အရေပြားဆေးမတည့်တုံ့ပြန်မှု (Drug eruption) သည် သုံးစွဲလိုက်သော ဆေးဝါးများကြောင့် အရေပြားတွင် ဓာတ်မတည့်ခြင်း လက္ခဏာအမျိုးမျိုး ဖော်ပြတတ်သောရောဂါဖြစ်သည်။ သာမန်ယားယံခြင်းမှ အဖုအပိန့်များထွက်ခြင်းအပြင် ပြင်းထန်ပါက အရေပြားများကွာကျသည်အထိ ဆိုးရွားနိုင်သည်။ အရေပြားရောဂါများနှင့် မှားယွင်းတတ်သော်လည်း သုံးစွဲနေသော ဆေးဝါးကို ချက်ချင်းရပ်လိုက်ခြင်းဖြင့် သက်သာသွားနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကိုယ်ခံအားကြောင့်ဖြစ်သော ဓာတ်မတည့်တုံ့ပြန်မှုနှင့် ကိုယ်ခံအားကြောင့်မဟုတ်သော ဓာတ်မတည့်တုံ့ပြန်မှုဟူ၍ နှစ်မျိုးရှိသည်။ အချို့တွင် အကြောင်းရင်းမရှိဘဲလည်း ဖြစ်ပေါ်နိုင်သည်။
ကိုယ်ခံအားကြောင့်ဖြစ်သော ဓာတ်မတည့်တုံ့ပြန်မှုတွင်
- ချက်ချင်းဓာတ်မတည့်မှု (Immediate reactions) ဖြစ်ပါက IgE ပဋိပစ္စည်းကြောင့်ဖြစ်ပြီး နာရီပိုင်းအတွင်း လက္ခဏာတွေ့ရသည်
- နှောင့်နှေးဓာတ်မတည့်မှု (Delayed reactions) တွင် IgG ပဋိပစ္စည်း၊ ခုခံအားအစုအဝေးများကြောင့်ဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ်ကြာမှ လက္ခဏာတွေ့ရသည်။
ကိုယ်ခံအားကြောင့်မဟုတ်သော ဓာတ်မတည့်တုံ့ပြန်မှုများတွင်
- ဆေးပမာဏပေါ်မူတည်၍တုံ့ပြန်မှု
- အင်ဇိုင်းချို့တဲ့မှုများ
- ဓာတုပစ္စည်းများကြောင့်ဖြစ်သော အရေပြားရောင်ရမ်းမှုများကြောင့် ဖြစ်နိုင်သည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
- အမျိုးသမီးများ၊ ကလေးငယ်များ
- အချို့သော မျိုးဗီဇအခြေအနေများ
- အချို့သော ဗိုင်းရပ်စ်ပိုးဝင်ခြင်း
- ပုံမှန်ထက် တုံ့ပြန်မှုလွန်ကဲသော အရေပြားရှိသူများ (Hypersensitive skin)
- ဆေးဝါးနှင့်ဓာတ်မတည့်သည့် ရာဇဝင်ရှိသူများ
ဓာတ်မတည့်မှုအဖြစ်များသောဆေးများ
- အချို့သောပိုးသတ်ဆေးများ (ဥပမာ – Penicillins, Tetracycline, Flucloxacillin စသည့်ဆေးများ)
- အချို့သောအတက်ကျဆေးများ (ဥပမာ – Phenytoin, Carbamazepine စသည့်ဆေးများ)
- စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ (ဥပမာ – Ibuprofen စသည့်ဆေးများ)
- ဆာလဖာ (Sulfa) ပါသောဆေးများ (ဥပမာ – Septrin စသည့်ဆေးများ)
- အချို့သောမှိုသတ်ဆေးများ (ဥပမာ – Fluconazole စသည့်ဆေးများ)
- အချို့သောကင်ဆာရောဂါကုဆေးများ (ဥပမာ – Methotrexate စသည့်ဆေးများ)
ရောဂါလက္ခဏာများ
- မျက်နှာ၊ ခန္ဓာကိုယ်နှင့် အမြှေးပါးများတွင် အဖုအပိမ့်ထွက်ခြင်း၊ အနာများပေါက်ခြင်း
