Human Metapneumovirus (HMPV) (HMPV ဗိုင်းရပ်စ်ကူးစက်ရောဂါ)

Human Metapneumovirus (HMPV) (HMPV ဗိုင်းရပ်စ်ကူးစက်ရောဂါ)

HMPV ဗိုင်းရပ်စ်ပိုးသည် အဖြစ်များသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်အမျိုးအစားဖြစ်သည်။ ယခုမှစတင်တွေ့ရှိသော ဗိုင်းရပ်စ်အမျိုးအစားမဟုတ်ဘဲ (၂၀၀၁) ခုနှစ်ကတည်းက စတင်ရှာဖွေတွေ့ရှိခဲ့သည်။ HMPV ‌ရောဂါပိုးကူးစက်ခြင်းသည် ဆောင်းရာသီနှင့် နွေဦးရာသီအစောပိုင်းတို့တွင် ပိုမိုဖြစ်ပေါ်နိုင်သည်။ မည်သူမဆို ရောဂါပိုးဝင်‌ရောက်နိုင်ပြီး အများစုမှာ သာမန်အအေးမိ၊ တုပ်ကွေးလက္ခဏာမျှသာ ခံစားရနိုင်သည်။ သို့သော် ကလေးငယ်များနှင့် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများတွင် ပို၍အဖြစ်များပြီး ‌ရောဂါပိုမိုပြင်းထန်နိုင်သည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ

HMPV သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သော RNA ‌ဗိုင်းရပ်စ်ပိုးဖြစ်ပြီး၊ A နှင့် B ဟူ၍ အဓိကအမျိုးအစား (၂) မျိုးရှိသည်။ လူတစ်ဦးမှတစ်ဦးထံသို့ အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကူးစက်နိုင်သည်။

  • ရောဂါပိုးရှိသူ နှာချေခြင်း၊ ချောင်းဆိုးခြင်းကြောင့် ထွက်လာသော အမှုန်ငယ်များနှင့် ထိတွေ့မှုရှိခြင်း (Airborne droplets)
  • ရောဂါပိုးရှိနေသော အရာဝတ္ထုပစ္စည်းများ၊ မျက်နှာပြင်များနှင့် ထိတွေ့မှုရှိခြင်း (Fomite transmission)
  • ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့မှုရှိခြင်း (Direct contact) (ဥပမာ_လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း) တို့ဖြစ်ကြသည်။
ကိုဗစ်-၁၉ (COVID-19) နှင့် ကွာခြားချက်

ဗိုင်းရပ်စ်ပိုးနှစ်မျိုးစလုံးသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ပိုးများဖြစ်သောကြောင့် ကူးစက်ပုံနည်းလမ်းများ တူညီနိုင်သည်။ သို့သော်လည်း ကိုဗစ်-၁၉ တွင် aerosol ဟုခေါ်သော သေးငယ်ပေါ့ပါးသည့် အမှုန်ငယ်များမှတစ်ဆင့် ကူးစက်နိုင်ပြီး၊ ထိုအမှုန်ငယ်များသည် လေထဲတွင် ပို၍ကြာကြာနေနိုင်သကဲ့သို့ ပို၍လည်း ပြန့်ပွါးနိုင်သည်။ ထို့အပြင် ကိုဗစ်-၁၉တွင် ရောဂါလက္ခဏာမရှိသောသူများ (asymptomatic carriers) မှတစ်ဆင့်လည်း ပျံ့နှံ့နိုင်သည်။ HMPVတွင်မူ များသောအားဖြင့် ရောဂါလက္ခဏာပြနေသူများမှတစ်ဆင့်သာ ပြန့်ပွါးလေ့ရှိသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် HMPV ထက် ပိုမိုလျင်မြန်များပြားစွာ ပြန့်ပွါးနိုင်သည်။

HMPV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ခြေများသူများမှာ_

  • မွေးကင်းစ ကလေးငယ်များ
  • အသက် (၅) နှစ်အောက် ကလေးငယ်များ
  • အသက် (၆၅) နှစ်အထက် လူကြီးများ
  • ပန်းနာရင်ကျပ်‌ရောဂါ (Asthma) နှင့် နာတာရှည် လေပြွန်ကျဉ်းအဆုတ်ပွရောဂါ (COPD) ရှိသူများ
  • ကိုယ်ခံအားကျဆင်းသောသူများ (ဥပမာ _ အိတ်ချ်အိုင်ဗွီရောဂါ၊ ကင်ဆာရောဂါ၊ ခုခံအားဆိုင်ရာရောဂါများ၊ ကိုယ်ခံအားကျစေသော၊ စတီးရွိုက်ကဲ့သို့သော ဆေးဝါးများ သောက်သုံးနေရသူများ) ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

