Colon Cancer (အူမကြီးကင်ဆာ)

Colon Cancer (အူမကြီးကင်ဆာ)

အူမကြီးသည် အစာခြေစနစ်၏ နောက်ဆုံးအစိတ်အပိုင်းဖြစ်ပြီး အစာခြေပြီးသော အစားအစာများကို အစာဟောင်းအိမ်သို့ ပို့ဆောင်ပေးကာ ကိုယ်ခန္ဓာအပြင်ဘက်သို့ စွန့်ထုတ်ရာတွင် အထောက်အကူပြုသည်။

အူမကြီးကင်ဆာကို တစ်ခါတစ်ရံတွင် အူမကြီးနှင့်အစာဟောင်းအိမ်ကင်ဆာ (Colorectal cancer) ဟုခေါ်ဆိုလေ့ရှိသည်။ ဤအသုံးအနှုန်းသည် အူမကြီးကင်ဆာ (Colon cancer) နှင့် အစာဟောင်းအိမ်တွင် စတင်ဖြစ်ပွါးသော အစာဟောင်းအိမ်ကင်ဆာ (Rectal cancer) တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

အူမကြီးကင်ဆာသည် အူမကြီးအတွင်းနံရံရှိ ဆဲလ်များ သို့မဟုတ် အသားပိုများ (Polyps) မှ စတင်ဖြစ်ပွါးသည်။ အဆိုပါ ကင်ဆာမဖြစ်သေးသော အသားပိုများနှင့် ပုံမှန်မဟုတ်သော အကျိတ်ငယ်များ ရှိမရှိကို ကြိုတင်စမ်းသပ်ရှာဖွေစစ်ဆေးမှုများ (Health screening / Screening test) ပြုလုပ်ခြင်းဖြင့်​ တွေ့ရှိနိုင်ပြီး တွေ့ရှိပါက ကင်ဆာအဆင့် မရောက်မီ ဖယ်ရှားနိုင်သည်။ ထိုသို့ကြိုတင်စစ်ဆေးနိုင်ခြင်း၊ ဆောလျင်စွာ ကုသမှုခံယူနိုင်ခြင်းတို့အပြင် ကုသနည်းအသစ်များလည်း ပေါ်ပေါက်လာသည့်အတွက် အူမကြီးကင်ဆာကြောင့် သေဆုံးသူအရေအတွက် လျော့နည်းလာပြီဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကင်ဆာအမျိုးအစားအားလုံးကဲ့သို့ပင် ဆဲလ်များ ထိန်းချုပ်မရဘဲ ကြီးထွားပွါးများလာသောကြောင့် အူမကြီးကင်ဆာ စတင်ဖြစ်ပွါးသည်။ ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးသည် ပုံမှန်အားဖြင့် သတ်မှတ်နှုန်းအတိုင်း အဆက်မပြတ် ကြီးထွားပွါးများ ပျက်စီးနေခြင်းဖြင့် ခန္ဓာကိုယ်သည် ကျန်းမာစွာ ပုံမှန်လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

အူမကြီးကင်ဆာတွင် အူမကြီးနှင့် အစာဟောင်းအိမ်ကို ဖုံးအုပ်ထားသော ဆဲလ်များသည် သာမန်ထက်ပိုမိုပွါးများရုံမက ပျက်စီးသင့်သည့်အချိန်တွင်ပင် ဆက်လက်ကြီးထွားပွါးများနေသော ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲသွားသည်။ ဤကင်ဆာဆဲလ်များသည် များသောအားဖြင့် အူမကြီးရှိ အသားပိုများမှ စတင်ဖြစ်ပွါးသည်။ ထိုအသားပိုများဖြစ်ပေါ်လာရသည့် အကြောင်းရင်းကိုမူ အတိအကျ မသိရှိသေးပါ။