- အရည်ကြည်ဖုများ၊ ခရမ်းရောင်အကွက်များထွက်ခြင်း
- အရေပြားနာကျင်ခြင်း
- အဖျားကြီးခြင်း
- လည်ပင်းနှင့်လျှာတွင် အလုံးအဖုများထွက်ခြင်း
- ပြန်ရည်ကျိတ်များရောင်ရမ်းခြင်း
- အဆစ်များနာကျင်ခြင်းစသည့် လက္ခဏာများကို တွေ့ရသည်။

အရေပြားဆေးမတည့်တုံ့ပြန်မှုပုံစံများ
- အနီရောင်အရေပြားအကွက်များ (Drug Exanthem)
ဓာတ်မတည့်ဖြစ်စေသော ဆေးအသစ်စတင်ပေးပြီး (၅)ရက် မှ (၁၀)ရက်အတွင်း ဖြစ်ပေါ်သည်။ ဒုတိယအကြိမ်ဖြစ်ပါက (၁)ရက် မှ (၃)ရက်အတွင်း ပေါ်တတ်သည်။ ညီညာသော အနီပြင်အကွက်များအဖြစ် အရေပြားတွင် တွေ့ရသည်။ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ၊ penicillin ဆေးနှင့် ဆာလဖာပါသော ဆေးဝါးများကြောင့် ဖြစ်တတ်သည်။ ဆေးရပ်ပြီး တစ်ပတ်အတွင်း သက်သာပျောက်ကင်းသည်။ တစ်ခါတစ်ရံ ပြင်းထန်သော အရေပြားဆဲလ်များ ပုပ်သိုးပျက်စီးခြင်း (Toxic epidermal necrolysis) အဆင့်ထိ ဖြစ်ပွါးနိုင်သည်။ - အင်ပြင်ကဲ့သို့အကွက်များ (Drug induced urticaria)
နီမြန်းသောအဖုအပိမ့်များ အရေပြားတွင် တွေ့ရသည်။ တစ်ခါတစ်ရံ နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းများ ရောင်ရမ်းခြင်းဖြင့် တွဲ၍တွေ့ရသည်။ ပထမအကြိမ် ဆေးနှင့် ထိတွေ့ပါက လက္ခဏာပေါ်ရန် (၃) ပတ်ခန့် ကြာနိုင်သော်လည်း နောက်အကြိမ်များတွင် မိနစ်ပိုင်းအတွင်း လက္ခဏာဖြစ်ပေါ်နိုင်သည်။ ပြင်းထန်သောဓာတ်မတည့်မှု (Anaphylaxis) ထိ ဖြစ်နိုင်သည်။ - ပုံသေအရေပြားဓာတ်မတည့်မှုများ (Fixed Drug Eruption)
ဆေးဝါး သို့မဟုတ် ဓာတုပစ္စည်းတစ်ခုခုကို ထိတွေ့မိသည့် အကြိမ်တိုင်း အရေပြား၏ တူညီသော တစ်နေရာတည်းတွင် ဖြစ်ပေါ်သော အရေပြားဓာတ်မတည့်မှုဖြစ်သည်။ နှုတ်ခမ်း၊ လက်၊ ခြေထောက်နှင့် လိင်အင်္ဂါတို့တွင် အဖြစ်များသည်။ Doxycycline, Cotrimoxazole စသည့် ဆေးဝါးများကြောင့် ဖြစ်တတ်သည်။ ပျောက်ကင်းရန် ရက်အနည်းငယ်ကြာတတ်ပြီး ပျောက်ကင်းချိန်တွင် အရေပြား အရောင်ပြောင်းခြင်းများ (ဥပမာ _ ခရမ်းရောင်အကွက်များ) ကျန်ရှိတတ်သည်။ ပထမအကြိမ်တွင် ဆေးအသုံးပြုပြီး တစ်ပတ်မှ နှစ်ပတ်အကြာတွင် ဖြစ်ပေါ်နိုင်သည်။ နောက်တစ်ကြိမ်တွင်မူ ဆေးအသုံးပြုပြီး (၄၈) နာရီအတွင်း ဖြစ်တတ်သည်။

- အရေပြားအောက် သွေးယိုစိမ့်ခြင်း (Purpuric rash)
Heparin ကဲ့သို့ သွေးမခဲဆေးများကြောင့် ဖြစ်တတ်ပြီး အရေပြားအောက်ရှိ သွေးကြောမျှင်များပေါက်ခြင်း၊ သွေးဥမွှားများ၏ လုပ်ငန်းကို ထိခိုက်ခြင်းကြောင့်ဖြစ်သည်။ - နေရောင်ထိတွေ့လျှင်ပိုဆိုးသောအရေပြားဓာတ်မတည့်မှုများ (Drug-induced Photosensitivity)
