ကျောက်ကပ်ဆဲလ်ကင်ဆာသည် ကျောက်ကပ်ကင်ဆာအမျိုးအစားများထဲတွင် အဖြစ်အများဆုံးဖြစ်သည်။ ဤရောဂါသည် အသက်အရွယ်အားဖြင့် အသက်ကြီးသူများတွင် အများဆုံးတွေ့ရပြီး ကျောက်ကပ်တစ်ခု သို့မဟုတ် နှစ်ခုစလုံးတွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နိုင်သည်။ ကင်ဆာကို စတင်သိရှိချိန်တွင် ကင်ဆာဆဲလ်များ အခြားကိုယ်အင်္ဂါများသို့ ပျံ့နှံ့မှု ရှိမရှိပေါ် မူတည်၍ ကုသမှုအမျိုးအစား ကွဲပြားနိုင်သည်။ ကျောက်ကပ်ဆဲလ်ကင်ဆာသည် ပြင်းထန်သောရောဂါဖြစ်သော်လည်း စောစီးစွာ ရှာဖွေတွေ့ရှိပြီး ထိရောက်သောကုသမှုခံယူပါက ပျောက်ကင်းနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကျောက်ကပ်သည် ခါးကျောရိုး၏ ဘယ်ဘက်နှင့် ညာဘက်တွင် တစ်ခုစီရှိသော လက်သီးဆုပ်ခန့် အရွယ်အစားရှိသည့် ပဲစေ့သဏ္ဌာန် အင်္ဂါအစိတ်အပိုင်းတစ်စုံဖြစ်သည်။ ကျောက်ကပ်အတွင်း၌ သေးငယ်သော ပြွန်ချောင်းများ (Renal tubules) ရှိပြီး ထိုပြွန်ချောင်းများသည် ခန္ဓာကိုယ်အတွက် လိုအပ်သော ရေနှင့်အာဟာရများကို သွေးကြောထဲသို့ ပြန်လည်စုပ်ယူ ပို့ဆောင်ပေးပြီး ခန္ဓာကိုယ်မှမလိုအပ်သော အညစ်အကြေးများကို စွန့်ထုတ်ရာတွင် ကူညီပေးသည်။ ထိုပြွန်ချောင်းများနေရာတွင် ပုံမှန်မဟုတ်သော ကျောက်ကပ်ဆဲလ်များသည် ထိန်းချုပ်၍မရအောင် စတင်ကြီးထွားလာသောအခါ ကျောက်ကပ်ဆဲလ်ကင်ဆာ ဖြစ်ပေါ်လာသည်။
ကျောက်ကပ်ဆဲလ်ကင်ဆာ အမျိုးအစားများ
- အများဆုံးတွေ့ရသော Clear cell renal cell carcinoma (ccRCC)
- လက်ချောင်းသဏ္ဌာန် ထိုးထွက်နေသော Papillary renal cell carcinoma
- အရောင်ဖျော့ပြီး အရွယ်အစားကြီးမားသော Chromophobe renal cell carcinoma
- အမျိုးအစားခွဲခြားမရသော Unclassified renal cell carcinoma
ကျောက်ကပ်ဆဲလ်ကင်ဆာ ဖြစ်ပေါ်စေသော အကြောင်းရင်းကို အတိအကျ မသိရှိသော်လည်း ကျောက်ကပ်ဆဲလ်ကင်ဆာ ဖြစ်နိုင်ခြေများသော အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဆေးလိပ်သောက်ခြင်း
- အဝလွန်ခြင်း
- သွေးတိုးရောဂါ
- နာတာရှည် ကျောက်ကပ်ရောဂါ
- နာတာရှည် အသည်းရောင်အသားဝါ စီ ရောဂါ
- အကိုက်အခဲပျောက်ဆေးများကို ရေရှည်သုံးစွဲခြင်း (ဥပမာ – Ibuprofen၊ Acetaminophen)
- ဝမ်းဗိုက်တွင် ဓာတ်ရောင်ခြည်ကုသမှု ခံယူထားဖူးခြင်း
- ကင်ဆာဖြစ်စေနိုင်သော အရာများနှင့် ထိတွေ့မှုရှိခြင်း (ဥပမာ – Asbestos၊ Cadmium)
- မိဘမျိုးရိုးတွင် ကျောက်ကပ်ဆဲလ်ကင်ဆာရောဂါ ရှိခြင်း