အူမကြီးကင်ဆာ ဖြစ်ပွါးနိုင်ခြေများသည့် အကြောင်းရင်းများ

အူမကြီးကင်ဆာဖြစ်နိုင်ခြေများသည့် ရောဂါအခြေအနေများမှာ_

  • မျိုးရိုးလိုက်သောရောဂါများ [ဥပမာ – Lynch syndrome နှင့် Familial adenomatous polyposis (FAP) ရောဂါ]
  • နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory bowel disease) _ Ulcerative colitis နှင့် Crohn’s disease ကဲ့သို့ အူမကြီးအတွင်းနံရံ ရောင်ရမ်းသည့် ရောဂါများ
  • အူမကြီး အသားပိုများရှိခြင်း
  • မိသားစုတွင် အူမကြီးကင်ဆာ သို့မဟုတ် အခြားကင်ဆာများ ဖြစ်ပွါးသည့် ရာဇဝင်ရှိခြင်း
  • မိသားစုတွင် အူမကြီးအသားပိုရှိသည့် ရာဇဝင်ရှိခြင်း
  • အသက်အရွယ်ကြီးခြင်း _ များသောအားဖြင့် အသက် (၅၀) ကျော်အရွယ်တွင် ဖြစ်ပွါးလေ့ရှိသော်လည်း မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွါးနိုင်သည်
  • ဆီးချိုရောဂါ
  • ဓာတ်ရောင်ခြည်ကုသမှု _ အထူးသဖြင့် ယခင်က ဝမ်းဗိုက် သို့မဟုတ် တင်ပါးဆုံတွင် ကင်ဆာအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု (Radiation Therapy) ခံယူဖူးခြင်း
အူမကြီးကင်ဆာဖြစ်နိုင်ခြေများသည့် နေထိုင်စားသောက်မှုပုံစံများ
  • ဆေးလိပ်သောက်ခြင်း
  • အရက်အလွန်အကျွံသောက်ခြင်း
  • အဝလွန်ခြင်း
  • အနီရောင်ရှိသော အသားနှင့် ပြုပြင်ထားသော အသားများ အစားများခြင်း
  • အမျှင်ဓာတ်နည်းပြီး အဆီနှင့် ကယ်လိုရီများသော အစားအစာများ အစားများခြင်း
  • လေ့ကျင့်ခန်း ပုံမှန်မပြုလုပ်ခြင်း
Colon cancer image
ရောဂါလက္ခဏာများ

အူမကြီးကင်ဆာရှိသူ အများစုသည် အစောပိုင်းတွင် မည်သည့် ရောဂါလက္ခဏာမျှ ပြသလေ့မရှိပါ။ ရောဂါလက္ခဏာများသည် ကင်ဆာ၏ အရွယ်အစားနှင့် အူမကြီးအတွင်း တည်နေရာအပေါ် မူတည်၍ ကွဲပြားနိုင်သည်။

  • ဝမ်းသွားသည့်အမူအကျင့် ပြောင်းလဲခြင်း (Change in Bowel Habits) (ဥပမာ_ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းများ ယခင်ထက် ပိုမိုဖြစ်လာခြင်း)
  • ဝမ်းသွားလျှင် သွေးပါခြင်း သို့မဟုတ် အစာဟောင်းအိမ်မှ သွေးယိုခြင်း (Blood in the stool or rectal bleeding)
  • ဗိုက်အောင့်ဗိုက်နာခြင်း၊ လေထိုးလေအောင့်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း
  • ဝမ်းသွားပြီးသည့်တိုင်အောင် ဝမ်းကျန်နေသကဲ့သို့ ခံစားရခြင်း
  • အားနည်းမောပန်းလွယ်ခြင်း
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း

အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာသည် အောက်ဖော်ပြပါ အရေးပေါ်အခြေအနေများဖြင့် ရုတ်တရက် ပေါ်လာတတ်သည်။

  • အူလမ်းကြောင်း ပိတ်ဆို့ခြင်း (Obstruction)
  • အူပေါက်ခြင်း (Perforation) နှင့်
  • အကျိတ်မှ သွေးယိုခြင်း (Bleeding)

