သွေးလွှတ်ကြောမကြီး (Aorta) သည် နှလုံးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ အောက်ဆီဂျင်ပြည့်ဝပြီး သန့်စင်သောသွေးများကို ပို့ဆောင်ပေးသော အကြီးဆုံးသွေးလွှတ်ကြောဖြစ်သည်။ ၎င်းသည် ဦးနှောက်၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ အူသိမ်၊ အူမကြီး၊ ခြေ၊ လက်စသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ သွေးများကို ဖြန့်ဖြူးပေးသည်။
သွေးလွှတ်ကြောမကြီး၏ အဆုံးပိုင်းဖြစ်သော ဝမ်းဗိုက်အတွင်းရှိ အစိတ်အပိုင်း ဖောင်းကားလာခြင်းကို Abdominal Aortic Aneurysm ဟုခေါ်သည်။ ၎င်းသည် သွေးလွှတ်ကြောနံရံ အားနည်းလာပြီး ဖောင်းကြွလာသော အခြေအနေဖြစ်ကာ မကုသပါက သွေးလွှတ်ကြောပေါက်ထွက်ခြင်း (rupture) ဖြစ်နိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရသောအခြေအနေ ဖြစ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သွေးလွှတ်ကြောမကြီး (Aorta) သည် အများအားဖြင့် ၎င်း၏အဆုံးပိုင်း ဝမ်းဗိုက်အတွင်း (Abdominal region) တွင် ရောင်ရမ်း ဖောင်းကားလာတတ်သည်။ ထိုသို့ သွေးလွှတ်ကြောမကြီး (Aorta) ဖောင်းလာခြင်း၏ အဓိကအကြောင်းရင်းများမှာ_
- သွေးတွင်းအဆီဓာတ် (Cholesterol) များခြင်းနှင့် သွေးလွှတ်ကြောနံရံများ (Arterial walls) တွင် အဆီများစုလာပြီး တဖြည်းဖြည်းမာကျောကာ ကွဲအက်လာခြင်း (Atherosclerosis)
- သွေးပေါင်ထိန်းရခက်ခဲသော နာတာရှည်သွေးတိုးရောဂါရှိခြင်း (Uncontrolled chronic hypertension)
- စိတ်ဖိစီးမှုများခြင်း (Mental stress)
- သွေးလွှတ်ကြောနံရံရောင်ရမ်းတတ်သော ရောဂါအခံရှိသူများ [ဥပမာ _ သွေးလေးဘက်နာရောဂါ (Systemic Lupus Erythematosus – SLE), Ehlers–Danlos syndromes, Marfan syndrome]
- ဘက်တီးရီးယားပိုး (Bacterial infection) နှင့် မှိုရောဂါ (Fungal infection) များ
- ရင်ဘတ်နှင့်ဝမ်းဗိုက် ထိခိုက်ဒဏ်ရာရရှိခြင်းတို့ဖြစ်သည်။
အထက်ပါအကြောင်းရင်းများအပြင် သွေးလွှတ်ကြောမကြီးဖောင်းခြင်း ပိုမိုဖြစ်ပွါးခံစားရနိုင်သူများမှာ_
- ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲသူများ
- အသက်အရွယ်ကြီးရင့်သူများ
- အမျိုးသားများ
- မိသားစုထဲတွင် အလားတူရောဂါဖြစ်ပွားခဲ့ဖူးသော ရာဇဝင်ရှိသူများ
- အနောက်တိုင်းသား လူဖြူများ
- ခန္ဓာကိုယ်အခြားနေရာများရှိ သွေးလွှတ်ကြောများ ရောင်ရမ်းကြီးထွားဖူးသူများဖြစ်သည်။
ရောဂါလက္ခဏာများ
