Female Infertility (အမျိုးသမီး မျိုးမပွါးနိုင်ခြင်း)

Female Infertility (အမျိုးသမီး မျိုးမပွါးနိုင်ခြင်း)

မျိုးမပွါးနိုင်ခြင်း (Infertility) ဆိုသည်မှာ အကာအကွယ်မဲ့ ပုံမှန်လိင်ဆက်ဆံမှုဖြင့် အနည်းဆုံး တစ်နှစ်ကြာသည်အထိ ကိုယ်ဝန်ရရန် ကြိုးစားသော်လည်း ကလေးမရရှိခြင်းကို ဆိုလိုသည်။ မျိုးမပွါးနိုင်ခြင်း၏ သုံးပုံတစ်ပုံခန့်သည် အမျိုးသမီးများတွင် ဖြစ်ပေါ်သော အကြောင်းရင်းများကြောင့်ဖြစ်သည်။ နောက်ထပ် သုံးပုံတစ်ပုံခန့်သည် အမျိုးသမီးနှင့် အမျိုးသား အကြောင်းရင်းနှစ်ခုစလုံးမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ ကျန်သုံးပုံတစ်ပုံခန့်တွင် ဖြစ်ပွါးရသောအကြောင်းရင်းကို ရှာမတွေ့ပါ။ ယေဘုယျအားဖြင့် အမျိုးသမီးမျိုးမပွါးနိုင်ခြင်း အကြောင်းရင်းများကို ရှာဖွေရန် ခက်ခဲသော်လည်း အများစုသည် ကုသရန်မလိုဘဲ ကလေးရရှိသွားနိုင်သည်။

မျိုးမပွါးနိုင်ခြင်းအကြောင်းရင်းများ

အမျိုးသမီးမျိုးမပွါးနိုင်ခြင်း (Female infertility) သည် အောက်ပါအကြောင်းရင်း တစ်ခုခုကြောင့်ဖြစ်သည်။ တစ်ခုထက်ပို၍လည်း တွေ့ရနိုင်သည်။

