Osteomyelitis (အရိုးပိုးဝင်ရောင်ရမ်းခြင်း)

Osteomyelitis (အရိုးပိုးဝင်ရောင်ရမ်းခြင်း)

အရိုးပိုးဝင်ရောင်ရမ်းခြင်း (Osteomyelitis) ဆိုသည်မှာ ဘက်တီးရီးယား သို့မဟုတ် အခြားရောဂါပိုးများကြောင့်ဖြစ်သော အရိုးရောင်ရမ်းသည့် ပြင်းထန်ရောဂါတစ်ခုဖြစ်သည်။ အရိုး၏အစိတ်အပိုင်း တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ထိခိုက်မှုဖြစ်စေသည်။ ရောဂါပိုးများသည် သွေးကြောမှတစ်ဆင့် အရိုးသို့ရောက်ရှိသွားနိုင်သကဲ့သို့ အရိုး၊ အဆစ်များအနီးအနားရှိ ရောဂါပိုးရှိနေသော တစ်ရှူးမှတစ်ဆင့်လည်း အရိုးသို့ ပျံ့နှံ့နိုင်သည်။ ထို့အပြင် အရိုးခွဲစိတ်မှု သို့မဟုတ် ထိခိုက်ဒဏ်ရာများကြောင့်လည်း အရိုးအတွင်း၌ ရောဂါပိုးဝင်ရောက်နိုင်သည်။ အရိုးပိုးဝင်လျှင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ ပူနွေးခြင်းနှင့် ဖျားခြင်းစသည်တို့ကို ဖြစ်စေနိုင်သည်။ ကလေးများတွင် လက် သို့မဟုတ် ခြေထောက်ရှိအရိုးများတွင် အဖြစ်များပြီး လူကြီးများတွင်မူ ကျောရိုးများ သို့မဟုတ် တင်ပါးဆုံရိုးတွင် အဖြစ်များသည်။ အချိန်မီမကုသပါက အရိုးတစ်ရှူးများပျက်စီးခြင်း (Osteonecrosis) အပါအဝင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အရိုးပိုးဝင်ရောင်ရမ်းခြင်းသည် များစွာသော ဘက်တီးရီးယားပိုးများနှင့် မှိုပိုးများကြောင့်ဖြစ်နိုင်သည်။ အထူးသဖြင့် Staphylococcus ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းကြောင့် အဖြစ်များသည်။ ထို့အပြင် တီဘီဘက်တီးရီးယားပိုးကြောင့်လည်း ဖြစ်နိုင်ပြီး ကျောရိုးတွင်အဖြစ်များသည်။ Candida, Aspergillus စသော မှိုပိုးဝင်ရောက်မှုများကို ကိုယ်ခံအားနည်းသူများတွင် အတွေ့ရများသည်။ မွေးကင်းစကလေးငယ်များတွင် Group B Streptococcus, E. coli, Klebsiella စသော ဘက်တီးရီးယားပိုးများကြောင့် ဖြစ်လေ့ရှိသည်။

ရောဂါပိုးများသည် အရိုးအတွင်းသို့ အောက်ပါနည်းလမ်းများမှတစ်ဆင့် ပျံ့နှံ့နိုင်သည်။

  • သွေးကြောမှတစ်ဆင့်ပျံ့နှံ့ခြင်း
    • ခန္ဓာကိုယ်၏ အခြားနေရာများတွင်ရှိသော ဘက်တီးရီးယားများသည် သွေးကြောများမှတစ်ဆင့် အရိုးအတွင်းသို့ရောက်ရှိသွားနိုင်သည် (ဥပမာ _ အဆုတ်ရောင်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အရေပြားပြည်တည်နာများ)
  • ထိခိုက်ဒဏ်ရာများမှတစ်ဆင့် ပျံ့နှံ့ခြင်း
    • ထိုးသွင်းဒဏ်ရာများသည် ခန္ဓာကိုယ်၏ အတွင်းပိုင်းအထိ ဖောက်ဝင်သွားသောကြောင့် ထိုဒဏ်ရာများတွင် ရောဂါပိုးများဝင်ရောက်လာပါက အနီးဝန်းကျင်ရှိ အရိုးသို့ ပျံ့နှံ့သွားသည်
    • အရေပြားကိုဖောက်ထွက်၍ ကျိုးနေသောအရိုးမှတစ်ဆင့်လည်း ရောဂါပိုးများဝင်ရောက်နိုင်သည်
  • ခွဲစိတ်ဒဏ်ရာများမှတစ်ဆင့် ပျံ့နှံ့ခြင်း
    • အဆစ်အစားထိုးကုသခြင်းများ သို့မဟုတ် အရိုးကျိုးခြင်းများအတွက် ခွဲစိတ်ကုသမှုများမှတစ်ဆင့် ရောဂါပိုးများ ဝင်ရောက်နိုင်သည်