HMPV ဗိုင်းရပ်စ်ပိုး ဝင်‌ရောက်ပြီးနောက် (၃)ရက် မှ (၆)ရက်အတွင်း ‌ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်နိုင်သည်။ ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ သာမန်ဗိုင်းရပ်စ်ပိုးလက္ခဏာများဖြစ်သော ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ကျခြင်း၊ ဖျားခြင်း၊ လည်ပင်းနာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်းတို့ ဖြစ်ကြပြီး ပုံမှန်အားဖြင့် (၂)ရက် မှ (၅)ရက်အတွင်း သက်သာနိုင်သည်။ သို့သော် ကိုယ်ခံအားနည်းသူများတွင် ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ပိုမိုပြင်းထန်လာနိုင်သည်။

  • အသက်ရှူကျပ်ခြင်း
  • မောခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
  • နုံးနယ်ခြင်းတို့ ဖြစ်ကြသည်။
HMPV image1
နောက်ဆက်တွဲပြဿနာများ

အများစုတွင် သာမန်လက္ခဏာမျှသာဖြစ်ပြီး တစ်ခါတစ်ရံတွင် ရောဂါပြင်းထန်နိုင်ကာ အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • လေပြွန်ရောင်ခြင်း (Bronchitis and bronchiolitis)
  • အဆုတ်‌ရောင် နမိုးနီးယားရောဂါဖြစ်ခြင်း
  • ပန်းနာရင်ကျပ်‌ရောဂါနှင့် နာတာရှည် လေပြွန်ကျဉ်းအဆုတ်ပွရောဂါ အခံရှိသူများတွင် ရောဂါကြွလာခြင်း (Asthma and COPD flare-ups)
  • နားအတွင်းပိုင်း အလယ်ခန်းရောင်ရမ်းခြင်း (Otitis media) တို့ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင် ဖော်ပြထားသော ပြင်းထန်ရောဂါလက္ခဏာများကို ခံစားရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ကုသမှုခံယူရန် လိုအပ်သည်။ ရောဂါလက္ခဏာပြင်းထန်၍ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခဲ့လျှင် အဆိုပါလက္ခဏာများကို သေချာစွာစောင့်ကြည့်၍ ကုသမှုများကို အချိန်မီရရှိနိုင်ရေးအတွက် ဆေးရုံတက်ရောက်ကုသရန် လိုအပ်နိုင်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရာတွင် ရောဂါလက္ခဏာများကို အသေးစိတ်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ ရောဂါလက္ခဏာပြင်းထန်လျှင် နှာခေါင်း သို့မဟုတ် အာခေါင်တို့ဖတ်ယူ၍ ‌အချိန်တိုအတွင်း ပဋိလှုံ့ပစ္စည်းစစ်ဆေးခြင်း (rapid antigen test) သို့မဟုတ် ဓာတ်ခွဲခန်းသို့ပို့၍ ဗိုင်းရပ်စ်ပိုးကို စစ်ဆေးခြင်း (polymerase chain reaction) တို့ဖြင့် ‌ရောဂါရှာဖွေနိုင်သည်။ လက်ရှိ ဆေးကုသရာတွင် HMPV တစ်မျိုးတည်းတင်မကဘဲ အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်များ (ဥပမာ _ တုပ်ကွေးနှင့် RSV) တို့ကို ပိုမိုမြန်ဆန်တိကျစွာ ခွဲခြားရန် တစ်ပြိုင်နက် ရှာဖွေနိုင်သော စစ်ဆေးမှုစနစ်များ – Multiplex Molecular Assays ကို ပိုမိုအသုံးပြုလာကြသည်။

ထို့အပြင် လိုအပ်သော သွေးစစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းနှင့် ရောဂါပြင်းထန်လျှင် အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Bronchoscopy) တို့ကို ဆက်လက်ပြုလုပ်နိုင်သည်။

ကုသခြင်း

ရောဂါလက္ခဏာအများစုမှာ ရက်အနည်းငယ်အတွင်း အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်။ HMPV ဗိုင်းရပ်စ်ပိုးကို ပျောက်ကင်းစေနိုင်သော ဗိုင်းရပ်စ်ပိုးသတ်ဆေးမရှိသော်လည်း အောက်ဖော်ပြပါ ကုသမှုများဖြင့် ‌ခံစားရသော ရောဂါလက္ခဏာများ သက်သာနိုင်သည်။

