Postural hypotension (အထိုင်/အထ ကိုယ်ခန္ဓာအနေအထားပြောင်းလဲမှုကြောင့် သွေးပေါင်ချိန်ကျခြင်း)

Postural hypotension (အထိုင်/အထ ကိုယ်ခန္ဓာအနေအထားပြောင်းလဲမှုကြောင့် သွေးပေါင်ချိန်ကျခြင်း)

အထိုင်အထ ကိုယ်ခန္ဓာအနေအထား ပြောင်းလဲမှုကြောင့် သွေးပေါင်ချိန်ကျခြင်းဆိုသည်မှာ လဲလျောင်းနေရာမှ ထထိုင်သည့်အခါ သို့မဟုတ် ထိုင်နေရာမှ မတ်တတ်ထရပ်သောအခါ ရုတ်တရက် သွေးပေါင်ချိန်ကျခြင်းဖြစ်သည်။ မတ်တတ်ရပ်ပြီး (၃) မိနစ်အကြာတွင် တိုင်းသောသွေးပေါင်ချိန်သည် လဲလျောင်းစဥ် သို့မဟုတ် ထိုင်နေစဥ် တိုင်းသော သွေးပေါင်ချိန်နှင့်ယှဥ်လျှင် အပေါ်သွေး (၂၀) mmHg အောက်နှင့် အောက်သွေး (၁၀) mmHg ထက် ပို၍လျော့ကျသွားလျှင် ကိုယ်ခန္ဓာအနေအထား ပြောင်းလဲမှုကြောင့် သွေးပေါင်ချိန်ကျခြင်း (Postural hypotension) ဟု သတ်မှတ်သည်။ သွေးပေါင်ချိန် ကျသွားသောအခါ ကိုယ်တွင်းအင်္ဂါများနှင့် ကြွက်သားများသို့ သွေးစီးဆင်းမှု နည်းသွားပြီး မူးဝေ၍ လဲကျခြင်း ဖြစ်ပေါ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ထိုင်ရာမှ သို့မဟုတ် လဲလျောင်းရာမှ မတ်တတ်ရပ်လိုက်သောအခါ သွေးများသည် ခြေထောက်နှင့် ဝမ်းဗိုက်တွင် စုမိပြီး နှလုံးသို့ သွေးစီးဆင်းမှု နည်းသွားသောကြောင့် သွေးပေါင်ချိန်ကျခြင်းဖြစ်သည်။ နှလုံးညှစ်အား မလုံလောက်သောကြောင့် လိုအပ်သည့် သွေးပမာဏကို မညှစ်ထုတ်နိုင်ခြင်း၊ အလိုအလျောက် အာရုံကြောတုံ့ပြန်စနစ် (Autonomic nervous system) ကောင်းစွာအလုပ်မလုပ်သောကြောင့် သွေးပေါင်ချိန် မတည်ငြိမ်ခြင်း၊ ရုတ်တရက် သွေးပေါင်ချိန်ကျဆင်းခြင်းတို့ဖြစ်ပေါ် နိုင်သည်။ အောက်ဖော်ပြပါ အခြေအနေများတွင်လည်း ကိုယ်ခန္ဓာအနေအထားပြောင်းလဲမှုကြောင့် သွေးပေါင်ချိန်ကျခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

  • ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်သော ဖျားခြင်း၊ အန်ခြင်း၊ ရေလုံလောက်အောင် မသောက်ခြင်း၊ ပြင်းထန်သော ဝမ်းလျှောခြင်း၊ ပြင်းထန်သော လေ့ကျင့်ခန်းပြုလုပ်ပြီး ချွေးအလွန်ထွက်ခြင်း
  • နှလုံးနှင့်ဆိုင်သော ပြဿနာများ (ဥပမာ _ နှလုံးခုန်နှုန်းအလွန်နှေးခြင်း၊ နှလုံးအဆို့ရှင်ပြဿနာများ၊ ရုတ်တရက် နှလုံးထဖောက်ခြင်းနှင့် နှလုံးလုပ်ငန်းများ ပျက်စီးခြင်း)
  • ဟော်မုန်းဆိုင်ရာ ပြဿနာများ (ဥပမာ _ သိုင်းရွိုက်ရောဂါ၊ အက်ဒီဆင်ရောဂါ၊ သွေးတွင်းသကြားဓာတ် နည်းခြင်းနှင့် ဆီးချိုရောဂါ)
  • ဦးနှောက်အာရုံကြောဆိုင်ရာ ပြဿနာများ (ဥပမာ _ ပါကင်ဆန်ရောဂါ၊ မှတ်ဉာဏ်လျော့နည်းလာခြင်း)
  • ကျောက်ကပ်အပေါ်ပိုင်းတွင်ရှိသော အက်ဒရီနယ်ဂလင်း (Adrenal gland) ပြဿနာများ
  • အသက်ကြီးသူများတွင် အစာစားပြီးနောက် သွေးပေါင်ချိန်ကျခြင်း
  • သွေးအားနည်းခြင်း
  • အရက်အလွန်အကျွံသောက်ခြင်း
  • အိပ်ရာထဲတွင် ကြာရှည်စွာလဲလျောင်းနေခြင်း
  • အချို့သော ဆေးများ (ဥပမာ _ ဆီးဆေးများ၊ စိတ်ကျဆေးများ၊ သွေးပေါင်ကျဆေး) တို့ဖြစ်ကြသည်။

ဖြစ်နိုင်ခြေများသော ရောဂါအခြေအနေများမှာ_

  • အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ
  • နှလုံးနှင့် သွေးတိုးရောဂါ၊ ပါကင်ဆန်ရောဂါ ကုသမှုခံယူနေရသူများ
  • ပူပြင်းသော ရာသီဥတုတွင် ချွေးအလွန်ထွက်၍ ရေဓာတ်ခန်းခြောက်ခြင်း
  • သွေးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်း
  • ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် နာတာရှည်ရောဂါများကြောင့် အိပ်ရာထဲတွင် ကြာရှည်စွာနေရခြင်း
  • အရက်အလွန်အကျွံသောက်ခြင်းတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

ကိုယ်ခန္ဓာအနေအထားပြောင်းလဲမှုကြောင့် သွေးပေါင်ကျလျှင် အဓိကခံစားရသော လက္ခဏာမှာ ခေါင်းမူးခြင်းဖြစ်ပြီး မိနစ်အနည်းငယ်မျှသာ ကြာလေ့ရှိသည်။ ထို့အပြင် အမြင်အာရုံဝေဝါးခြင်း၊ အားနည်းခြင်း၊ နုံးနယ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လည်ပင်းနှင့် ပခုံးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်ပူသလိုခံစားရခြင်း၊ ချွေးများထွက်ခြင်း၊ သတိလစ်ခြင်း၊ လဲကျခြင်းတို့လည်း ဖြစ်ပေါ်လာနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ဤအနေအထားပြောင်းလဲမှုကြောင့် သွေးပေါင်ချိန်ကျခြင်းသည် ရေရှည်ဖြစ်ပေါ်လျှင် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ (အထူးသဖြင့် သက်ကြီးရွယ်အိုများတွင်) ဖြစ်ပေါ်လာနိုင်သည်။