အရိုးပိုးဝင်ရောင်ရမ်းခြင်းဖြစ်ပေါ်သည့် ကြာချိန်ပေါ်မူတည်၍ အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

  1. လတ်တလော အရိုးပိုးဝင်ရောင်ရမ်းခြင်း (Acute osteomyelitis)
    • အဖြစ်အများဆုံးအမျိုးအစားဖြစ်သည်
    • ယေဘုယျအားဖြင့် အရိုးပိုးဝင်ပြီး နှစ်ပတ်အတွင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်
  2. နာတာရှည် အရိုးပိုးဝင်ခြင်း (Chronic osteomyelitis)
    • ကုသမှုခံယူပြီး အလျင်းပျောက်ကင်းခြင်းမရှိဘဲ လပေါင်းများစွာ နှစ်ပေါင်းများစွာ ကြာသည်အထိ ပြန်ဖြစ်နေခြင်းဖြစ်သည်
ဖြစ်နိုင်ခြေများသောသူများ
  • အသက် (၂၀) အောက်လူငယ်များနှင့် အသက် (၅၀) အထက်လူကြီးများ
  • ‌ဆေးလိပ်သောက်သူများ
  • အရက်စွဲနေသောသူများ
  • ထိခိုက်ဒဏ်ရာရပြီးနောက် ဟင်းလင်းပွင့်ဒဏ်ရာ ဖြစ်နေသူများ
  • အဆစ်အစားထိုးခြင်းကဲ့သို့သော ခွဲစိတ်မှု ပြုလုပ်ထားသူများ
  • အရိုးကျိုးခြင်းကြောင့် သတ္တုချောင်း၊ သတ္တုပြား၊ မူလီများဖြင့် အရိုးခွဲစိတ်မှု ခံယူထားသူများ
  • အိပ်ရာနာ (Bed Sores) ရှိသူများ စသည်တို့ဖြစ်သည်။

ထို့အပြင် အောက်ပါနောက်ခံရောဂါရှိသူများတွင်လည်း အရိုးပိုးဝင်ခြင်းကို ပိုဆိုးစေသည်။

  • ကိုယ်ခံအားနည်းသူများ _ သွေးတွင်းသကြားဓာတ် ကောင်းစွာမထိန်းနိုင်သော ဆီးချိုဝေဒနာရှင်များ၊ ကျောက်ကပ်ဆေးနေရသော နာတာရှည်ကျောက်ကပ်ရောဂါသည်များ
  • ကိုယ်ခံအားနှိမ့်ချပေးသော ဆေးဝါးများ သောက်နေရသူများ၊ HIV/AIDS ဝေဒနာရှင်များ
  • ခြေ၊ လက် သွေးလွှတ်ကြောကျဉ်းရောဂါ ရှိသူများ _ သွေးလွှတ်ကြောများကျဥ်းနေသောကြောင့် ခြေလက်များသို့ သွေးကောင်းစွာ မရောက်ရှိခြင်းကြောင့်ဖြစ်သည်
  • အချို့သောသွေးရောဂါရှိသူများ (ဥပမာ _ ဆစ်ကယ်လ်ဆဲလ် သွေးအားနည်းရောဂါရှိသူများ)
  • မူးယစ်ဆေးသုံးစွဲသူများ _ ဆေးထိုးအပ်ဖြင့် အကြောဆေးသွင်း မူးယစ်ဆေးသုံးစွဲသူများသည် အရိုးပိုးဝင်နိုင်ခြေ ပိုများသည်
ရောဂါလက္ခဏာများ

ဖြစ်ပေါ်သည့် အမျိုးအစားနှင့် ပိုးဝင်ရောင်ရမ်းသည့် အရိုးပေါ်မူတည်၍ ရောဂါလက္ခဏာများ ကွာခြားမှုရှိသည်။

