ပုံမှန်ကိုယ်ဝန်များတွင် သန္ဓေသားနှင့် အချင်း (Placenta) တို့သည် အတူတကွ ဖွံ့ဖြိုးကြီးထွားကြသည်။ စပျစ်သီးသန္ဓေတည် ခြင်း (Hydatidiform Mole) တွင် ပုံမှန်အချင်း ဖြစ်လာရမည့်အစား ပုံမှန်မဟုတ်သော အချင်းတစ်ရှူးများ (Trophoblastic cells) သည် သားအိမ်အတွင်း လျင်မြန်စွာ ကြီးထွားလာပြီး စပျစ်သီးခိုင်ကဲ့သို့ အရည်ကြည် အိတ်လေးများ (Cysts) အများကြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါအချင်းတစ်ရှူးများသည် ပုံမှန်သန္ဓေသားအဖြစ် ဖွံ့ဖြိုးနိုင်စွမ်း မရှိပါ။ ကိုယ်ဝန်အစောပိုင်းကာလတွင် ဖြစ်တတ်သော ရှားပါးသည့် ပုံမှန်ကိုယ်ဝန်မဟုတ်သော အခြေအနေတစ်ခုဖြစ်သည်။ စပျစ်သီးသန္ဓေ၏ အဆိုးရွားဆုံးသော နောက်ဆက်တွဲပြဿနာများတွင် Choriocarcinoma ဟုခေါ်သော ရှားပါးသည့် ကင်ဆာတစ်မျိုးအဖြစ် ပြောင်းလဲသွားတတ်ခြင်းဖြစ်သည်။ သို့ဖြစ်၍ စပျစ်သီးသန္ဓေကို စောစီးစွာကုသမှု ခံယူရန်လိုသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
စပျစ်သီးသန္ဓေ အမျိုးအစားပေါ် မူတည်၍ ကွဲပြားသည်။
- စပျစ်သီးသန္ဓေ အပြည့်အစုံဖြစ်ခြင်း (Complete Hydatidiform Mole)
- မျိုးဗီဇပစ္စည်း မပါရှိသော မမျိုးဥနှင့်သုက်ပိုး မျိုးအောင်သည့်အခါ ဖြစ်ပွါးသည်
- သားအိမ်အတွင်း အချင်းတစ်ရှူးများ စပျစ်ခိုင်ကဲ့သို့သော အရည်အိတ်ကလေးများအဖြစ် ကြီးထွားပြီး သန္ဓေသားလုံးဝ မပါဝင်ပါ
- တစ်စိတ်တစ်ပိုင်း စပျစ်သီးသန္ဓေတည်ခြင်း (Partial Hydatidiform Mole)
- မမျိုးဥသည် သုက်ပိုးနှစ်ခုဖြင့် မျိုးအောင်သည့်အခါ ဖြစ်ပွါးပြီး၊ သန္ဓေသားတစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သော်လည်း ပုံမှန်မဟုတ်ဘဲ ကြီးထွားမှုရပ်ပြီး အသက်ရှင်နိုင်ခြင်း မရှိပါ
- အချင်းတစ်ရှူးများသည် ပုံမှန်မဟုတ်ဘဲ စပျစ်ခိုင်ကဲ့သို့သောအရည်အိတ်ကလေးများအဖြစ် ကြီးထွားလာသည်
ပို၍ဖြစ်နိုင်ခြေများသော အခြေအနေများ
- မိခင်သည် အသက် (၂၀) နှစ်အောက် ငယ်ခြင်း သို့မဟုတ် (၄၀) နှစ်ထက် ကြီးနေခြင်း
- မိခင်တွင် စပျစ်သီးသန္ဓေတည်ခဲ့ဖူးသော ရာဇဝင်ရှိခြင်း
- တစ်ကြိမ်ဖြစ်ဖူးပါက နောက်တစ်ကြိမ်ဖြစ်နိုင်ခြေသည် ပျမ်းမျှ ၁၀၀ မှာ ၁ ယောက် (၁%) သာရှိပြီး နှစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက် ပိုဖြစ်ဖူးပါက ပိုမိုမြင့်မားတဲ့ အန္တရာယ်ရှိသည်။
