးတွင်းကာလ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုလက္ခဏာများ
  • မီးဖွားပြီးစအချိန် စိတ်ခံစားလွယ်ခြင်း (Baby Blues)
    • ဝမ်းနည်းလွယ်ခြင်း၊ မကြာခဏငိုခြင်း၊ စိုးရိမ်စိတ်များခြင်းနှင့် အိပ်စက်ရန်ခက်ခဲခြင်းတို့ကို ခံစားရတတ်သည်
    • ထိုသို့ဖြစ်ပွါးခြင်းသည် မီးဖွားပြီး (၂ – ၃) ရက်အကြာတွင် စတင်ဖြစ်ပွါးပြီး အများအားဖြင့် ရက်သတ္တပတ် (၂) ပတ်ခန့်အကြာတွင် အလိုလျောက် သက်သာပျောက်ကင်းသွားသည်
  • မီးဖွားပြီးစအချိန် စိတ်ကျခြင်း (Postpartum depression)
    • “မီးဖွားပြီးစအချိန် စိတ်ကျခြင်း” နှင့် “မီးဖွားပြီးစအချိန် စိတ်ခံစားလွယ်ခြင်း” တို့သည် အစပိုင်းတွင် ရောထွေးနေတတ်သည်
    • သို့သော် မီးဖွားပြီးစအချိန် စိတ်ကျခြင်းလက္ခဏာများသည် ပိုမိုပြင်းထန်ပြီး ပိုမိုကြာရှည်သည်
    • အများအားဖြင့် မီးဖွားပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း စတင်ဖြစ်ပေါ်တတ်သည်
    • မိမိရင်သွေးကို ပြုစုစောင့်ရှောက်ရာတွင်လည်းကောင်း၊ နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း စွမ်းဆောင်ရည်များ တဖြည်းဖြည်းနှင့် ကျဆင်းလာသည်
    • ကိုယ်ဝန်ဆောင်ကာလအတွင်း စတင်ဖြစ်ပေါ်နိုင်သလို အချို့တွင် မီးဖွားပြီး (၁) နှစ်ခန့်ကြာမှလည်း ရောဂါလက္ခဏာစပေါ်နိုင်သည်
  • မီးဖွားပြီးစအချိန် စိုးရိမ်စိတ်များခြင်း (Postpartum anxiety)
    • မီးဖွားပြီးနောက် လွန်စွာစိုးရိမ်ပူပန်ခြင်းနှင့်အတူ အိပ်မပျော်ခြင်း၊ နှလုံးခုန်မြန်ခြင်း စသည့်လက္ခဏာများ တွေ့ရသည်
    • မီးဖွားပြီးစအချိန် စိတ်ကျခြင်းနှင့်အတူ တွဲတွေ့ရတတ်သည်
  • ကိုယ်အလေးချိန်လျော့ကျခြင်း (Weight loss)
    • ကိုယ်ဝန်ဆောင်စဥ်နှင့် မီးဖွားစဥ် ကိုယ်ခန္ဓာပြောင်းလဲမှု အများအပြားဖြစ်ပေါ်သည်၊ က‌လေးမီးဖွားပြီးနောက် (၁၀)ပေါင် မှ (၂၀)ပေါင်ထိ ကိုယ်အလေးချိန် လျော့ကျနိုင်သဖြင့် အာဟာရပြည့်ဝသော အစားအစာများ စားသင့်သည်
မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မီးဖွားပြီးနောက် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်သည်။ တချို့သော နောက်ဆက်တွဲပြဿနာများသည် အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ကြီးသည်။ ကိုယ်ဝန်နှင့်ဆက်နွယ်သော မိခင်သေဆုံးမှု၏ (၅၀) ရာခိုင်နှုန်းသည် မီးတွင်းကာလတွင်ဖြစ်သည်။ ထို့ကြောင့် မီးဖွားပြီးစချိန်မှစပြီး ကျန်းမာရေးစောင့်‌ရှောက်သူများမှ အချိန်တိုင်း နေ့ရက်တိုင်း စောင့်ကြပ်ကြည့်ရှုခြင်း၊ ပုံမှန်မဟုတ်သော လက္ခဏာများ ခံစားရလျှင် အရေးပေါ်ကုသမှုပေးခြင်းတို့ ပြုလုပ်သင့်သည်။

