စိတ်ကျန်းမာခြင်းသည် ကျန်းမာသောလူသားတစ်ဦး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသက်အရွယ်အပိုင်းအခြားအားလုံးအတွက် အရေးကြီးသည်။ စိတ်ကျန်းမာခြင်းမှတစ်ဆင့် လူတစ်ယောက်၏ တွေးခေါ်ပုံ၊ ခံစားပုံ၊ ပြုမူပုံ၊ အခြားသူများနှင့် ပြောဆိုဆက်ဆံပုံ၊ စိတ်ဖိစီးမှုကို တုံ့ပြန်ပုံ စသည်တို့ကို ပုံဖော်ပေးသည်။
“စိတ်ကျန်းမာခြင်း” နှင့်စပ်လျဥ်းပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “လူတစ်ယောက်အနေနှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများမခံစားရခြင်းသာမက၊ မိမိ၏စွမ်းဆောင်နိုင်မှုနှင့် အားနည်းချက်များကို အမှန်အတိုင်းလက်ခံနိုင်ခြင်း၊ သာမန်တွေ့ကြုံနေရသည့် စိတ်ဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင် လိုက်လျောညီထွေစွာ နေထိုင်ဆက်ဆံနိုင်ခြင်း၊ မိမိတစ်ဦးတည်းအတွက်သာမက မိမိနေထိုင်ရာဒေသ လူမှုအသိုက်အဝန်းအတွက်ပါ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်နိုင်ခြင်းစသည့် အခြေအနေများနှင့်ပြည့်စုံနေပါမှ စိတ်ကျန်းမာခြင်းနှင့် ပြည့်စုံနေသည်ဟုဆိုနိုင်သည်” ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ စိတ်ကျန်းမာခြင်းမရှိဘဲ ပြီးပြည့်စုံသည့် ကျန်းမာသော လူနေမှုဘဝမျိုး မရရှိနိုင်ပါ။ စိတ်ပိုင်းဆိုင်ရာရောဂါများ ဖြစ်ပေါ်လာသည့်အခါတွင် စိတ်ကျန်းမာရေးကို ထိခိုက်လာတတ်သည်။
စိတ်ပိုင်းဆိုင်ရာရောဂါများကို “စိတ်ကျန်းမာရေးအခြေအနေများ” ဟူ၍လည်း ရည်ညွှန်းပြောဆိုတတ်ကြသည်။ “စိတ်ကျန်းမာရေးအခြေအနေများ” ဆိုသည်မှာ ပိုမိုကျယ်ပြန့်သော အသုံးအနှုန်းဖြစ်ပြီး_
- စိတ်ပိုင်းဆိုင်ရာရောဂါများ
- စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ အားနည်းသူများ
- သိသာသော ဖိစီးမှုများ၊ လုပ်ငန်းစွမ်းဆောင်ရည် ထိခိုက်မှု၊ ကိုယ့်ကိုယ်ကို အန္တရာယ်ဖြစ်အောင် လုပ်ဆောင်နိုင်ခြေရှိမှု စသည်တို့နှင့်ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာအခြေအနေတို့ကို လွှမ်းခြုံဆိုလိုသည့်သဘောဖြစ်သည်။
“စိတ်ပိုင်းဆိုင်ရာရောဂါ” နှင့်စပ်လျဥ်း၍ “သိမှုမှတ်ဉာဏ်၊ စိတ်ခံစားချက်များကို ထိန်းသိမ်းနိုင်မှု၊ အပြုအမူ စသည်တို့တွင် သိသာထင်ရှားသော အခက်အခဲပြဿနာများဖြစ်လာပြီး၊ ဖိစီးမှုများ၊ အရေးကြီးသော လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ထိခိုက်ချို့ယွင်းမှုများ ဖြစ်ပေါ်လာသည့်အခြေအနေ” ဟု အဓိပ္ပါယ်ဖွင့်ဆိုကြသည်။