ထိုအရေးပေါ်အခြေအနေများတွင် များသောအားဖြင့် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ပြီး ကင်ဆာရောဂါ ပြင်းထန်မှုနှင့် လူနာကျန်းမာရေးအခြေအနေပေါ် မူတည်၍ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်ခြေ မြင့်တက်စေသည်။ ထို့ကြောင့် အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာများကို အရေးပေါ်အခြေအနေများ မရောက်မီ စောစီးစွာ ရောဂါရှာဖွေကုသမှုခံယူခြင်းသည် အကောင်းဆုံးဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ လက္ခဏာများသည် အူမကြီးကင်ဆာကြောင့် ဖြစ်နိုင်သလို အခြားသော ကျန်းမာရေးပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် အဆိုပါလက္ခဏာများကို သတိထားမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ကာ စစ်ဆေးမှုခံယူရန် လိုအပ်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ထို့ပြင် အထက်ပါအူမကြီးကင်ဆာဖြစ်နိုင်ခြေများသည့် ​ရောဂါအခြေအနေများရှိပါက မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

အရေးပေါ်ပြသရန်

အူပိတ်၊ အူပေါက်၊ သွေးယိုခြင်း၏ လက္ခဏာများဖြစ်သော မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်း၊ ရက်ရှည် ဝမ်းချုပ်ခြင်း၊ လေမလည်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ သွေးဝမ်းသွားခြင်း စသည်တို့ခံစားရပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင် (အူမကြီးကင်ဆာ သံသယလက္ခဏာများနှင့် ကင်ဆာပိုမိုဖြစ်ပွါးနိုင်သော အချက်များစသည်)ကို မေးမြန်းပြီး ဝမ်းဗိုက်စမ်းသပ်ခြင်း၊ လက်ချောင်းဖြင့် စအိုအတွင်း စစ်ဆေးခြင်း (Digital rectal examination) နှင့် စအိုမှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်းစသည့် လူနာစမ်းသပ်မှုများ ပြုလုပ်မည်။

ထို့နောက် အောက်ဖော်ပြပါ စစ်ဆေးမှုများကို လိုအပ်သလို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

  1. အူမကြီးမှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Colonoscopy)
    • အူမကြီးမှန်ပြောင်းဆိုသည်မှာ လက်သန်းလုံးအရွယ်ခန့်ရှိသည့် ကွေးနိုင်ကောက်နိုင်သော သေးငယ်သည့် ပြွန်တစ်ခုဖြစ်သည်၊ ယင်းပြွန်ထိပ်တွင် အလွန်သေးငယ်သော ဗီဒီယိုကင်မရာနှင့် အလွန်သေးငယ်သောဓာတ်မီးတို့ကို တပ်ဆင်ထားသည်
    • ယင်းမှန်ပြောင်းကို လူနာ၏ စအိုဝမှတစ်ဆင့် ထည့်ကာ အူမကြီးအတွင်းနံရံများရှိ အသားပိုများ၊ အနာများ၊ ရောင်ရမ်းခြင်းများနှင့် အကျိတ်များကို ကြည့်ရှုနိုင်သည်
    • ပုံရိပ်ကို ကင်မရာမှဖမ်းယူပြီး တီဗီဖန်သားပြင်တွင် ထင်ရှားစွာမြင်တွေ့နိုင်သည်
    • ဆရာဝန်သည် မှန်ပြောင်းမှတစ်ဆင့် ခွဲစိတ်ကိရိယာများကို ထည့်သွင်းပြီး အသားစနမူနာများ ရယူနိုင်သည့်အပြင် အသားပိုများကိုလည်း ဖယ်ရှားနိုင်သည်