  1. သားဥကြွေခြင်းဖြစ်စဥ် ချို့ယွင်းခြင်း
    မျိုးမပွါးနိုင်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ သားဥအိမ်၌ဖြစ်သော ပြဿနာများသည် သားဥကြွေခြင်းဖြစ်စဥ်ကို ချို့ယွင်းစေသည်။
    • သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (Polycystic ovary syndrome)
      သားဥကြွေခြင်းကို ထိခိုက်စေနိုင်သည့် ကျားမဟော်မုန်းမျှခြေ ပျက်ယွင်းခြင်းကို ဖြစ်စေသည်။ အင်ဆူလင်ကို ပုံမှန်အတိုင်း တုံ့ပြန်မှုမရှိခြင်း၊ အဝလွန်ခြင်း၊ ပုံမှန်မဟုတ်ဘဲ မျက်နှာနှင့်ခန္ဓာကိုယ်တွင် အမွေးအမှင်များ ထူထဲလာခြင်း၊ ဝက်ခြံပေါက်ခြင်း အစရှိသည့် လက္ခဏာများခံစားရပြီး မျိုးမပွါးနိုင်ခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်။ PCOS ရှိသူများတွင် သားဥများ ပုံမှန်ရင့်မှည့်ခြင်းနှင့် ကြွေခြင်းကို ဟန့်တားသည့် AMH (Anti-Mullerian Hormone) ဟော်မုန်းပမာဏ ပုံမှန်ထက် များနေတတ်သည်။
    • ဦးနှောက်ရှိ ဟိုက်ပိုသဲလမတ်စ် အစိတ်အပိုင်း လုပ်ဆောင်မှု ပျက်ယွင်းခြင်း (Hypothalamic dysfunction)
      လစဉ် သားဥကြွေခြင်းဖြစ်စေရန် ပီကျူထရီဂလင်း (Pituitary gland) မှ follicle-stimulating hormone (FSH) နှင့် luteinizing hormone (LH) ဟော်မုန်းနှစ်မျိုးကို ထုတ်ပေးသည်။ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အလွန်အကျွံဖိစီးခြင်း၊ ခန္ဓာကိုယ်အလေးချိန် အလွန်အမင်းများခြင်း သို့မဟုတ် အလွန်အမင်းနည်းခြင်း၊ လတ်တလော သိသိသာသာ ကိုယ်အလေးချိန်တက်လာခြင်း သို့မဟုတ် ကျလာခြင်းများသည် ပုံမှန်ဟော်မုန်းထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး သားဥကြွေခြင်းကို ထိခိုက်သည်။ ရာသီသွေးမပေါ်ခြင်း သို့မဟုတ် ရာသီသွေးပုံမမှန်ခြင်း စသည့်လက္ခဏာများ အများဆုံးခံစားရသည်။
    • သွေးဆုံးချိန်မတိုင်ဘဲ စောစီးစွာ သားဥအိမ်မှ ဟော်မုန်း လုံလုံလောက်လောက် မထုတ်လုပ်နိုင်ခြင်း (Primary ovarian insufficiency)
      အသက် (၄၀) နှစ်အောက် အမျိုးသမီးများတွင် သားဥအိမ်သည် သားဥမထုတ်တော့ဘဲ အီစတိုဂျင်ထုတ်လုပ်မှုပါ ကျဆင်းသော အခြေအနေတစ်ခုဖြစ်သည်။ အများအားဖြင့် ကိုယ်ခံအားမူမမှန် အလွန်အကျွံတုံ့ပြန်မှုကြောင့်သော်လည်းကောင်း၊ မျိုးဗီဇ သို့မဟုတ် ကင်ဆာဆေးသွင်းကုသခြင်းကြောင့် အချိန်မတိုင်မီ သားဥအိမ်တွင် သားဥများကုန်ဆုံးခြင်းဖြစ်နိုင်သည်။
    • ပရိုလက်တင်ဟော်မုန်းများခြင်း (Hyperprolactinemia)
      ပီကျုထရီဂလင်းမှ ပရိုလက်တင်‌ဟော်မုန်း ထုတ်လုပ်မှုများခြင်းနှင့် အခြားသော ကျန်းမာရေးအခြေအနေကြောင့် သောက်ရသည့် ပရိုလက်တင်ဟော်မုန်း များစေနိုင်သော ဆေးဝါးများသည် အီစတိုဂျင်ဟော်မုန်း ထုတ်လုပ်မှုကို လျော့နည်းစေပြီး မျိုးမပွါးနိုင်ခြင်းကိုဖြစ်စေသည်။
  2. သားဥပြွန်များ ပျက်စီးခြင်း
    သားဥပြွန်များ ပျက်စီးခြင်း၊ ပိတ်ဆို့ခြင်းကြောင့် သုက်ပိုးနှင့်သားဥ မတွေ့ဆုံခြင်း၊ မျိုးအောင်ပြီးသောသားဥများ သားအိမ်အတွင်းသို့ မရောက်ခြင်း ဖြစ်စေသည်။ အောက်ပါအကြောင်းများကြောင့် သားဥပြွန်ပျက်စီးခြင်း၊ ပိတ်ဆို့ခြင်းဖြစ်ပွါးနိုင်သည်။
    • ကလ်ယ်မိုင်းဒီယားပိုး (Chlamydia)၊ ဆီးပူညောင်းကျရောဂါ (Gonorrhea) နှင့် အခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါများကြောင့် တင်ပါးဆုံရိုးကွင်းအတွင်းရှိ မျိုးပွားအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်း (Pelvic inflammatory disease)
    • သားဥပြွန်၌ သန္ဓေတည်ခြင်းကြောင့် သားဥပြွန်ဖြတ်ထားခြင်း
  3. သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း (Endometriosis)
    သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်၍ ခွဲစိတ်ထားခြင်းကြောင့် အမာရွတ်များဖြစ်လာပြီး သားဥပြွန်ကိုပိတ်စေသည်။ သားဥနှင့်သုက်ပိုးကို ပျက်စီးစေသည်။ သားအိမ်အတွင်းမြှေးလွှာဆဲလ်များ အပြင်သို့ ရောက်ရှိလာခြင်းက ဝမ်းဗိုက်အတွင်း ရောင်ရမ်းမှုဖြစ်စဥ်ကို ဖြစ်ပေါ်စေပြီး သန္ဓေသားတည်ခြင်းကို ခက်ခဲစေသည်။
  4. သားအိမ် သို့မဟုတ် သားအိမ်ခေါင်း ရောဂါအခြေအနေများ
    သားအိမ် သို့မဟုတ် သားအိမ်ခေါင်း ရောဂါအခြေအနေများစွာသည် သန္ဓေအောင်ပြီးသောသားဥများ သားအိမ်တွင်မတည်ဘဲ ကိုယ်ဝန်ပျက်ကျနိုင်ခြေကို များစေသည်။
    • သားအိမ်၌ အသားလုံး၊ အသားပိုရှိခြင်းသည် အဖြစ်များသောရောဂါဖြစ်ပြီး သားဥပြွန်များကို ပိတ်ဆို့နိုင်ခြင်း၊ သန္ဓေတည်ခြင်းကို အနှောင့်အယှက်ဖြစ်ခြင်းများ ဖြစ်နိုင်သည် (သို့သော် သားအိမ်အသားလုံးရှိသော အမျိုးသမီးများစွာသည်လည်း ကိုယ်ဝန်ရနိုင်သည်)
    • မွေးရာပါ သားအိမ်တည်ဆောက်မှု ပုံသဏ္ဌာန်မမှန်သောကြောင့် သန္ဓေတည်ရန်၊ သန္ဓေမြဲရန် ခက်ခဲသည် (ဥပမာ_သားအိမ်နှစ်ခွဖြစ်ခြင်း)
    • မျိုးရိုးကြောင့်သော်လည်းကောင်း၊ သားအိမ်ခေါင်းထိခိုက်မှုကြောင့်သော်လည်းကောင်း သားအိမ်ခေါင်းကျဉ်းခြင်းသည် ကိုယ်ဝန်ရရန် ခက်ခဲစေသည်
    • တစ်ခါတစ်ရံ သုက်ပိုးများ သားအိမ်အတွင်းသို့ ရောက်ရှိရန် သားအိမ်ခေါင်းမှ အသင့်တော်ဆုံး အချွဲအမျိုးအစားကို မထုတ်ပေးနိုင်သောကြောင့်လည်း ဖြစ်နိုင်သည်
  5. အကြောင်းရင်းမရှာနိုင်သော မျိုးမပွါးနိုင်ခြင်း
    အချို့ အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးစလုံးတွင် မျိုးမပွါးနိုင်သော အကြောင်းရင်းကို ရှာမတွေ့ဖြစ်နိုင်သည်။ ထိုအချိန်တွင် အကြောင်းရင်းမသိသေးသော်လည်း လိုအပ်သောကုသမှုကို မနှောင့်နှေးသင့်ပါ။
  6. မျိုးမပွါးနိုင်ခြင်း အဖြစ်များစေသောအခြားအကြောင်းရင်းများ
    • အသက်ကြီးခြင်း
      • အသက်ကြီးလာသည်နှင့်အမျှ သားဥများ၏ အရည်အသွေးနှင့် အရေအတွက် ကျဆင်းလာပြီး၊ အရည်အသွေးညံ့သော သားဥအနည်းငယ်သာကျန်ရှိခြင်းကြောင့် ကိုယ်ဝန်ရရန် ပိုမိုခက်ခဲပြီး ကိုယ်ဝန်ပျက်ကျနိုင်ခြေများသည်
    • ဆေးလိပ်သောက်ခြင်း
      • ဆေးလိပ်သောက်ခြင်းသည် သားအိမ်ခေါင်းနှင့် သားဥပြွန်များကို ထိခိုက်စေသည့်အပြင် ကိုယ်ဝန်ပျက်ကျခြင်းနှင့် သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်းကို ဖြစ်စေနိုင်သည်
      • ထို့အပြင် သားဥများကို အချိန်မတိုင်မီ ကုန်ဆုံးစေသည်၊ ထို့ကြောင့် ကလေးယူမည်ဆိုလျှင် ဆေးလိပ်ဖြတ်သင့်သည်
    • အဝလွန်ခြင်း သို့မဟုတ် သိသိသာသာ ပုံမှန်ကိုယ်အလေးချိန်အောက် ရောက်နေခြင်း
      • ဤအချက်သည် သားဥကြွေခြင်းကို ထိခိုက်စေသည်
      • ကျန်းမာသော ပုံမှန်ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) အတွင်းရှိအောင် နေထိုင်ခြင်းဖြင့် သားဥကြွေခြင်းကိုဖြစ်စေပြီး ကိုယ်ဝန်ရနိုင်ခြေများလာသည်
    • အကာအကွယ်မဲ့ လိင်ဆက်ဆံဖော်များခြင်း
      • လိင်မှတစ်ဆင့် ကူးစက်နိုင်သော ကယ်လ်မိုင်းဒီးယားနှင့် ဆီးပူညောင်းကျရောဂါများကူးစက်နိုင်ပြီး သားဥပြွန်များကို ပျက်စီးစေ၍ မျိုးမပွါးနိုင်ခြင်းကို ဖြစ်စေသည်
    • အရက် _ အရက်အလွန်အကျွံသောက်ခြင်းသည် မျိုးပွါးမှုကို လျော့ကျစေသည်
Female fertility image
မျိုးမပွါးနိုင်ခြင်း လက္ခဏာများ

