အမျိုးသမီးများ ဓမ္မတာမပေါ်မီ တွေ့ကြုံခံစားရသော ဝေဒနာလက္ခဏာစုတွင် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ သို့မဟုတ် နှစ်မျိုးစလုံးလည်း ပါဝင်နိုင်သည်။ ဓမ္မတာဖြစ်ပေါ်သော အမျိုးသမီး (၄) ဦးအနက် (၃) ဦးတွင် ထိုလက္ခဏာများကို ခံစားရနိုင်သည်။ အမျိုးသမီး (၁၀၀) ဦးတွင် (၃)ဦး မှ (၈)ဦးအထိ သိသာထင်ရှားသော လက္ခဏာများကို ခံစားရလေ့ရှိသည်။ သတိထားမိရုံမျှ ခံစားရသော လက္ခဏာများရှိသကဲ့သို့ နေ့စဉ်လူနေမှုဘဝကို အနှောင့်အယှက်ဖြစ်သည်အထိ ဆိုးရွားစွာ ခံစားရသည့် လက္ခဏာများလည်းရှိသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဓမ္မတာမပေါ်မီ တွေ့ကြုံခံစားရသော ဝေဒနာလက္ခဏာစုသည် အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်။
- ဓမ္မတာစက်ဝန်းအတွင်း ဟော်မုန်းများ ပြောင်းလဲမှုဖြစ်ခြင်း (Cyclic Changes in Hormones)
ဓမ္မတာစက်ဝန်း၏ အချိန်ကိုလိုက်၍ မဟော်မုန်းများ၏ ပမာဏများ မတူညီကြပါ။ သားဥကြွေပြီးနောက် အီစတိုဂျင်ဟော်မုန်းနှင့် ပရိုဂျက်စတီရုန်းဟော်မုန်းများ လျော့ကျသွားလေ့ရှိပြီး ထိုအချိန်တွင် ဓမ္မတာမပေါ်မီ ဝေဒနာလက္ခဏာများကို တွေ့ကြုံခံစားရတတ်သည်။ သို့သော် ဓမ္မတာပေါ်ပြီးရက်များတွင် ဟော်မုန်းပမာဏ ပုံမှန်ပြန်ဖြစ်လာသောကြောင့် ထိုလက္ခဏာများ ပျောက်ကွယ်သွားသည်။ ကိုယ်ဝန်ရှိနေချိန်နှင့် သွေးဆုံးပြီးချိန်များတွင် ထိုလက္ခဏာများကို တွေ့ရလေ့မရှိပါ။ - ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်း ပြောင်းလဲမှုဖြစ်ခြင်း (Chemical Changes in the Brain)
ဦးနှောက်အတွင်းရှိ အာရုံခံဓာတုပစ္စည်းတစ်မျိုးဖြစ်သော စီရိုတိုနင် (Serotonin) ပမာဏ အပြောင်းအလဲ၊ အတက်အကျကြောင့်လည်း ဓမ္မတာမပေါ်မီ ဝေဒနာလက္ခဏာများကို တွေ့ကြုံခံစားရသည်။ အထူးသဖြင့် စီရိုတိုနင်ပမာဏ မလုံလောက်ခြင်းကြောင့် ဓမ္မတာမပေါ်မီ စိတ်ဓာတ်ကျခြင်း၊ နွမ်းနယ်ခြင်း၊ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေတတ်သည်။ - စိတ်ဓာတ်ကျခြင်း (Depression)
စိတ်ဓာတ်ကျခြင်းကြောင့် ဓမ္မတာမပေါ်မီ တွေ့ကြုံခံစားရသော ဝေဒနာလက္ခဏာများအားလုံးကို မဖြစ်စေသော်လည်း ဝေဒနာလက္ခဏာများ ဆိုးရွားစွာခံစားရသော အမျိုးသမီးများတွင် အကြောင်းရင်းရှာမရသော စိတ်ဓာတ်ကျခြင်း ရောဂါရှိသည်ကို တွေ့ရသည်။
ရောဂါလက္ခဏာများ
ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ အနည်းငယ်ခံစားရသည့်အခြေအနေမှ နေ့စဉ်လူနေမှုဘဝ ထိခိုက်နိုင်သည့် အခြေအနေထိ လက္ခဏာများစွာ ခံစားရနိုင်သည်။ ဝေဒနာလက္ခဏာများမှာ အမြဲမတူညီနိုင်ဘဲ ပြောင်းလဲတတ်သောကြောင့် ကြိုတင်ခန့်မှန်းမရနိုင်ပါ။ အသက်နှစ်ဆယ်ကျော်အရွယ်တွင် ခံစားခဲ့ရသော လက္ခဏာများသည် အသက်သုံးလေးဆယ်ကျော်တွင် ခံစားရသော လက္ခဏာများနှင့် ကွဲပြားနိုင်သည်။ ဖြစ်ပေါ်နိုင်သောလက္ခဏာများကို မှန်းဆမရနိုင်သော်လည်း ဖြစ်ပေါ်လာမည့်အချိန်ကို ကြိုတင်ခန့်မှန်း သိရှိနိုင်သည်။ ဓမ္မတာမပေါ်မီ (၅)ရက် မှ (၁)ပတ်ခန့် အလိုတွင် စတင်ဖြစ်ပေါ်တတ်ပြီး ဓမ္မတာစပေါ် ပြီး (၄) ရက်ခန့်အကြာတွင် ပျောက်ကွယ်သွားလေ့ရှိသည်။ ဖြစ်ပေါ်နိုင်သော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာလက္ခဏာများနှင့် အပြုအမူပြောင်းလဲခြင်းလက္ခဏာများ
- သောကများခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း
- စိတ်ဓာတ်ကျခြင်း
- ဝမ်းနည်းလွယ်ခြင်း၊ မျက်ရည်လွယ်ခြင်း
- စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်မရှည်ခြင်း၊ ဒေါသထွက်လွယ်ခြင်း
- အစာစားချင်စိတ် ပြောင်းလဲခြင်း၊ အစားအသောက်အပေါ် အာသီသပြောင်းလဲမှုဖြစ်ခြင်း
- နှစ်ခြိုက်စွာအိပ်ပျော်ရန် ခက်ခဲခြင်း
- မူလနေထိုင်ရာ ပတ်ဝန်းကျင်နှင့် လူများထံမှ ဖယ်ခွာ၊ ရှောင်ဖယ်လိုစိတ် ဖြစ်လာခြင်း
- အာရုံစူးစိုက်မှု အားနည်းလာခြင်း
- လိင်ဆက်ဆံလိုစိတ် ပြောင်းလဲမှု ဖြစ်လာခြင်း
ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ
- ကိုယ်လက်၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ခါးကိုက်ခြင်း
- ခေါင်းကိုက်ခြင်း
- ပင်ပန်းလွယ်ခြင်း၊ ကြွက်တက်ခြင်း
- ကိုယ်အလေးချိန် တက်လာခြင်း၊ ခြေလက်များ ဖောရောင်လာခြင်း
- ဝမ်းဗိုက်အတွင်းတွင် လေပွသကဲ့သို့ ဖြစ်ခြင်း
- ရင်သားနာကျင်ခြင်း
- ဝက်ခြံများလာခြင်း
- ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းပျက်လွယ်ခြင်း
အချို့အမျိုးသမီးများတွင် အထက်ပါလက္ခဏာများကို နေ့စဉ်လူနေမှုဘဝ ထိခိုက်သည်အထိ လစဉ်လတိုင်း ကာလကြာရှည်စွာ ခံစားရတတ်သည်။ ၎င်းကို Premenstrual Dysphoric Disorder (PMDD) ဟုခေါ်ဆိုသတ်မှတ်သည်။ PMDD အခြေအနေတွင် စိတ်ဓာတ်ကျခြင်း၊ စိတ်အပြောင်းအလဲ မြန်ခြင်း၊ ဒေါသကြီးခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ ကြောက်ရွံ့ထိတ်လန့်မှု လွန်ကဲခြင်းစသည့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုလက္ခဏာများကို ပို၍ခံစားရတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
လူနေမှုပုံစံပြောင်းလဲခြင်းဖြင့် ခံစားနေရသော လက္ခဏာများ မသက်သာလျှင်သော်လည်းကောင်း၊ တွေ့ကြုံခံစားရသော ဝေဒနာများကြောင့် နေ့စဉ်လူနေမှုအလုပ်အကိုင်ကို ထိခိုက်လာလျှင်သော်လည်းကောင်း မိမိ၏သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ပြသရန်လိုသည်။
ရောဂါရှာဖွေခြင်း