- မိခင်တွင် ယခင်ကိုယ်ဝန်ပျက်ကျဖူးသော ရာဇဝင်ရှိခြင်း
- ကိုယ်ဝန်ရရှိရန်ခက်ခဲသော ပြဿနာများရှိခြင်း
- အာရှနွယ်ဖွားအမျိုးသမီးများ
- ဖောလိတ် (Folate)၊ ဘီတာ-ကယ်ရိုတင်း (Beta-carotene) သို့မဟုတ် ပရိုတင်း (Protein) စတဲ့ အာဟာရဓာတ်များ ချို့တဲ့သည့် အခြေအနေများ
ရောဂါလက္ခဏာများ
စပျစ်သီးသန္ဓေသည် ကိုယ်ဝန်အစောပိုင်းကာလများတွင် ပုံမှန်ကိုယ်ဝန်ကဲ့သို့ပင် ထူးခြားမှုမရှိတတ်ပါ။ သို့သော် အောက်ပါရောဂါလက္ခဏာများ ဖြစ်ပေါ်တတ်သည်။
- ကိုယ်ဝန်ပထမ (၃) လပတ်အတွင်း မိန်းမကိုယ်မှ သွေး သို့မဟုတ် အညိုပုပ်ပုပ်များ ဆင်းခြင်း
- ပုံမှန်ကိုယ်ဝန်တွင် ဖြစ်တတ်သော ပျို့အန်ခြင်းထက် လွန်စွာပြင်းထန်ခြင်း [ကိုယ်ဝန်ဆောင်ဟော်မုန်း – Human Chorionic Gonadotrophin (HCG) အလွန်မြင့်တက်နေ၍ ဆိုးရွားစွာ အန်တတ်သည်]
- တစ်ခါတစ်ရံ မိန်းမကိုယ်မှ စပျစ်သီးကဲ့သို့သော အရည်အိတ်လေးများ ဆင်းလာတတ်ခြင်း
- မိန်းမကိုယ်နေရာ၊ တင်ပါးဆုံနားတွင် လေးလံလာခြင်း၊ နာလာခြင်း
- သားအိမ်အမြင့်သည် ကိုယ်ဝန်သက်ထက် ပိုကြီးနေခြင်း
- ကိုယ်ဝန်သက် (၂၀) မတိုင်မီ၌ပင် ကိုယ်ဝန်ဆိပ်တက်သကဲ့သို့ သွေးပေါင်ချိန်တက်ခြင်း၊ ဆီးအတွင်းပရိုတင်း (အသားဓာတ်) ပါဝင်မှုများခြင်း
- သွေးအားနည်းခြင်း
- သားဥအိမ်ရေအိတ်တည်ခြင်း (Ovarian Cyst)
- သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါ (Hyperthyroidism)
နောက်ဆက်တွဲပြဿနာများ
- စပျစ်သီးသန္ဓေ အလိုအလျောက်ပျက်ကျပြီး သို့မဟုတ် သားအိမ်မှ စုပ်ထုတ်ပြီးနောက်တွင် စပျစ်သီးသန္ဓေ အစအနအချို့ ကျန်နေခြင်း
ထိုသို့ဖြစ်ပါက ထိုအစအနများမှ ပုံမှန်မဟုတ်သော ဆဲလ်အချို့သည် သားအိမ်၏ ကြွက်သားအတွင်း ထိုးဝင်ခြင်း (Invasive Mole) အဖြစ် ပြောင်းလဲသွားခြင်းကို သားအိမ်မှ စုပ်ထုတ်ပြီးသူ (၁၅%) ခန့်တွင် တွေ့ရတတ်သည်။ - စပျစ်သီးသန္ဓေမှ ကင်ဆာ (Choriocarcinoma or Gestational Trophoblastic Neoplasia – GTN) သို့ ပြောင်းလဲသွားခြင်း