      Colon cancer image2
  2. အသားစယူ စစ်ဆေးခြင်း (Biopsy)
    • များသောအားဖြင့် အူမကြီးကင်ဆာအတွက် အသားစနမူနာကို အူမကြီးမှန်ပြောင်းကြည့်စဥ် ရယူလေ့ရှိပြီး၊ တစ်ခါတစ်ရံတွင် ခွဲစိတ်ပြီး အသားစယူရန် လိုအပ်နိုင်သည်
    • ရယူထားသော အသားစနမူနာကို ဓာတ်ခွဲခန်းသို့ ပို့၍ ကင်ဆာဆဲလ်များနှင့် ဆဲလ်ကြီးထွားနှုန်းကို စစ်ဆေးနိုင်သည်
    • ထို့အပြင် ကင်ဆာဆဲလ်များနှင့်ပတ်သက်သော အခြားစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်သည်။ ယင်းစစ်ဆေးမှုရလဒ်များအရ ရောဂါအခြေအနေနှင့် ကုသနည်းများကို ဆုံးဖြတ်သည်
  3. သွေးစစ်ဆေးမှုများ
    • သွေးစစ်ဆေးမှုများသည် အူမကြီးကင်ဆာကို တိုက်ရိုက်ရှာဖွေရန် အသုံးမပြုသော်လည်း အူမကြီးကင်ဆာ၏ လက္ခဏာများနှင့် ကျောက်ကပ်၊ အသည်းကဲ့သို့သော ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်နိုင်စွမ်းကို သိရှိရန် အထောက်အကူပြုသည် (ဥပမာ_သွေးနီဥပမာဏ နည်းခြင်းသည် အူမကြီးကင်ဆာကြောင့် သွေးယိုစိမ့်နေခြင်းကို ညွှန်ပြသည်)
    • CEA (Carcinoembryonic Antigen) ပရိုတင်းကို စစ်ဆေးခြင်း
      • အူမကြီးကင်ဆာဆဲလ်များသည် CEA ဟုခေါ်သော ပရိုတင်းကို ထုတ်လုပ်သဖြင့် CEA ပမာဏကို သွေးစစ်ဆေးမှုဖြင့် သိရှိနိုင်သည့်အပြင် ကင်ဆာရောဂါ ကုသရာတွင် တုံ့ပြန်မှုရှိမရှိကိုလည်း သိရှိနိုင်သည်
      • ထို့အပြင် ကင်ဆာကုသမှု ပြီးဆုံးပြီးနောက်ပိုင်း CEA ပရိုတင်းကို ပုံမှန်စစ်ဆေးခြင်းဖြင့် ကင်ဆာအကျိတ် ပြန်ဖြစ်ပါက စောစီးစွာ သိရှိနိုင်သည်
ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging)

အူမကြီးကင်ဆာရောဂါရှာဖွေပြီးနောက် ကင်ဆာ ပျံ့နှံ့မှုအတိုင်းအတာကို သိရှိရန် ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging scan) များ ပြုလုပ်သည်။ ယင်းလုပ်ငန်းစဉ်ကို ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging) ဟုခေါ်သည်။ ကင်ဆာရောဂါကုထုံးများ ရွေးချယ်ရာတွင်လည်းကောင်း၊ ခွဲစိတ်ကုသရာတွင်လည်းကောင်း လွန်စွာအထောက်အကူပြုသည်။ များသောအားဖြင့် အူမကြီးကင်ဆာ ခွဲစိတ်မှုအပြီးမှသာ ကင်ဆာအဆင့်ကို အတိအကျ သတ်မှတ်နိုင်သည်။

  • ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging scan)
    အာထရာဆောင်း (USG)၊ သံလိုက်ဓာတ်မှန် (MRI)၊ ကွန်ပျူတာဓာတ်မှန် (CT scan) နှင့် ပီအီးတီစကင်န် (PET scan) စသည်တို့ကို အလျဥ်းသင့်သလို အသုံးပြု၍ ကင်ဆာအကျိတ်၏ အရွယ်အစား၊ တည်နေရာနှင့် ပျံ့နှံ့မှုများကို ရှာဖွေစစ်ဆေးသည်။
အူမကြီးကင်ဆာ အဆင့်များ

အူမကြီးကင်ဆာအဆင့်များကို အောက်ပါအတိုင်း အဆင့် (၀) မှ အဆင့် (၄) အထိ သတ်မှတ်ထားသည်။

