ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုး (Human Papillomavirus) ကူးစက်ခံရပြီး အရေပြားနှင့် အချွဲမြှေးအလွှာများ၌ ကြွက်နို့ဖြစ်ပေါ် လာခြင်းဖြစ်သည်။ ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုး အမျိုးအစားပေါင်း (၁၀၀) ကျော်ရှိသည်။ အချို့အမျိုးအစားများသည် ကြွက်နို့ရောဂါကိုသာ ဖြစ်စေသော်လည်း အချို့သည် သားအိမ်ခေါင်း (cervix)၊ မိန်းမကိုယ် (Vagina)၊ မိန်းမကိုယ်အဝ (vulva)၊ စအို (anus)၊ လိင်တံ (penis)နှင့် အစာမျိုပြွန် (oropharyngeal) ကင်ဆာများကို ဖြစ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကြွက်နို့ရောဂါ ဗိုင်းရပ်စ်ပိုးအများစုသည် ရောဂါပိုးရှိသူနှင့်
- လိင်ဆက်ဆံခြင်း
- အရေပြားအချင်းချင်း ထိတွေ့မှုရှိခြင်းမှ ကူးစက်နိုင်သည်။
ရောဂါလက္ခဏာများ
ဖြစ်ပေါ်လာသည့်နေရာပေါ် မူတည်၍ ကြွက်နို့ပုံစံ ကွဲပြားကြသည်။
- လိင်အင်္ဂါ ကြွက်နို့
လိင်အင်္ဂါ ကြွက်နို့များသည် လိင်ဆက်ဆံရာမှ ကူးစက်ကြသည်။ ကြွက်နို့များကို အဖုပြားပြား သို့မဟုတ် ဂေါ်ဖီပန်းပွင့်နှင့်တူသော၊ သေးငယ်သော အဖုလေးများကဲ့သို့ တွေ့ရပြီး ယားခြင်း၊ နာကျင်ခြင်းတို့ ခံစားရနိုင်သည်။ လိင်အင်္ဂါကြွက်နို့များကို အမျိုးသမီးများတွင် မိန်းမကိုယ်အဝ၊ ဆီးခုံ၊ စအိုအနီးတစ်ဝိုက်၊ မိန်းမကိုယ်အတွင်းနံရံနှင့် သားအိမ်ခေါင်းတို့၌ တွေ့ရှိရနိုင်ပြီး အမျိုးသားများတွင် လိင်တံ၊ ကပ်ပယ်အိတ်၊ ဆီးခုံနှင့် စအိုအနီးတစ်ဝိုက်တွင် တွေ့ရှိနိုင်သည်။ - လက်ဖဝါးနှင့်လက်ချောင်းတွင် ဖြစ်ပွါးသောကြွက်နို့
လက်ဖဝါးနှင့် လက်ချောင်းများတွင် ဖြစ်ပွါးသော ကြွက်နို့များကို ကြမ်းတမ်းသော အဖုသေးသေးများအဖြစ် တွေ့ရှိရပြီး နာကျင်နိုင်သည်။ ထိခိုက်လွယ်ပြီး သွေးထွက်နိုင်သည်။ - ခြေဖဝါးနှင့်ခြေဖနောင့်တွင် ဖြစ်ပွါးသောကြွက်နို့
ခြေဖဝါးနှင့်ခြေဖနောင့်တွင် ဖြစ်ပွါးသော ကြွက်နို့များသည် အစေ့အဆန်ပုံရှိ၍ မာပြီး ခြေဖဝါးတွင် ဖြစ်ပွါးပါက နာကျင်နိုင်သည်။ - ကြွက်နို့ပြား
အဆိုပါကြွက်နို့များသည် အဖုပြားပြားပုံသဏ္ဌာန်ရှိပြီး ခန္ဓာကိုယ်၏ မည်သည့်နေရာမဆို တွေ့နိုင်သည်။ အရွယ်ရောက်ပြီးသူများထက် ကလေးများနှင့် ဆယ်ကျော်သက်အရွယ်များတွင် ပိုတွေ့ရသည်။ ကြွက်နို့ပြားသည် ကလေးများတွင် မျက်နှာ၌အဖြစ်များပြီး အမျိုးသားများတွင် မုတ်ဆိတ်မွေးပေါက်သောနေရာ၌ အဖြစ်များသည်။ အမျိုးသမီးများတွင် ဤကြွက်နို့အမျိုးအစားကို ခြေထောက်၌ ပို၍ဖြစ်ပွါးသည်ကို တွေ့ရသည်။
နောက်ဆက်တွဲပြဿနာများ
သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါးသည် ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ကြသည်။ သို့သော်လည်း ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုး ကူးစက်ပြီးနောက် သားအိမ်ခေါင်းကင်ဆာဖြစ်ရန် အနှစ် (၂၀) နီးပါး ကြာနိုင်သည်။ ထို့ကြောင့် သားအိမ်ခေါင်းကင်ဆာကြိုတင်စစ်ဆေးခြင်း (Cervical cancer screening) ကို ပုံမှန်ပြုလုပ်သင့်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မိမိတွင်သာမက မိမိ၏ကလေးများတွင် မည်သည့်ကြွက်နို့အမျိုးအစားမဆို ဖြစ်ပွါးလျှင် သို့မဟုတ် ဖြစ်ပွါးသည်ဟု သံသယရှိပါက မိမိ၏မိသားစုဆရာဝန် သို့မဟုတ် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူသင့်သည်။
