Anal fissure (စအိုကွဲနာ)

Anal fissure (စအိုကွဲနာ)

စအိုကွဲနာ (Anal Fissure) ဆိုသည်မှာ စအိုအတွင်းနံရံအမြှေးပါးကွဲကာ အနာဖြစ်ခြင်းဖြစ်ပြီး များသောအားဖြင့် ဝမ်းသွားစဉ် မခံမရပ်နိုင်အောင်နာကျင်ခြင်းနှင့် သွေးထွက်ခြင်းကို ဖြစ်စေသည်။ စအိုကွဲနာများသည် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ပြီး၊ ဝမ်းချုပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများကြောင့် အဖြစ်များသည်။ ဖြစ်ပွါးရသော အကြောင်းရင်းများ၊ လက္ခဏာများနှင့် ကုသမှုနည်းလမ်းများကို သေချာစွာ နားလည်ခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ပြီး မြန်မြန်သက်သာစေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

စအိုကွဲနာများသည် အသက် (၁) နှစ်အောက် ကလေးငယ်များနှင့် သက်လတ်ပိုင်းအရွယ် လူကြီးများတွင် အဖြစ်များသည်။

စအိုကွဲနာဖြစ်ပေါ်ရသည့် အဓိကအကြောင်းရင်းများမှာ_

  • တာရှည်ဝမ်းချုပ်ခြင်း _ ဝမ်းမာခြင်းနှင့် ဝမ်းသွားရာတွင် ညှစ်အားသုံးရခြင်းကြောင့် စအိုလမ်းကြောင်း စုတ်ပြဲနိုင်သည်
  • မာကျော၍ အရွယ်အစားကြီးသော ဝမ်းတုံး (စမြည်းတုံး) များ ညှစ်ချရခြင်း _ ဝမ်းမာပြီး အရွယ်အစားကြီးလျှင် စအိုဝကို ထိခိုက်စေနိုင်သည်
  • စအိုဖြင့် လိင်ဆက်ဆံခြင်း (Anal intercourse) _ စအိုလမ်းကြောင်းကို ထိခိုက် ပွန်းပဲ့ စေနိုင်သည်
  • စအိုအတွင်းသို့ အရာဝတ္ထုများ ထိုးသွင်းခြင်း (Anal penetration) _ စအိုလမ်းကြောင်းကို ပွန်းပဲ့စေနိုင်သည်
  • ကလေးမွေးဖွားခြင်း _ မွေးဖွားစဉ် စအိုလမ်းကြောင်းကို ဖိအားသက်ရောက်မှု များသောကြောင့် အနာဖြစ်နိုင်သည်
  • ကာလရှည် ဝမ်းလျှောခြင်း (Chronic diarrhoea) _ ဝမ်းသွားသည့် အကြိမ်ရေများပြီး စအိုဝကို ပွန်းပဲ့စေနိုင်သည်

ထို့အပြင် နာတာရှည် အူရောင်ရမ်းနာရောဂါများ (ဥပမာ – Crohn’s disease)၊ စအိုကင်ဆာHIV/AIDS ရောဂါတီဘီရောဂါကာလသားရောဂါဆီးချိုရောဂါ စသည့်ရောဂါများကြောင့်လည်း စအိုကွဲနာ ဖြစ်ပေါ်တတ်သည်။ စအိုတစ်ဝိုက် ခွဲစိတ်ကုသမှု ခံယူဖူးခြင်း၊ အာဟာရ ချို့တဲ့ခြင်းများကြောင့်လည်း ဖြစ်နိုင်သည်။

ရောဂါလက္ခဏာများ

လတ်တလောဖြစ်သော စအိုကွဲနာ (Acute anal fissure) နှင့် နာတာရှည် စအိုကွဲနာ (Chronic anal fissure) ဟူ၍ (၂) မျိုးရှိသည်။

ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဝမ်းသွားစဥ် မခံမရပ်နိုင်အောင် နာကျင်ခြင်း
  • ဝမ်းသွားပြီးနောက် နာရီပေါင်းများစွာ ကြာအောင် စအိုတစ်ဝိုက် နာကျင်ကိုက်ခဲခြင်း
  • ဝမ်းတုံးပေါ်တွင် နီရဲလတ်ဆတ်သော သွေးများ ကပ်ပါခြင်း သို့မဟုတ် အိမ်သာသုံးစက္ကူပေါ်တွင် သွေးတွေ့ရှိခြင်း
  • စအိုဝတစ်ဝိုက်တွင် ကွဲနေသော အနာတွေ့ခြင်း
  • ယင်းအနာအနီး စအိုဝတွင် အသားပို သို့မဟုတ် သေးငယ်သော အဖုတွေ့ခြင်း စသည်တို့ဖြစ်သည်။

ထို့အပြင် အောက်ပါလက္ခဏာများလည်း တွေ့ရနိုင်သည်။

  • စအိုတစ်ဝိုက် ယားယံခြင်း
  • စအိုတစ်ဝိုက် ‌ရောင်ရမ်းခြင်း
  • ဝမ်းသွားရန် ကြောက်ရွံ့ခြင်း
နောက်ဆက်တွဲပြဿနာများ

စအိုကွဲနာ မကျက်ဘဲ နာတာရှည်စအိုကွဲနာ (Chronic anal fissure) ဖြစ်ပွါးပါက နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ ထိုပြဿနာများမှာ_

  • စအိုကြွက်သားများ ကြွက်တက်ခြင်း _ နာကျင်သဖြင့် စအိုကြွက်သားများ ညှစ်ထားရာမှ သွေးစီးဆင်းမှု မလုံလောက်ခြင်း၊ အနာကို ဆွဲဟထားသကဲ့သို့ ဖြစ်ခြင်းတို့ကြောင့် အနာကျက်နှေးလာသည်၊ ထိုအခါ ပိုမိုနာကျင်လာပြီး စအိုကွဲနာ မကျက်သည့် အဆိုးသံသရာလည်စေသည်
  • ဝမ်းမသွားနိုင်ဘဲ ဝမ်းတုံးမာများ ပိတ်ဆို့ခြင်း (Fecal impaction) _ ဝမ်းချုပ်ခြင်းကြောင့် ဝမ်းတုံးများ ပိတ်ဆို့ကာ ဝမ်းသွားရန် ခက်ခဲခြင်း
  • စအိုဝ ကျဉ်းခြင်း (Anal stenosis) _ အနာကျက်ပြီးနောက် စအိုဝတစ်ရှူးများ မာလာကာ စအိုဝကျဉ်းသွားခြင်း
  • စအိုဝတွင် ဂရင်ဂျီနာဖြစ်ခြင်း (Anal fistula) _ အနာမှ ပြည်တည်ပြီး အခြားနေရာသို့ လမ်းကြောင်းဖြစ်ကာ ပိုးဝင်ခြင်း

ထို့အပြင် အောက်ပါ နောက်ဆက်တွဲပြဿနာများလည်း ဖြစ်ပေါ်နိုင်သည်။

  • စအိုတစ်ဝိုက် ပိုးဝင်ခြင်း _ အနာမှတစ်ဆင့် ဘက်တီးရီးယားပိုးများ ဝင်ရောက်နိုင်သည်
  • စအိုတစ်ဝိုက် နာကျင်မှု ပိုမိုဆိုးရွားလာခြင်း _ အနာမကျက်ဘဲ နာတာရှည်ဖြစ်ပါက နာကျင်မှုကို ပိုမိုခံစားရနိုင်သည်
  • စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ _ နာကျင်မှုနှင့် ဝမ်းသွားရန် ကြောက်ရွံ့ခြင်းတို့ကြောင့် စိတ်ဖိစီးမှုများ ဖြစ်ပေါ်နိုင်သည်