အထွေထွေလက္ခဏာများ
  • ဖျားခြင်း
  • ချမ်းတုန်ခြင်း
  • ချွေးထွက်များခြင်း
  • မအီမသာဖြစ်ခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
ပိုးဝင်သည့်အရိုးတွင် တွေ့ရသော လက္ခဏာများ
  • အပေါ်ယံအရေပြား အ‌ရောင်ပြောင်းခြင်း
  • နာကျင်ခြင်း၊ ရောင်ရမ်းခြင်း
  • အပေါ်ယံအရေပြား နီနေခြင်း၊ ပူနေခြင်း
  • ရောင်နေသောအရိုးအနီးရှိ အဆစ်များ လှုပ်ရှားရခက်ခဲခြင်း
  • ပြည် သို့မဟုတ် အရည်များ ထွက်နေခြင်း
အရိုးနေရာပေါ်မူတည်၍ တွေ့ရသော လက္ခဏာများ
  • လမ်းလျှောက်ရန် ခက်ခဲခြင်း၊ အ‌လေးအပင်မရန် ခက်ခဲခြင်း
  • ရုတ်တရက် ခြေထောက်ထော့နဲ့၍ သွားရခြင်း
  • ကျောရိုးထိခိုက်မှုရှိပါက နောက်ကျောတောင့်တင်းနေခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

ပဋိဇီဝပိုးသတ်ဆေးများပေးခြင်းအပါအဝင် ကုသမှုများကို သေချာစွာ အချိန်မီကုသမှု မပြုလုပ်ပါက အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သည်။

  • အရိုးတစ်ရှူးများပျက်စီးခြင်း (Osteonecrosis)
    • အရိုးပိုးဝင်ခြင်းဖြစ်ပါက အရိုးအတွင်းရှိသွေးစီးဆင်းမှုများကို ဖြတ်‌တောက်လိုက်ခြင်းကြောင့် အရိုးတစ်ရှူးများပျက်စီးခြင်းကို ဖြစ်စေသည်
    • ထိုသို့ဖြစ်ပါက ထိုတစ်ရှူးများကို ခွဲစိတ်ဖယ်ရှားရန် လိုအပ်သည်
  • အဆစ်အတွင်းပိုးဝင်ခြင်း (Septic arthritis)
    • အရိုးမှတစ်ဆင့် နီးစပ်ရာအဆစ်များအတွင်းသို့ ပိုးပျံ့နှံ့သွားနိုင်သည်
  • ပြည်တည်နာဖြစ်ခြင်း
    • အရိုးပိုးဝင်ခြင်းမှတစ်ဆင့် ပြည်အစုအဝေးဖြစ်လာနိုင်ပြီး ပြည်တည်နာဖြစ်လာသည်
  • ရောဂါ၏နောက်ဆက်တွဲကြောင့် အရိုးကျိုးခြင်း
  • အရိုးပုံပျက်ခြင်း
  • တီဘီပိုးကြောင့် ကျောရိုးထိခိုက်၍ပုံပျက်ခြင်း (Pott’s spine)
  • ခန္ဓာကိုယ်တစ်ခုလုံးသို့ ပိုးဆိပ်ပျံ့နှံ့ခြင်း
  • ကြီးထွားမှုနှောင့်နှေးခြင်း
    • ကလေးများ၏ အရိုးများသည် ကြီးထွားနေဆဲဖြစ်သောကြောင့် အရိုးများ ထိခိုက်မိပါက ကြီးထွားမှုနှောင့်နှေးခြင်းကို ဖြစ်စေသည်
  • အရေပြားကင်ဆာ ဖြစ်နိုင်ခြေများခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကာ ရောဂါကိုအတည်ပြုနိုင်ရန် အောက်ပါစစ်ဆေးမှုများကို အမြန်ဆုံးလုပ်ဆောင်မည်။