အဖြစ်များသော မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • မီးတွင်းကာလသွေးသွန်ခြင်း (Postpartum haemorrhage)
  • မီးတွင်းကာလ ကိုယ်ဝန်ဆိပ်တက်၍ တက်ခြင်း (Postpartum eclampsia)
  • ခြေထောက်သွေးပြန်ကြောသွေးခဲပိတ်ခြင်း (Deep vein thrombosis)
  • အဆုတ်သွေးကြောသွေးခဲပိတ်ခြင်း (Pulmonary embolism)
  • မီးဖွားပြီးစအချိန်စိတ်ဖောက်ပြန်ခြင်း (Postpartum psychosis)
  • ပိုးဆိပ်ပျံ့ခြင်း (Sepsis)
  • နှလုံးကြွက်သားများထိခိုက်ခြင်း (Cardiomyopathy)
  • ဆီးထွက်ကျခြင်း (Urinary incontinence)

မီးဖွားပြီးစ (၆)နာရီ မှ (၁၂)နာရီအတွင်း မီးတွင်းကာလသွေးသွန်ခြင်းနှင့် မီးတွင်းကာလ ကိုယ်ဝန်ဆိပ်တက်၍ တက်ခြင်းများ အဖြစ်များသောကြောင့် ထိုကာလတွင် သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ မိန်းမကိုယ်မှ သွေးဆင်းခြင်းများကို သေချာစောင့်ကြည့်ရန် အရေးကြီးသည်။ မီးဖွားပြီးစ (၂၄)နာရီ မှ (၆)ပတ်အတွင်း နှလုံးကြွက်သားများ ထိခိုက်​ခြင်း၊ မီးဖွားပြီးစအချိန် စိတ်ကျခြင်း၊ ဆီးထွက်ကျခြင်း အစရှိသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။ မီးတွင်းကာလ (၆)ပတ် မှ (၆)လအတွင်း သားအိမ်ကျခြင်း၊ လိင်ဆက်ဆံချိန်နာကျင်ခြင်း အစရှိသော ပြဿနာများ ကြုံတွေ့ရနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကိုယ်ဝန်ဆောင်မိခင်များတွင် အဝလွန်ခြင်း၊ သွေးတိုးရောဂါနှင့် နှလုံး‌ရောဂါ အစရှိသော နာတာရှည်ရောဂါ အခံရှိသူများသည် နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သော အကြောင်းရင်းများဖြစ်သည်။