  • သတိလစ်ပြီး လဲကျခြင်းကြောင့် ဦးခေါင်းထိခိုက်ခြင်း၊ အရိုးကျိုးခြင်း
  • ဦးနှောက်သို့ သွေးစီးဆင်းမှုနည်းသွားသောကြောင့် လေဖြတ်ခြင်း
  • နှလုံးသွေးကြောဆိုင်ရာရောဂါများ စသည်တို့ ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ လက္ခဏာများသည် ရေဓာတ်ခန်းခြောက်ခြင်း၊ သကြားဓာတ်ကျခြင်း၊ ချွေးထွက်လွန်ခြင်းတို့ကြောင့် တစ်ခါတစ်ရံတွင် ဖြစ်ပေါ်ပါက သာမန်မျှသာဖြစ်နိုင်သည်။ သို့သော် ထိုလက္ခဏာများကို မကြာခဏခံစားရလျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ဖြစ်ပေါ်ရသော အကြောင်းရင်းများကို ရှာဖွေပြီး ကုသရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ဖြစ်‌ပေါ်ရသောအကြောင်းရင်းကို ရှာဖွေရန် ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းကို လဲလျောင်းစဥ်၊ ထိုင်စဥ်၊ မတ်တတ်ရပ်စဥ်တွင် တိုင်းတာခြင်းများ ပြုလုပ်ရန် လိုအပ်သည်။ ရောဂါရာဇဝင်နှင့် စမ်းသပ်တွေ့ရှိချက်များပေါ် မူတည်၍ လိုအပ်သော စစ်ဆေးမှုများကို အောက်ပါအတိုင်း ဆက်လက်ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။

  • သွေးစစ်ဆေးခြင်း (ဥပမာ _ သကြားဓာတ် စစ်ဆေးခြင်း၊ သွေးအားစစ်ဆေးခြင်း)
  • နှလုံး အီးစီဂျီဆွဲခြင်း (ECG)
  • အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiography)
  • စက်ပေါ်တွင် လေ့ကျင့်ခန်းလုပ်နေစဥ် နှလုံးခုန်နှုန်း၊ နှလုံးခုန်စည်းချက်တို့ကို တိုင်းတာခြင်း (Exercise stress test)
  • လှဲအိပ်နေရာမှ မတ်တတ်ရပ်သည့် အနေအထားသို့ ပြောင်းသည့်အချိန်တွင် ဖြစ်‌ပေါ်လာသော အခြေအနေများကို မှတ်တမ်းယူစစ်ဆေးခြင်း (Tilt table test) တို့ကို လိုအပ်သလို ဆက်လက်စစ်ဆေးမှု ပြုလုပ်ရမည်။
ကုသခြင်း

ကိုယ်ခန္ဓာအနေအထား ပြောင်းလဲမှုကြောင့် သွေးပေါင်ချိန်ကျခြင်းကို ကုသရာတွင် ဖြစ်ပေါ်စေသော အကြောင်းအရင်းပေါ်မူတည်၍ ဆေးကုသမှု ပြုလုပ်ရသည်။

  • ဆေးဝါးကြောင့်ဖြစ်သောသူများတွင် လက်ရှိသုံးစွဲနေသော ဆေးများကို ဆရာဝန်နှင့်တိုင်ပင်ပြီး ပမာဏလျှော့ခြင်း သို့မဟုတ် အခြားဆေးသို့ပြောင်းလဲခြင်းပြုလုပ်နိုင်သည်
  • ဆီးချို၊ နှလုံးရောဂါစသည့် ရောဂါအခံရှိသူများတွင် ထိုရောဂါများကို ဦးစွာ ထိထိရောက်ရောက် ကုသရမည်
  • အထက်ပါနည်းလမ်းများဖြင့် မသက်သာပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း အောက်ဖော်ပြပါ ဆေးများဖြင့် ရောဂါလက္ခဏာကို သက်သာစေနိုင်သည်
    • Fludrocortisone
    • Midodrine
    • Droxidopa
    • Pyridostigmine
  • အထက်ပါကုသမှုများနှင့်တွဲ၍ နေထိုင်မှုပုံစံ ပြောင်းလဲသင့်သည်
    • အိပ်ရာမှ ထရာတွင် ဖြည်းညင်းစွာထပါ၊ ချက်ချင်းမတ်တတ်မရပ်ဘဲ အိပ်ရာဘေးစွန်းတွင် ခဏထိုင်ကာ ခေါင်းမူးသက်သာမှ မတ်တတ်ရပ်ပါ
    • အနေအထား တစ်ခုမှတစ်ခုသို့ ပြောင်းလဲသည့်အခါ ဖြည်းဖြည်းချင်း ပြုလုပ်ပါ
    • ခြေထောက်တွင် ကျုံ့နိုင်ဆန့်နိုင်သော သွေးဖိအားထိန်းခြေအိတ်များ (Elastic stockings) များ ဝတ်ဆင်ပါ
    • ခေါင်းမူးနေစဉ် လမ်းမလျှောက်ပါနှင့်
    • ရေဓာတ်မခန်းခြောက်စေရန် ရေများများသောက်ပါ
    • ဆားဓာတ်ဖြည့်ရန် လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်နာစားသောက်ပါ
ကာကွယ်ခြင်း