ကိုယ်ဝန်မဆောင်နိုင်ခြင်းသည် အဓိကလက္ခဏာဖြစ်သည်။ ရာသီစက်ဝန်း ရှည်လွန်းခြင်း [ (၃၅) ရက်နှင့်အထက်]၊ တိုလွန်းခြင်း [ (၂၁) ရက်အောက်]၊ ရာသီသွေးမမှန်ခြင်း သို့မဟုတ် ရာသီသွေးမပေါ်ခြင်းတို့သည် သားဥမကြွေခြင်းကို ဖော်ပြသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

မျိုးမပွါးနိုင်ခြင်းဖြစ်လျှင် အမျိုးသမီး၏ အသက်အရွယ်ပေါ် မူတည်၍ ဆေးရုံ၊ ဆေးခန်းပြသရန် လိုအပ်သည်။

  • အသက် (၃၅) နှစ်အထိ မျိုးမပွါးနိုင်ခြင်းအတွက် ဆရာဝန်နှင့်စစ်ဆေး၍ ကုသမှုမခံယူမီ တစ်နှစ်ခန့် ကလေးရရန် ကြိုးစားသင့်သည်
  • အသက် (၃၅) နှစ်နှင့် (၄၀) နှစ်ကြားဖြစ်ပါက ကလေးရနိုင်ရန် (၆) လမျှကြိုးစားပြီးမှ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်
  • အသက် (၄၀) နှစ်အထက်ဖြစ်ပါက ဆရာဝန်နှင့် စစ်ဆေးကုသမှုကို ချက်ချင်းပြုလုပ်သင့်သည်
  • အမျိုးသမီး သို့မဟုတ် အမျိုးသားသည် ကလေးမရနိုင်သော အကြောင်းရင်းကို သိရှိလျှင် သို့မဟုတ် အမျိုးသမီးတွင် ရာသီသွေးပုံမှန်မဆင်းခြင်း သို့မဟုတ် ရာသီလာလျှင် နာကျင်ခြင်း၊ တင်ပါးဆုံရိုးကွင်းအတွင်းရှိ မျိုးပွါးအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်း (pelvic inflammatory disease)၊ ဆက်တိုက်ကိုယ်ဝန်ပျက်ကျခြင်း၊ ကင်ဆာရောဂါကုသမှု သို့မဟုတ် သားအိမ်ပြင်ပ၌ သွေးလုံးဖြစ်ခြင်း စသည့်ရောဂါအခြေအနေများ ရှိနေပါက ဆရာဝန်နှင့်စမ်းသပ်ကုသမှု ချက်ချင်းပြုလုပ်သင့်သည်
မျိုးမပွါးနိုင်သောအကြောင်းရင်း ရှာဖွေစစ်ဆေးမှုများ

သားဖွားမီးယပ် အထူးကုဆရာဝန်သည် ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်းနှင့် အောက်ဖော်ပြပါ လိုအပ်သည့် စစ်ဆေးခြင်းများကို ပြုလုပ်နိုင်သည်။