  • မီးတွင်းကာလသွေးသွန်ခြင်း
    ဖြစ်ပေါ်ရသောအကြောင်းရင်းများမှာ_
    • သားအိမ်ကောင်းစွာမဝပ်ခြင်း (Uterine atony)
    • ကလေးမွေးဖွားစဥ် သားအိမ်ခေါင်း၊ မိန်းမကိုယ်၌ စုတ်ပြဲဒဏ်ရာရခြင်း
    • သားအိမ်အတွင်း အချင်းအပိုင်းအစကျန်ရှိခြင်း
    • သွေးခဲစေသောဓာတ် ချို့တဲ့ခြင်း
    • အချင်းသည် မွေးလမ်းကြောင်းကို ပိတ်၍ရှိနေခြင်း (Placenta previa)
    • အချင်းစောကွာခြင်း (Abruptio placenta)
    • အချင်းသည် သားအိမ်ကြွက်သားထိ ခြေကုတ်ယူထားခြင်း (Placenta accreta)
    • မွေးချိန် ပုံမှန်ထက်ရှည်ကြာခြင်း (Prolonged labour) – ဗိုက်နာပြီး (၃) နာရီအတွင်း ကလေးမွေးဖွားခြင်း (Precipitate labour)
    • မိခင်အသက်‌အရွယ်ကြီးခြင်း
    • ကလေး (၅) ယောက်နှင့်အထက်ရှိ မိခင်လောင်းဖြစ်ခြင်း
    • အမြွှာကိုယ်ဝန်ဖြစ်ခြင်း
    • ရေမြွှာရည်များသော ကိုယ်ဝန်ဖြစ်ခြင်း
    • ကလေးထွားခြင်း
    • ရေမြွှာရည်ပိုးဝင်ခြင်း (Chorioamnionitis)
  • မီးတွင်းကာလ ကိုယ်ဝန်ဆိပ်တက်၍ တက်ခြင်း
    ဖြစ်ပေါ်ရသောအကြောင်းရင်းများမှာ_
    • ကိုယ်ဝန်မဆောင်မီကတည်းက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါရှိခြင်း
    • သားဦးကိုယ်ဝန်မိခင်ဖြစ်ခြင်း
    • တစ်ဦးထက်ပိုသောကိုယ်ဝန် (အမြွှာကိုယ်ဝန်) ဆောင်ရခြင်း
    • ဖန်ပြွန်သန္ဓေကိုယ်ဝန် ဆောင်ထားရခြင်း
    • ကိုယ်ဝန်ဆောင်မိခင် အသက် (၃၅) နှစ်နှင့်အထက် ဖြစ်ခြင်း
    • မိခင်အဝလွန်ခြင်း
    • မိခင်တွင် ကိုယ်ခံအားစနစ်မူမမှန်တုံ့ပြန်ခြင်းနှင့် ဆိုင်သောရောဂါများ (Autoimmune diseases) ရှိခြင်း
    • မိမိ၏မျိုးရိုးတွင် ကိုယ်ဝန်ဆိပ်တက်ရောဂါ ခံစားရသူများရှိခြင်း
    • ယခင်ကိုယ်ဝန်တွင် ကိုယ်ဝန်ဆိပ်တက်ခြင်း
  • ခြေထောက်သွေးပြန်ကြောသွေးခဲပိတ်ခြင်း
    ဖြစ်ပေါ်ရသောအကြောင်းရင်းများမှာ_
    • မွေးရာပါ သွေးပျစ်သည့်ရောဂါရှိခြင်း
    • မိသားစုထဲတွင် ခြေထောက်သွေးပြန်ကြောပိတ်ဖူးသူရှိခြင်း
    • ခြေထောက်သွေးပြန်ကြောထဲတွင် သွေးစီးဆင်းမှု မကောင်းသူများ
    • အဝလွန်ခြင်း
    • သွေးကြောရောင်ရောဂါ
    • ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်း
  • အဆုတ်သွေးကြောသွေးခဲပိတ်ခြင်း
    ဖြစ်ပေါ်ရသောအကြောင်းရင်းများမှာ_
    • ဆေးလိပ်သောက်ခြင်း
    • သွေးကြောဖောင်းရောဂါရှိခြင်း
    • မွေးရာပါ သို့မဟုတ် မိသားစုမျိုးရိုးတွင် သွေးခဲရောဂါရှိခြင်း
    • အခြားရောဂါအခံများ (နှလုံးခုန်စည်းချက် မမှန်ခြင်း၊ နှလုံးအမောဖောက်ခြင်း၊ လေဖြတ်ရောဂါ၊ အဝလွန်ရောဂါ)
  • မီးဖွားပြီးစအချိန် စိတ်ဖောက်ပြန်ခြင်း
    ဖြစ်ပေါ်ရသောအကြောင်းရင်းများမှာ_
    • မိဘ၊ မောင်နှမ မျိုးရိုးတွင် မီးဖွားပြီးစအချိန် စိတ်ကျခြင်း ခံစားရဖူးသူရှိသူများ
    • စိတ်ဖိစီးမှုများသူများ
    • ဟော်မုန်းပြောင်းလဲခြင်းများ
  • ပိုးဆိပ်ပျံ့ခြင်း
    ဖြစ်ပေါ်ရသောအကြောင်းရင်းများမှာ_
    • နာတာရှည်ရောဂါအခံရှိသူများ (ဥပမာ _ ဆီးချိုရောဂါ၊ အဝလွန်ရောဂါနှင့် ကျောက်ကပ်ရောဂါ၊ နာတာရှည် အဆုတ်ပွပန်းနာရောဂါ)
    • ကိုယ်ခံအားနည်းသူများ (ဥပမာ _ အိတ်ချ်အိုင်ဗွီရောဂါပိုးရှိသူများ၊ စတီးရွိုက်ဆေးများကို ကြာရှည်စွာ သောက်သုံးနေရသူများ၊ မွေးရာပါ ကိုယ်ခံအားချို့တဲ့သောရောဂါများ)
  • နှလုံးကြွက်သားများ ထိခိုက်ခြင်း
    ဖြစ်ပေါ်ရသောအကြောင်းရင်းများမှာ_
    • နာတာရှည်သွေးတိုးရောဂါ
    • နှလုံးတစ်ရှူးများ ပျက်စီးစေသော နှလုံးထိခိုက်မှုရှိခြင်း
    • နှလုံးအဆို့ရှင်ရောဂါ
    • နှလုံးရောင်ရမ်းစေသောပိုးဝင်ခြင်း
    • အဝလွန်ခြင်း
    • ဆီးချိုရောဂါ
    • ဗီတာမင် ဘီဝမ်း ချို့တဲ့ခြင်း
    • အရက်အလွန်အကျွံသောက်ခြင်း
    • မိသားစု၌ နှလုံးကြွက်သားထိခိုက်စေသော ရောဂါရာဇဝင်ရှိခြင်း
    • ကိုကင်းနှင့် အမ်ဖက်တမင်းဆေးများ သုံးစွဲခြင်း
  • ဆီးထွက်ကျခြင်း
    ဖြစ်ပေါ်ရသောအကြောင်းရင်းများမှာ_
    • အဝလွန်ခြင်း
    • ဆေးလိပ်သောက်ခြင်း
    • ကလေးမွေးဖွားခြင်း
ရောဂါလက္ခဏာများ