ထို့ကြောင့် စအိုကွဲနာကို စောစီးစွာ ကုသမှုခံယူပါက နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်အောင် ကာကွယ်နိုင်မည်ဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

စအိုကွဲနာရောဂါကို ရှာဖွေရန် အောက်ပါနည်းလမ်းများဖြင့် စမ်းသပ်စစ်ဆေးရန် လိုအပ်သည်။

  • ရောဂါလက္ခဏာရာဇဝင်များ မေးမြန်းခြင်း
    • လူနာ၏ ဝမ်းသွားပုံ၊ နာကျင်မှုအခြေအနေ၊ သွေးပါခြင်း၊ အခြားရောဂါများ ရှိမရှိ စသည့်လက္ခဏာများကို စနစ်တကျ မေးမြန်းသည်
  • လူနာအား စမ်းသပ်ခြင်း
    • လူနာအား စမ်းသပ်ရာတွင် ဘေးတစ်စောင်းအနေအထားဖြင့် တင်ပါး (၂) ဖက်အား ညင်သာစွာ ဆွဲပြီး စအိုဝတွင် အနာရှိမရှိ ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်
    • ယင်းသို့ပြုလုပ်ရာတွင် မခံမရပ်နိုင်အောင် နာကျင်ပါက ဆရာဝန်အား အသိပေးပြောကြားရန် လိုအပ်သည်
    • ဆရာဝန်သည် စစ်ဆေးမှုအား ရပ်တန့်ကာ စအိုကွဲနာ ရှိနေနိုင်ကြောင်း ယူဆနိုင်သည်
  • လက်ချောင်းဖြင့် စအိုအတွင်း စစ်ဆေးခြင်း (Digital rectal examination)
    • စစ်ဆေးမှုကို ခံနိုင်ရည်ရှိသည်ဟု ယူဆပါက ချောဆီသုတ်ထားသော လက်အိတ်စွပ်ထားသည့် လက်ညှိုးဖြင့် စအိုလမ်းကြောင်းအတွင်းသို့ ညင်သာစွာ ထည့်သွင်းကာ စမ်းသပ်သည်
  • စအိုကြည့်မှန်ပြောင်းဖြင့် စမ်းသပ်စစ်ဆေးခြင်း (Anoscopy)
    • စအိုလမ်းကြောင်းအတွင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်
  • အူမကြီး မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Colonoscopy)
    • အထူးသဖြင့် အသက် (၄၅) နှစ်အထက်ရှိသူများ၊ အူမကြီးကင်ဆာ ဖြစ်ပွါးနိုင်ခြေများသူများ သို့မဟုတ် အခြားရောဂါလက္ခဏာများ ခံစားရသူများတွင် စစ်ဆေးရန် လိုအပ်သည်

ဤနည်းလမ်းများဖြင့် စအိုကွဲနာကို အတိအကျ ရှာဖွေနိုင်ပြီး လိုအပ်သော ကုသမှုများ ခံယူနိုင်သည်။

ကုသခြင်း

လတ်တလောဖြစ်သော စအိုကွဲနာအများစုသည် ရက်သတ္တပတ်အနည်းငယ်အတွင်း အနာကျက်သွားလေ့ရှိပြီး နာတာရှည် စအိုကွဲနာများတွင်မူ အနာကျက်ရန် အနည်းဆုံး (၈) ပတ်ခန့် ကြာမြင့်လေ့ရှိသည်။

စအိုကွဲနာ ကုသနည်းများမှာ_

  1. ဆေးဝါးများဖြင့် ကုသခြင်း
  2. ခွဲစိတ်ကုသခြင်းတို့ဖြစ်သည်။

ထို့အပြင် အူလမ်းကြောင်းရောင်ရမ်းခြင်း၊ တီဘီရောဂါ စသည့် အခြားရောဂါများကြောင့် စအိုကွဲနာ ဖြစ်ပွါးပါက ယင်းရောဂါများအား ဆက်လက် ရှာဖွေကုသရန် လိုအပ်သည်။