  • ကိုယ်ပူ၍ နာကျင်ကိုက်ခဲခြင်းများကို သက်သာစေရန် အကိုက်အခဲပျောက်ဆေးများဖြင့် ကုသခြင်း (ဥပမာ_ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင်)
  • ‌နှာချေပြီး နှာရည်ကျခြင်းကို သက်သာစေရန် ဆေးများပေးခြင်း (ဥပမာ_nasal decongestants)
  • အသက်ရှူလျှင် အသံမြည်ခြင်း၊ ချောင်းဆိုးခြင်း အစရှိသော အသက်ရှူလမ်းကြောင်း ပြဿနာများအတွက် လိုအပ်လျှင် ရှူဆေးများပေးခြင်း (inhaler) တို့ဖြင့် ကုသနိုင်သည်။

ပြင်းထန်ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာပါက ဆေးရုံတက်‌ရောက်၍ အောက်ဆီဂျင်ပေးခြင်း၊ ‌ရေဓာတ်ခမ်းခြောက်ခြင်း မရှိစေရန် သွေးကြောထဲသို့ ဆေးရည်များ ဖြည့်ပေးခြင်း၊ ရောင်ရမ်းမှုကို လျော့ကျစေရန်နှင့် ‌ရောဂါလက္ခဏာများ သက်သာစေရန် စတီးရွိုက်ဆေးဝါးများပေးခြင်းတို့ဖြင့် ကုသနိုင်သည်။

ကာကွယ်ခြင်း

HMPV ဗိုင်းရပ်စ်ပိုးအတွက် ကာကွယ်ဆေးမရှိသေးသော်လည်း အောက်ဖော်ပြပါ နည်းလမ်းများ (ကိုဗစ်-19 ကာကွယ်ရေးနည်းလမ်းများအတိုင်း) ကို လိုက်နာခြင်းဖြင့် ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်သည်။

  • လက်ကို ရေ၊ ဆပ်ပြာတို့နှင့် အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် မကြာခဏ ‌ဆေးကြောသန့်စင်ခြင်း
  • ရေနှင့်ဆပ်ပြာ မရရှိနိုင်ပါက လက်သန့်စင်ဆေးရည်ကို အသုံးပြုခြင်း
  • နှာချေ၊ ချောင်းဆိုးလျှင် နှာခေါင်းနှင့် ပါးစပ်ကို တံတောင်ဖြင့်အုပ်၍ ဆိုးခြင်း (လက်ဖြင့် တိုက်ရိုက်အုပ်ခြင်းကို ရှောင်ကြဥ်ပြီး တစ်ရှူး၊ လက်ကိုင်ပဝါတို့ကို အသုံးပြုခြင်း)
  • နေမကောင်းဖြစ်နေပါက လူအများရှိသော ပတ်ဝန်းကျင်ကို ရှောင်ကြဥ်၍ သီးသန့်နေထိုင်ခြင်း
  • လက်ကို ‌ဆေးကြောသန့်စင်ခြင်းမပြုလုပ်ဘဲ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် မျက်နှာတို့ကို ထိတွေ့ကိုင်တွယ်မှု မပြုလုပ်ခြင်း
  • အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများကို အများနှင့်မျှဝေသုံးစွဲမှု မပြုလုပ်ခြင်းတို့ ဖြစ်ကြသည်။

References ;

  1. Centers for Disease Control and Prevention. (n.d.). Human metapneumovirus (hMPV). Retrieved January 23, 2026, from https://www.cdc.gov/human-metapneumovirus/about/index.html
  2. Cleveland Clinic. (n.d.). Human metapneumovirus (hMPV). Retrieved January 23, 2026, from https://my.clevelandclinic.org/health/diseases/22443-human-metapneumovirus-hmpv
  3. WebMD. (n.d.). What is human metapneumovirus? Retrieved January 23, 2026, from https://www.webmd.com/lung/what-is-human-metapneumovirus
  4. Mishra, B., Mohapatra, D., Tripathy, M., Mamidi, P., & Mohapatra, P. R. (2025). A re-emerging respiratory virus: Human metapneumovirus (hMPV). Cureus, 17(2), e78354. Retrieved January 23, 2026, from https://www.cureus.com/articles/338363-a-re-emerging-respiratory-virus-human-metapneumovirus-hmpv#!/

Published: 11 January 2025

Last updated: 9 February 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.