- မျိုးဗီဇ ချို့တဲ့ခြင်း
- အခြားသော ကျောက်ကပ်ကင်ဆာများရှိခြင်း
- ကျောက်ကပ်၊ ဆီးလမ်းကြောင်းနှင့် ဆီးအိမ်အတွင်းနံရံရှိ ဆဲလ်များမှ ဖြစ်သော ကင်ဆာအမျိုးအစား (Transitional cell cancer)၊ ကျောက်ကပ်၏ သွေးကြောများနှင့် တွယ်ဆက်တစ်ရှူးများတွင် စတင်ဖြစ်သောကင်ဆာ (Renal sarcoma)၊ ကလေးဘဝတွင် ဖြစ်လေ့ရှိသောကင်ဆာ (Wilms tumour – nephroblastoma) စသည်တို့ဖြစ်ကြသည်။
ကျောက်ကပ်ဆဲလ်ကင်ဆာ အဆင့်သတ်မှတ်ခြင်း (Renal cell carcinoma staging)
ကျောက်ကပ်ဆဲလ်ကင်ဆာကို အဆင့် (၄) ဆင့် ခွဲခြားသတ်မှတ်ထားသည်။
- အဆင့် (၁) – ကင်ဆာကျိတ်သည် (၇) စင်တီမီတာအောက် သေးငယ်ပြီး ကျောက်ကပ်အတွင်း၌သာ ရှိသည်
- အဆင့် (၂) – ကင်ဆာကျိတ်သည် (၇) စင်တီမီတာထက် ကြီးလာသော်လည်း ကျောက်ကပ်အတွင်း၌သာ ရှိသည်
- အဆင့် (၃) – ကင်ဆာကျိတ်သည် အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပြီး ကျောက်ကပ်နှင့်ကပ်လျက်ရှိ တစ်ရှူးများ၊ သွေးကြောများ သို့မဟုတ် ပြန်ရည်ကျိတ်များသို့ ပျံ့နှံ့နေသည်
- အဆင့် (၄) – ကင်ဆာသည် ကျောက်ကပ်ပြင်ပရှိ ပြန်ရည်ကျိတ်များ သို့မဟုတ် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများ (အဆုတ်၊ အရိုး၊ အသည်း၊ ဦးနှောက်၊ သားဥအိမ်၊ ဝှေးစေ့) သို့ ပျံ့နှံ့နေသည်
အဆင့် (၁)၊ (၂)၊ (၃) ကို ကျောက်ကပ်နှင့် အနီးပတ်ဝန်းကျင်တွင်သာ ကန့်သတ်ဖြစ်ပေါ် နေသော ကင်ဆာ (Localized RCC) ဟု သတ်မှတ်ပြီး၊ အဆင့် (၄) ကို ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့နေသော ကင်ဆာ (Metastatic RCC) ဟု သတ်မှတ်သည်။
ဤအဆင့်များပေါ်မူတည်၍ သင့်တော်သော ကုသမှုအမျိုးအစားများ ရွေးချယ်နိုင်ပြီး၊ ကုသမှု၏ ရလဒ်အနေအထားများကိုလည်း တွက်ဆနိုင်သည်။

ရောဂါလက္ခဏာများ
ကျောက်ကပ်ဆဲလ်ကင်ဆာသည် အစောပိုင်းအဆင့်တွင် ရောဂါလက္ခဏာများ ပြလေ့မရှိသောကြောင့် စောစီးစွာသိရှိနိုင်ရန် ခက်ခဲသည်။ ကင်ဆာအကျိတ် ကြီးထွားလာသည့်အခါ အောက်ဖော်ပြပါ ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာနိုင်သည်။
- ဆီးထဲသွေးပါခြင်း (Hematuria) – ကျောက်ကပ်ဆဲလ်ကင်ဆာကြောင့် ဆီးထဲသွေးပါသည့်အခါ ကျောက်တည်ခြင်းကြောင့် သွေးပါခြင်းကဲ့သို့ နာကျင်မှုမရှိပေ
- ခါးကျောရိုးဘေးဘက် နံရိုးအောက် တစ်ဖက်တစ်ချက်တွင် နာကျင်ခြင်း (Flank pain)
- ဝမ်းဗိုက်၊ ခါးအောက်ပိုင်း သို့မဟုတ် ခါးကျောရိုး ဘေးဘက် တစ်ဖက်တစ်ချက်တွင် အလုံးစမ်းမိခြင်း (Lump in abdomen, lower back or flank)