ဓမ္မတာမပေါ်မီ တွေ့ကြုံခံစားရသော ဝေဒနာလက္ခဏာစုဟု သတ်မှတ်ရန် တိကျသော လက္ခဏာများ သို့မဟုတ် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ မရှိပါ။ သို့သော် ဓမ္မတာမပေါ် မီ တွေ့ကြုံခံစားရသော ဝေဒနာလက္ခဏာများကို အနည်းဆုံး ဓမ္မတာစက်ဝန်း (၃)လ ဆက်တိုက် ခံစားနေရကြောင်း မှတ်တမ်းထားရှိရန် လိုအပ်သည်။ ဝေဒနာလက္ခဏာ စတင်ခံစားရသောရက်၊ သက်သာပျောက်ကင်းသွားသောရက်၊ ဓမ္မတာစ၍ ဖြစ်ပေါ်သောရက်၊ ဝေဒနာလက္ခဏာ၏ ပြင်းထန်မှုအဆင့် စသည်တို့ကို စနစ်တကျ မှတ်သားထားခြင်းဖြင့် သိရှိနိုင်မည်။
ဝေဒနာလက္ခဏာများသည် အထူးသဖြင့် သိုင်းရွိုက်ဂလင်းမှ ဖြစ်သောရောဂါ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါများနှင့် ဆင်တူသောကြောင့် ထိုရောဂါများနှင့် ခွဲခြားနိုင်ရန်အတွက် သိုင်းရွိုက်ဂလင်းဆိုင်ရာ သွေးစစ်ဆေးမှုများ၊ စိတ်ပိုင်းဆိုင်ရာရောဂါများအတွက် စစ်ဆေးစမ်းသပ်မှုများ လိုအပ်နိုင်သည်။
ကုသခြင်း
- ဆေးဝါးဖြင့် ကုသခြင်း
- အကိုက်အခဲပျောက်ဆေးများ
ဆေးဆိုင်များတွင် ဆရာဝန်၏ ဆေးညွှန်းစာမလိုဘဲ ဝယ်၍ရသော အိုင်ဗျူပရိုဖဲင် (Ibuprofen)၊ အက်စ်ပရင် (Aspirin)၊ ပါရာစီတမော (Paracetamol)၊ နာပရိုဇန် (Naproxen) စသည့် အကိုက်အခဲပျောက်ဆေးများကို သောက်သုံးခြင်းဖြင့် ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ကြွက်တက်ခြင်း၊ ရင်သားနာကျင်ခြင်း စသောလက္ခဏာများကို သက်သာစေသည်။ ဓမ္မတာမပေါ်မီရက် သို့မဟုတ် ဓမ္မတာစတင်သောရက်တွင် သောက်သုံးသင့်သည်။ - ဟော်မုန်းပါသော သားဆက်ခြားဆေးများ
ဟော်မုန်းပါသော သားဆက်ခြားဆေးများသုံးစွဲခြင်းဖြင့် သားဥကြွေခြင်းကို ဟန့်တားပြီး ဟော်မုန်းပမာဏ ထိန်းညှိပေးခြင်းကြောင့် ဝေဒနာလက္ခဏာများကို သက်သာစေသည်။ - စိတ်ရောဂါကုသသော ဆေးဝါးများ
စိတ်တက်ကြွစေသောဆေးများ၊ စိတ်ကျခြင်းကို လျော့နည်းစေသော ဆေးများ [ဥပမာ_ဖလူရိုစီတင်း (Fluoxetine)၊ ဆာထရာလင်း (Sertraline)] ဖြင့်လည်းကုသနိုင်သည်။ ပုံမှန်အားဖြင့် ၎င်းဆေးများကို နေ့စဉ်သောက်ရသော်လည်း အနည်းဆုံးဓမ္မတာမပေါ်မီ (၂) ပတ်အလိုမှ စတင်သောက်လျှင်လည်း တွေ့ကြုံခံစားရသော ဝေဒနာလက္ခဏာများကို သက်သာစေသည်။ - ဆီးဆေးများ
ဆီးသွားများစေသည့် ဆေးဝါးများဖြင့် ကုသခြင်းကြောင့် ခန္ဓာကိုယ်မှ ရေဓာတ်စုပ်ယူမှုကို ထိန်းပေးပြီး ဖောရောင်ခြင်းများကို လျော့နည်းစေသည်။
- အကိုက်အခဲပျောက်ဆေးများ
- လူနေမှုပုံစံပြောင်းလဲခြင်း
- စားသောက်မှုပုံစံ ပြောင်းလဲခြင်းတွင် အစာကို ပမာဏအနည်းငယ်ဖြင့် မကြာခဏစားခြင်းသည် ဝမ်းရောင်ခြင်း၊ လေပွခြင်းများကို သက်သာစေသည်
- အငန်ဓာတ်များသော အစားအစာများကို လျှော့စားခြင်း၊ ဂျုံ၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ပဲအမျိုးမျိုးစသည့် ကာဗိုဟိုက်ဒရိတ်များသော အစားအစာများကို စားခြင်း၊ သစ်သီးများနှင့် အစေ့အဆန်များကို စားခြင်း၊ ကယ်လ်ဆီယမ်ဓာတ်များသော ဒိန်ချဥ်ကဲ့သို့ အစားအစာများ စားခြင်း၊ ဖြည့်စွက်အားဆေးများ သောက်ခြင်း၊ ကဖိန်းနှင့်အရက်သေစာများကို ရှောင်ကြဉ်ခြင်းစသည်တို့ကို လိုက်နာကျင့်သုံးသင့်သည်
