ကလေးမီးဖွားပြီးစအချိန်သည် မိခင်အား စိတ်လှုပ်ရှားခြင်း၊ ပျော်ရွှင်ခြင်း၊ စိုးရိမ်ခြင်းစသည့် စိတ်ခံစားမှုများစွာကို ဖြစ်ပေါ်စေနိုင်သကဲ့သို့ မမျှော်လင့်ထားသော စိတ်ခံစားမှုဖြစ်သည့် စိတ်ကျခြင်းကိုပါ ဖြစ်ပေါ်စေနိုင်သည်။ မီးဖွားပြီးစအချိန် စိတ်ကျခြင်း (Postpartum Depression) ခံစားရသော မိခင်အချို့တွင် ပိုမိုပြင်းထန်သည့် လက္ခဏာများကို အချိန်ကာလ ပိုမိုကြာမြင့်စွာ ခံစားရတတ်သည်။ ထို့အပြင် အချို့သူများ၌ ကိုယ်ဝန်ဆောင်နေချိန်အတွင်း စိတ်ကျခြင်း စတင်ဖြစ်ပေါ်နိုင်ပြီး ကလေးမွေးဖွားပြီးချိန်အထိ ဆက်လက်ခံစားနေရတတ်သည်။
မီးဖွားပြီးစအချိန် စိတ်ကျခြင်းသည် ထိုမိခင်၏ မူလကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အားနည်းချက်ကြောင့် မဟုတ်ဘဲ ကလေးမွေးဖွားခြင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာတစ်ခုသာဖြစ်သည်။ စနစ်တကျ ကုသမှုခံယူခြင်းဖြင့် ခံစားနေရသောလက္ခဏာများ သက်သာပျောက်ကင်းပြီး မိမိ၏ရင်သွေးငယ်ကို ပိုမိုဂရုစိုက်နိုင်မည်ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မီးဖွားပြီးစအချိန် စိတ်ကျခြင်းသည် အကြောင်းရင်းတစ်ခုတည်းကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ အောက်ပါ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများနှင့် မျိုးဗီဇစသော အကြောင်းများကြောင့် စုစည်းဖြစ်ပေါ်လာခြင်းဖြစ်သည်။
- ဟော်မုန်းပြောင်းလဲမှုများ
- အီစတိုဂျင်၊ ပရိုဂျက်စတီရုန်းနှင့် ကော်တီစော (Estrogen, Progesterone and Cortisol) စသည့် ဟော်မုန်းများ၏ပမာဏသည် မီးဖွားပြီး (၄၈) နာရီအတွင်း ရုတ်ချည်းလျော့နည်းသွားသောကြောင့်ဖြစ်သည်၊ သိုင်းရွိုက်ဟော်မုန်းပမာဏလည်း လျော့နည်းသွားတတ်သည်၊ ထို့ကြောင့် ပင်ပန်းနွမ်းလျခြင်း၊ စိတ်ပင်ပန်းခြင်းတို့ကို ခံစားရတတ်သည်
- မျိုးဗီဇ (Genetics)
- မိဘ၊ မောင်နှမ မျိုးရိုးတွင် မီးဖွားပြီးစအချိန် စိတ်ကျခြင်း ခံစားရဖူးသူရှိပါက မီးဖွားပြီးစအချိန် စိတ်ကျခြင်း ဖြစ်နိုင်ခြေပိုများသည်
- စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ
- အိပ်ရေးပျက်ခြင်း၊ စိတ်ပင်ပန်းစရာများခြင်းတို့ရှိပါက သာမန်ပြဿနာ အသေးအဖွဲများကိုပင် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း လျော့နည်းလာတတ်သည်၊ ထို့အပြင် ရင်သွေးငယ်အား ပြုစုရာတွင်လည်း စိုးရိမ်စိတ်ဝင်လာတတ်သည်၊ မိမိကိုယ်ကို ယုံကြည်မှုနည်းလာပြီး မိမိဘဝရှင်သန်အောင် ရုန်းကန်နေရသကဲ့သို့ ခံစားလာရတတ်သည်
မီးဖွားပြီးစအချိန် စိတ်ကျခြင်း အမျိုးအစားများ