  • သားဥကြွေခြင်းကို စစ်ဆေးခြင်း
    • သားဥကြွေခါနီးတွင် ပမာဏအမြင့်ဆုံးထွက်ရှိသည့် luteinizing hormone (LH) ကို ဆီးစစ်တံ (LH kit) ဖြင့် မိမိအိမ်တွင် စစ်ဆေးနိုင်သည်
    • ဆီးစစ်တံတွင် (၂) ကြောင်းထင်းထင်းပေါ်ပါက နောက် (၂၄)နာရီ မှ (၃၆)နာရီအတွင်း သားဥကြွေသည်
    • ထို့ပြင် သားဥကြွေပြီးနောက် ထွက်လာသော ပရိုဂျက်စတီရုန်း ဟော်မုန်းပမာဏကို စစ်ဆေး၍လည်း သားဥကြွေခဲ့ခြင်း ရှိမရှိ မှတ်တမ်းတင်နိုင်သည်
    • ပရိုလက်တင်ကဲ့သို့ အခြားဟော်မုန်းများ၏ ပမာဏကိုလည်း စစ်ဆေးနိုင်သည်
  • သားအိမ်ထဲသို့ X-ray contrast ဆေးရည်ထိုး၍ သားအိမ်အတွင်းပိုင်းနှင့် သားဥပြွန်ကို ဓာတ်မှန်ရိုက်ခြင်း (Hysterosalpingography)
    • ထိုစစ်ဆေးမှုသည် သားအိမ်အတွင်းပိုင်း ချို့ယွင်းချက် ရှိမရှိ၊ သားဥပြွန်ပိတ်ခြင်း ရှိမရှိသိနိုင်ပြီး ပြဿနာတစ်စုံတစ်ရာတွေ့ရှိပါက နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်
  • သားဥလက်ကျန်စစ်ဆေးခြင်း (Ovarian reserve testing)
    • ဤစစ်ဆေးမှုသည် သားဥလက်ကျန်ပမာဏနှင့် အရည်အသွေးကို သိရှိနိုင်သည်
    • အသက် (၃၅) နှစ်အထက်အမျိုးသမီးများတွင် သားဥလက်ကျန် လျော့နည်းသွားနိုင်သည့်အတွက် သွေးနှင့်အခြားပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ရသည်
  • အခြားဟော်မုန်းများ စစ်ဆေးခြင်း
    • အခြားသော မျိုးပွါးမှုထိန်းချုပ်နိုင်သည့် သိုင်းရွိုက်နှင့် ပစ်ကျူထရီဟော်မုန်းများကိုလည်း စစ်ဆေးနိုင်သည်
  • ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging tests)
    • တင်ပါးဆုံရိုးကွင်းအတွင်း အာထရာဆောင်းရိုက်ခြင်း (pelvic ultrasound)သည် သားအိမ်နှင့် သားဥပြွန် ရောဂါများကိုသိနိုင်သည်
    • တစ်ခါတစ်ရံတွင် ပုံမှန်ရိုက်နေကျ အာထရာဆောင်းတွင် မမြင်နိုင်သည့် သားအိမ်အတွင်းပိုင်း အသေးစိတ်များကိုသိနိုင်ရန် ဆားရည်ကို သားအိမ်ထဲထည့်သွင်းပြီးရိုက်သော အာထရာဆောင်း (saline infusion sonohysterogram) သို့မဟုတ် သားအိမ်မှန်ပြောင်း (hysteroscopy) ကိုသုံး၍ ကြည့်ရှုစစ်ဆေးနိုင်သည်
  • HyCoSy (Hysterosalpingo-contrast-sonography) နည်းပညာဖြင့် စစ်ဆေးခြင်း
    • ဓာတ်မှန်အစား အာထရာဆောင်းနှင့် အထူးဆေးရည်ကို အသုံးပြု၍ သားဥပြွန် ပိတ်၊ မပိတ်ကို ပိုမိုဘေးကင်းစွာ စစ်ဆေးသည့် နည်းလမ်းသစ်ဖြစ်သည်
  • ဝမ်းဗိုက်တွင်းရှိ ရောဂါများကို မှန်ပြောင်းဖြင့် ရောဂါရှာဖွေခြင်း (Laparoscopy)
    • ချက် သို့မဟုတ် ဝမ်းဗိုက်တစ်နေရာတွင် သေးငယ်သောခွဲကြောင်းရာပေးပြီး ဝမ်းဗိုက်အတွင်း မှန်ပြောင်းထည့်၍ သားအိမ်၊ သားဥအိမ်နှင့် သားဥပြွန်တို့ကို စစ်ဆေးကြည့်ရှုခြင်းဖြစ်သည်
    • ထိုသို့စစ်ဆေးခြင်းဖြင့် သားအိမ်ပြင်ပ၌ သွေးလုံးဖြစ်ခြင်း၊ သားအိမ်အသားလုံးများ၊ အမာရွတ်များ (scarring)၊ တွယ်ဆက်နေမှုများ (adhesion) ကြောင့် သားဥပြွန်ပိတ်ဆို့ခြင်း၊ သားဥပြွန်အနေအထား လွတ်လပ်စွာမရှိခြင်းစသည့် သားအိမ်၊ သားဥအိမ်နှင့် သားဥပြွန်ဆိုင်ရာ အကြောင်းရင်းများကို တွေ့ရှိနိုင်သည်
  • မျိုးဗီဇစစ်ဆေးခြင်း (Genetic testing)
    • မျိုးမပွါးနိုင်ခြင်းကို ဖြစ်စေသော မျိုးရိုးဗီဇပြောင်းလဲမှု ရှိမရှိ သိနိုင်သည်
ကုသခြင်း