သောက်ဆေး၊ လိမ်းဆေးအဖြစ် သုံးစွဲနေသော ဆေးဝါးများကြောင့် နေရောင်ခြည်နှင့် အရေပြားထိတွေ့ချိန်တွင် ပုံမှန်ထက်ပို၍ တုံ့ပြန်ခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများဖြစ်သည်။ နေရောင်ခြည်ထိတွေ့မှုများသော မျက်နှာ၊ လက်မောင်းနှင့် လက်ဖျံတို့တွင်တွေ့ရပြီး နေလောင်သော လက္ခဏာများကဲ့သို့ မြင်ရသည်။ သွေးထဲရှိဆေးပမာဏ လွန်ကဲခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ ပုံမှန်အသုံးပြုနေသော ပမာဏနှင့်လည်းဖြစ်ပေါ်တတ်သည်။ အဖြစ်များသော ဆေးအချို့မှာ_- Retinol ပါသောဆေးများ (Isotretinoin)
- ပဋိဇီဝပိုးသတ်ဆေး (Tetracycline)
- ဆာလဖာပါသော ဆေးများ (Sulfa drugs)
- မှိုသတ်ဆေးများ (Antifungals)
- ဟစ်တမင်းဆန့်ကျင်ဆေးများ (Antihistamines)
- ကိုလက်စထရောကျစေသော ဆေးများ (Statins)
- စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ (NSAIDs)
- ဆီးဆေးများ (Diuretics) စသည်တို့ဖြစ်သည်။
- အရောင်ရင့်သော အရေပြားအကွက်များ (Drug-induced Hyperpigmentation)
အချို့သောဆေးဝါးများသည် အရေပြားအောက်တွင် ရောင်ခြယ် (Melanin, Hemosiderin) များ ပုံမမှန်စုဝေးခြင်းကို ဖြစ်ပေါ်စေသည်။ (ဥပမာ – Amiodarone, Hydroxychloroquine, Bleomycin, Minocycline စသည့်ဆေးများ) - ပြည်ဖုကဲ့သို့ အနီရောင်အရေပြားအကွက်များ (Acute generalized exanthematous pustulosis)
ခန္ဓာကိုယ်အနှံ့အပြားတွင် အရေပြားအောက်ခြေ နီမြန်း၍ ပြည်ဖုအများအပြား ဖြစ်ပေါ်သော ဓာတ်မတည့်မှုဖြစ်သည်။ ထိုအချိန်တွင် အဖျားတက်နိုင်ပြီး သွေးဖြူဥများ ပမာဏများတတ်သည်။ (၃) ပတ်အတွင်း သက်သာပျောက်ကင်းသည်။ Erythromycin ဆေးကြောင့် ဖြစ်တတ်သည်။ - ပစ်မှတ်ပုံစံအရေပြားအကွက်များ (Erythema Multiforme)
အချို့သောရောဂါပိုးများနှင့် ဆေးဝါးများကြောင့်ဖြစ်ပြီး အရေပြားတွင် ပစ်မှတ်ကဲ့သို့ အလယ်တွင် အနီစက်နှင့် ဘေးအနီဝိုင်းပုံစံအကွက်များအနေဖြင့် တွေ့ရသည်။ ခန္ဓာကိုယ်အတွင်း အမြှေးပါးနံရံများတွင်ပါ အရည်ကြည်ဖုများ၊ အနာများလည်း ဖြစ်တတ်သည်။ Penicillins, Sulfonamides စသည့် ပိုးသတ်ဆေးများနှင့် အတက်ကျဆေးများကြောင့် ဖြစ်တတ်သည်။ - စတီဗင်ဂျွန်ဆင်လက္ခဏာစု (Steven Johnson Syndrome)
