Osteoporosis (အရိုးပွရောဂါ)

Osteoporosis (အရိုးပွရောဂါ)

အရိုးပွရောဂါ (Osteoporosis) ဆိုသည်မှာ အရိုးသိပ်သည်းဆကျဆင်းပြီး အရိုးများ အားနည်းကြွပ်ဆတ်လာကာ သေးငယ်သောထိခိုက်မှုနှင့်ပင် အလွယ်တကူ အရိုးကျိုးနိုင်သောရောဂါဖြစ်သည်။ အဓိကအားဖြင့် တင်ပါးဆုံရိုး၊ လက်ကောက်ဝတ် သို့မဟုတ် ကျောရိုးမကြီးတို့တွင် အဖြစ်များသော်လည်း အခြားသော အရိုးများတွင်လည်း ဖြစ်ပေါ် နိုင်သည်။ အချို့သောသူများသည် အရိုးကျိုးသောအချိန်မှသာ အရိုးပွရောဂါရှိမှန်း သိရှိကြသည်။

Osteoporosis image1
ဖြစ်ပေါ်ရသော အကြောင်းရင်းများ

ပုံမှန်အားဖြင့် အရိုးများသည် ပျက်စီးဆုံးရှုံးသွားသော အရိုးဟောင်းများ‌နေရာတွင် အရိုးအသစ် ပြန်လည်တည်ဆောက်ပေးနိုင်သော သက်ရှိတစ်ရှူးများဖြစ်သည်။ ငယ်ရွယ်စဥ်အချိန်တွင် အရိုးအသစ် တည်ဆောက်မှုသည် အရိုးဟောင်း ပျက်စီးဆုံးရှုံးမှုထက် ပိုမိုလျင်မြန်များပြားပြီး အရိုးသိပ်သည်းဆ မြင့်မားသည်။ အသက် (၃၀) အရွယ်တွင် အရိုးသိပ်သည်းဆ အမြင့်ဆုံးဖြစ်ပြီး၊ အသက်ကြီးလာသည်နှင့်အမျှ အရိုးဟောင်း ပျက်စီးဆုံးရှုံးမှုမှာ အရိုးသစ် တည်ဆောက်နိုင်မှုထက် ပိုမိုမြန်ဆန်လာသည်။ အရိုးသစ် တည်ဆောက်မှုသည် အရိုးဟောင်း၏ ဆုံးရှုံးပျက်စီးမှုကို မဖြည့်ဆည်းနိုင်သောအခါ အရိုးပွခြင်း ဖြစ်ပေါ်လာသည်။

အရိုးပွရောဂါ ဖြစ်နိုင်ခြေများသူများမှာ_

  • အမျိုးသမီးများ (အထူးသဖြင့် သဘာဝအတိုင်း သွေးဆုံးပြီးသော အမျိုးသမီးများနှင့် သဘာဝအတိုင်းမဟုတ်ဘဲ သားအိမ်ထုတ်ရခြင်းကြောင့် စောစီးစွာ သွေးဆုံးသူများတွင်လည်း ဖြစ်နိုင်သည်)
  • အသက်အရွယ်ကြီးသူများ (အသက် ၅၀ နှင့်အထက်)
  • မိသားစုမျိုးရိုးတွင် အရိုးပွရောဂါရှိသူများ
  • ကိုယ်ခန္ဓာအချိုးအစား သေးသူများ၊ ပိန်လွန်းသောသူများ
  • ကယ်လ်ဆီယမ်ဓာတ်၊ ဗီတာမင် ဒီ ဓာတ် ချို့တဲ့သူများ
  • ကိုယ်လက်လှုပ်ရှားမှု နည်းသူများ
  • အရက်အလွန်အကျွံ သောက်သူများ
  • ဆေးလိပ်သောက်သူများ
  • ဟော်မုန်းအပြောင်းအလဲရှိသူများ
    • အီစတိုဂျင် (Oestrogen) ဟော်မုန်း ကျဆင်းခြင်း (ဥပမာ_သွေးဆုံးပြီးသော အမျိုးသမီးများ၊ ရင်သားကင်ဆာ ကုသမှု ခံယူနေသူများ)
    • တက်စတိုစတီရုန်း (Testosterone) ‌ဟော်မုန်းကျဆင်းခြင်း (ဥပမာ_ဆီးကျိတ်ကင်ဆာ ကုသမှု ခံယူနေသူများ)
    • သိုင်းရွိုက်ဟော်မုန်းများခြင်း
  • စတီးရွိုက်နှင့် အခြားသောဆေးများကို သုံးစွဲသူများ (ဥပမာ_အတက်ကျဆေး၊ ကင်ဆာ‌ရောဂါကုဆေးများ၊ သွေးမခဲဆေးများ၊ အစာအိမ်အက်ဆစ်ဓာတ်‌ လျှော့ချပေးသည့်ဆေးများ)
  • ရောဂါအခံရှိသူများ
    • Gluten ပရိုတင်းနှင့် ဓာတ်မတည့်သောရောဂါ (Celiac Disease)
    • နာတာရှည် အူရောင်ရမ်းနာရောဂါ (Inflammatory Bowel Disease)
    • ကျောက်ကပ် သို့မဟုတ် အသည်း‌ရောဂါ (Kidney or Liver Disease)
    • သွေးကင်ဆာတစ်မျိုးဖြစ်သော ပလပ်စ်မာဆဲလ်ကင်ဆာ (Multiple Myeloma)
    • ရူမတွိုက် အဆစ်‌ရောင်‌ရောဂါ (Rheumatoid Arthritis)
    • နာတာရှည် လေပြွန်ကျဥ်းအဆုတ်ပွရောဂါ (COPD)
    • နာတာရှည် ဦးနှောက်အာရုံကြော ကြွက်သားရောဂါတို့တွင် ဖြစ်နိုင်ခြေများသည်။
ရောဂါလက္ခဏာများ