ဤဖြစ်စဥ်သည် အလွန်ရှားပါးသော်လည်း ဂရုစိုက်ရန်လိုသည်။ စပျစ်သီးသန္ဓေ အသားစများကို သားအိမ်တွင်းမှ ဖယ်ရှားပြီးသော်လည်း သွေးတွင်း၌ ကိုယ်ဝန်ဆောင်ဟော်မုန်း (HCG) သည် လျော့မသွားဘဲ ဆက်တိုက်မြင့်တက်နေပါက ကင်ဆာပြောင်းလဲမှုရှိနိုင်သည်။ ကင်ဆာသို့ပြောင်းလဲမှုသည် လုံးဝအပြည့်အစုံဖြစ်သော စပျစ်သီးသန္ဓေ (Complete Mole) အမျိုးအစားတွင် ပိုဖြစ်တတ်သည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျပြီးသော မိခင်၊ သာမန် ကလေးမွေးဖွားထားပြီးသော မိခင်များတွင်လည်း (မွေးပြီးမိခင် ၅၀,၀၀၀ တွင် တစ်ယောက်ခန့်) ဖြစ်တတ်သည်။ ထိုကင်ဆာသည် သားအိမ်တွင်း၌ စတင်ဖြစ်ပေါ်၍ ခန္ဓာကိုယ်၏အခြားနေရာများသို့ ပျံ့နှံ့နိုင်သဖြင့် ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) သို့မဟုတ် ဓာတ်ရောင်ခြည် (Radiotherapy) ဖြင့်ကုသခြင်းဖြင့် (၁၀၀%) နီးပါးသက်သာ ပျောက်ကင်းနိုင်သည်။ အချို့တွင်သာ သားအိမ်ထုတ်ရခြင်းများ (Hysterectomy) ရှိတတ်သည်။ - သွေးဆိပ်တက်ခြင်း (Sepsis)
- သားအိမ်ပိုးဝင်ခြင်း (Uterine Infection)
- ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia – Very High Blood Pressure)
- သွေးလန့်ခြင်း (Shock – Very Low Blood Pressure)
ဆေးရုံ၊ ဆေးခန်းပြသရန်
မိမိတွင် ကိုယ်ဝန်ရှိသည်ဟု သိရှိပြီးနောက် အောက်ပါအချက်များ ခံစားရပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက် ပြသသင့်သည်။
- မိန်းမကိုယ်မှ သွေး သို့မဟုတ် မဲညစ်သော အရည်များဆင်းခြင်း
- ကိုယ်ဝန်ကြောင့် မကြာခဏပြင်းထန်စွာ ပျို့အန်မှုဖြစ်ခြင်း
- မိမိ၏ဝမ်းဗိုက်သည် ရှိရမည့် ကိုယ်ဝန်ပတ်ထက် ပိုမိုပူထွက်နေခြင်း
- အခြားသော စိတ်ပူဖွယ်ရာ လက္ခဏာတစ်ခုခု ခံစားရခြင်း
ရောဂါရှာဖွေခြင်း
စပျစ်သီးသန္ဓေဟု သံသယရှိပါက သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေး၍ သွေးစစ်ခြင်းနှင့် အာထရာဆောင်းရိုက်ခြင်းကို ပြုလုပ်မည်။
- အာထရာဆောင်း (USG)
- စပျစ်သီးသန္ဓေကို ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ရိုက်သော ပထမဆုံးရက်ချိန်း အာထရာဆောင်းတွင် စတင်တွေ့ရှိသိနိုင်သည်
- စပျစ်သီးသန္ဓေဟု သံသယရှိပါက ကိုယ်ဝန်လနုစဉ်တွင် မိန်းမကိုယ်အတွင်းပိုင်းသို့ ထည့်သွင်းစစ်ဆေးသည့် အာထရာဆောင်း (Transvaginal USG) ရိုက်ကြည့်ခြင်းဖြင့် ရှာတွေ့နိုင်သည်