  1. ဆေးဝါးများဖြင့် ကုသခြင်း
    • Nitroglycerin လိမ်းဆေး (Nitroglycerin ointment)
      (စအိုဝရှိ ဝမ်းထိန်းကြွက်သားများကို ပြေလျော့စေကာ အနာတစ်ဝိုက်ရှိ သွေးကြောများကို ကျယ်စေခြင်းဖြင့် အနာကျက်မြန်စေသည်)
    • Calcium channel blockers ပါသော လိမ်းဆေးများ
      (သွေးကြောများနှင့် ဝမ်းထိန်းကြွက်သားများကို ပြေလျော့စေခြင်းဖြင့် အနာကျက်မြန်စေသည်)
    • စတီးရွိုက်လိမ်းဆေးများ (Topical steroids)
      (အနာတစ်ဝိုက် ရောင်ရမ်းမှုကို လျှော့ချရန် အသုံးပြုနိုင်သည်)
    • ပိုးသတ်ဆေးလိမ်းဆေးများ (Antibiotic ointments)
      (အနာပိုးဝင်ပါက ပိုးသတ်ဆေးလိမ်းဆေးများ အသုံးပြုနိုင်သည်)
    • ဘိုတောက်စ် ထိုးခြင်း (Botox injection)
      [စအိုဝရှိ ဝမ်းထိန်းကြွက်သားအတွင်း ဘိုတောက်စ်ထိုးခြင်းဖြင့် ထိုကြွက်သားများကို လပိုင်းခန့် (၃) လခန့် ယာယီ ပြေလျော့စေသည်]
    • ဝမ်းပျော့ဆေးများ (Stool softener)
      (ဝမ်းမာမာသွားခြင်း သက်သာစေရန် အသုံးပြုသည်)
    • အကိုက်အခဲပျောက်ဆေးများ (Pain relievers)
      (ဥပမာ – Paracetamol, Ibuprofen ကဲ့သို့သော ဆေးများကို နာကျင်မှုသက်သာစေရန် အသုံးပြုနိုင်သည်)
  2. ခွဲစိတ်ကုသခြင်း
    • နာတာရှည် စအိုကွဲနာများ
    • ဆေးဝါးများဖြင့် မသက်သာသော စအိုကွဲနာများနှင့်
    • ပြင်းထန်သော ရောဂါလက္ခဏာများ ရှိပါက ခွဲစိတ်ကုသရန် လိုအပ်သည်။

အထူးသဖြင့် ခွဲစိတ်ကုသခြင်းသည် နာတာရှည်စအိုကွဲနာများတွင် ပိုမိုထိရောက်သည်။ စအိုဝရှိ အတွင်းဝမ်းထိန်းကြွက်သား အစိတ်အပိုင်းအနည်းငယ်ကို ဖြတ်ခြင်းဖြင့် ကြွက်သားပြေလျော့စေကာ နာကျင်မှုကို သက်သာစေပြီး အနာကျက်မြန်စေသည်။ သို့သော် ဝမ်းမထိန်းနိုင်ခြင်း ဖြစ်ပွါးနိုင်ခြေ အနည်းငယ်ရှိသည်။

ကာကွယ်ခြင်း

ဝမ်းချုပ်ခြင်းသည် စအိုကွဲနာဖြစ်စေသော အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ဝမ်းမချုပ်စေရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။