  • ဓာတ်ခွဲစစ်ဆေးမှုများ
    • သွေးပိုးမွေးခြင်း (Blood culture)
    • သွေးစစ်ဆေးခြင်း (CBC, ESR, CRP)
  • ပုံရိပ်ဖော်စစ်ဆေးမှုများ
    • ဓာတ်မှန်ရိုက်ခြင်း (X-ray)
      • ရောဂါစတင်ဖြစ်ပေါ်သည့် နှစ်ပတ်အတွင်း အရိုးဓာတ်မှန် ပုံမှန်ဖြစ်နေနိုင်သော်လည်း နောက်ပိုင်း၌ အရိုး၏ ပျက်စီးမှုအခြေအနေကို သိရှိနိုင်သည်
    • အာထရာဆောင်းရိုက်ခြင်း (USG)
      • ပြည်တည်နာဖြစ်ခြင်း၊ အရိုးဖုံးအမြှေးပါးအတွင်း အရည်စုခြင်းတို့ကို စောစီးစွာသိရှိနိုင်သည်
    • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
      • သံလိုက်စက်ကွင်းကိုအသုံးပြု၍ အရိုးများနှင့် ပတ်လည်ရှိ တစ်ရှူးများ၏ ပုံရိပ်များကို အသေးစိတ်သိရှိနိုင်သည်
    • ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
      • အရိုး၏တည်ဆောက်ပုံနှင့် ပျက်စီးမှုအခြေအနေကို ပို၍အသေးစိတ်သိရှိနိုင်သည်
    • ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်း (Bone scan)
      • ရေဒီယိုသတ္တိကြွ ဒြပ်ပမာဏ အနည်းငယ်ကို အသုံးပြုပြီး အရိုး၏ ပုံမမှန်သော နေရာများကို တွေ့ရှိနိုင်ရန် ကူညီပေးသည်
  • အရိုးအသားစယူစစ်ဆေးခြင်း (Bone biopsy) _ အသားစယူစစ်ဆေးခြင်းဖြင့် ပိုးဝင်ခြင်းကိုဖြစ်စေသော ရောဂါပိုးကို တိကျစွာ သိရှိနိုင်သည်။
ကုသခြင်း

ကုသမှုပေးရာတွင် အသက်အရွယ်၊ နောက်ခံကျန်းမာရေးအခြေအနေ၊ ရောဂါ၏အခြေအနေပေါ် မူတည်၍ ကုသမှုပေးရမည်ဖြစ်သည်။ ကုသမှု၏ဦးတည်ချက်သည် ရောဂါပိုးများကို သေစေရန်နှင့် အရိုးလုံးဝပျက်စီးခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ အရိုးနှင့်သက်ဆိုင်သော လှုပ်ရှားမှုများကို အနားပေးခြင်း၊ ဆေးဝါးများဖြင့် ကုသခြင်းတို့ဖြင့် သက်သာပျောက်ကင်းနိုင်ပြီး တစ်ခါတစ်ရံတွင် ခွဲစိတ်ကုသခြင်းကို အတူတွဲ၍ ကုသရသည်များလည်းရှိသည်။

ဆေးဝါးများဖြင့်ကုသခြင်း
  • ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း
    • ရောဂါအခြေအနေပေါ်မူတည်၍ ပဋိဇီဝပိုးသတ်ဆေးများကို ယေဘုယျအားဖြင့် (၄)ပတ် မှ (၆)ပတ်ကြာသည်အထိပေးရန် လိုအပ်သည်
    • အချို့သောအခြေအနေများတွင် ပို၍ကြာရှည်စွာပေးရနိုင်သည်
    • လူကြီးများနှင့် နှိုင်းယှဥ်လျှင် ကလေးများ၌ အရိုးပိုးဝင်ရောင်ရမ်းခြင်းသည် ပဋိဇီဝပိုးသတ်ဆေးများကိုတုံ့ပြန်မှု ပိုမိုကောင်းမွန်လေ့ရှိသည်
  • မှိုပိုးသတ်ဆေးများပေးခြင်း _ အချို့သောအခြေအနေများတွင် မှိုပိုးသတ်ဆေးများဖြင့် ကုသရသည်လည်းရှိသည်။ တစ်ခါတစ်ရံ လပေါင်းများစွာကြာသည်အထိ ပေးရန်လိုအပ်သည်။
  • အကိုက်အခဲပျောက်ဆေးနှင့် အရောင်ကျဆေးများပေးခြင်း – Paracetamol, Ibuprofen, Diclofenac စသည့် အကိုက်အခဲပျောက်ဆေးများကို နာကျင်မှုနှင့် ရောင်ရမ်းမှုများသက်သာစေရန် ပေးနိုင်သည်။
ခွဲစိတ်ကုသခြင်း
  • ထိခိုက်ဒဏ်ရာမှ ပြည်များ၊ အရည်များကို ဖယ်ရှားခြင်း
    • ထိခိုက်ဒဏ်ရာရှိသောနေရာကို ခွဲစိတ်၍ ပြည်များ သို့မဟုတ် အရည်များကို ဖယ်ရှားခြင်းဖြစ်သည်
  • ပျက်စီးနေသော အရိုးများ၊ တစ်ရှူးများကို ဖယ်ရှားခြင်း
    • ခွဲစိတ်၍ ရောဂါရှိနေသောအရိုးများကို ဖယ်ရှားခြင်းဖြစ်သည်
    • ရောဂါပိုးများ အလုံးစုံကင်းရှင်းစေရန် ဒဏ်ရာအနီးတွင်ရှိသော တစ်ရှူးအနည်းငယ်နှင့် ကျန်းမာသောအရိုးအနည်းငယ်ကိုပါ ဖယ်ရှားရနိုင်သည်
  • ပြင်ပအရာဝတ္ထုပစ္စည်းများရှိပါက ဖယ်ရှားခြင်း
    • ယခင်ပြုလုပ်ထားသော ခွဲစိတ်ကုသမှုများမှ ပစ္စည်းများဖယ်ရှားခြင်း (ဥပမာ _ အဆစ်အစားထိုးပစ္စည်းများ)
  • သွေးစီးဆင်းမှုပြန်လည်ကောင်းမွန်စေရန် ပြုပြင်‌ပေးခြင်း
    • ရောဂါပိုးဝင်၍ ပျက်စီးနေသော တစ်ရှူးများ၊ အရိုးများကို ဖယ်ရှားပြီးနောက် ခန္ဓာကိုယ်၏အခြားနေရာမှ တစ်ရှူးများနှင့် ပြန်လည်အစားထိုးခြင်းဖြစ်သည်
    • ထိုသို့ပြုလုပ်ခြင်းအားဖြင့် သွေးစီးဆင်းမှုများကို ပြန်လည်ကောင်းမွန်စေနိုင်သည်