  • အဆင့် (၀) _ ကင်ဆာဆဲလ်များသည် အူမကြီး၏ အတွင်းဆုံးနံရံတွင်သာ တည်ရှိပြီး၊ အခြားနေရာများသို့ မပျံ့နှံ့သေးသည့်အဆင့်
  • အဆင့် (၁) _ ကင်ဆာဆဲလ်များသည် အူမကြီး၏ အတွင်းဆုံးနံရံမှ ကြီးထွားလာကာ အူမကြီးနံရံ ကြွက်သားလွှာအထိ ရောက်ရှိနေသည့်အဆင့်
  • အဆင့် (၂) _ ကင်ဆာဆဲလ်များသည် အူမကြီးနံရံကို ဖောက်ထွက်သွားသော်လည်း အနီးရှိ တစ်ရှူးများ၊ ပြန်ရည်ကြောအကျိတ်များသို့ မရောက်ရှိသေးသည့်အဆင့်
  • အဆင့် (၃) _ ကင်ဆာဆဲလ်များသည် အနီးရှိပြန်ရည်ကျိတ်များသို့ ပျံ့နှံ့ရောက်ရှိသွားသည့်အဆင့် (ဤအဆင့်တွင် ခန္ဓာကိုယ်၏ အခြားနေရာများသို့ စတင်ပျံ့နှံ့နိုင်ခြေရှိသည်)
  • အဆင့် (၄) _ ကင်ဆာဆဲလ်များသည် အသည်း၊ အဆုတ်စသည့် ခန္ဓာကိုယ် အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည့်အဆင့်
ကုသခြင်း

အူမကြီးကင်ဆာသည် များသောအားဖြင့် ခွဲစိတ်ဖယ်ရှားရန် လိုအပ်သည်။ ကင်ဆာ၏ တည်နေရာ၊ အဆင့်၊ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ရွေးချယ်မှုအပေါ် မူတည်၍ လူနာအတွက် အသင့်တော်ဆုံး ကုထုံးများကို ရွေးချယ်သည်။

မခွဲစိတ်မီ သို့မဟုတ် ခွဲစိတ်ပြီးချိန်တွင် ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy) နှင့် ကင်ဆာဆေးသွင်းကုထုံး (Chemotherapy) ကဲ့သို့သော အခြားကုသမှုများကို ညွှန်ကြားနိုင်သည်။ 