မျိုးမပွါးနိုင်ခြင်းကို ကုသရာတွင် ဖြစ်ရသောအကြောင်းရင်း၊ အသက်အရွယ်၊ သန္ဓေတားခဲ့ခြင်းမရှိဘဲ သားသမီးမရနိုင်သော အချိန်ကာလနှင့် အမျိုးသား၊ အမျိုးသမီးစုံတွဲ၏ ရွေးချယ်မှုအပေါ်တွင် မူတည်သည်။ မျိုးမပွါးနိုင်ခြင်းသည် ရှုပ်ထွေးသော အခြေအနေတစ်ခုဖြစ်သဖြင့် ကုသမှုတွင် ငွေကြေးပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် အချိန်ပေးရခြင်းများ ပါဝင်သည်။ ဆေးဝါးဖြင့်ကုသခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်း၊ ခေတ်မီဆန်းပြားသော နည်းလမ်းများဖြင့် မျိုးပွါးနိုင်ခြင်းကို ပြန်လည်ရရှိစေပြီး ကိုယ်ဝန်ရရန် ကူညီပေးသည်။

  1. မျိုးပွါးနိုင်ခြင်းကို ပြန်လည်ရရှိစေသောဆေးဝါးများ
    သားဥကြွေခြင်းကို လှုံ့ဆော်ပေးသော ဆေးဝါးများသည် သားဥကြွေခြင်းဖြစ်စဥ် ချို့ယွင်းမှုကြောင့် မျိုးမပွါးနိုင်ခြင်းဖြစ်ရသည့် အမျိုးသမီးများအတွက် အဓိကကျသောဆေးဝါးဖြစ်သည်။ သားဥကြွေရာတွင် ကောင်းမွန်သော သားဥတစ်လုံး သို့မဟုတ် တစ်လုံးထက်ပို၍ ကြွေကျသည်။
    • ကလိုမဖင်းစစ်ထရိတ် (Clomiphene citrate)
      • ဤဆေးသည် သားဥကြွေခြင်းကို လှုံ့ဆော်ပေးသည်
      • ပီကျူထရီဂလင်းမှ follicle-stimulating hormone (FSH) နှင့် luteinizing hormone (LH) ဟော်မုန်းနှစ်မျိုး ထုတ်လုပ်ရန် လှုံ့ဆော်ပေးခြင်းဖြင့် သားဥကြီးထွားမှုကိုဖြစ်စေသည်
      • အသက် (၃၉) နှစ်အောက်၊ သားဥအိမ်တွင် အရည်အိတ်ငယ်များ တည်သောရောဂါစု မရှိသည့်အမျိုးသမီးများအတွက် ပထမဦးစားပေးကုသမှုဖြစ်သည်
        ဤဆေးသည် သားဥကြွေခြင်းကို လှုံ့ဆော်ပေးသည်။ ပီကျူထရီဂလင်းမှ follicle-stimulating hormone (FSH) နှင့် luteinizing hormone (LH) ဟော်မုန်းနှစ်မျိုး ထုတ်လုပ်ရန် လှုံ့ဆော်ပေးခြင်းဖြင့် သားဥကြီးထွားမှုကိုဖြစ်စေသည်။ အသက် (၃၉) နှစ်အောက်၊ သားဥအိမ်တွင် အရည်အိတ်ငယ်များ တည်သောရောဂါစု မရှိသည့်အမျိုးသမီးများအတွက် ပထမဦးစားပေးကုသမှုဖြစ်သည်။
    • ဂိုနဒိုထရိုဖင် (Gonadotropins)
      • ဤဆေးထိုးခြင်းသည် သားဥအိမ်ကို လှုံ့ဆော်၍ သားဥများစွာ ထုတ်စေသည်
      • သားဥများ ရင့်သန်စေရန်နှင့် အချိန်ရောက်လျှင် သားဥကြွေရန် လုပ်ဆောင်ပေးသည်
      • အမြွှာကိုယ်ဝန်ရနိုင်ခြေနှင့် လမစေ့ဘဲကလေး စော၍ မွေးနိုင်ခြေပိုများသည်
    • မက်ဖော်မင် (Metformin)
      • သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစုရှိသည့် အမျိုးသမီးများတွင် အင်ဆူလင်တုံ့ပြန်မှုမရခြင်းကြောင့် မျိုးမပွါးနိုင်ခြင်းဖြစ်သည်ဟု ယူဆလျှင်အသုံးပြုသည်
      • ထိုအခါ အင်ဆူလင်တုံ့ပြန်မှု အားကောင်းလာပြီး သားဥကြွေခြင်းဖြစ်စဥ်ဖြစ်လာသည်
    • လီထရိုဇော (Letrozole)
      • ထိုဆေးသည် ကလိုမဖင်း (Clomiphene) ဆေးအုပ်စုနှင့်တူပြီး လုပ်ငန်းဆောင်ရွက်ပုံလည်း တူညီသည်
      • အသက် (၃၉) နှစ်အောက် သားဥအိမ်တွင်အရည်အိတ်ငယ်များတည်သော ရောဂါစုရှိသည့် အမျိုးသမီးများတွင်သုံးသည်
    • ဘရိုမိုခရစ်ပ်တင်း (Bromocriptine)
      • ပစ်ကျူထရီဂလင်းမှ ပရိုလက်တင်ထုတ်လုပ်မှု လွန်ကဲခြင်းကြောင့် သားဥကြွေခြင်းဖြစ်စဥ် ချို့ယွင်းရသည့် အမျိုးသမီးများတွင်သုံးသည်
    • Kisspeptin
      • သားဥကြွေခြင်းကို လှုံ့ဆော်ရန် အသုံးပြုသည့် နောက်ဆုံးပေါ် ဟော်မုန်းကုထုံးဖြစ်ပြီး သားဥအိမ် အလွန်အကျွံလှုံ့ဆော်မှုခံရခြင်း (OHSS) အန္တရာယ်ကို လျှော့ချပေးနိုင်သည်
    • မျိုးပွါးနိုင်ရန် အသုံးပြုသောဆေးများ၏ အန္တရာယ်
      • အမြွှာကိုယ်ဝန် (Multiple pregnancy) ဖြစ်ခြင်း