- တစ်ရက်လျှင် အနည်းဆုံး မိနစ် (၃၀) ခန့် ရေကူးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အေရိုးဗစ် ကစားခြင်းအပြင် အချိန်မှန်အိပ်စက်ခြင်း၊ အိပ်ချိန်ပြည့်အောင် အိပ်ခြင်းတို့သည် စိတ်ဓာတ်ကျခြင်း၊ နွမ်းနယ်ခြင်းများကို သက်သာစေသည်
- ယောဂလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အနှိပ်ခံခြင်း၊ အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ကြွက်သားများကို ဖြေလျော့ပေးသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းဖြင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ၊ စိတ်ဖိစီးမှုများနှင့် အိပ်မပျော်သောပြဿနာများကို လျော့နည်းစေသည်
- ဖြည့်စွက်ကုသခြင်းနှင့် အစားထိုးကုသခြင်းများ
အထက်ဖော်ပြခဲ့သော ဆေးဝါးဖြင့်ကုသခြင်းများအပြင် ဖြည့်စွက်ဓာတ်များဖြစ်သော ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် အီး၊ ဗီတာမင် ဘီစစ်၊ အိုမီဂါဓာတ်များ၊ Evening Primrose Oil စသည်တို့ကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့်လည်း ဝေဒနာလက္ခဏာများကို သက်သာစေနိုင်သည်။
ကာကွယ်ခြင်း
ဓမ္မတာမပေါ်မီ တွေ့ကြုံခံစားရသော ဝေဒနာလက္ခဏာစုကို ကာကွယ်ရန် တိကျသော နည်းလမ်းများ မရှိသေးသော်လည်း အထက်တွင်ဖော်ပြခဲ့သော လူနေမှုပုံစံပြောင်းလဲမှုများ၊ အာဟာရဖြည့်စွက်စာများဖြင့် ဝေဒနာလက္ခဏာများကို လျော့နည်းစေနိုင်သည်။
References:
- American College of Obstetricians and Gynecologists. (2021). Premenstrual syndrome (PMS). Retrieved February 26, 2026, from https://www.acog.org/womens-health/faqs/premenstrual-syndrome
- Cleveland Clinic. (2025). Premenstrual syndrome (PMS). Retrieved February 26, 2026, from https://my.clevelandclinic.org/health/diseases/24288-pms-premenstrual-syndrome
- Mayo Clinic. (2022). Premenstrual syndrome (PMS): Diagnosis and treatment. Retrieved February 26, 2026, from https://www.mayoclinic.org/diseases-conditions/premenstrual-syndrome/diagnosis-treatment/drc-20376787
- Mayo Clinic. (2022). Premenstrual syndrome (PMS): Symptoms and causes. Retrieved February 26, 2026, from https://www.mayoclinic.org/diseases-conditions/premenstrual-syndrome/symptoms-causes/syc-20376780
Published: 15 February 2025
Last updated: 16 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.