မီးဖွားပြီးစအချိန် စိတ်ပြောင်းလဲမှုများအား (၃)မျိုး ခွဲခြားနိုင်သည်။ ယင်းတို့မှာ_
- မီးဖွားပြီးစအချိန် စိတ်ခံစားလွယ်ခြင်း (Baby Blues)
- မီးဖွားပြီးစအချိန် စိတ်ကျခြင်း (Postpartum Depression)
- မီးဖွားပြီးစအချိန် စိတ်ဖောက်ပြန်ခြင်း (Postpartum Psychosis) တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
မီးဖွားပြီးစအချိန် စိတ်ခံစားလွယ်ခြင်း (Baby Blues) ၏ လက္ခဏာများ
ဝမ်းနည်းလွယ်ခြင်း၊ မကြာခဏငိုခြင်း၊ စိုးရိမ်စိတ်များခြင်းနှင့် အိပ်စက်ရန်ခက်ခဲခြင်းတို့ကို ခံစားရတတ်သည်။ ထိုသို့ဖြစ်ပွါးခြင်းသည် မီးဖွားပြီး (၂-၃)ရက် အကြာတွင် စတင်ဖြစ်ပွါးပြီး အများအားဖြင့် ရက်သတ္တပတ် (၂) ပတ်ခန့် အကြာတွင် အလိုလျောက် သက်သာပျောက်ကင်းသွားသည်။
မီးဖွားပြီးစအချိန် စိတ်ကျခြင်း (Postpartum Depression) ၏ လက္ခဏာများ
“မီးဖွားပြီးစအချိန် စိတ်ကျခြင်း” နှင့် “မီးဖွားပြီးစအချိန် စိတ်ခံစားလွယ်ခြင်း” တို့သည် အစပိုင်းတွင် ရောထွေးနေတတ်သည်။ သို့သော် မီးဖွားပြီးစအချိန် စိတ်ကျခြင်း လက္ခဏာများသည် ပိုမိုပြင်းထန်ပြီး ပိုမိုကြာရှည်သည်။ အများအားဖြင့် မီးဖွားပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း စတင်ဖြစ်ပေါ်တတ်သည်။ မိမိရင်သွေးကို ပြုစုစောင့်ရှောက်ရာတွင်လည်းကောင်း၊ နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း စွမ်းဆောင်ရည်များ တဖြည်းဖြည်းနှင့် ကျဆင်းလာသည်။ အချို့တွင် ကိုယ်ဝန်ဆောင်ကာလအတွင်း၌ လည်းကောင်း၊ အချို့တွင် မီးဖွားပြီး (၁) နှစ်ခန့်ကြာမှလည်းကောင်း စတင်ဖြစ်ပေါ်ခြင်းများလည်းရှိသည်။
မီးဖွားပြီးစအချိန် စိတ်ကျခြင်း၏ လက္ခဏာများတွင် ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး_
- စိတ်ကျခြင်း၊ စိတ်ခံစားလွယ်ခြင်း
- မျက်ရည်လွယ်ခြင်း
- ကလေးအပေါ်တွင် ချစ်ခင်တွယ်တာစိတ် (မိခင်စိတ်) ဖြစ်ပေါ်ရန် ခက်ခဲနေခြင်း
- မိသားစုများ၊ မိတ်ဆွေများကို ရှောင်ဖယ်နေခြင်း
- အစားအသောက်ပျက်ခြင်း သို့မဟုတ် ယခင်ထက်ပိုမိုစားလာခြင်း
- အိပ်မပျော်ခြင်း သို့မဟုတ် အအိပ်လွန်ကဲခြင်း
- ပင်ပန်းလွယ်ခြင်း၊ အားအင်ကုန်ခမ်းနေခြင်း
- ယခင်က စိတ်ဝင်စား၍ ပျော်ရွှင်ခဲ့သည့် အရာများကို မပျော်နိုင်တော့ခြင်း
- သည်းခံနိုင်စွမ်းနည်းပါးလာပြီး စိတ်တိုဒေါသထွက်လွယ်ခြင်း
- မိမိကိုယ်ကို မိခင်ကောင်းမဟုတ်ဟု ခံစားလာရခြင်း
- မျှော်လင့်ချက်မဲ့နေခြင်း
- အာရုံစူးစိုက်နိုင်စွမ်း၊ စဥ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာခြင်း
- စိတ်ရောကိုယ်ပါ ဂနာမငြိမ်ခြင်း