အတွေ့ရနည်းသော်လည်း အသက်အန္တရာယ်ရှိသော အရေပြားဓာတ်မတည့်မှု ပုံစံဖြစ်ပြီး ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis)၊ ကိုယ်ခန္ဓာမှ အရည်ဓာတ်နှင့် သတ္တုဓာတ်များ ဆုံးရှုံးခြင်းတို့ကြောင့် အသက်သေဆုံးနိုင်သည်။ ခန္ဓာကိုယ်နေရာအနှံ့အပြားတွင် အနီရောင်အကွက်အဖုများ အဖြစ်တွေ့ရပြီး ဖုံးအုပ်ထားသော အမြှေးပါးများကိုလည်း ထိခိုက်နိုင်သည်။ မျက်လုံး၊ ပါးစပ်နှင့် အစာရေမျိုလမ်းကြောင်း၊ ဆီးသွားလမ်းကြောင်းများကိုပါ ဆိုးရွားစွာထိခိုက်နိုင်သည်။ အဖျားရှိတတ်သည်။ အနီရောင်အကွက်များသည် အရည်ကြည်ဖု၊ ထိုမှတစ်ဆင့် အရေပြားများကွာကျသည့်အဆင့်ထိရောက်ရှိပြီး ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်သည်။ လွန်ခဲ့သော (၁ – ၃) ပတ်အတွင်း သောက်သုံးခဲ့သော ဆေးဝါးများကြောင့် ဖြစ်တတ်သည်။ အဖြစ်များသော ဆေးအချို့မှာ sulfonamides, carbamazepine, phenytoin, allopurinol, and NSAIDs တို့ဖြစ်သည်။
စတီဗင်ဂျွန်ဆင်လက္ခဏာစု ဖြစ်ပွါးလျှင် ဓာတ်မတည့်သည့်ဆေးကို မိသားစုတွင်လည်း စစ်ဆေးပေးရန်လိုသည်။ စတီဗင်ဂျွန်ဆင်လက္ခဏာစုသည် အတက်ရောဂါကုဆေးတချို့ (ဥပမာ – Carbamazepine) ကြောင့် အဖြစ်များပြီး၊ HLA-B*1502 ဟုခေါ်သော ဗီဇအစိတ်အပိုင်းတစ်မျိုး ရှိသူများတွင် တွေ့ရလေ့ရှိသည်။ အဆိုပါဗီဇကို တောင်အာရှ၊ အရှေ့အာရှလူမျိုးစုများတွင် ပိုမိုတွေ့ရှိရသည်။
နောက်ဆက်တွဲပြဿနာများ
ဓာတ်မတည့်သည့်ဆေးကို သေချာစွာမသိရှိပါက ဓာတ်မတည့်မှုထပ်မံ၍ဖြစ်နိုင်သည်။ ထို့အပြင် ခန္ဓာကိုယ်အမြှေးပါးများ ထိခိုက်ပါက အမာရွတ်များကျန်ရှိတတ်ပြီး၊ မျက်လုံးတွင်ဖြစ်လျှင် မျက်စိကွယ်ခြင်း၊ အရေပြား နေရာအနှံ့ဖြစ်ပါက ပုံပျက်ခြင်းများဖြစ်နိုင်သည်။ အတွင်းရှိ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိခိုက်ပါက သွေးပေါင်ကျခြင်း၊ သွေးလန့်ခြင်းထိဖြစ်နိုင်သည်။ စတီဗင်ဂျွန်ဆင်လက္ခဏာစု (Steven Johnson Syndrome) တွင် အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါအရေပြားလက္ခဏာများ ဖြစ်ပေါ်ပါက မိမိ၏မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် အရေပြားပြင်းထန်မှု အခြေအနေများကိုကြည့်၍ သိရှိနိုင်သည်။ ထို့ပြင် ဆေးမတည့်မှုရာဇဝင်၊ ရောဂါလက္ခဏာစတင်ချိန်နှင့် ဆေးစသောက်ချိန်အကြား ဆက်စပ်မှုကို မေးမြန်းခြင်းနှင့် လိုအပ်ပါက အရေပြားအသားစယူ၍ စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်သည်။ နောက်ဆက်တွဲပြဿနာများအပေါ် မူတည်ပြီး ဓာတ်ခွဲစစ်ဆေးခြင်း၊ အသည်းနှင့်ကျောက်ကပ်လုပ်ဆောင်ချက်များ စစ်ဆေးခြင်း၊ အရေပြားဆေးဓာတ်မတည့်မှု စစ်ဆေးခြင်းများ (Skin Prick Test, Patch Test) များ ပြုလုပ်နိုင်သည်။ ဆေးဝါးများရပ်တန့်ပြီးလျှင် ရောဂါလက္ခဏာများ ပြန်ဖြစ်ခြင်း၊ ဆက်ဖြစ်ခြင်း ရှိမရှိကို သက်ဆိုင်ရာဆရာဝန်နှင့် ပြန်လည်ပြသရန်လိုသည်။