        • သောက်ဆေးများသည် အမြွှာကိုယ်ဝန်ဖြစ်နိုင်ခြေ (၁၀%) ရှိ၍ ထိုးဆေးများသည် (၃၀%) ရှိပြီး သုံးမြွှာပူးနှင့်အထက် ဖြစ်နိုင်သည်
        • ယေဘုယျအားဖြင့် သားအိမ်တွင် သန္ဓေသားတစ်ဦးထက် ပိုမိုတည်ရှိနေခြင်းကြောင့် လမစေ့မီမွေးဖွားခြင်း၊ မွေးရာပါ ကိုယ်အလေးချိန်နည်းခြင်းနှင့် နောက်ပိုင်းတွင် ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများ ဖြစ်လာနိုင်ခြေ ပိုများသည်
      • သားဥအိမ်အတွင်း အလွန်အကျွံလှုံ့ဆော်မှုများခြင်း ရောဂါစု – Ovarian hyperstimulation syndrome (OHSS)
        • သားဥကြွေစေရန် ထိုးဆေးများပေးခြင်းသည် ရှားပါးသော သားဥအိမ်အတွင်း အလွန်အကျွံလှုံ့ဆော်မှု များစေပြီး ရောင်ရမ်းခြင်း၊ သားဥအိမ်များနာကျင်ခြင်း၊ ဝမ်းဗိုက်အနည်းငယ်နာခြင်း၊ ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်း စသည့်လက္ခဏာများကို ခံစားရသည်၊ ထိုလက္ခဏာများသည် များသောအားဖြင့် ကုသမှုမလိုဘဲ ပျောက်သွားကြသည်
        • သို့သော် ကိုယ်အလေးချိန် လျင်မြန်စွာ တိုးခြင်း၊ သားဥအိမ် အလွန်နာကျင်ခြင်း၊ ဝမ်းဗိုက်အတွင်း အရည်များပြည့်လာခြင်းနှင့် အသက်ရှူမြန်ခြင်းစသည်တို့ ဖြစ်လာလျှင် အရေးပေါ်ကုသမှု ခံယူရမည်
      • ရေရှည်အန္တရာယ်အနေဖြင့် သားဥအိမ်အကျိတ်တည်ခြင်း
        • ဖြစ်နိုင်သောရာခိုင်နှုန်း အနည်းငယ်သာရှိသည်
      • သို့သော် ကိုယ်ဝန်မဆောင်ဖူးသော အမျိုးသမီးများတွင် သားဥအိမ်အကျိတ် ဖြစ်နိုင်ခြေပိုများသောကြောင့် ထိုသို့ဖြစ်ခြင်းသည် မျိုးပွါးနိုင်အောင် ကုသခြင်းကြောင့် မဟုတ်ဘဲ ရှိရင်းစွဲပြဿနာကြောင့် ပိုဖြစ်နိုင်သည်
  2. မျိုးပွါးနိုင်ခြင်း ပြန်လည်ရရှိရန် ခွဲစိတ်မှု
    ခွဲစိတ်နည်းအမျိုးမျိုးဖြင့် မျိုးမပွါးနိုင်ခြင်းပြဿနာများကို ပြန်လည်ပြုပြင်ပေးနိုင်သည်။
    • မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (Laparoscopic or hysteroscopic surgery)
      • ချက် သို့မဟုတ် ဝမ်းဗိုက်တစ်နေရာတွင် သေးငယ်သော ခွဲကြောင်းရာပေးပြီး ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့်ကြည့်၍ ခွဲစိတ်မှု၊ သားအိမ်အတွင်းသို့ မှန်ပြောင်းဖြင့်ကြည့်၍ ခွဲစိတ်မှုတို့ဖြင့် သားအိမ်တွင်းရှိ အမျှင်များတွယ်ဆက်နေမှုကို ဖယ်ရှားခြင်း (excision of intrauterine adhesion)၊ သားအိမ်အတွင်း အသားလုံးများ (uterine fibroids)၊ အသားပိုများ (endometrial polyp) ဖယ်ရှားခြင်းနှင့် တင်ပါးဆုံရိုးကွင်း အတွင်းရှိအင်္ဂါများတွင် အမျှင်များဖြင့်တွယ်ဆက်နေမှုများ (pelvic adhesion) ကို ဖယ်ရှားခြင်း စသည်တို့ လုပ်ဆောင်နိုင်ခြင်းဖြင့် သားအိမ်အနေအထားကို မူလပုံစံမပျက်အောင် ပြုလုပ်ပေးနိုင်သည်
    • သားဥပြွန်ခွဲစိတ်ခြင်း (Tubal surgeries)
      • သားဥပြွန်များ ပိတ်ဆို့နေခြင်း သို့မဟုတ် အရည်များနှင့် ပြည့်ဖောင်းနေခြင်းတို့ ဖြစ်ပေါ်ပါက အမျှင်များတွယ်ဆက်မှုများ (adhesions) ကို ဖယ်ရှားခြင်း၊ သားဥပြွန်ကိုချဲ့ပေးခြင်း၊ သားဥပြွန်ကို အပေါက်အသစ် ပြုလုပ်ပေးခြင်း အစရှိသည်တို့ကို မှန်ပြောင်းဖြင့် ခွဲစိတ်ပြုပြင်ပေးသည်
      • ထိုသို့ပိတ်နေသည့်သားဥပြွန်ကို မှန်ပြောင်းသုံး၍ ဖြတ်ထုတ်ခြင်းသည် ဖန်ပြွန်သန္ဓေသားဖြင့် ကလေးရနိုင်ခြေ ပိုများစေသည်
  3. မျိုးပွါးနိုင်ခြင်းဖြစ်စေသော နည်းပညာအကူအညီများ
    • သားအိမ်အတွင်းသို့ သုက်ပိုးထည့်သွင်းခြင်း (Intrauterine insemination – IUI)
      • သားဥကြွေချိန်တွင် သန်းပေါင်းများစွာသော ကျန်းမာသောသုက်ပိုးများကို သားအိမ်အတွင်း၌ ထားရှိခြင်းဖြစ်သည်