- စိုးရိမ်စိတ်လွန်ကဲခြင်း
- မိမိကိုယ်ကို သို့မဟုတ် မိမိရင်သွေးကို သို့မဟုတ် နှစ်ဦးလုံးကို အန္တရာယ်ပြုလိုစိတ်၊ အဆုံးစီရင်လိုစိတ်များ ဖြစ်ပေါ်လာတတ်ခြင်း စသည်တို့ကို တွေ့ရတတ်သည်။
စနစ်တကျကုသမှုမခံယူပါက မီးဖွားပြီးစအချိန် စိတ်ကျခြင်းသည် လပေါင်းများစွာသော်လည်းကောင်း ၊ ထို့ထက်ပို၍သော်လည်းကောင်း ကြာမြင့်တတ်သည်။
မီးဖွားပြီးစအချိန် စိတ်ဖောက်ပြန်ခြင်း (Postpartum Psychosis) ၏ လက္ခဏာများ
အလွန်ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်သည်။ မီးဖွားပြီး (၃) လအတွင်း စတင်ဖြစ်ပွါးလေ့ရှိပြီး ရောဂါလက္ခဏာများ လျင်မြန်စွာဖြစ်ပွါး၍ ဆိုးဝါးလာတတ်သည်။ ပြောဆိုသူမရှိဘဲ အသံများကြားလာရခြင်း (Auditory Hallucinations)၊ အခြေအမြစ်မရှိသော ယုံမှားသံသယများ (Delusions) ဝင်လာပြီး ရှင်းပြ၍မရခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ပြီး ဒေါသဖြစ်လွယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ထူးဆန်းသောခံစားချက်များနှင့် အပြုအမူများ ပေါ်ပေါက်လာခြင်းတို့ ခံစားရတတ်သည်။ မဖြစ်မနေ ဆေးဝါးကုသမှု လိုအပ်တတ်ပြီး တစ်ခါတစ်ရံတွင် မိမိကိုယ်ကိုနှင့် အခြားသူများကို အန္တရာယ်ပြုခြင်းမှ ကာကွယ်ရန်အတွက် ဆေးရုံတင်ကုသမှု လိုအပ်သည်။
နောက်ဆက်တွဲပြဿနာများ
မိခင်အပေါ် သက်ရောက်မှုများ
- စနစ်တကျ ကုသမှု မခံယူပါက ရောဂါလက္ခဏာများ၊ နောက်ဆက်တွဲဆိုးကျိုးများကို လပေါင်းများစွာသော်လည်းကောင်း၊ ထို့ထက်ပို၍လည်းကောင်း ကြာမြင့်စွာ ခံစားနေရခြင်း
- မိခင်နို့တိုက်ကျွေးခြင်းကိုရပ်ကာ မိခင်နှင့်ရင်သွေးတို့အကြား နွေးထွေးသောရင်းနှီးမှု လျော့နည်းလာပြီး ကလေးငယ်ကို ဂရုမစိုက်နိုင်တော့ခြင်း
- မိမိကိုယ်ကို သို့မဟုတ် မိမိရင်သွေးကို သို့မဟုတ် နှစ်ဦးလုံးကို အန္တရာယ်ပြုလိုစိတ်၊ အဆုံးစီရင်လိုစိတ်များ ဖြစ်ပေါ်လာတတ်ခြင်းစသည်တို့ ကြုံတွေ့ရတတ်သည်။
ကလေးများအပေါ် သက်ရောက်မှုများ
- အသက် (၁)နှစ်အောက်ကလေးငယ်များ
- မိခင်နှင့်ကလေးအကြား အပြန်အလှန်ဆက်ဆံရေး အားနည်းခြင်း
- အစာကျွေးရာတွင် အခက်အခဲများရှိလာပြီး ကလေးကြီးထွားမှုနှေးခြင်း
- စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု နှေးကွေးခြင်း
- ငိုကြွေးမှုနှင့် စိတ်တိုလွယ်မှု များပြားခြင်း
- အအိပ်အနေနည်းလာခြင်း
- ၁နှစ်အထက်နှင့် မူကြိုအရွယ်ကလေးများ
- ဘာသာစကားနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးခြင်း
- အပြုအမူဆိုင်ရာ ပြဿနာများ တိုးလာခြင်း (ဥပမာ_ရန်လိုမှု၊ ရှောင်ဖယ်မှု)