- ကိုယ်အလေးချိန်ကျခြင်း (Unexplained weight loss)
- ဖျားခြင်း (Fever)
- ညဘက် ချွေးထွက်ခြင်း (Night sweats)
- နုံးနယ်ခြင်း (Fatigue) တို့ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲ ပြဿနာများ
အစောပိုင်းတွင်ကုသမှု မခံယူပါက ကျောက်ကပ်ပျက်စီးသွားနိုင်ပြီး ကိုယ်ခန္ဓာအခြားနေရာများသို့လည်း ပျံ့နှံ့သွားနိုင်သည်။ ကျောက်ကပ်ဆဲလ်ကင်ဆာ (RCC) သည် ဟော်မုန်းများ၊ ဟော်မုန်းနှင့်တူသော ပစ္စည်းများကို ထုတ်လုပ်နိုင်ပြီး၊ ကယ်လ်ဆီယမ်များခြင်း (Hypercalcemia)၊ သွေးနီဥများခြင်း (Erythrocytosis)၊ သွေးတိုးခြင်း (Hypertension) နှင့် အသည်းလုပ်ဆောင်မှုချို့ယွင်းခြင်း (Hepatic dysfunction) ကဲ့သို့သော ရောဂါလက္ခဏာများ ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြခဲ့သော ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ကာ ရောဂါရှာဖွေရန် အရေးကြီးသည်။ မိသားစုဆရာဝန်သည် လိုအပ်ပါက ကျွမ်းကျင်သူဆရာဝန်များထံ လွှဲပေးနိုင်သည်။ ထို့ပြင် ကင်ဆာရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်သည့်အတွက်၊ အထက်တွင် ဖော်ပြခဲ့သော ရောဂါဖြစ်နိုင်ခြေများသည့် အခြေအနေများတွင် ဆရာဝန်နှင့် တိုင်ပင်ကာ ပုံမှန် ရောဂါကြိုတင်စစ်ဆေးခြင်းများ ပြုလုပ်သင့်သည်။
ရောဂါရှာဖွေခြင်း
ကျောက်ကပ်ဆဲလ်ကင်ဆာသည် စောစီးစွာ ရောဂါလက္ခဏာပြလေ့မရှိသောကြောင့် ရောဂါကျွမ်းမှသာ ရောဂါရှာဖွေ တွေ့ရှိရတတ်သည်။ အများအားဖြင့် ရောဂါလက္ခဏာမပြမီ အခြားသော အကြောင်းရင်းတစ်ခုခုကြောင့် ပုံရိပ်ဖော်စစ်ဆေးခြင်း ပြုလုပ်သည့်အချိန်တွင် မတော်တဆ တွေ့ရလေ့ရှိသည်။ ကျောက်ကပ်ဆဲလ်ကင်ဆာရောဂါ ရှာဖွေရာတွင် အသုံးပြုနိုင်သည့် စစ်ဆေးမှုများမှာ အာထရာဆောင်း (USG) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ အသားစယူစစ်ဆေးခြင်း (Biopsy)၊ သွေးနှင့်ဆီးစစ်ဆေးခြင်းတို့ ဖြစ်ကြသည်။ ထို့အပြင် ရောဂါပြင်းထန်ပျံ့နှံ့မှုကို သိရှိနိုင်ရန် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ ပီအီးတီ စကင်န် (PET scan) ရိုက်ခြင်း၊ ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်း (Bone scan) တို့ကို ဆက်လက်ပြုလုပ်နိုင်သည်။
ကုသခြင်း
ကျောက်ကပ်ဆဲလ်ကင်ဆာအဆင့်များနှင့် လက်ရှိကျန်းမာရေးအခြေအနေပေါ် မူတည်၍ အောက်ပါကုသနည်းများဖြင့် ကုသနိုင်သည်။