- စပျစ်သီးသန္ဓေ လုံးဝအပြည့်အစုံဖြစ်ခြင်း အမျိုးအစားတွင် ကိုယ်ဝန် (၈-၉) ပတ် အာထရာဆောင်း ရိုက်သောအခါ သားဥအိမ်တွင် အရည်ကြည်အိတ် ဖြစ်တည်ခြင်းနှင့် သားအိမ်တစ်ခုလုံးအတွင်း၌ ကလေးနှင့်ရေမြွှာရည်များ မရှိဘဲ စပျစ်သီးခိုင်ကဲ့သို့သော အရည်အိတ်ငယ်လေးများနှင့် ပြည့်နှက်နေတတ်သည်
- တစ်စိတ်တစ်ပိုင်း စပျစ်သီးသန္ဓေအမျိုးအစားဖြစ်ပါက အာထရာဆောင်းတွင် ရေမြွှာရည်အနည်းငယ်ထဲ၌ ပုံမှန်ရှိရမည့် အရွယ်ထက်သေးငယ်သော သန္ဓေသားနှင့် အတူ ပုံမှန်မဟုတ်သော စပျစ်သီးခိုင်ကဲ့သို့ အရည်အိတ်ငယ်လေးများ ဖြစ်ပေါ်နေသည့် အချင်းတို့ကို တွေ့ရသည်
- သွေးတွင်း ကိုယ်ဝန်ဆောင်ဟော်မုန်း (HCG) ပမာဏစစ်ဆေးခြင်း
- သွေးအတွင်းရှိ HCG ဟော်မုန်းပမာဏသည် ပုံမှန်ကိုယ်ဝန်တွင် ရှိရမည့် ပမာဏထက် စပျစ်သီးသန္ဓေ၌ လွန်စွာမြင့်တက်နေတတ်သည်
- အခြားရောဂါများ ရှိမရှိ စစ်ဆေးခြင်း
- စပျစ်သီးသန္ဓေကို စစ်ဆေးတွေ့ရှိပြီးပါက ကိုယ်ဝန်ဆိပ်တက်ရောဂါ၊ သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါ (Hyperthyroidism) နှင့် သွေးအားနည်းရောဂါများကို စစ်ဆေးရှာဖွေသင့်သည်။
- အသားစ စစ်ဆေးခြင်း
- သားအိမ်ခြစ်ထားသော အသားစကို ရောဂါဗေဒဆိုင်ရာ ဓာတ်ခွဲစစ်ဆေးပြီး အဖြေထွက်မှသာ စပျစ်သီးသန္ဓေ အမျိုးအစားနှင့် စပျစ်သီးသန္ဓေဖြစ်နေသည်ဟု သေချာစွာ ရောဂါအမည်တပ်နိုင်မည်ဖြစ်သည်
- မျိုးဗီဇဆိုင်ရာ စစ်ဆေးခြင်း (Genetic Analysis)
- တစ်ရှူးများကို ရောဂါဗေဒ (Histopathology) ဖြင့်သာမက မျိုးဗီဇပစ္စည်း စစ်ဆေးခြင်း (Molecular Genotyping) ဖြင့်လည်း ပိုင်းခြားစစ်ဆေးနိုင်ပြီး ၎င်းသည် ရောဂါအမည်တပ်ရာတွင် ပိုမိုတိကျစေသည်
- အထူးသဖြင့် Complete Mole နှင့် Partial Mole နှစ်ခုကို ခွဲခြားရာတွင် ပိုမိုတိကျစေသည်
- p57 ဟုခေါ်သော ပရိုတင်းဓာတ် စစ်ဆေးခြင်းကိုလည်း ရောဂါအမျိုးအစား ခွဲခြားရာတွင် အသုံးပြုလာကြသည်
ကုသခြင်း
စပျစ်သီးသန္ဓေဖြစ်ပါက သားအိမ်တွင်းမှ ဖယ်ရှားပစ်ရန် လိုအပ်သည်။ သို့မှသာ နောက်ဆက်တွဲပြဿနာများ မဖြစ်ပွါးအောင် ကာကွယ်နိုင်မည်ဖြစ်သည်။ ကုသမှုတွင် အောက်ဖော်ပြပါ နည်းလမ်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ လိုအပ်နိုင်သည်။
- သားအိမ်တွင်းမှ စပျစ်သီးသန္ဓေ အသားစများကို စုပ်ထုတ်၍ကုသခြင်း