- စိတ်ခံစားမှုကို ထိန်းချုပ်ရာတွင် အခက်အခဲရှိခြင်း
- ကျောင်းနေအရွယ်ကလေးများ
- စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါ ဖြစ်နိုင်ခြေ မြင့်တက်ခြင်း
- ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးမှုကြောင့် ပညာရေးဆိုင်ရာ အခက်အခဲများရှိလာခြင်း
- ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပြီး လူမှုရေးဆိုင်ရာ အခက်အခဲများ ပေါ်ပေါက်လာခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
မီးဖွားပြီးစအချိန် စိတ်ကျခြင်းလက္ခဏာများကို သတိပြုမိပါက အထွေထွေရောဂါကုဆရာဝန်၊ မိသားစုဆရာဝန်၊ သားဖွားမီးယပ်ဆရာဝန်စသည့် တတ်ကျွမ်းနားလည်သူတို့နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ရောဂါအခြေအနေပေါ်မူတည်ပြီး စိတ်ကျန်းမာရေးအထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်နိုင်သည်။
အောက်ပါအခြေအနေများရှိပါက ချက်ချင်းပြသတိုင်ပင်ရန် လိုအပ်သည်။
- ရက်သတ္တပတ် (၂) ပတ်ခန့် ကြာသည်အထိ သက်သာပျောက်ကင်းမှုမရှိခြင်း
- ခံစားရသည့် လက္ခဏာများ ပိုဆိုးလာခြင်း
- မိမိရင်သွေးကို စောင့်ရှောက်ရန်ခက်ခဲခြင်း
- နေ့စဉ်လုပ်ငန်းများ လုပ်ဆောင်ရန်ခက်ခဲခြင်း
- မိမိကိုယ်ကို သို့မဟုတ် မိမိရင်သွေးကို သို့မဟုတ် နှစ်ဦးလုံးကို အန္တရာယ်ပြုလိုစိတ်၊ အဆုံးစီရင်လိုစိတ်များ ဖြစ်ပေါ်လာခြင်း
ကုသခြင်း
မီးဖွားပြီးစအချိန် စိတ်ကျသည့်ရောဂါအခြေအနေနှင့် လက္ခဏာများအပေါ်မူတည်ပြီး ကုသမှုများကို လိုအပ်သလို ပေါင်းစပ်ဆောင်ရွက်ပေးရသည်။ ရောဂါကုသမှုများတွင် စိတ်ငြိမ်ဆေးများ (Anti-anxiety medications)၊ စိတ်ကျရောဂါကုသဆေးများ (Antidepressant medications)၊ စိတ်ကုထုံးများ (Psychotherapy)၊ ကူညီပံ့ပိုးပေးသည့် စိတ်ကုထုံးများ ပါဝင်သည်။ မီးဖွားပြီးစအချိန် စိတ်ဖောက်ပြန်ခြင်းအား ကုသရာတွင် စိတ်ဖောက်ပြန်ရောဂါကုသဆေးများ (Antipsychotic medications) ပါ လိုအပ်နိုင်သည်။ ဆေးရုံတင်ကုသရန်လည်း လိုအပ်နိုင်သည်။
နို့တိုက်မိခင်များသည် စိတ်ကျရောဂါကုသဆေးများ၊ စိတ်ငြိမ်ဆေးများ၊ စိတ်ဖောက်ပြန်ရောဂါ ကုသဆေးများအား သက်ဆိုင်ရာဆရာဝန်၏ ကြီးကြပ်မှုဖြင့် သောက်သုံးနိုင်သည်။ ဆေးသောက်ရန် သင့်မသင့်ကို မိမိ၏ဆရာဝန်နှင့် တိုင်ပင်၍ ဆုံးဖြတ်သင့်သည်။
ကာကွယ်ခြင်း
ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်၊ မီးဖွားပြီးနောက်ကာလများအတွင်း ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်းသည် ကာကွယ်ခြင်းအတွက် အရေးကြီးသော အခန်းကဏ္ဍဖြစ်သည်။ မီးဖွားပြီးစအချိန် စိတ်ကျခြင်း ဖြစ်ပွါးဖူးပါက ကိုယ်ဝန်ရှိသည်ကို သိလျှင်သိချင်း သို့မဟုတ် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် မိမိကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသောဆရာဝန်ကို ပြောပြရမည်။ ကိုယ်ဝန်ဆောင်နေစဉ်တွင် ဆရာဝန်မှ ရောဂါလက္ခဏာများကို စောင့်ကြည့်စစ်ဆေးနေနိုင်သည်။ လက္ခဏာအနည်းငယ် တွေ့ရှိပါက ကူညီပံ့ပိုးပေးသည့် အုပ်စုအလိုက် စိတ်ကုထုံးများ၊ နှစ်သိမ့်ဆွေးနွေးပေးခြင်းစသည့် ကုထုံးများတွင် ပါဝင်စေခြင်းဖြင့် သက်သာစေနိုင်သည်။ လိုအပ်ပါက ဆေးဝါးများဖြင့် ကုသနိုင်သည်။
ကလေးငယ်မွေးဖွားပြီးသည့်နောက်တွင် စိတ်ကျခြင်းအတွက်လည်း ပုံမှန်စစ်ဆေးမှုများ ခံယူနိုင်သည်။ စောစီးစွာစစ်ဆေးတွေ့ရှိလေ ဆောလျင်စွာကုသနိုင်လေဖြစ်သည်။ ယခင် မီးဖွားပြီးစအချိန် စိတ်ကျခြင်း ဖြစ်ပွါးဖူးပါက ကလေးမီးဖွားပြီးသည်နှင့် လိုအပ်သည့်ဆေးဝါးများ စတင်ပေးနိုင်သည်။
ကလေးမီးဖွားပြီးနောက် အောက်ပါတို့ကို ဆောင်ရွက်သင့်သည်။
- အကူအညီတောင်းပါ၊ မိမိအနေဖြင့် မည့်သည့်အကူအညီများ လိုအပ်နေကြောင်း မိသားစုနှင့် မိတ်ဆွေများအားပြောပြပါ
- ကလေးနှင့် မိမိအတွက် အမှန်တကယ် ဖြစ်နိုင်သည်များကိုသာ မျှော်လင့်ပါ
- သင့်လျော်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ဆရာဝန်ညွှန်ကြားချက်အတိုင်းလုပ်ပါ၊ လမ်းလျှောက်ပါ၊ အနားယူပါ
- အဆင်ပြေနေသော နေ့ရက်များရှိနိုင်သလို အဆင်မပြေသော နေ့များရှိနိုင်မည်ဖြစ်ကြောင်း သတိရပါ
- အာဟာရမျှတအောင် စားသောက်ပါ
- အရက်၊ ကော်ဖီ ရှောင်ရှားပါ
- ခင်ပွန်းနှင့်ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ပါ၊ တစ်ဦးနှင့်တစ်ဦး အချိန်ပေးပါ
- တစ်ဦးတည်းမနေသင့်ပါ၊ မိသားစုများ ၊ မိတ်ဆွေများနှင့် အဆက်အသွယ်ရှိနေပါစေ။
ဆက်လက်ဖတ်ရှုရန်
References:
- American Psychiatric Association. (2022). Diagnostic and statistical manual of mental disorders (5th ed., text rev.). https://doi.org/10.1176/appi.books.9780890425787
- Mayo Clinic. (2022). Postpartum depression: Symptoms and causes. Retrieved February 11, 2026, from https://www.mayoclinic.org/diseases-conditions/postpartum-depression/symptoms-causes/syc-20376617
- WebMD. (n.d.). Postpartum depression. Retrieved February 11, 2026, from https://www.webmd.com/depression/postpartum-depression
Published: 14 February 2025
Last updated: 11 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.