မီးတွင်းကာလ နောက်ဆက်တွဲပြဿနာပေါ် မူတည်၍ ရောဂါလက္ခဏာများ မတူညီပါ။

  • မီးတွင်းကာလသွေးသွန်ခြင်း
    • မီးဖွားပြီးနောက် မိန်းမကိုယ်မှ ကြက်ဥလုံးထက် အရွယ်ကြီးသောသွေးခဲများ၊ သွေးများ အဆက်မပြတ်ဆင်းခြင်း၊ သွေးပေါင်ချိန်ကျခြင်း
    • ခေါင်းမူးခြင်း၊ အမြင်ဝေဝါးခြင်း၊ သတိလစ်ခြင်း
    • နှလုံးခုန်မြန်ခြင်း
    • ခြေဖျားလက်ဖျားအေးခြင်း
    • မိန်းမကိုယ်နှင့် မိန်းမကိုယ်အဝတွင် ဖောင်းခြင်း၊ နာကျင်ခြင်း
  • မီးတွင်းကာလ ကိုယ်ဝန်ဆိပ်တက်၍ တက်ခြင်း
    • သွေးတိုးခြင်း
    • ခေါင်းထိုးကိုက်ခြင်း
    • အမြင်ဝေဝါးခြင်း၊ ခေတ္တမှုန်ဝါးသွားခြင်း၊ သာမန်ထက်ပို၍ အလင်းကို တုံ့ပြန်မှုများခြင်း (Light sensitivity)
    • ဝမ်းဗိုက်တွင် ရင်ညွန့်တစ်ဝိုက် အောင့်ခြင်း အထူးသဖြင့် ညာဘက်နံရိုးအောက်တွင် အောင့်ခြင်း
    • အဆုတ်ထဲ အရည်စုခြင်းကြောင့် အသက်ရှူနှုန်းမြန်ခြင်း
    • ပျို့ခြင်း၊ အန်ခြင်း
  • ခြေထောက်သွေးပြန်ကြောသွေးခဲပိတ်ခြင်း
    • ခြေသလုံး ကြွက်သားများမှစ၍ ကြွက်တက်သကဲ့သို့၊ အောင့်သကဲ့သို့ ဖြစ်လာခြင်း
    • ရုတ်တရက် ခြေထောက် ဖောရောင်ခြင်း၊ နာကျင်ခြင်း
    • ဖြစ်သည့်ခြေထောက်၏ အရေပြား အရောင်ပြောင်းခြင်း၊ ပိုနွေးလာခြင်း
  • အဆုတ်သွေးကြောသွေးခဲပိတ်ခြင်း
    • ရုတ်တရက်အသက်ရှူကျပ်ခြင်း၊ မောခြင်း
    • ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နောက်ကျောအောင့်ခြင်း
    • ခေါင်းမူးခြင်း၊ သတိလစ်ခြင်း
    • နှုတ်ခမ်းနှင့် လက်သည်းများပြာခြင်း
  • မီးဖွားပြီးစအချိန် စိတ်ဖောက်ပြန်ခြင်း
    • ပြောဆိုသူမရှိဘဲ အသံများကြားလာရခြင်း (Auditory hallucinations)
    • အခြေအမြစ်မရှိသော ယုံမှားသံသယများ (Delusions) ဝင်လာပြီး ရှင်းပြ၍မရခြင်း
    • အိပ်မပျော်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ပြီး ဒေါသဖြစ်လွယ်ခြင်း
    • ဂနာမငြိမ်ဖြစ်ခြင်း
    • ထူးဆန်းသော ခံစားချက်များနှင့် အပြုအမူများ ပေါ်ပေါက်လာခြင်း
  • ပိုးဆိပ်ပျံ့ခြင်း
    • ဖျားခြင်း၊ ချမ်းတုန်ခြင်း
    • ချွေးထွက်ခြင်း
    • အသက်ရှူမြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း
    • အရေပြားပေါ်တွင် အနီစက်၊ အနီကွက်များပေါ်ခြင်း
  • နှလုံးကြွက်သားများ ထိခိုက်ခြင်း
    • အသက်ရှူမြန်ခြင်း၊ အသက်ရှူရခက်ခြင်း
    • ရင်ဘတ်အောင့်ခြင်း (အထူးသဖြင့် အစားကြီးစားပြီးချိန်၊ လေ့ကျင့်ခန်းလုပ်ပြီးချိန်)
    • နှလုံးခုန်မြန်ခြင်း
    • ခြေထောက်ဖောခြင်း
    • လှဲနေချိန် ချောင်းဆိုးခြင်း၊ လှဲအိပ်ရန်ခက်ခဲခြင်း၊ အိပ်မရခြင်း
    • သတိလစ်ခြင်း
  • ဆီးထွက်ကျခြင်း
    • ချောင်းဆိုးခြင်း၊ နှာချေခြင်း
    • ရယ်မောခြင်း
    • လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် လေးသောအရာဝတ္ထုပစ္စည်း မခြင်းအားဖြင့် ဆီးအိမ်ပေါ်ဖိအားရှိလာသောအခါ ဆီးထွက်ကျခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများသည် အရေးပေါ်အခြေအနေဖြစ်တတ်ပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိသောကြောင့် အောက်ပါလက္ခဏာများခံစားရလျှင် ချက်ချင်း အရေးပါ်ဆေးကုသမှု ခံယူရန် လိုအပ်သည်။