ကမ္ဘာပေါ်တွင် လူ (၈) ယောက်လျှင် (၁) ဦးမှာ စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုခု ခံစားနေရတတ်သည်ဟု ဆိုသည်။ အသက်အရွယ်၊ ကျား မ မရွေး၊ လူမှုအဆင့်အတန်းမရွေး မည်သူမဆို စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခု ခံစားရနိုင်ခြေရှိသည်။ စိတ်ပိုင်းဆိုင်ရာရောဂါများသည် ကာယကံရှင်တစ်ဦးတည်းအတွက် သာမကဘဲ သက်ဆိုင်ရာ မိသားစု၊ လူမှုအသိုက်အဝန်း စသည်တို့အပေါ်တွင်လည်း အကျိုးဆက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေနိုင်သည်။
စိတ်ပိုင်းဆိုင်ရာ ရောဂါအမျိုးအစားများ များစွာရှိသည်။ အများဆုံးတွေ့ရတတ်လေ့ရှိသော စိတ်ပိုင်းဆိုင်ရာ ရောဂါများအနက်မှ အချို့သော စိတ်ပိုင်းဆိုင်ရာရောဂါများမှာ_
- စိုးရိမ်စိတ်လွန်ကဲသောရောဂါများ (Anxiety disorders)
- စိတ်ကျရောဂါ (Depression or Depressive disorder)
- စိတ်ကြွစိတ်ကျရောဂါနှင့် စိတ်ခံစားချက်ဆိုင်ရာ အခြားရောဂါများ (Bipolar mood disorder and other related disorders)
- စိတ်ကစဥ့်ကလျားရောဂါနှင့် အခြားစိတ်ဖောက်ပြန်ရောဂါများ (Schizophrenia and other psychotic disorders) စိတ်အစွဲအလန်းလွန်ကဲပြီး ထပ်တလဲလဲ ပြုမူတတ်သောရောဂါနှင့် အခြားဆက်နွှယ်သောရောဂါများ (Obsessive Compulsive Disorder – OCD and other related disorders)
- စိတ်ဖိစီးမှုများနှင့် ဆက်နွှယ်သောရောဂါများ (Stress related disorders)
- အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲမှုဆိုင်ရာရောဂါများ (Substance-related disorders)
- ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အခက်အခဲပြဿနာများ (Personality disorders) စသည်တို့ဖြစ်သည် (အခြားသော ရောဂါအမျိုးအစားများလည်း ရှိပါသေးသည်)
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်သော၊ စိတ်ပိုင်းဆိုင်ရာရောဂါများ ဖြစ်ပေါ်စေနိုင်သော ခန္ဓာကိုယ်ဇီဝဖြစ်စဥ်၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အခြေအနေစသည်တို့နှင့် သက်ဆိုင်သည့်အကြောင်းရင်းခံများ များစွာရှိပါသည်။
- မျိုးဗီဇအခြေအနေ
- သန္ဓေသားဘဝ၊ မွေးဖွားစဥ်အချိန်၊ ကလေးဘဝအတွင်း ထိခိုက်မှုများ၊ ရောဂါများ
- မိဘအုပ်ထိန်းမှုပုံစံ
- ကလေးဘဝအတွင်း ကြုံတွေ့ခဲ့ရသော ဆိုးဝါးသည့်ဖြစ်စဥ်များ (Adverse childhood experience)
- လူမှုရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ၊ စိတ်ဖိစီးမှုများ
- ဦးနှောက်အာရုံကြောရောဂါများ၊ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ ဟော်မုန်းဓာတ်ဆိုင်ရာရောဂါများ၊ အချို့သောကူးစက်ရောဂါများ စသည်တို့အပါအဝင် အခြားသော ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေများ
- ကိုယ်ရည်ကိုယ်သွေးဆိုင်ရာအခြေအနေ
- အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲခြင်း
- အာဟာရဓာတ်မညီမျှခြင်း၊ အဆိပ်အတောက်ဖြစ်စေသောအရာများ (ဥပမာ _ ခဲဓာတ်)နှင့် ထိတွေ့ခြင်း
- ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ (neurotransmitters) အခြေအနေ စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ အများအပြားရှိသည်။ အဆိုပါလက္ခဏာများသည် စိတ်ပိုင်းဆိုင်ရာ ရောဂါအမျိုးအစား၊ အခြားသောအကြောင်းရင်းခံများ စသည်တို့အပေါ် မူတည်ပြီး ကွာခြားနိုင်သည်။
အချို့သော စိတ်ပိုင်းဆိုင်ရာလက္ခဏာများမှာ_
- စိုးရိမ်စိတ်၊ ကြောက်စိတ်များ လွန်ကဲခြင်း
- စိတ်ခံစားချက်၊ တုံ့ပြန်မှုများ ပြောင်းလဲလာခြင်း
- စိတ်ဓာတ်ကျခြင်း
- စိတ်ကြွခြင်း
- စိတ်တို စိတ်ဆတ်လာခြင်း
- ဒေါသစိတ်လွန်ကဲလာခြင်း၊ ကြမ်းတမ်း ရန်လိုလာခြင်း
- နေ့စဥ်ကြုံတွေ့နေရသော စိတ်ဖိစီးမှုများကို ခံနိုင်ရည် သို့မဟုတ် ဖြေရှင်းနိုင်စွမ်း လျော့ပါးလာခြင်း
- အိပ်စက်မှုပုံစံ ပြောင်းလဲလာခြင်း
- စတင်အိပ်ပျော်ရန် ခက်ခဲခြင်း
- မကြာခဏနိုးနေတတ်ခြင်း၊ ပြန်လည်အိပ်ပျော်ရန် ခက်ခဲခြင်း
- နံနက်ပိုင်းတွင် ယခင်နိုးနေကျအချိန်ထက် ပိုမိုစောစွာ နိုးနေတတ်ခြင်း
- စဥ်းစားတွေးခေါ်ခြင်း၊ အာရုံစူးစိုက်ခြင်းတို့တွင် အခက်အခဲဖြစ်လာခြင်း
- သတိမှတ်ဉာဏ် ထိခိုက်လာခြင်း
- နေ့စဥ် လုပ်ဆောင်နေကျလုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်း ထိခိုက်ကျဆင်းလာခြင်း
- စားသောက်နေထိုင်မှု၊ အပြုအမူများ ပြောင်းလဲလာခြင်း
- လူမှုပေါင်းသင်းဆက်ဆံရေးပုံစံ ပြောင်းလဲလာခြင်း
- လိင်မှုကိစ္စ စိတ်ဝင်စားမှု၊ စွမ်းဆောင်မှု ကျဆင်းလာခြင်း သို့မဟုတ် ပြောင်းလဲလာခြင်း
- ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်စွမ်း လျော့နည်းလာခြင်း
- ဆုံးဖြတ်ချက်ချမှတ်ရာတွင် အခက်အခဲပြဿနာများ ဖြစ်လာခြင်း
- ပကတိလက်တွေ့အခြေအနေနှင့် ကင်းကွာလာခြင်း
- စဥ်းစားတွေးခေါ်မှုလွဲမှားခြင်း
- ယုံမှားမှုစွဲမြဲလွန်ကဲခြင်း – Delusion
ဥပမာ _ ပတ်ဝန်းကျင်က မိမိကို အန္တရာယ်ပြုလိုသည်၊ ကောက်ကျစ်နေသည်၊ မကောင်းကြံနေသည်၊ မိမိ၏ လုပ်ဆောင်မှုများကို ဟန့်တား နှောင့်ယှက်နေသည်ဟု ယုံမှားမှုစွဲမြဲလွန်ကဲစွာမှတ်ယူထားခြင်း
- ယုံမှားမှုစွဲမြဲလွန်ကဲခြင်း – Delusion
- အာရုံခံစားမှုဆိုင်ရာပြဿနာများ ဖြစ်လာခြင်း
- လှုံ့ဆော်မှုမဲ့အာရုံမှားခံစားရခြင်း – Hallucinations
ဥပမာ _ အမှန်တကယ်ပြောဆိုနေသူမရှိဘဲ စကား ပြောသံများကြားနေရခြင်း
- လှုံ့ဆော်မှုမဲ့အာရုံမှားခံစားရခြင်း – Hallucinations
- အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲလာခြင်း သို့မဟုတ် ပိုမိုသုံးစွဲလာခြင်း