  • ခွဲစိတ်ကုသခြင်း
    အူမကြီးကင်ဆာအဆင့်ပေါ် မူတည်၍
    • အူမကြီး မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Endoscopic procedures)
    • ဝမ်းဗိုက်မှန်ပြောင်းထည့် ခွဲစိတ်ခြင်း (Laparoscopic surgery)
    • ဝမ်းဗိုက်ဖွင့် ခွဲစိတ်ခြင်း (Open surgery) စသည့် ခွဲစိတ်နည်း အမျိုးမျိုးရှိသည်။
      • အူမကြီးမှန်ပြောင်းဖြင့် အသားပို ဖြတ်ထုတ်ခြင်း (Endoscopic polypectomy)
        • ကင်ဆာဆဲလ်များသည် အူမကြီး အသားပိုအတွင်း၌သာ ရှိပါက သို့မဟုတ် ကင်ဆာဖြစ်နိုင်ခြေများသော အသားပိုများကို အူမကြီးမှန်ပြောင်းဖြင့် ဖြတ်ထုတ်ဖယ်ရှားခြင်းဖြစ်သည်
      • အူမကြီးမှန်ပြောင်းဖြင့် အူမကြီးအတွင်းအချွဲလွှာကို ဖြတ်ထုတ်ခြင်း (Endoscopic mucosal resection)
        • အရွယ်ကြီးသော အသားပိုများနှင့် သေးငယ်သော ကင်ဆာအကျိတ်များတွင် ဤနည်းကို အသုံးပြုသည်
        • အူမကြီးမှန်ပြောင်းကြည့်စဥ် မှန်ပြောင်းမှတစ်ဆင့် အထူးပြုလုပ်ထားသော ကိရိယာများဖြင့် ကင်ဆာအကျိတ်နှင့်အတူ အူမကြီးအတွင်းနံရံ အချွဲလွှာအနည်းငယ်ကို ဖြတ်ထုတ်ဖယ်ရှားခြင်းဖြစ်သည်
      • အူမကြီး တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံး ခွဲစိတ်ဖြတ်ထုတ်ခြင်း (Partial or Total Colectomy)
        • ဤခွဲစိတ်မှုကို Colon Resection Surgery ဟုလည်း ခေါ်သည်
        • ကင်ဆာကျိတ်ရှိနေသော အူမကြီး အစိတ်အပိုင်းနှင့်အတူ အကျိတ်ပတ်လည်ရှိ ကင်ဆာကျိတ်ကင်းစင်သော တစ်ရှူးအနည်းငယ်ကို ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်သည်
        • ထို့နောက် ပုံမှန်အူလမ်းကြောင်းဖြစ်စေရန် ပြန်လည်ဆက်ပေးမည်ဖြစ်သည်
      • ဝမ်းဗိုက်ပေါ်သို့ အူလမ်းကြောင်းလွှဲခြင်း (Colostomy)
        • တစ်ခါတစ်ရံတွင် ခွဲစိတ်ပြီးနောက် ဝမ်းဗိုက်နံရံ၌ အပေါက်တစ်ခုဖောက်၍ အူမကြီး၏ ကျန်ရှိသော အစိတ်အပိုင်းကို လမ်းကြောင်းလွှဲခြင်းဖြစ်သည်
        • ဤနည်းလမ်းကို colostomy ဟုခေါ် ပြီး အစာဟောင်းများကို ဝမ်းဗိုက်ပေါ်ရှိအပေါက်နှင့် ချိတ်ဆက်ထားသော အိတ်ထဲသို့ စွန့်ထုတ်သည်
        • အူလမ်းကြောင်း ယာယီလွှဲခြင်း ဖြစ်နိုင်သလို တသက်လုံးအတွက် အမြဲလွှဲထားရခြင်းမျိုးလည်း ဖြစ်နိုင်သည်
        • အောက်ဖော်ပြပါ အခြေအနေများတွင် အူလမ်းကြောင်းလွှဲရန် လိုအပ်နိုင်သည်
          • ခွဲစိတ်မှုအပြီး ပြန်လည်ဆက်ထားသော အူမကြီး သို့မဟုတ် အစာဟောင်းအိမ်အနာ ပြန်လည်ကျက်ရန် (အူလမ်းကြောင်း ယာယီလွှဲခြင်း)
          • ရောဂါသည် ဖြတ်ထုတ်လို့ မရနိုင်တော့ဘဲ အနီးပတ်ဝန်းကျင်ကိုယ်အင်္ဂါ များသို့ ပျံနှံ့နေပြီး အူပိတ်နေသောအဆင့် (အူလမ်းကြောင်း အမြဲလွှဲခြင်း)
  • ခွဲစိတ်မှုနှင့် ပေါင်းစပ်ကုသမှုများ (Adjuvant therapy)
    • ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း စသည့်ကင်ဆာကုသနည်းများကို ခွဲစိတ်မှုမတိုင်မီ သို့မဟုတ် ခွဲစိတ်မှုအပြီးတွင် ပြုလုပ်ရန် ညွှန်ကြားနိုင်သည်
    • ထို့အပြင် ပျံ့နှံ့နေသော သို့မဟုတ် ပြန်လည်ဖြစ်ပွါးသော အူမကြီးကင်ဆာအတွက်လည်း ဤကုသနည်းများကို အသုံးပြုနိုင်သည်
  • ကင်ဆာ‌ဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
    • များသောအားဖြင့် ခွဲစိတ်မှုအပြီးတွင် ပေးလေ့ရှိသည်၊ ခွဲစိတ်မှုအပြီး ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်များကို သေစေပြီး ကင်ဆာပြန်ဖြစ်နိုင်ခြေကို လျှော့ချပေးသည်
    • ခွဲစိတ်မှုမတိုင်မီတွင် ကင်ဆာအရွယ်အစားကို သေးငယ်စေရန်အတွက်လည်း အသုံးပြုနိုင်သည်
    • ခွဲစိတ်၍မရသော ကင်ဆာများ သို့မဟုတ် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့နေသော ကင်ဆာများအတွက် လက္ခဏာများကို သက်သာစေရန် အသုံးပြုနိုင်သည်
    • တစ်ခါတစ်ရံတွင် ဓာတ်ရောင်ခြည်ကုထုံးနှင့် ပေါင်းစပ်၍ အသုံးပြုသည်
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
    • ခွဲစိတ်မှုမတိုင်မီတွင် ကင်ဆာအရွယ်အစားကို သေးငယ်စေရန် အသုံးပြုနိုင်သည်
    • ခွဲစိတ်မှုမပြုလုပ်နိုင်ပါက ကင်ဆာအကျိတ်ကြောင့်ဖြစ်သော ပြင်းထန်သည့် နာကျင်မှုစသည့် ကင်ဆာလက္ခဏာများကို သက်သာစေရန် အသုံးပြုနိုင်သည်
    • တစ်ခါတစ်ရံတွင် ကင်ဆာဆေးဝါးများနှင့်အတူ တစ်ပြိုင်တည်း အသုံးပြုသည်
  • ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted Therapy)
    • များသောအားဖြင့် ကင်ဆာဆေးဝါးများနှင့် ပေါင်းစပ်၍ အသုံးပြုသည်
    • အူမကြီးကင်ဆာအဆင့် မြင့်မားသူများတွင် အသုံးပြုသည်
  • ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
    • ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ကိုယ်ခံအားစနစ်ကိုလှုံ့ဆော်ပေးသော ဆေးဝါးများကို အသုံးပြုသည်
    • အူမကြီးကင်ဆာအဆင့် မြင့်မားသူများတွင် အသုံးပြုသည်
  • ခံစားနေရသောဝေဒနာများ ညင်သာစေရန် ဘက်စုံပြုစုကုသမှု (Palliative care)
    • ပြင်းထန်သော ကင်ဆာနာကျင်မှုနှင့် အခြားခံစားရသော ဝေဒနာများ သက်သာစေရန် ပြုစုကုသပေးခြင်းဖြင့် ကင်ဆာဝေဒနာရှင်များ၏ ဘဝနေထိုင်မှုအရည်အသွေး ပိုမိုကောင်းမွန်စေသည်
ကာကွယ်ခြင်း