ဤရောဂါဖြစ်ပွားသော လူနာအများစုသည် သွေးလွှတ်ကြောမကြီး ပေါက်ထွက်ချိန်မတိုင်မီအထိ မည်သည့်ရောဂါလက္ခဏာမှ မပြဘဲရှိတတ်သည်။ အချို့လူနာများတွင် အခြားရောဂါများအတွက် စစ်ဆေးရာမှ အမှတ်တမဲ့တွေ့ရှိခြင်းမျိုး ဖြစ်တတ်သည်။
သွေးလွှတ်ကြောမကြီး ပိုမိုကြီးထွားလာခြင်း သို့မဟုတ် ပေါက်ထွက်ခါနီးတွင် ခံစားရနိုင်သော ရောဂါလက္ခဏာများမှာ_
- ဝမ်းဗိုက်နာကျင်မှု _ ၀မ်းဗိုက်အတွင်းပိုင်း သို့မဟုတ် နောက်ကျောဘက်နှင့် ဗိုက်အောက်ပိုင်း၊ ပေါင်ခြံ၊ ခြေထောက်တို့တွင် နာကျင်ခြင်း
- ၀မ်းဗိုက်ရှေ့ဘက် ချက်ပတ်လည်တွင် သွေးခုန်နှုန်းအတိုင်း ခုန်နေသော အလုံးကို သတိထားမိခြင်း၊ စမ်းမိခြင်းတို့ဖြစ်သည်
နောက်ဆက်တွဲပြဿနာများ
သွေးလွှတ်ကြောမကြီးဖောင်းခြင်း၏ နောက်ဆက်တွဲပြဿနာများမှာ_
- သွေးလွှတ်ကြောမကြီး ပေါက်ထွက်ခြင်းနှင့်
- သွေးလွှတ်ကြောမကြီးဖောင်းရာမှ ဖြစ်ပေါ်လာတတ်သော သွေးခဲများ ပြုတ်ထွက်ပိတ်ဆို့ခြင်းတို့ဖြစ်သည်။
ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး ပေါက်ထွက်ပါက အောက်ပါလက္ခဏာများ ရုတ်တရက် ခံစားရနိုင်သည်။
- ပြင်းထန်စွာ ဗိုက်အောင့်ခြင်း _ ရုတ်တရက် ဗိုက်အောင့်နိုင်ပြီး၊ နာကျင်မှုသည် ဝမ်းဗိုက်၏ အောက်ပိုင်းမှ ခါးနှင့်ပေါင်ခြံအထိ ပျံ့နှံ့နိုင်သည်
- သွေးပေါင်ချိန်ကျခြင်း _ သွေးပေါင်ချိန် ရုတ်တရက်ကျဆင်းခြင်း၊ ခြေဖျား လက်ဖျားအေး၍ ချွေးစေးများထွက်လာခြင်း၊ သွေးလန့်ခြင်း (Shock) ဖြစ်နိုင်သည်
- ရုတ်တရက် အမောဖောက်လာခြင်း
- နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း
- သွေး၀မ်းသွားခြင်း
- သတိလစ်ခြင်း၊ မူးဝေခြင်းတို့ ဖြစ်နိုင်သည်။
သွေးခဲများ ပြုတ်ထွက် ပိတ်ဆို့ခြင်းကြောင့် အောက်ပါလက္ခဏာများ ရုတ်တရက် ခံစားရနိုင်သည်။
- ခြေထောက်တွင် ရုတ်တရက်နာကျင်ခြင်း၊ အေးစက်ခြင်း
- ခြေထောက်ထုံကျဥ်ခြင်း၊ အားနည်းခြင်း
- ခြေထောက်အရောင်ပြောင်းခြင်း
- ခြေထောက်တွင် သွေးခုန်နှုန်း (pulse) မရခြင်း
အထက်ဖော်ပြပါ ရောဂါလက္ခဏာများသည် အရေးကြီးပြီး အသက်အန္တရာယ်ရှိနိုင်သော အခြေအနေများဖြစ်သဖြင့် ဆေးရုံသို့ အမြန်ဆုံးသွားရောက် စစ်ဆေးကုသမှုခံယူရန် လိုအပ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများ ခံစားရလျှင် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ် ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ် ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန် လိုအပ်သည်။
အခြားရောဂါရှာဖွေရာမှ အမှတ်မထင်တွေ့ရှိလျှင် သို့မဟုတ် မိမိတွင် အဆိုပါရောဂါကို အခြားသူများထက် ပိုမိုခံစားရနိုင်သောအုပ်စုတွင် ပါ၀င်နေလျှင် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ လုပ်ဆောင်ပြီး ရောဂါဖြစ်နိုင်ခြေရှိပါက အောက်ပါ ရောဂါရှာဖွေခြင်းနည်းလမ်းများ အသုံးပြုလေ့ရှိသည်။