  1. ဝမ်းကို ညှစ်၍သွားတတ်သည့် အကျင့်ကို ရှောင်ကြဉ်ခြင်း
    • ဝမ်းသွားသည့်အခါ ညှစ်အားသုံးပြီး ဝမ်းသွားခြင်းသည် စအိုဝနှင့် စအိုလမ်းကြောင်းကို ထိခိုက်စေနိုင်သည်
    • ထို့ကြောင့် ဝမ်းညှစ်သွားတတ်သည့် အကျင့်ကို ရှောင်ကြဉ်ပြီး သဘာဝအတိုင်း ဝမ်းသွားရန် ကြိုးစားသင့်သည်
  2. အမျှင်ဓာတ်များသည့် အစားအစာများ စားသုံးခြင်း
    • အမျှင်ဓာတ်သည် ဝမ်းပျော့စေပြီး ဝမ်းမှန်စေသည်
    • ထို့ကြောင့် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို များများစားသုံးသင့်သည်
      ဥပမာ_
      • ဟင်းသီးဟင်းရွက်များ (ဥပမာ _ ဟင်းနုနယ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ)
      • သစ်သီးများ (ဥပမာ _ ပန်းသီး၊ သစ်တော်သီး၊ ငှက်ပျောသီး)
      • ပဲအမျိုးမျိုး (ဥပမာ _ ကုလားပဲ၊ မတ်ပဲ၊ ပဲကြီး)
      • ဂျုံကြမ်းပေါင်မုန့်၊ ဆန်လုံးညိုစသည့် ကောက်နှံစာများ
  3. ရေများများ သောက်သုံးခြင်း
    • ရေဓာတ်ခမ်းခြောက်ခြင်းသည် ဝမ်းချုပ်စေနိုင်သည်
    • ထို့ကြောင့် တစ်နေ့လျှင် ရေ (၈)ခွက် မှ (၁၀)ခွက်အထိ သောက်သုံးသင့်သည်။ ရေဓာတ်ပြည့်ဝခြင်းသည် ဝမ်းပျော့စေပြီး ဝမ်းသွားရာတွင် လွယ်ကူစေသည်
  4. ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း
    • ကိုယ်လက်လှုပ်ရှားမှုသည် အူလှုပ်ရှားမှုကို အားပေးပြီး ဝမ်းမှန်စေသည်
    • ထို့ကြောင့် လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း၊ စက်ဘီးစီးခြင်းစသည့် လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်သင့်သည်
  5. ဝမ်းသွားပြီးတိုင်း သန့်ရှင်းရေး ဂရုစိုက်ခြင်း
    • ဝမ်းသွားပြီးတိုင်း စအိုဝနှင့် စအိုလမ်းကြောင်းကို သန့်ရှင်းရေး ဂရုစိုက်ရမည်
    • စအိုဝတွင် ပွတ်တိုက်မိခြင်း၊ ယားယံခြင်းများ မဖြစ်စေရန် ဂရုပြုရမည်
  6. ဝမ်းသွားချင်စိတ်ကို အောင့်မထားခြင်း
    • ဝမ်းသွားချင်စိတ်ဖြစ်ပေါ်လာပါက ချက်ချင်းသွားသင့်သည်
    • ဝမ်းသွားချင်စိတ်ကို အောင့်ထားခြင်းသည် ဝမ်းချုပ်စေပြီး စအိုကွဲနာဖြစ်စေနိုင်သည်

ဤအချက်များကို လိုက်နာခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပြီး စအိုကွဲနာဖြစ်ပွါးမှုကို လျှော့ချနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

References:

  1. UpToDate. (n.d.). Anal fissure: The basics. Retrieved January 4, 2026, from https://www.uptodate.com/contents/anal-fissure-the-basics?search=anal%20fissure&topicRef=2543&source=see_link
  2. Cleveland Clinic. (2024). Anal fissures. Retrieved January 4, 2026, from https://my.clevelandclinic.org/health/diseases/13177-anal-fissures
  3. Mayo Clinic. (n.d.). Anal fissure: Diagnosis and treatment. Retrieved January 4, 2026, from https://www.mayoclinic.org/diseases-conditions/anal-fissure/diagnosis-treatment/drc-20351430

Published: 18 February 2025

Last updated: 18 March 2026

Share

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.