    • ဖန်ပြွန်သန္ဓေသားနည်းပညာ (In vitro fertilization – IVF)
      • အမျိုးသမီးဆီမှ အရွယ်ရောက်သောသားဥနှင့် အမျိုးသားဆီမှ ကျန်းမာသောသုက်ပိုးကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ယူ၍ ဓာတ်ခွဲခန်းအတွင်း၌ ဆဲလ်ပွါးရန် အထူးစီမံထားသော ဖန် သို့မဟုတ် ပလတ်စတစ် ပန်းကန်ပြားငယ် (petri dish) ပေါ်တွင် ပေါင်းစပ်သန္ဓေအောင်စေသည်
      • ထို့နောက် ပုံမှန်သန္ဓေအောင်ရုံသာမက ကောင်းမွန်စွာကြီးထွားလာသော သန္ဓေသားလောင်း တစ်လုံး သို့မဟုတ် တစ်လုံးထက်ပိုသော သန္ဓေသားလောင်းကို မိခင်လောင်း၏သားအိမ်အတွင်း ပြန်လည်ထည့်သွင်းပေး၍ ကိုယ်ဝန်ရရှိအောင် ကူညီပေးသော၊ အကောင်းဆုံးသော မျိုးပွါးနိုင်သည့်နည်းပညာဖြစ်သည်
      • ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် မျိုးပွါးခြင်းသည် ရက်သတ္တပတ်များစွာကြာပြီး မကြာခဏသွေးစစ်ဆေးမှုနှင့် နေ့စဉ်ဟော်မုန်းဆေးထိုးရန် လိုအပ်သည်
    • ICSI (Intracytoplasmic Sperm Injection)
      • သုက်ပိုး အရည်အသွေး ညံ့ဖျင်းပါက သုက်ပိုးတစ်ကောင်ချင်းစီကို သားဥထဲသို့ တိုက်ရိုက်ထိုးသွင်း၍ သန္ဓေအောင်စေသည့် နည်းလမ်းဖြစ်သည်
    • သန္ဓေသားလောင်းကို အေးခဲ၍ သိမ်းဆည်းခြင်း (Embryo Freezing)
      • သင့်တော်သော အချိန်ရောက်မှ သားအိမ်အတွင်း ပြန်လည်ထည့်သွင်းရန်အတွက် အရည်အသွေးကောင်းသော သန္ဓေသားလောင်းများကို အေးခဲစနစ်ဖြင့် ကြာရှည်သိမ်းဆည်းထားနိုင်သည်
ကာကွယ်ခြင်း
  • ကျန်းမာစေရန် သင့်တော်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ၊ အဝလွန်သူများနှင့် ကိုယ်အလေးချိန်မပြည့်သော အမျိုးသမီးများသည် သားဥကြွေခြင်းဖြစ်စဥ် ချို့ယွင်းနိုင်ခြေ ပိုများသည်၊ ကိုယ်အလေးချိန်လျှော့ချရန် လိုအပ်ပါက အတန်အသင့် လေ့ကျင့်ခန်းလုပ်ပါ၊ သို့သော် တစ်ပတ်လျှင် ငါးနာရီထက်ပို၍ အားသွန်ခွန်စိုက် ပြင်းထန်သော လေ့ကျင့်ခန်းများပြုလုပ်လျှင်မူ သားဥကြွေခြင်းဖြစ်စဥ် နည်းသွားနိုင်သောကြောင့် သတိပြု၍ လုပ်ဆောင်သင့်သည်
  • ဆေးလိပ်ဖြတ်ပါ၊ ဆေးရွက်ကြီးသည် မျိုးအောင်နိုင်ခြင်းအပြင် အထွေထွေကျန်းမာရေးနှင့် သန္ဓေသား၏ ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ဖြစ်စေနိုင်သည်
  • အရက်ရှောင်ပါ၊ အရက်အလွန်အကျွံသောက်သုံးခြင်းသည် မျိုးအောင်နိုင်မှုကျဆင်းစေပြီး ဖွံ့ဖြိုးဆဲသန္ဓေသား၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်
  • စိတ်ဖိစီးမှုလျှော့ချပါ၊ စိတ်ဖိစီးမှုများသည့်အခါ မျိုးမပွါးနိုင်ခြင်းကို ကုသရာတွင် ရလဒ်ကောင်းများမရနိုင်ပါ၊ ထို့ကြောင့် ကိုယ်ဝန်မဆောင်မီ စိတ်ဖိစီးမှုများကို လျှော့ချရန် ကြိုးစားပါ
  • ပတ်ဝန်းကျင်ဆိုင်ရာ အဆိပ်အတောက်များကို ရှောင်ကြဉ်ခြင်း
    • ပလတ်စတစ်များတွင် ပါဝင်သော Phthalates နှင့် Bisphenol A (BPA) ကဲ့သို့သော ဓာတုပစ္စည်းများသည် ဟော်မုန်းစနစ်ကို ကမောက်ကမဖြစ်စေနိုင်သည်
    • ထို့ကြောင့် အစားအသောက်များကို ပလတ်စတစ်ဘူးဖြင့် ထည့်၍ မိုက်ခရိုဝေ့ဖ် (Microwave) ထဲ ထည့်နွှေးခြင်းကို ရှောင်ကြဉ်ရမည်
    • ပလတ်စတစ်ဘူးများအစား ဖန်ထည် သို့မဟုတ် ကြွေထည်များကို အသုံးပြုခြင်း၊ စည်သွပ်ဗူးများတွင် BPA ပါဝင်တတ်သဖြင့် အတတ်နိုင်ဆုံး လျှော့စားခြင်းနှင့် ပလတ်စတစ် ရေသန့်ဗူးများကို အပူရှိန်ရှိသော နေရာများတွင် ထားရှိပြီး ပြန်လည်သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် ဟော်မုန်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းနိုင်သည်