မေ့ဆေး သို့မဟုတ် ခါးထုံဆေးကိုသုံး၍ ဆေးရုံတွင်သာ ပြုလုပ်ရမည်။ သားအိမ်ခေါင်းကို ချဲ့၍ သားအိမ်တွင်းမှ စပျစ်သီးသန္ဓေ အသားစများကို ပိုက်ဖြင့် (Suction Device) စုပ်ထုတ်ရမည်။ တစ်ခါတစ်ရံ သွေးသွန်မှုရှိပါက သားအိမ်ကျုံ့ဆေး ပေးရန်လိုအပ်သည်။ - သားအိမ်ထုတ်ခြင်း
စပျစ်သီးသန္ဓေမှ ကင်ဆာပြောင်းသွားနိုင်ခြေရှိသူများနှင့် ကိုယ်ဝန်ထပ်ယူရန် လုံးဝဆန္ဒမရှိတော့သူများကို သားအိမ်ထုတ်ပေးနိုင်သည်။ - ကိုယ်ဝန်ဆောင်ဟော်မုန်း (HCG) ပမာဏကို စောင့်ကြည့်မှတ်သားခြင်း
- စပျစ်သီးသန္ဓေ အသားစများကို သားအိမ်အတွင်းမှ စုပ်ထုတ်ပြီးနောက်ပိုင်းတွင် HCG ပမာဏကို (၆) လကြာသည်အထိ စစ်ဆေးစောင့်ကြည့်လေ့ရှိသည်၊ HCG ပမာဏ လုံးဝကျဆင်းရမည့်အစား အတက်ဘက်သို့ ဆက်တိုက်ဦးတည်နေပါက အခြားသောကုသမှုများ လိုအပ်သည်
- စပျစ်သီးသန္ဓေမှ ကင်ဆာသို့ပြောင်းသွားသောသူများတွင်မူ HCG ပမာဏကို ကင်ဆာဆေးသွင်းပြီးနောက်ပိုင်း တစ်နှစ်ပြည့်သည်အထိ သေချာစစ်ဆေးနေရမည်ဖြစ်သည်
- စပျစ်သီးသန္ဓေဖြစ်သူများတွင် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်သည့်အချိန်၌ HCG ဟော်မုန်းပမာဏ တက်နေတတ်သည်၊ စပျစ်သီးသန္ဓေမှ ကျန်ရှိသည့် ဟော်မုန်းနှင့် ကိုယ်ဝန်အသစ်မှ ဟော်မုန်းတို့ ရောထွေးနိုင်သဖြင့် ခွဲစိတ်ပြီးနောက်ပိုင်း HCG ဟော်မုန်းအဖြေ ပုံမှန်ရောက်ပြီး (၆)လ မှ တစ်နှစ်အထိ သေချာစိတ်ချရသော ကိုယ်ဝန်တားနည်းကို ဆရာဝန်မှညွှန်ကြားလိမ့်မည်ဖြစ်သည်
ကာကွယ်ခြင်း
စပျစ်သီးသန္ဓေမဖြစ်စေရန် ကာကွယ်နိုင်သောနည်းလမ်း မရှိပါ။
- စပျစ်သီးသန္ဓေ တစ်ကြိမ်ဖြစ်ဖူးပါက တစ်နှစ်အတွင်း နောက်ထပ်ကိုယ်ဝန်မရအောင် တားဆီးခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို လျော့ကျစေနိုင်သည်
- ကိုယ်ဝန်ပြန်ဆောင်ရမည့်အချိန်ကို သားဖွာမီးယပ် အထူးကုဆရာဝန်၏ အကြံပေးချက်အတိုင်း လိုက်နာဆောင်ရွက်ပါ
- နောက်တစ်ကြိမ် ကိုယ်ဝန်ရှိပါက ကိုယ်ဝန်အစောပိုင်းမှစတင်၍ အာထရာဆောင်းရိုက်ပြီး သန္ဓေသား ပုံမှန်ဖွံ့ဖြိုးတိုးတက်နေကြောင်း သေချာစေရန် စစ်ဆေးထားသင့်သည်
- မျိုးဗီဇဆိုင်ရာအကြံဉာဏ်နှင့် ကာကွယ်မှု