- ကိုယ်ကိုယ်ကိုအန္တရာယ်ပြုလိုသည့် သို့မဟုတ် အဆုံးစီရင်လိုသည့် အတွေး၊ အကြံအစည်၊ လုပ်ဆောင်မှုများ ဖြစ်ပေါ်လာတတ်ခြင်း စသည်တို့ဖြစ်သည်။
တစ်ခါတစ်ရံတွင် စိတ်ပိုင်းဆိုင်ရာရောဂါများသည် ခေါင်းကိုက်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ခါးနာခြင်း၊ ကိုယ်ခန္ဓာ နာကျင်ကိုက်ခဲခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများအဖြစ်လည်း ပေါ်ထွက်လာတတ်သည်။
တစ်ခါတစ်ရံတွင် စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားရခြင်းသည် ရုပ်ပိုင်းဆိုင်ရာရောဂါတစ်ခုခု၏ အစပျိုးလက္ခဏာ ဖြစ်နိုင်ခြေရှိသည်ဆိုသည့်အချက်ကို သတိပြုရန် လိုအပ်သည်။
နောက်ဆက်တွဲပြဿနာများ
ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအခြေအနေများ
စိတ်ပိုင်းဆိုင်ရာရောဂါများသည် မသန်စွမ်းမှုများဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာရောဂါများကို ထိရောက်စွာ ကုသမှုမခံယူက စိတ်ခံစားချက်၊ အပြုအမူ၊ လုပ်ငန်းစွမ်းဆောင်ရည်၊ လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး စသည်တို့နှင့် စပ်လျဥ်းသည့် ဆိုးကျိုးဆက်များ ဖြစ်ပေါ်လာစေနိုင်သည်။ စိတ်ပိုင်းဆိုင်ရာရောဂါများနှင့် ဆက်နွှယ်နေသည့် အချို့သော ဆိုးကျိုးဆက်များမှာ_
- ဘဝအရည်အသွေး ထိခိုက်ကျဆင်းခြင်း
- မိသားစု၊ လူမှုပေါင်းသက်ဆက်ဆံရေး ထိခိုက်ကျဆင်းခြင်း
- လူမှုရေး အထီးကျန်ခြင်း
- ပညာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်ကျဆင်းခြင်း
- အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲခြင်းနှင့်ဆိုင်သော ပြဿနာများ ဖြစ်လာခြင်း
- ကိုယ့်ကိုယ်ကိုအန္တရာယ်ပြုရန် သို့မဟုတ် အဆုံးစီရင်ရန် ကြံစည်ခြင်း၊ လုပ်ဆောင်ခြင်းများ ဖြစ်လာနိုင်ခြင်း
- တစ်ခါတစ်ရံတွင် အခြားသူများအပေါ် အန္တရာယ်ဖြစ်နိုင်ခြင်း
- ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ထိခိုက်နိုင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာရောဂါများ ဖြစ်ပေါ်လာနိုင်ခြင်း
- ပစ်ပယ်ခံထားရခြင်း၊ နိုင်လိုမင်းထက်ပြုမူခံရခြင်းများ ကြုံတွေ့လာရနိုင်ခြင်း
- မိမိတွင် စိတ်ကျန်းမာရေးပြဿနာရှိနေသည်ကို လက်သင့်မခံခြင်း၊ လူမှုဂုဏ်သိက္ခာစွန်းထင်းမှုနှင့် နှိမ့်ချခွဲခြားဆက်ဆံခံရတတ်မှု (Stigma and Discrimination) များ စသည်တို့ကြောင့် ကုသမှုမခံယူခြင်း၊ အချိန်ကာလကြာမြင့်မှသာ ကုသမှုခံယူခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားနေရသူအချို့တွင် ကုသမှုမခံယူလိုသည့် အခက်အခဲ ပြဿနာရှိတတ်ကြသည်။ အထွေထွေရောဂါကုဆရာဝန်၊ မိသားစုဆရာဝန်စသည့် တတ်ကျွမ်းနားလည်သူများနှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ကာယကံရှင်နှင့် အခြားသူများကို ထိခိုက်နိုင်သည့်အခြေအနေများရှိခြင်း၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန်၊ အဆုံးစီရင်ရန် အတွေးစိတ်ကူး၊ အကြံအစည်၊ လုပ်ဆောင်ခြင်းများရှိပါက အရေးပေါ်ကုသမှုခံယူရန် လိုအပ်သည်။ ရောဂါအခြေအနေ ပြင်းထန်မှု၊ ရောဂါအမျိုးအစား ခွဲခြားသတ်မှတ်ရန် လိုအပ်နိုင်မှု စသည့်အခြေအနေများ အပေါ်မူတည်ပြီး စိတ်ကျန်းမာရေး အထူးကုဆရာဝန်ထံ ညွှန်းပို့လွှဲပြောင်းကုသရန် လိုအပ်နိုင်သည်။
ရောဂါရှာဖွေခြင်း
စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားနေရသူအချို့တွင် ကုသမှုမခံယူလိုသည့် အခက်အခဲပြဿနာ ရှိတတ်ကြသည်။ အထွေထွေရောဂါကုဆရာဝန်၊ မိသားစုဆရာဝန်စသည့် တတ်ကျွမ်းနားလည်သူများနှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ကာယကံရှင်နှင့် အခြားသူများကို ထိခိုက်နိုင်သည့်အခြေအနေများရှိခြင်း၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန်၊ အဆုံးစီရင်ရန် အတွေးစိတ်ကူး၊ အကြံအစည်၊ လုပ်ဆောင်ခြင်းများရှိပါက အရေးပေါ်ကုသမှုခံယူရန် လိုအပ်သည်။ ရောဂါအခြေအနေ ပြင်းထန်မှု၊ ရောဂါအမျိုးအစား ခွဲခြားသတ်မှတ်ရန် လိုအပ်နိုင်မှုစသည့် အခြေအနေများအပေါ် မူတည်ပြီး စိတ်ကျန်းမာရေး အထူးကုဆရာဝန်ထံ ညွှန်းပို့လွှဲပြောင်းကုသရန် လိုအပ်နိုင်သည်။
ကုသခြင်း
စိတ်ပိုင်းဆိုင်ရာရောဂါများကို ထိရောက်စွာ ကုသမှုခံယူရန် လိုအပ်သည်။ စိတ်ပိုင်းဆိုင်ရာရောဂါများအတွက် ထိရောက်သော ကုသမှုများရှိသည်။ ရောဂါအမျိုးအစား၊ အခြေအနေ၊ အတူဖြစ်ပေါ်နေသော ရုပ်ပိုင်းဆိုင်ရာ ရောဂါနှင့် အခြားအခြေအနေများ ရှိမရှိ စသည်တို့အပေါ် မူတည်ပြီး ဆေးဝါးများဖြင့် ကုသမှု၊ စိတ်ပိုင်းဆိုင်ရာကုထုံး၊ အခြားကုသမှုများ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ အကြောင်းရင်းများ ကုသမှု စသည်တို့ကို လိုအပ်သလို ပေါင်းစပ်ပြီး ကဏ္ဍစုံဖြင့် ချဥ်းကပ်ကုသသည့်နည်းလမ်း (Holistic approach) ဖြင့် ကုသမှုပေးရသည်။ အချို့သော စိတ်ပိုင်းဆိုင်ရာရောဂါများသည် ကာလတာရှည် ကုသမှုခံယူရန် လိုအပ်သည်။
ဆေးဝါးများဖြင့်ကုသခြင်း – Pharmacotherapy
တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။
ဆေးဝါးများဖြင့်ကုသရာတွင် စိတ်ပိုင်းဆိုင်ရာ ရောဂါအမျိုးအစားပေါ် မူတည်ပြီး စိတ်ကျရောဂါကုသဆေးများ (Antidepressants)၊ စိတ်ဖောက်ပြန်ရောဂါ ကုသဆေးများ (Antipsychotics)၊ စိတ်အခြေအနေထိန်းညှိဆေးများ (Mood Stabilizers)၊ စိတ်ငြိမ်ဆေးများ (Anxiolytics) ကို လိုအပ်သလို ပေါင်းစပ်ပေးရတတ်သည်။