ကုသခြင်း
ကုသမှု၏အရေးကြီးဆုံးအပိုင်းမှာ မတည့်သောဆေးကို အသုံးပြုခြင်းမှ ချက်ချင်းရပ်ရန်ဖြစ်သည်။ ဆေးဝါးနှင့်ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်သည့်အခြေအနေများကို စတီးရွိုက် လိမ်းဆေး၊ သောက်ဆေးနှင့် ထိုးဆေးများ၊ ပဋိဇီဝပိုးသတ်ဆေးများ၊ ဟစ်စ်တမင်းဆန့်ကျင်ဆေးများနှင့် အစိုဓာတ်ထိန်းလိမ်းဆေးများဖြင့် ပြန်လည်ကုသရသည်။ အရေပြားအထူးကုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်နှင့် ကိုယ်ခံအားအထူးကုဆရာဝန်တို့ဖြင့် ဆွေးနွေးတိုင်ပင်ကုသရန် လိုနိုင်သည်။ ပြင်းထန်သည့်အခြေအနေများတွင် ဆေးရုံတက်ရောက်၍ ကုသမှုခံယူရန် လိုအပ်သည်။
ကာကွယ်ခြင်း
အများစုသော အရေပြားဆေးမတည့်တုံ့ပြန်မှုများသည် ပဋိဇီဝပိုးသတ်ဆေးများကြောင့်ဖြစ်ပြီး ဆေးဝါးများကို စနစ်တကျ ကန့်သတ်သုံးစွဲရန်လိုသည်။ သက်ဆိုင်ရာဆရာဝန်မှ ဆေးမတည့်မှုရာဇဝင်ကို မေးမြန်းပြီး ရှိပါက မှတ်တမ်းထားရှိ၍ လူနာအား ဓာတ်မတည့်မှုရှိသည်ကို ပြောပြထားရန်လိုသည်။ လူနာသည်လည်း မိမိဓာတ်မတည့်သည့်ဆေးဝါးကို မှတ်ထားရန်လိုပြီး ဆေးရုံဆေးခန်းများသို့ အသိပေးရန်လိုသည်။
References:
- DermNet NZ. (n.d.). Drug eruptions. Retrieved November 4, 2025, from https://dermnetnz.org/topics/drug-eruptions
- Healthline. (n.d.). Drug rash. Retrieved November 4, 2025, from https://www.healthline.com/health/drug-rash
- Healthline. (n.d.). Drug rash: Pictures, causes, and treatments. Retrieved November 4, 2025, from https://www.healthline.com/health/drug-rash#pictures
- Hopkins Medicine. (n.d.). Drug rashes. Retrieved November 4, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/drug-rashes
- News-Medical. (2023). Drug eruptions. Retrieved November 4, 2025, from https://www.news-medical.net/health/Drug-Eruptions.aspx
Published: 26 November 2024
Last updated: 9 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.