အလွန်ရှားပါးသော အခြေအနေဖြစ်သည့် စပျစ်သီးသန္ဓေ ထပ်ခါတလဲဖြစ်ပွါးပါက (Recurrent Hydatidiform Mole – RHM) မိခင်များတွင် မျိုးဗီဇဆိုင်ရာ ပြောင်းလဲမှုများ (ဥပမာ _ NLRP7 သို့မဟုတ် KHDC3L မျိုးဗီဇများ ချို့ယွင်းမှု) ရှိမရှိကို စစ်ဆေးနိုင်သည်။ ထိုသို့တွေ့ရှိပါက နောက်ဆက်တွဲ ကိုယ်ဝန်များတွင် ဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် In Vitro Fertilization (IVF) နှင့်အတူ မျိုးဗီဇမစစ်ဆေးရသေးသော သားဥလှူဒါန်းခြင်း (Oocyte Donation) ကဲ့သို့သော နည်းလမ်းများကို အသုံးပြုရန် ဆွေးနွေးပေးနိုင်သည်။
References:
- Cleveland Clinic. (n.d.). Molar pregnancy. Retrieved October 17, 2025, from https://my.clevelandclinic.org/health/diseases/17889-molar-pregnancy
- Mayo Clinic. (n.d.). Molar pregnancy: Diagnosis and treatment. Retrieved October 17, 2025, from https://www.mayoclinic.org/diseases-conditions/molar-pregnancy/diagnosis-treatment/drc-20375180
- National Health Service. (n.d.). Molar pregnancy. Retrieved October 17, 2025, from https://www.nhs.uk/conditions/molar-pregnancy/
- Royal College of Obstetricians and Gynaecologists. (n.d.). Molar pregnancy and gestational trophoblastic disease. Retrieved October 17, 2025, from https://www.rcog.org.uk/for-the-public/browse-our-patient-information/molar-pregnancy-and-gestational-trophoblastic-disease/
- WebMD. (n.d.). Molar pregnancy. Retrieved October 17, 2025, from https://www.webmd.com/baby/what-is-molar-pregnancy
- Hui, P., Buza, N., Ronnett, B. M., et al. (2017). Hydatidiform moles: Genetic basis and precision diagnosis. Annual Review of Pathology, 12, 449–485.
- Sebire, N. J., et al. (2010). Recurrent hydatidiform mole: A pathological, genetic, and clinical review. Obstetrics and Gynecology Survey, 65(3), 183–195.
- Wang, Q., Fu, J., Hu, L., et al. (2024). Prophylactic chemotherapy for hydatidiform mole to prevent gestational trophoblastic neoplasia. Cochrane Database of Systematic Reviews, 2024(3), CD010537.
Published: 15 October 2024
Last updated: 3 January 2026
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.