- ဝမ်းဗိုက်အာထရာဆောင်း (Ultrasound imaging – abdomen) ရိုက်ခြင်း
- ဝမ်းဗိုက်အတွင်းရှိ သွေးလွှတ်ကြောမကြီး၏ အရွယ်အစားနှင့် ပေါက်ထွက်ခြင်း ရှိမရှိကို သိရှိနိုင်သော ကနဦးစစ်ဆေးမှုဖြစ်သည်
- လတ်တလော ခွဲစိတ်ရန် မလိုအပ်သေးသော လူနာများနှင့် အဆိုပါရောဂါကို ပိုမိုခံစားဖြစ်ပွါးနိုင်သော အုပ်စုတွင် ပါဝင်သည့် လူနာများအတွက် သွေးလွှတ်ကြောမကြီး၏ အရွယ်အစား၊ ကြီးထွားနှုန်းကို သိရှိရန် ရိုးရှင်းလွယ်ကူ၍ နာကျင်မှုမရှိသော နည်းလမ်းအဖြစ် အသုံးပြုနိုင်သည်
- ရောဂါ ရှိမရှိ ကြိုတင်စစ်ဆေးခြင်း (Screening) နှင့် ပုံမှန်စောင့်ကြည့်ခြင်း (Surveillance) အားလုံးအတွက် အသုံးဝင်သည်
- ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT Aortogram)
- သွေးလွှတ်ကြောမကြီးတစ်ခုလုံး၏ အရွယ်အစားနှင့် ပေါက်ထွက်ခြင်း ရှိမရှိကို ပုံရိပ်ဖော်နည်းပညာဖြင့် ရှင်းလင်းစွာသိရှိနိုင်ပြီး ကုသမှုကို လွန်စွာအထောက်အကူပြုသည်
ကုသခြင်း
သွေးလွှတ်ကြောမကြီး ဖောင်းခြင်း (Aortic Aneurysm) ကို ကုသရာတွင် သွေးလွှတ်ကြောမကြီး၏ အရွယ်အစား၊ ကြီးထွားနှုန်း၊ ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများ ရှိမရှိအပေါ် မူတည်၍ ကုသမှုနည်းလမ်းများ ကွဲပြားသည်။ အောက်ပါတို့မှာ အဓိကကုသမှုနည်းလမ်းများဖြစ်သည်။
- ပုံမှန်စောင့်ကြည့်ခြင်း (Surveillance)
- အသုံးပြုသည့်အခြေအနေ
- သွေးလွှတ်ကြောမကြီး၏ အရွယ်အစား (အချင်း) သည် အမျိုးသားများတွင် (၅.၅) စင်တီမီတာအောက်နှင့် အမျိုးသမီးများတွင် (၅) စင်တီမီတာအောက်ရှိပြီး ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာ များမရှိပါက ခွဲစိတ်ရန် မလိုအပ်ပါ
- စောင့်ကြည့်နည်း
- အသုံးပြုသည့်အခြေအနေ
- အရေးပေါ်ခွဲစိတ်ခြင်း (Emergency Surgery)
- အသုံးပြုသည့်အခြေအနေ
- သွေးလွှတ်ကြောမကြီး၏ အရွယ်အစား (အချင်း) သည် အမျိုးသားများတွင် (၅.၅) စင်တီမီတာအထက် နှင့် အမျိုးသမီးများတွင် (၅) စင်တီမီတာအထက်ရှိလျှင် (သွေးလွှတ်ကြောမကြီး ပေါက်ထွက်နိုင်ခြေ မြင့်မားသဖြင့်)
- ရောဂါလက္ခဏာများ သို့မဟုတ် နောက်ဆက်တွဲပြဿနာများရှိလျှင်
- ခွဲစိတ်နည်းလမ်းများ
- ဝမ်းဗိုက်ဖွင့်ခွဲစိတ်ခြင်း (Open Surgery)
မေ့ဆေးအသုံးပြု၍ ဝမ်းဗိုက်ဖွင့်ကာ ကြီးနေသော သွေးလွှတ်ကြောမကြီးကို ဖယ်ရှားပြီး သွေးကြောတုဖြင့် အစားထိုးခွဲစိတ်ခြင်းဖြစ်သည်။ - Endovascular Aneurysm Repair (EVAR)