ကိုယ်ခန္ဓာအနေအထားပြောင်းလဲမှုကြောင့် သွေးပေါင်ချိန်ကျခြင်းကို ကာကွယ်ရန် အောက်ဖော်ပြပါ နည်လမ်းများ လိုက်နာရန် လိုအပ်သည်။

  • ရေဓာတ်ပြည့်ဝစေရန် ရေများများသောက်ပါ
  • အရက်သောက်ခြင်းကို ရှောင်ကြဥ်ပါ
  • အပူချိန်များခြင်းသည် လက္ခဏာပိုဆိုးစေသောကြောင့် ရေပူစိမ်ခြင်း၊ ရေပူဖြင့် ရေချိုးခြင်းကို လျှော့ပါ
  • အစာစားပြီးနောက် သွေးပေါင်ချိန်ကျတတ်သောကြောင့် ကစီဓာတ်များသောအစာများကို ပမာဏများများစားခြင်းကို ရှောင်ကြဥ်ပါ
  • အိပ်ရာမှထလျှင် လဲလျောင်းသည့် အနေအထားမှ မတ်တတ်မရပ်မီ ခဏထိုင်ပြီးမှ တဖြည်းဖြည်းချင်း ထပါ
  • နှလုံးလေ့ကျင့်ခန်းနှင့် ကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်၊ သို့သော် အလွန်ပူအိုက်သောရာသီဥတုတွင် ရေဓာတ်ခန်းခြောက်စေနိုင်သည့် ချွေးအလွန်ထွက်သော ‌လေ့ကျင့်ခန်းများကို ရှောင်ကြဥ်ပါ
  • ညဘက်အိပ်သောအခါ ပက်လက်မအိပ်ဘဲ ဦးခေါင်းကို ခေါင်းအုံးဖြင့်ခံ၍ မြှင့်ထားပြီး အိပ်ပါ
  • ခြေထောက်တွင် ကျုံ့နိုင်ဆန့်နိုင်သော ခြေအိတ်ကို ဝတ်ခြင်းဖြင့် သွေးစီးဆင်းမှုကို ကောင်းမွန်စေသည်။

References:

  1. Centers for Disease Control and Prevention. (n.d.). Postural hypotension: What it is and how to manage it. Retrieved May 3, 2026, from https://www.cdc.gov/steadi/pdf/steadi-brochure-postural-hypotension-508.pdf
  2. Mayo Clinic. (n.d.). Orthostatic hypotension (postural hypotension): Symptoms and causes. Retrieved May 3, 2026, from https://www.mayoclinic.org/diseases-conditions/orthostatic-hypotension/symptoms-causes/syc-20352548
  3. Cleveland Clinic. (n.d.). Low blood pressure (orthostatic hypotension). Retrieved May 3, 2026, from https://my.clevelandclinic.org/health/diseases/9385-low-blood-pressure-orthostatic-hypotension

Published: 3 June 2026

Share

26 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.