အူမကြီးကင်ဆာကို အပြည့်အဝ ကာကွယ်၍မရနိုင်သော်လည်း အောက်ဖော်ပြပါအချက်များကို လိုက်နာခြင်းဖြင့် ဖြစ်ပွါးနိုင်ခြေကို လျှော့ချနိုင်သည်။

  • ဆေးလိပ်သောက်ခြင်းကို‌ ရှောင်ရှားခြင်း
  • အရက်သောက်သုံးမှု လျှော့ချခြင်း သို့မဟုတ် လုံးဝဖြတ်ခြင်း
  • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
  • သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးခြင်း
  • အနီရောင်အသား၊ ပြုပြင်ထားသော အစားအစာများ၊ အဆီနှင့် ကယ်လိုရီများသော အစားအစာများ စားသောက်မှုကို လျှော့ချခြင်း
  • ကော်ဖီသောက်ခြင်း _ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်ဟု လေ့လာမှုများက ဖော်ပြထားသည်
  • မိဘ၊ မောင်နှမ သို့မဟုတ် သားသမီးတွင် အူမကြီးကင်ဆာ သို့မဟုတ် ကင်ဆာဖြစ်စေနိုင်သော အူမကြီးအသားပိုများ ရှိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ
  • မိသားစုဝင်တစ်ဦးဦးသည် အသက် (၄၅) နှစ်မတိုင်မီ ကင်ဆာဖြစ်ဖူးပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ
  • အူမကြီးကင်ဆာ အကြိုစစ်ဆေးခြင်း (Colon cancer screening)
အူမကြီးကင်ဆာ အကြိုစစ်ဆေးခြင်း (Colon cancer screening)