  • တစ်နာရီ တစ်ခါ ဂွမ်းထုပ်တစ်ခု စိုရွှဲအောင်သွေးဆင်းခြင်း၊ ကြက်ဥအရွယ်ထက် ပိုကြီးသော သွေးခဲများ ဆင်းခြင်း၊ တစ်နေ့ထက်တစ်နေ့ သွေးဆင်းပမာဏ ပိုများလာခြင်း
  • ခွဲစိတ်ထားသော ဒဏ်ရာမကျက်ခြင်း၊ ဒဏ်ရာမှ ပြည်ထွက်ခြင်း၊ သားနံရည်ထွက်ခြင်း
  • မိန်းမကိုယ်မှ အနံ့နံသောအရည်များ ဆင်းခြင်း
  • ရုတ်တရက် ခြေထောက် ဖောရောင်ခြင်း၊ နာကျင်ခြင်း၊ အရေပြားအရောင် ပြောင်းခြင်း၊ ဖြစ်သောခြေထောက်ပိုနွေးခြင်း
  • အပူချိန် (၁၀၀.၄) ဒီဂရီဖာရင်ဟိုက်နှင့်အထက် ကျော်လွန်အောင် ဖျားခြင်း
  • မီးဖွားပြီး ခေါင်းကိုက်ခြင်း၊ အမြင်ဝေဝါးခြင်း၊ သွေးပေါင်ချိန် ၁၅၀/၁၀၀ နှင့်အထက် ကျော်လွန်အောင် တက်နေခြင်း၊ အတက်လက္ခဏာပြခြင်း
  • ရုတ်တရက် အသက်ရှူကျပ်ခြင်း၊ မောခြင်း
  • ရင်ဘတ်အောင့်ခြင်း (အသက်ပြင်းပြင်းရှူသောအခါ၊ ချောင်းဆိုးသောအခါတွင် ပိုဆိုးတတ်သည်)
  • မူးကနဲ၊ မိုက်ကနဲဖြစ်ခြင်း၊ သတိလစ်ခြင်း၊ အသက်ရှူမြန်ခြင်း
  • နှလုံးခုန်မြန်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း
  • မွေးဖွားပြီးစအချိန် စိတ်ဖောက်ပြန်ခြင်းလက္ခဏာများ ရက်သတ္တပတ် (၂) ပတ်ခန့်ကြာသည်အထိ သက်သာပျောက်ကင်းမှု မရှိခြင်း၊ ခံစားရသည့် လက္ခဏာများ ပိုဆိုးလာခြင်း
  • မိမိရင်သွေးကို စောင့်ရှောက်ရန်နှင့် နေ့စဉ်လုပ်ငန်းများ လုပ်ဆောင်ရန် ခက်ခဲခြင်း
  • မိမိကိုယ်ကို သို့မဟုတ် မိမိရင်သွေးကို သို့မဟုတ် နှစ်ဦးလုံးကို အန္တရာယ်ပြုလိုစိတ်၊ အဆုံးစီရင်လိုစိတ်များ ဖြစ်ပေါ်လာခြင်း
ရောဂါရှာဖွေခြင်း