မေ့ဆေး သို့မဟုတ် ထုံဆေးကို အသုံးပြု၍ ပေါင်ရင်းရှိ ခြေထောက်သွေးလွှတ်ကြောမှတစ်ဆင့် ပြွန်ငယ်များအသုံးပြု၍ သွေးလွှတ်ကြောထောက်ကိရိယာ (Covered Endovascular Stent) ထည့်သွင်းခြင်း ဖြစ်သည်။ ဝမ်းဗိုက်ဖွင့်ခွဲစိတ်ရန် မသင့်သူများတွင် အသုံးပြုနိုင်သည်။- အားသာချက် _ နာကျင်မှုသက်သာ၍ ခွဲစိတ်ဒဏ်ရာသေးသည်
- အားနည်းချက် _ ကုန်ကျစရိတ်မြင့်မားသည်၊ လူနာ၏ ခန္ဓာဗေဒအနေအထားနှင့် သင့်လျော်မှုရှိမှသာ အသုံးပြုနိုင်သည်
- ဝမ်းဗိုက်ဖွင့်ခွဲစိတ်ခြင်း (Open Surgery)
- အသုံးပြုသည့်အခြေအနေ
- ဆေးဝါးဖြင့်ကုသခြင်း (Medical Management)
သွေးလွှတ်ကြောမကြီး ကြီးထွားမှုကို ထိန်းချုပ်ရန် သွေးပေါင်ချိန်ကို ထိန်းညှိပေးသည့် ဆေးဝါးများ (ဥပမာ – Beta-blockers, ACE inhibitors) ကို အသုံးပြုသည်။- အားသာချက် _ ခွဲစိတ်မှု မလိုအပ်ဘဲ ရောဂါအခြေအနေကို ထိန်းသိမ်းနိုင်သည်
ကာကွယ်ခြင်း
သွေးလွှတ်ကြောမကြီးဖောင်းခြင်း (Aortic Aneurysm) ရောဂါကို တိတိကျကျ ကာကွယ်ရန် မဖြစ်နိုင်သော်လည်း အောက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
- ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ
- သွေးတိုးရောဂါကို စနစ်တကျ ထိန်းချုပ်ပါ
- သွေးတွင်း ကိုလက်စရောဓာတ်ကို ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းပါ
- စိတ်ဖိစီးမှုကို လျှော့ချရန် အနားယူခြင်းနှင့် တရားထိုင်ခြင်းများ ပြုလုပ်ပါ
- အဆီနှင့်အငန်ဓာတ်လျှော့ပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ပိုမိုစားသုံးပါ
- ပုံမှန် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပါ
- မိသားစုတွင် ရောဂါရာဇဝင်ရှိပါက ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူပါ
References:
- Cleveland Clinic. (n.d.). Abdominal aortic aneurysm. Retrieved January 4, 2026, from https://my.clevelandclinic.org/health/diseases/7153-abdominal-aortic-aneurysm
- Mayo Clinic. (n.d.). Abdominal aortic aneurysm: Symptoms and causes. Retrieved January 4, 2026, from https://www.mayoclinic.org/diseases-conditions/abdominal-aortic-aneurysm/symptoms-causes/syc-20350688
- Cronenwett, J. L., & Johnston, K. W. (2014). Rutherford’s vascular surgery (8th ed.). Elsevier Saunders.
Published: 20 February 2025
Last updated: 18 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.