ကာယကံရှင်၏အခြေအနေ၊ ခံစားနေရသော ရောဂါလက္ခဏာများ၊ ရောဂါပြင်းထန်မှု၊ အတူဖြစ်ပေါ်နေသည့် ရုပ်ပိုင်းဆိုင်ရာရောဂါအခြေအနေ ရှိမရှိ စသည့်အချက်အလက်များအပေါ် မူတည်ပြီး ဆေးအမျိုးအစား၊ ပမာဏစသည်တို့ကို ရွေးချယ်ရသည်။
ဆေးအမျိုးအစားပမာဏ ချိန်ညှိခြင်း၊ ပြောင်းလဲခြင်း၊ ဆေးဝါးများ ရပ်တန့်ခြင်းစသည်တို့ ပြုလုပ်ရန်အတွက် နောက်ဆက်တွဲပြန်လည်ပြသရန် (Follow-up)၊ စွဲမြဲစွာကုသမှု ဆက်လက်ခံယူရန် အရေးကြီးသည်။
စိတ်ပိုင်းဆိုင်ရာကုသလုပ်ဆောင်ချက်များ (Psychological intervention)
စိတ်ပိုင်းဆိုင်ရာကုထုံးများနှင့်စပ်လျဥ်းပြီး တတ်ကျွမ်းနားလည်သူများက လုပ်ဆောင်ပေးကြသည့် ကုသမှုများဖြစ်သည်။ အကြံပြုပံ့ပိုးကုထုံး (Counselling)၊ ကူညီပံ့ပိုးပေးသည့်စိတ်ကုထုံး (Supportive psychotherapy)၊ ဆက်ဆံရေးပြုပြင်မှုကုထုံး (Interpersonal Psychotherapy)၊ အသိအမြင်အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive-Behavioural Therapy – CBT) စသည်တို့အပြင် စိတ်ကုထုံးအမျိုးအစား များစွာရှိကြသည်။ စိတ်ပိုင်းဆိုင်ရာ ရောဂါအမျိုးအစား၊ အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်ပေးရသည်။ ရောဂါအခြေအနေအရ ကာလတာရှည် ကုသမှုခံယူရန် လိုအပ်နိုင်သည်။
အခြားကုသမှုအမျိုးအစားများ
စိတ်ပိုင်းဆိုင်ရာ ရောဂါအမျိုးအစား၊ ရောဂါပြင်းထန်မှု၊ ကုသမှုစွမ်းအားအရင်းအမြစ် ရရှိနိုင်မှုတို့အပေါ် မူတည်ပြီး ဦးနှောက်အတွင်းလျှပ်စီးလှိုင်းများကို လိုအပ်သလို ပြုပြင်ပြောင်းလဲပေးသည့်ကုထုံး (Electroconvulsive Therapy – ECT)၊ Deep Brain Stimulation – DB S၊ Transcranial Magnetic Stimulation – TMS စသည့်ကုထုံးများကိုလည်း အသုံးပြုနိုင်သည်။
အဆိုပါကုသမှုများအပြင်
- လုပ်ငန်းစွမ်းဆောင်ရည်များ ပြန်လည်ကောင်းမွန်တိုးတက်လာစေရန် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ လုပ်ဆောင်ပေးမှုများ Psychosocial interventions လိုအပ်သလို စီစဥ်ဆောင်ရွက်ပေးခြင်း
- ရုပ်ပိုင်းဆိုင်ရာရောဂါများ ပူးတွဲရှိနေပါက ပြုစုကုသခြင်း
- ကာယကံရှင်၊ မိသားစုနှင့် ပြုစုစောင့်ရှောက်သူများအား ရောဂါအခြေအနေ၊ ကုသမှု၊ ကုသမှုစွဲမြဲစွာ ခံယူခြင်းစသည်တို့နှင့် သက်ဆိုင်သည့် စိတ်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း (Psychoeducation)
- လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆန့်လာစေရန် လုပ်ဆောင်ပေးခြင်းတို့လည်း လိုအပ်သည်။
ဆေးရုံတွင်ကုသခြင်း
- ကာယကံရှင်နှင့် အခြားသူများအတွက် အန္တရာယ်ဖြစ်နိုင်ခြေရှိခြင်း
- ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန်၊ အဆုံးစီရင်ရန် အကြံအစည်၊ လုပ်ဆောင်ခြင်းများ ရှိခြင်း
- ရောဂါပြင်းထန်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မပြုနိုင်ခြင်း၊ ပြုစုစောင့်ရှောက်မည့် လူမှုအသိုက်အဝန်း မရှိခြင်း
- ဆေးရုံတွင်သာရရှိနိုင်မည့် ကုသမှုအမျိုးအစား လိုအပ်သည့်အခြေအနေဖြစ်ခြင်းတို့သည် ဆေးရုံတွင် ကုသရန်လိုအပ်သည့် အခြေအနေများဖြစ်သည်။
ကာကွယ်ခြင်း
လူမှုအသိုက်အဝန်းအတွင်း စိတ်ကျန်းမာရေးအခြေအနေ ကောင်းမွန်တိုးတက်အောင် လုပ်ဆောင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများကို ကာကွယ်တားဆီးခြင်း (Mental health promotion and prevention) သည် ကဏ္ဍအသီးသီးပါဝင်သည့် ကျယ်ပြန့်သောကိစ္စတစ်ခုဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာရောဂါများ ဖြစ်ပေါ်လာစေနိုင်သည့် အကြောင်းရင်းများအပေါ် အခြေတည်ပြီးလုပ်ဆောင်ရခြင်းဖြစ်သည်။ အဆိုပါလုပ်ဆောင်မှုများတွင်_
- စိတ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာရောဂါများနှင့် စပ်လျဥ်းပြီး လူထုအတွင်း သတိပြု စိတ်ဝင်စားမှု မြှင့်တင်ပေးရန် လုပ်ဆောင်ခြင်း
- ကိုယ်ဝန်ဆောင်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်း
- မိဘအုပ်ထိန်းမှု၊ သားသမီးပြုစုစောင့်ရှောက်မှု ကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်း
- ကလေးဘဝအတွင်း ဆိုးဝါးသောဖြစ်စဥ်များ ကြုံတွေ့ရမှုများကို ကာကွယ်နိုင်ရန် လုပ်ဆောင်ခြင်း
- ကျောင်းကျန်းမာရေးကဏ္ဍ၊ လုပ်ငန်းခွင်ကျန်းမာရေးကဏ္ဍစသည်တို့ကို မြှင့်တင်ဆောင်ရွက်ပေးခြင်း
ဥပမာ_- လူငယ်များကို စိတ်ကျန်းမာရေး၊ စိတ်ခံစားချက်များကို သတိထားဖြေရှင်းနိုင်ရေးတို့အတွက် အသိပညာပေးခြင်း
- လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာရေးနှင့် စပ်လျဥ်းသည့် အစီအစဥ်များ လုပ်ဆောင်ပေးခြင်း
- စိတ်ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီနိုင်စေရန် ဆောင်ရွက်ပေးခြင်း
ဥပမာ_- ပဏာမကျန်းမာရေးစောင့်ရှောက်မှုအတွင်း စိတ်ကျန်းမာရေးစောင့်ရှောက်မှု ထည့်သွင်းဆောင်ရွက်ပေးခြင်း
- အသက်အရွယ်ကြီးရင့်သူများအတွက် ပြုစုစောင့်ရှောက်မှု အစီအစဥ်များ လုပ်ဆောင်ပေးခြင်း
- လူမှုကွန်ယက်များ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း
- အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့် အခြားဆေးများ ရရှိ၊ သုံးစွဲမှု လျှော့ချနိုင်ရေး စီစဥ်ဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည် (အခြားကဏ္ဍများလည်း ရှိသည်)