မီးတွင်းကာလ နောက်ဆက်တွဲဖြစ်ရသော ပြဿနာများပေါ် မူတည်၍ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများပြုလုပ်ပြီး အောက်ပါဆေးစစ်ချက်များကို လိုအပ်သလို ပြုလုပ်မည်။

  • သွေးစစ်ဆေးခြင်း _ အသည်း၊ ကျောက်ကပ်ကောင်းမွန်မှု ရှိမရှိနှင့် သွေးနီဥ၊ သွေးခဲစေသောဓာတ်များ၏ ပမာဏ၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်း၊ ခန္ဓာကိုယ်မှ သွေးခဲကို ဖြိုခွဲပြီးနောက် ထွက်လာသည့် ပရိုတင်းအပိုင်းအစ (D dimer) တိုင်းတာစစ်ဆေးခြင်း
  • အာထရာဆောင်း (Duplex scan or Compression USG)၊ တင်ပါးဆုံရိုးကွင်းအတွင်းသို့ အာထရာဆောင်းရိုက်ခြင်း
  • သွေးပြန်ကြော သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Magnetic Resonance Venography)
  • အဆုတ်သွေးကြောကို ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CTPA – Computed tomographic pulmonary angiography)
  • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
  • ပဋိဇီဝပိုးသတ်ဆေးမပေးခင် သွေးပိုးမွေးခြင်း (Blood culture)
  • အီစီဂျီစစ်ဆေးခြင်း (ECG)
  • အသံလှိုင်းသုံးနှလုံးပုံရိပ်​ဖော်စက်ဖြင့်စစ်​ဆေးခြင်း (Echocardiogram)
  • နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း (Cardiac angiogram)
ကုသခြင်း

မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများကို စောစီးစွာသိရှိလျှင် ကုသပျောက်ကင်း သက်သာနိုင်သည်။ မီးတွင်းကာလနောက်ဆက်တွဲပြဿနာပေါ်မူတည်၍ ကုသမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • မီးတွင်းကာလသွေးသွန်ခြင်း
    • သွေးသွင်းခြင်း
    • သားအိမ်ဝပ်စေရန် Uterine massage ပြုလုပ်ခြင်း
    • သားအိမ်ဝပ်စေသောဆေးများပေးခြင်း
    • သားအိမ်အတွင်းကျန်ရှိသော အချင်းအပိုင်းအစများ ဖယ်ရှားခြင်း
    • မိန်းမကိုယ်၊ သားအိမ်ခေါင်း သို့မဟုတ် သားအိမ်ရှိ စုတ်ပြဲသော ဒဏ်ရာများကို ချုပ်ခြင်း
    • ဘောလုံးဖောင်းနိုင်သောပိုက် (ဥပမာ _ ဆီးပိုက်) ကို သားအိမ်လည်တံအဝထဲသို့ ထည့်၍ ပိုက်ထိပ်ရှိ ဘောလုံးကို ဆားရည် (Normal Saline) ဖြင့် ဖောင်းလိုက်ပြီး သားအိမ်နံရံသွေးထွက်ခြင်းကို ဖိအားဖြင့် လျော့ကျစေခြင်း
    • သားအိမ်သွေးစီးဆင်းမှုကို ရပ်တန့်အောင် ပြုလုပ်ခြင်း
    • သားအိမ်ခွဲစိတ်ထုတ်ခြင်း
  • မီးတွင်းကာလ ကိုယ်ဝန်ဆိပ်တက်၍ တက်ခြင်း
    • အတက်ကျဆေးများထိုးခြင်း
    • သွေးပေါင်ကျဆေးများသောက်ခြင်း၊ ထိုးခြင်း
  • ခြေထောက်သွေးပြန်ကြော သွေးခဲပိတ်ခြင်း
    • သွေးမခဲဆေးများ သောက်ခြင်း၊ ထိုးခြင်း
    • ထောက်ကူပြုခြေအိတ်ကြပ်ဝတ်ခြင်း (Compression Stocking)
    • ခြေထောက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း
  • အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း
    • သွေးမခဲဆေးများ သောက်ခြင်း၊ ထိုးခြင်း
    • သွေးခဲဖယ်ရှားခြင်း (Clot removal)
    • သွေးပြန်ကြော စကာထည့်ခြင်း (Vein filter)
  • မီးဖွားပြီးစအချိန် စိတ်ဖောက်ပြန်ခြင်း
    • စိတ်ဖောက်ပြန်ရောဂါကုသဆေးများ (Antipsychotic medications)ဖြင့် ကုသခြင်း
  • ပိုးဆိပ်ပျံ့ခြင်း
    • ပဋိဇီဝပိုးသတ်ဆေးပေးခြင်း (Antibiotics)
    • သွေးပေါင်ကျခြင်းမှ ကာကွယ်ရန်နှင့် ကိုယ်တွင်းအင်္ဂါများသို့ သွေးစီးဆင်းမှုကို ထိန်းသိမ်းရန် သွေးကြောမှတစ်ဆင့် ရေဓာတ်ဖြည့်ပေးခြင်း (Intravenous fluids)
    • သွေးပေါင်ပြန်တက်စေသော ဆေးများပေးခြင်း (Vasopressor medications)
    • ပိုးဆိပ်ပျံ့စေသောအကြောင်းရင်းကို ရှာဖွေကုသခြင်း
  • နှလုံးကြွက်သားများထိခိုက်ခြင်း
    • ဖြစ်ပေါ်ရသောအကြောင်းရင်းကို ကုသခြင်း
    • လိုအပ်လျှင် ခွဲစိတ်ကုသခြင်း
  • ဆီးထွက်ကျခြင်း
    • အမူအကျင့်လေ့ကျင့်ခန်းများဖြင့်ကုသခြင်း (Behavioural techniques)
    • တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများ တင်းရင်းစေသော လေ့ကျင့်ခန်း (Kegal exercise)
    • Anticholinergics၊ Adrenergic agonist (Mirabegron) ဆေးများဖြင့်ကုသခြင်း
    • လျှပ်စစ်ဖြင့်လှုံ့ဆော်ခြင်း (Electrical stimulation)
    • ခွဲစိတ်ကုသခြင်း (Bladder neck suspension၊ sling procedure)
ကာကွယ်ခြင်း

မီးဖွားပြီးမိခင်၏ ကျန်းမာရေးသည် မိခင်နှင့်ကလေးအတွက် အလွန်အရေးကြီးသောကြောင့် မီးဖွားပြီး ကျန်းမာရေးစောင့်ရှောက်မှု မည်သို့ခံယူမည်ကို ကြိုတင်ပြင်ဆင် ဆွေးနွေးတိုင်ပင်ထားခြင်းဖြင့် အန္တရာယ်ရှိသော မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများကို အချိန်မီသိရှိ ကုသမှုခံယူနိုင်မည်။

  • မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ရသော အကြောင်းရင်းများစွာကို ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ဆရာဝန်နှင့် ကိုယ်ဝန်ဆောင်မိခင်နှစ်ဦးစလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသည်
  • ကိုယ်ဝန်စောင့်ရှောက်မှုခံယူစဉ်ကတည်းက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများကို ကြိုတင်ရှာဖွေထားခြင်း၊ ဖြေရှင်းရန်နည်းလမ်းများ တိုင်ပင်ဆွေးနွေးထားခြင်း စသည်တို့ကို ပြုလုပ်ထားရမည်ဖြစ်သည်၊ ကိုယ်ဝန်မဆောင်မီနှင့် မမွေးဖွားမီအချိန်ကတည်းက ရှိနှင့်သော သွေးတိုး၊ ဆီးချိုစသော ရောဂါများကိုလည်း သေချာစွာ ထိန်းသိမ်းနိုင်အောင် ကုသထားရန် လိုအပ်သည်
  • မီးဖွားပြီးနောက်ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအတွက် ကောင်းစွာအနားယူရန် လိုအပ်သည်၊ ကလေးစောင့်ရှောက်မှု၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အစားအသောက်နှင့် ပတ်သက်သော လိုအပ်သည့်အကြံဉာဏ်များ ရယူပါ
  • ရေများများသောက်ခြင်းဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေသည်၊ အသားဓာတ်၊ ကစီဓာတ်၊ အသီးအနှံ၊ အသီးအရွက် အစရှိသည်တို့ ပါဝင်သောအာဟာရပြည့်ဝသော၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးပါ
  • ကလေးကို သဘာဝအတိုင်းမွေးဖွားထားလျှင် ရက်သတ္တပတ်အနည်းငယ် မိန်းမကိုယ်အောက်ပိုင်း နာကျင်ခြင်းကို ခံစားရမည်ဖြစ်ပြီး ပိုးမဝင်အောင် မိန်းမကိုယ်သန့်ရှင်းရေးကို သေချာစွာ ဂရုပြုရမည်
  • ရေအိမ်သွားပြီးတိုင်း ရေနွေးဖြင့် မိန်းမကိုယ်အောက်ပိုင်းကို သန့်ရှင်းရေး ပြုလုပ်ခြင်း၊ အရေပြားကိုစေ့၍ သွေးတိတ်စေရန် အပင်မှထုတ်လုပ်ထားသည့် သဘာဝဆေးနှင့် ဂွမ်းထုပ် (Witch hazel pads) များကို အသုံးပြုပေးခြင်းဖြင့် မိန်းမကိုယ်အောက်ပိုင်း သန့်ရှင်းမှုရှိပြီး နာကျင်ခြင်းမှ သက်သာစေလိမ့်မည်
  • သန့်ရှင်းသောဂွမ်းထုပ်များ အသုံးပြုခြင်းဖြင့် ဂွမ်းထုပ်စိုစွတ်မှု၊ တစ်နေ့အသုံးပြုရသော အရေအတွက်ကို ကြည့်၍ မီးတွင်းကာလ သွေးဆင်းသောပမာဏကို သေချာစောင့်‌ကြပ်သိရှိနိုင်မည်၊ တစ်နေ့ထက်တစ်နေ့ တဖြည်းဖြည်း လျော့နည်းလာခြင်းမရှိလျှင် ကျန်းမာရေးစောင့်ရှောက်ပေးသူနှင့် ပြသရမည်
  • မီးဖွားပြီးနောက် ကိုယ်ဝန်မဆောင်မီ ခန္ဓာကိုယ်အရွယ်အစား ပြန်လည်ရရှိရန် လေ့ကျင့်ခန်းပြုလုပ်ရန် အလျင်မလိုဘဲ မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်များ ညွှန်ကြားသည့်အတိုင်းသာ ပြုလုပ်ရန်လိုသည်
  • မီးဖွားပြီးစအချိန်သည် စိတ်လှုပ်ရှားမှု အများဆုံးရင်ဆိုင်ရသော ကာလဖြစ်သည်၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဖိစီးခြင်း အစရှိသည့် စိတ်ခံစားမှုများကို သူငယ်ချင်းများ၊ ခင်ပွန်းနှင့် ဆွေမျိုးများ၊ ကျန်းမာရေးစောင့်ရှောက်သူများကို ဖွင့်ဟပြောဆို၍ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့နှင့် အကူအညီများ ရယူပါ
  • ဆေးလိပ်နှင့်အရက် သောက်သုံးခြင်းမှ ရှောင်ကြဥ်ပါ

References:

  1. Cleveland Clinic. (2024). Postpartum: Stages, symptoms & recovery time. Retrieved May 30, 2026, from https://my.clevelandclinic.org/health/articles/postpartum
  2. Mayo Clinic Staff. (2024). Postpartum complications: What you need to know. Retrieved May 30, 2026, from https://www.mayoclinic.org/healthy-lifestyle/labor-and-delivery/in-depth/postpartum-complications/art-20446702

Published: 11 June 2026

Share

26 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.