အထက်ပါကုသမှုများ ပြီးသည့်နောက် လှုပ်ရှားမှု ပြန်လည်ကောင်းမွန်စေရန် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းနှင့် ကုထုံးများ လိုအပ်သည်။

ကာကွယ်ခြင်း

အရိုးပိုးဝင်ခြင်းကိုကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ဖြစ်ပွါးစေသည့်အချက်များကို ရှောင်ကြဥ်ခြင်းပင်ဖြစ်သည်။

  • ထိခိုက်ဒဏ်ရာရပါက အနာကို ရေနှင့်ဆပ်ပြာကို အသုံးပြု၍ သေချာစွာသန့်ရှင်းရေးလုပ်ပါ၊ အနည်းဆုံး (၅) မိနစ်ခန့်ကြာအောင် ဆေးရမည်
  • သန့်ရှင်းရေးပြုလုပ်ပြီးနောက် အနာကို ပိုးသတ်ထားသော ပတ်တီးစဖြင့် ဖုံးအုပ်ထားပါ
  • ဒဏ်ရာပြင်းထန်ပါက သို့မဟုတ် ဖျားခြင်း၊ နာခြင်းကဲ့သို့ ပိုးဝင်သည့်လက္ခဏာများ ပေါ်လာပါက မိသားစုဆရာဝန်နှင့် ချက်ချင်းပြသ၍ ကုသမှုခံယူပါ
  • အရိုးပိုးဝင်ခြင်းကို ပိုဆိုးစေသော နောက်ခံရောဂါအခြေအနေများ ရှိပါက သေချာစွာကုသမှုခံယူပါ (ဥပမာ _ ဆီးချိုရောဂါရှိသူများ)
  • အနာကျက်ခြင်း နှေးစေသည့် အပြုအမူများကို ရှောင်ကြဥ်ပါ (ဥပမာ _ ဆေးလိပ်သောက်ခြင်း)
  • ထိခိုက်ဒဏ်ရာရခြင်းမှကာကွယ်ရန် အလုပ်လုပ်စဥ်တွင် သင့်တော်သော အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ပါ

References:

  1. Cleveland Clinic. (2024). Osteomyelitis (bone infection). Retrieved April 26, 2026, from https://my.clevelandclinic.org/health/diseases/osteomyelitis-bone-infection
  2. Mayo Clinic. (2024). Osteomyelitis: Diagnosis and treatment. Retrieved April 26, 2026, from https://www.mayoclinic.org/diseases-conditions/osteomyelitis/diagnosis-treatment/drc-20375917
  3. National Center for Biotechnology Information. (2023). Osteomyelitis. In StatPearls. Retrieved April 26, 2026, from https://www.ncbi.nlm.nih.gov/books/NBK532250/
  4. Siloam Hospitals. (n.d.). Osteomyelitis: Causes, symptoms, treatments, and prevention. Retrieved April 26, 2026, from https://www.siloamhospitals.com/en/informasi-siloam/artikel/osteomyelitis-causes-symptoms-treatments-preventions

Published: 26 April 2025

Last updated: 8 May 2026

Share

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.