- အဆင့် (၁) မှ (၃) အတွင်း ကျောက်ကပ်ဆဲလ်ကင်ဆာများ
- ခွဲစိတ်ကုသခြင်း
- အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ မပျံ့နှံ့သေးသောကြောင့် ခွဲစိတ်ကုသခြင်းသည် အဓိကကုသမှုဖြစ်သည်
- ကျောက်ကပ်တစ်ခုလုံးနှင့် အနီးပတ်ဝန်းကျင်ရှိ တစ်ရှူးများကို ဖယ်ရှားခြင်း (Radical Nephrectomy)၊ ကင်ဆာအကျိတ်သေးငယ်ပါက ကျောက်ကပ်၏ အစိတ်အပိုင်းအချို့ကိုသာ ဖယ်ရှားခြင်း (Partial Nephrectomy) တို့ပြုလုပ်ပြီး ကျန်ရှိနေသော၊ ကျန်းမာသည့် ကျောက်ကပ်တစ်လုံးဖြင့်သာ ဆက်လက်နေထိုင်နိုင်သည်၊ ကျောက်ကပ်အကျိတ်သည် သေးငယ်ပါက ကျောက်ကပ်၏ အစိတ်အပိုင်းအချို့ကိုသာ ဖြတ်ထုတ်ဖယ်ရှားခြင်း (Partial Nephrectomy) ပြုလုပ်နိုင်သည်
- အကယ်၍ ခွဲစိတ်ကုသရန် မသင့်တော်သူများအနေဖြင့် အောက်ဖော်ပြပါကုသမှုများ ပြုလုပ်နိုင်သည်
- ကင်ဆာဆဲလ်များကို အေးခဲအောင်ပြုလုပ်၍ သေစေခြင်း (Cryotherapy)
- ဓာတ်ရောင်ခြည်လှိုင်းကို အသုံးပြု၍ ကင်ဆာဆဲလ်များကို လောင်ကျွမ်းသေဆုံးစေခြင်း (Radiofrequency Ablation)
- ခွဲစိတ်ကုသပြီးနောက် ကင်ဆာပြန်လည်ဖြစ်ပေါ်ခြင်း ရှိမရှိ စောင့်ကြည့်ရန် လိုအပ်ပြီး၊ ကုသမှုခံယူပြီး (၅) နှစ်အတွင်း ဆရာဝန်၏ ညွှန်ကြားချက်များအတိုင်း စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်
- ခွဲစိတ်ကုသခြင်း
- အဆင့် (၄) – ကင်ဆာဆဲလ်များ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နေသော အဆင့် (Metastatic RCC)
- ခွဲစိတ်ကုသခြင်း
- ကျောက်ကပ်ဆဲလ်ကင်ဆာသည် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့ပြီးဖြစ်ပါက အထက်တွင်ဖော်ပြခဲ့သည့် ခွဲစိတ်ကုသခြင်းသည် ကင်ဆာရောဂါကို အမြစ်ပြတ်မဖယ်ရှားနိုင်သော်လည်း ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်
- အခြားကုသမှုနည်းလမ်းများမှာ_
- ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
- ကင်ဆာဆဲလ် သီးသန့် ပစ်မှတ်ထား ကုသခြင်း (Targeted Therapy)
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiotherapy)
- ကင်ဆာကုဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy) တို့ဖြစ်သည်
- ဤကုသမှုနည်းလမ်းများကို တစ်မျိုးတည်း သို့မဟုတ် ပေါင်းစပ်ကုထုံးအနေဖြင့် အသုံးပြုနိုင်သည်
- ခွဲစိတ်ကုသခြင်း
ရောဂါရလဒ်ခန့်မှန်းချက်