အောက်ဖော်ပြပါ အူမကြီးကင်ဆာ ဖြစ်ပွါးနိုင်ခြေ မြင့်မားသူများတွင် အသက် (၄၅)နှစ် မတိုင်မီ ဆောလျင်စွာ အူမကြီးကင်ဆာ အကြိုစစ်ဆေးမှု (Colon cancer screening) ပြုလုပ်ရသည်။

  • အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ ဖြစ်ဖူးခြင်း သို့မဟုတ် ကင်ဆာအကြို အူမကြီးအသားပို ရှိဖူးခြင်း
  • နာတာရှည်အူလမ်းကြောင်း ရောင်ရမ်းနာရောဂါ (Inflammatory bowel disease) – Ulcerative colitis နှင့် Crohn’s disease ကဲ့သို့ အူမကြီးအတွင်းနံရံ ရောင်ရမ်းသည့် ရောဂါများရှိခြင်း
  • ယခင်က ဝမ်းဗိုက် သို့မဟုတ် တင်ပါးဆုံတွင် ကင်ဆာအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု (Radiation Therapy) ခံယူဖူးခြင်း
  • မိသားစုတွင် အူမကြီးကင်ဆာ သို့မဟုတ် အခြားကင်ဆာများ ဖြစ်ပွါးသည့် ရာဇဝင်ရှိခြင်း
  • မျိုးဗီဇဆိုင်ရာ အူမကြီးကင်ဆာ ရောဂါစု (Hereditary colorectal cancer syndrome) ရှိခြင်း [ဥပမာ – Lynch syndrome နှင့် Familial adenomatous polyposis (FAP) ရောဂါ]

အထက်ပါအချက်များ မရှိပါက အသက် (၄၅) နှစ်မှစတင်၍ အူမကြီးကင်ဆာ အကြိုစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်။

မိမိကျန်းမာရေးအခြေအနေနှင့် မိသားစုရာဇဝင်ပေါ် မူတည်၍ သင့်တော်သော စစ်ဆေးမှုကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ ရွေးချယ်ရသည်။ အူမကြီးကင်ဆာ အကြိုစစ်ဆေးမှုအတွက် အသုံးပြုသော စစ်ဆေးနည်းများမှာ_

  • အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Colonoscopy)
  • ဝမ်းစစ်ဆေးခြင်း
    • Fecal Immunochemical Test (FIT)
    • Guaiac-based Fecal Occult Blood Test (gFOBT)
    • Fecal DNA Test စသည့် စစ်ဆေးမှုများ
  • အူမကြီး နောက်ဆုံးအပိုင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Flexible Sigmoidoscopy)
  • ကွန်ပျူတာဓာတ်မှန်ရိုက်၍ အူမကြီး ပုံရိပ်ဖော်ခြင်း (Virtual Colonoscopy) စသည်တို့ဖြစ်သည်။

References:

  1. Mayo Clinic. (n.d.). Colon cancer: Symptoms & causes. Retrieved December 20, 2026, from https://www.mayoclinic.org/diseases-conditions/colon-cancer/symptoms-causes/syc-20353669
  2. Cleveland Clinic. (n.d.). Colon cancer (colorectal cancer). Retrieved December 20, 2026, from https://my.clevelandclinic.org/health/diseases/14501-colorectal-colon-cancer#prevention
  3. American Cancer Society. (n.d.). Colorectal cancer guideline: How often to have screening tests. Retrieved December 20, 2026, from https://www.cancer.org/cancer/types/colon-rectal-cancer/detection-diagnosis-staging/acs-recommendations.html

Published: 18 January 2025

Last update: 11 February 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.