ရောဂါရှာဖွေခြင်း
ကြွက်နို့များကို မြင်ရုံဖြင့် သိနိုင်သော်လည်း အောက်ပါစစ်ဆေးမှုများ ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။
- အက်စီတစ်အက်စစ်အရည် (acetic acid solution) ဖြင့်စစ်ဆေးခြင်း
- ကြွက်နို့ရောဂါရှိနေသည်ဟုထင်သော လိင်အင်္ဂါနေရာများကို အက်စီတစ်အက်စစ်အရည်ဖြင့် တို့လိုက်လျှင် ရောဂါပိုးရှိနေပါက ဖြူသွားသည်ကို တွေ့ရမည်၊ အထူးသဖြင့် ကြွက်နို့ပြားများ ဖြစ်နေလျှင် ဤနည်းဖြင့် ရောဂါရှာဖွေနိုင်သည်
- အချွဲမြှေးစစ်ဆေးခြင်း (Pap smear)
- အချွဲမြှေးကို သားအိမ်ခေါင်း သို့မဟုတ် မိန်းမကိုယ်အတွင်းနံရံမှယူ၍ အချွဲမြှေးတွင်ပါလာသော ဆဲလ်များကို ဓာတ်ခွဲစစ်ဆေးပြီး ဗိုင်းရပ်စ်ပိုးကြောင့် ပြောင်းလဲသွားသောဆဲလ်များကို ရှာဖွေနိုင်သည်
- ကြွက်နို့ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇစစ်ဆေးခြင်း
- သားအိမ်ခေါင်း သို့မဟုတ် မိန်းမကိုယ်အတွင်းနံရံ၏ အချွဲမြှေးတွင် ပါဝင်သောဆဲလ်များမှ ကြွက်နို့ဗိုင်းရပ်စ်ပိုး မျိုးဗီဇကို ရှာဖွေစစ်ဆေးနိုင်သည်
ကုသခြင်း
အထူးသဖြင့် ကလေးများတွင် ကြွက်နို့များသည် ကုသရန် မလိုအပ်ဘဲ ပျောက်သွားနိုင်သည်။ သို့သော် ရောဂါပိုးသည် ခန္ဓာကိုယ်၌ ဆက်လက်တည်ရှိနေပြီး ကြွက်နို့များ အချိန်မရွေး ပြန်ဖြစ်နိုင်သည်။
ဆေးဖြင့်ကုသခြင်း
ဆေးဖြင့် ကြွက်နို့များကို တိုက်ရိုက်တို့ပြီး ပျောက်ကင်းအောင် ပြုလုပ်နိုင်သည်။
- စလီစလစ်အက်စစ် (Salicylic acid) ကို အသုံးပြု၍ ကြွက်နို့များကို ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်သည်၊ သို့သော် မျက်နှာပေါ်တွင် ဖြစ်ပွါးသော ကြွက်နို့များအတွက် အသုံးပြု၍ မရနိုင်ပါ
- အီမီကွီမော့ (Imiquimod) လိမ်းဆေးသည် ဗိုင်းရပ်စ်ပိုးကို တိုက်ခိုက်ရန် ခန္ဓာကိုယ်၏ ခုခံအားကို မြှင့်တင်ပေးသည်၊ သို့သော် လိမ်းဆေးလိမ်းသောနေရာ နီရဲခြင်းနှင့် ရောင်ရမ်းခြင်း ဖြစ်စေနိုင်သည်
- ပိုဒိုဖီလော့ (Podofilox) ဆေးသည် ကြွက်နို့အသားကို ဖျက်ဆီးစေနိုင်သည်၊ ဆေးလိမ်းသောနေရာ၌ ပူပြီးယားခြင်း ဖြစ်စေနိုင်သည်
- ထရိုင်ကလိုရိုအက်စီတစ်အက်စစ် (Trichloroacetic acid) သည် ကြွက်နို့များကို လောင်ကျွမ်းစေသည်
ခွဲစိတ်ကုသခြင်းနှင့် အခြားသောကုသနည်းများ
ဆေးဖြင့်ကုသ၍ ကြွက်နို့များ မပျောက်ကင်းပါက အောက်ပါနည်းတို့ဖြင့် ကြွက်နို့များကို ဖယ်ရှားနိုင်သည်။
- နိုက်ထရိုဂျင်အရည်၏ အအေးဓာတ်နှင့် ကြွက်နို့များကို ဖယ်ရှားခြင်း (cryotherapy)
- လျှပ်စစ်နှင့် လောင်ကျွမ်းစေသောနည်းဖြင့် ကြွက်နို့များကို ဖယ်ရှားခြင်း (electrocautery)