References:

  1. Mayo Clinic. (n.d.). Female infertility: Symptoms and causes. Retrieved January 21, 2026, from https://www.mayoclinic.org/diseases-conditions/female-infertility/symptoms-causes/syc-20354308
  2. Cleveland Clinic. (n.d.). Female infertility. Retrieved January 21, 2026, from https://my.clevelandclinic.org/health/diseases/17774-female-infertility
  3. American Society for Reproductive Medicine. (2024). The use of preimplantation genetic testing for aneuploidy: A committee opinion. Retrieved January 21, 2026, from https://www.asrm.org/practice-guidance/practice-committee-documents/the-use-of-preimplantation-genetic-testing-for-aneuploidy-a-committee-opinion-2024/
  4. Office on Women’s Health. (2021). Infertility. U.S. Department of Health and Human Services. Retrieved January 21, 2026, from https://womenshealth.gov/a-z-topics/infertility
  5. Kuohung, W., et al. (2021). Causes of female infertility. UpToDate. Retrieved April 14, 2021, from https://www.uptodate.com
  6. Kuohung, W., et al. (2021). Treatments for female infertility. UpToDate. Retrieved April 14, 2021, from https://www.uptodate.com
  7. Sönmezer, M., Saçıntı, K. G., & Oktay, K. H. (2025). Female fertility preservation: 25 years of progress, expanding indications and future prospects. Human Reproduction Update. Advance online publication. https://doi.org/10.1093/humupd/dmaf026
  8. Pekmezci, H., Sipahi, S., & Başaran, B. (2025). Health risk assessment of dietary chemical exposures: A comprehensive review. Foods, 14(23), 4133. https://doi.org/10.3390/foods14234133
  9. Lin, X., Wu, D., Zhang, C., Wang, L., Lu, Y., Zhou, P., … Huang, H. (2025). Preimplantation genetic testing for aneuploidy versus no genetic testing in couples undergoing intracytoplasmic sperm injection for severe male infertility: Multicentre, open-label, randomised controlled trial. BMJ, 391, e084050. https://doi.org/10.1136/bmj-2025-084050
  10. Wang, J., & Tu, S. (2025). Stage-specific autophagy dynamics in reproductive processes and associated disorders. Frontiers in Cell and Developmental Biology, 13, Article 1639691. https://doi.org/10.3389/fcell.2025.1639691
  11. Su, H., Lacchetti, C., Letourneau, J., Partridge, A. H., Qamar, R., Quinn, G. P., Reinecke, J., Smith, J. F., Tesch, M. E., Wallace, W. H., Wang, E. T., & Loren, A. W. (2025). Fertility preservation in people with cancer: ASCO guideline update. Journal of Clinical Oncology, 43(12), 1488–1515. https://doi.org/10.1200/JCO-24-02782
  12. Kamphuis, D., Huijser, J. P. M., van Welie, N., Verhoeve, H. R., Kuijper, E., de Bruin, J. P., et al. (2024). Tubal flushing with oil-based contrast during hysterosalpingography versus tubal flushing by hysterosalpingo-foam sonography in infertile women undergoing fertility work-up: Study protocol of a randomised controlled trial (FOil study). BMJ Open, 14(11), e091778. https://doi.org/10.1136/bmjopen-2024-091778
  13. Koysombat, K., Tsoutsouki, J., Patel, A. H., Comninos, A. N., Dhillo, W. S., & Abbara, A. (2025). Kisspeptin and neurokinin B: Roles in reproductive health. Physiological Reviews, 105(1), 707–764. https://doi.org/10.1152/physrev.00015.2024

Published: 28 January 2025

Last updated: 4 January 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.