လူတစ်ဦးတစ်ယောက်ချင်းအနေနှင့် မိမိ၏စိတ်ကျန်းမာရေးအခြေအနေ ကောင်းမွန်တိုးတက်အောင် လုပ်ဆောင်ရာတွင်_
- စိတ်ဖိစီးမှုများ လျှော့ချခြင်း
- ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ခြင်း
- အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများသုံးစွဲမှုကို ရှောင်ကြဥ်ခြင်း စသည်တို့ကို လုပ်ဆောင်သင့်သည်။
ထို့အပြင်_
- စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ အစပျိုးလာခြင်းကို ဆောလျင်စွာ သတိပြုမိပြီး ထိရောက်စွာ ကုသမှုရယူခြင်းသည် စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားရခြင်းနှင့် ဆိုးကျိုးဆက်များကို ကာကွယ်တားဆီးရေးအတွက် အဓိကကျသည့်အချက်ဖြစ်သည်။
References:
- American Psychiatric Association. (2022). Diagnostic and statistical manual of mental disorders (5th ed., text rev.). https://doi.org/10.1176/appi.books.9780890425787
- Cleveland Clinic. (n.d.). Mental health disorders. Retrieved December 7, 2025, from https://my.clevelandclinic.org/health/diseases/22295-mental-health-disorders
- Mayo Clinic. (n.d.). Mental illness: Symptoms and causes. Retrieved December 7, 2025, from https://www.mayoclinic.org/diseases-conditions/mental-illness/symptoms-causes/syc-20374968
- Mayo Clinic. (n.d.). Mental illness: Diagnosis and treatment. Retrieved December 7, 2025, from https://www.mayoclinic.org/diseases-conditions/mental-illness/diagnosis-treatment/drc-20374974
- Mental Health Foundation. (n.d.). Self-management of mental ill health. Retrieved December 7, 2025, from https://www.mentalhealth.org.uk/explore-mental-health/a-z-topics/self-management-mental-ill-health
- National Alliance on Mental Illness. (n.d.). What is mental illness? Retrieved December 7, 2025, from https://www.psychiatry.org/patients-families/what-is-mental-illness
- WebMD. (n.d.). Types of mental illness. Retrieved December 7, 2025, from https://www.webmd.com/mental-health/mental-health-types-illness
- World Health Organization. (n.d.). Mental health: Strengthening our response. Retrieved December 7, 2025, from https://www.who.int/news-room/fact-sheets/detail/mental-health-strengthening-our-response
Published: 26 November 2024
Last updated: 8 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.