- ခွဲစိတ်သောနည်းဖြင့် ကြွက်နို့များကို ဖယ်ရှားခြင်း (surgical removal)
- လေဆာရောင်ခြည်ဖြင့် ကြွက်နို့များကို ဖယ်ရှားခြင်း (laser surgery)
ကာကွယ်ခြင်း
- လိင်ဆက်ဆံရာတွင် အကာအကွယ် (ကွန်ဒုံး) ကို အသုံးပြုခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်နိုင်ခြင်းကို ကာကွယ်နိုင်သည်
- ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက်နှင့် သားအိမ်ခေါင်းကင်ဆာ အစကနဦးအဆင့်များတွင် လက္ခဏာပြသခြင်းမရှိပေ၊ ထို့ကြောင့် ကာကွယ်ဆေးထိုးခြင်းဖြင့်သာ လိင်အင်္ဂါကြွက်နို့နှင့် သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေသော ကြွက်နို့ဗိုင်းရပ်စ်ပိုးကို အကောင်းဆုံး ကာကွယ်နိုင်မည်ဖြစ်သည်
- ထို့အပြင် သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးမှုကို ပုံမှန်ပြုလုပ်ခြင်းဖြင့် သားအိမ်ခေါင်းရှိဆဲလ်များ ပြောင်းလဲမှုကို အချိန်မီတွေ့ရှိနိုင်ပြီး ကင်ဆာဖြစ်ခြင်းကို ကာကွယ်နိုင်မည်
- အသက် (၂၁) နှစ်အရွယ်ရောက်လျှင် သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းကို စတင်နိုင်ပြီး အဖြေပုံမှန်ဖြစ်ပါက (၃) နှစ်ခြားစီ ထပ်မံစစ်ဆေးရသည်
- သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းနှင့်အတူ ကြွက်နို့ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးခြင်းကို အသက် (၃၀) နှစ်အရွယ်မှ စတင်စစ်ဆေးနိုင်သည်၊ အဖြေပုံမှန်ဖြစ်ပါက (၅) နှစ်ခြားစီ ထပ်မံစစ်ဆေးရသည်
- သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးမှု (၃) နှစ်ခြား ပုံမှန်အဖြေ (၃) ကြိမ်ရှိလျှင် သို့မဟုတ် သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းနှင့်အတူ ကြွက်နို့ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးခြင်း (၅) နှစ်ခြား ပုံမှန်အဖြေ (၂) ကြိမ်ရှိလျှင် အသက် (၆၅) နှစ် ကျော်လွန်ပါက သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်းကို ရပ်နိုင်သည်
ဆက်လက်ဖတ်ရှုရန်
- Cervical Cancer (သားအိမ်ခေါင်းကင်ဆာ)
- Cervical cancer screening (သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးခြင်း)
- Pap Smear (သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်း)
References:
- Mayo Clinic. (n.d.). HPV infection: Symptoms and causes. Retrieved December 10, 2025, from https://www.mayoclinic.org/diseases-conditions/hpv-infection/symptoms-causes/syc-20351596
- Cleveland Clinic. (n.d.). HPV (human papilloma virus). Retrieved December 10, 2025, from https://my.clevelandclinic.org/health/diseases/11901-hpv-human-papilloma-virus
Published: 17 December 2024
Last updated: 14 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.