ကျောက်ကပ်ဆဲလ်ကင်ဆာရောဂါသည် စောစီးစွာရှာဖွေတွေ့ရှိပါက ရောဂါပျောက်ကင်းအောင် ကုသနိုင်သည်။ ကင်ဆာရောဂါစတင်တွေ့ရှိသည့် အဆင့်အပေါ်တွင် မူတည်၍ (၅) နှစ်တာ ပျမ်းမျှအသက်ရှင်သန်နိုင်မှုနှုန်းများ (5 year survival rate) အောက်ပါအတိုင်း ကွဲပြားနိုင်သည်။
| ကင်ဆာအဆင့် (Cancer stage) | (၅) နှစ်တာ အသက်ရှင်သန်နိုင်မှုနှုန်း (5 year survival rate) |
|---|---|
| အဆင့် (၁) | ၉၀ ရာခိုင်နှုန်း |
| အဆင့် (၂) | ၅၀ ရာခိုင်နှုန်း |
| အဆင့် (၃) | ၃၀ ရာခိုင်နှုန်း |
| အဆင့် (၄) | ၅ ရာခိုင်နှုန်း |
ကင်ဆာဆဲလ်များ အခြားအစိတ်အပိုင်းများသို့ ပျံနှံ့သွားသောအဆင့်ဖြစ်ပါက ပျောက်ကင်းအောင် ကုသ၍ မရနိုင်သော်လည်း ကင်ဆာဆဲလ် သီးသန့်ပစ်မှတ်ထား ကုသသည့် ပိုမိုကောင်းမွန်သော နည်းလမ်းများကို ရှာဖွေတွေ့ရှိလာသည်နှင့်အမျှ ယခင်ကထက် ပိုမိုအသက်ရှည်ရှည် နေထိုင်လာနိုင်ကြပြီဖြစ်သည်။
ကာကွယ်ခြင်း
ကျောက်ကပ်ဆဲလ်ကင်ဆာရောဂါကို အပြည့်အဝ ကာကွယ်၍ မရသော်လည်း အောက်ဖော်ပြပါ အချက်များကို လိုက်နာခြင်းဖြင့် ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်သည်။
- ဆေးလိပ်ဖြတ်ခြင်း
- ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
- သွေးပေါင်ချိန် ထိန်းသိမ်းခြင်း
- ကင်ဆာဖြစ်စေနိုင်သောအရာများ (ဓာတုဗေဒဆေးများ၊ ဓာတ်ရောင်ခြည်) နှင့် ထိတွေ့မှု မရှိအောင် နေထိုင်ခြင်း
- အကိုက်အခဲပျောက်ဆေးများကို မလိုအပ်ဘဲ ရက်ရှည်သောက်သုံးခြင်းမှ ရှောင်ကြဥ်ခြင်း
- ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း
References:
- Cleveland Clinic. (2023). Renal cell carcinoma. Retrieved February 10, 2026, from https://my.clevelandclinic.org/health/diseases/24906-renal-cell-carcinoma
- American Cancer Society. (n.d.). What is kidney cancer? Retrieved February 10, 2026, from https://www.cancer.org/cancer/types/kidney-cancer/about/what-is-kidney-cancer.html
- Healthline. (n.d.). Renal cell carcinoma. Retrieved February 10, 2026, from https://www.healthline.com/health/renal-cell-carcinoma
- WebMD. (n.d.). Renal cell carcinoma. Retrieved February 10, 2026, from https://www.webmd.com/cancer/renal-cell-carcinoma
Published: 19 February 2025
Last updated: 20 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.