အတွေ့ရအများဆုံး လက္ခဏာမှာ သာမန်ထိခိုက်ဒဏ်ရာ သို့မဟုတ် မပြင်းထန်သော ထိခိုက်ခြင်းမျှနှင့် ရုတ်တရက် အရိုးကျိုးခြင်းဖြစ်သည်။ ထို့အပြင် အရိုးသိပ်သည်းဆ လျော့နည်းလာလျှင် ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများအနေဖြင့် ခါးရိုးဆစ်များ ပိပြားသဖြင့်အရပ်ပုလာခြင်း၊ ပုံမှန်အနေအထား ပျက်ယွင်းပြီး ခါးကုန်းလာခြင်းနှင့် ခါးနာခြင်းတို့ကို သတိပြုမိနိုင်သည်။ အရိုးပွခြင်း ပြင်းထန်လျှင် ကြာရှည်စွာထိုင်ခြင်း၊ ကားဆောင့်ခြင်းဖြင့်ပင် ကျောရိုးဆစ်ပြားခြင်း ဖြစ်နိုင်သည်။ အချို့တွင် မည်သည့်‌ရောဂါလက္ခဏာမှ ခံစားရခြင်းမရှိသဖြင့် ရုတ်တရက် အရိုးကျိုးသည့်အချိန်မှသာ အရိုးပွခြင်းကို သိရှိလေ့ရှိသည်။

နောက်ဆက်တွဲပြဿနာများ

အရိုးပွရောဂါသည် အရိုးသိပ်သည်းဆကျဆင်းကာ အလွယ်တကူ အရိုးကျိုးခြင်းဖြစ်ပေါ်ပြီး (အထူးသဖြင့် ကျောရိုးမကြီးနှင့် တင်ပါးဆုံရိုးများတွင် ကျိုးပါက) ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

ကျောရိုးမကြီးရှိ အရိုးဆစ်များကျိုးလျှင် ခါးနာခြင်း၊ အရပ်ပုလာခြင်း၊ ခါးကုန်းခြင်း၊ နာတာရှည်နာကျင်မှုကြောင့် မလှုပ်ရှားနိုင်တော့ခြင်း၊ ကိုယ်ဟန်အနေအထားပြောင်းလဲမှုကြောင့် ဟန်ချက်ညီမှု ပြဿနာများ၊ အသက်ရှူရခက်ခဲခြင်း၊ အာရုံကြောထိခိုက်ခြင်းကြောင့် ခြေလက်ထုံကျဥ်ခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်း၊ နေ့စဥ်လုပ်ငန်းဆောင်တာများ ထိခိုက်ခြင်း အစရှိသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

တင်ပါးဆုံရိုး ကျိုးခြင်းသည် အသက်အရွယ်ကြီးရင့်သူများတွင် ဖြစ်ပါက ပိုမိုပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်‌ပေါ်လာနိုင်သည်။ နာတာရှည်နာကျင်ကိုက်ခဲမှုများကြောင့် လှုပ်ရှားမှုစွမ်းရည် ကျဆင်းခြင်း၊ အိပ်ရာထဲတွင် အချိန်ကြာမြင့်စွာ လဲလျောင်းနေရခြင်းကြောင့် အိပ်ရာနာများ (Bedsores) ဖြစ်ပေါ်ခြင်း၊ အဆုတ်ရောင် နမိုးနီးယားရောဂါများ (Pneumonia) ဖြစ်ခြင်း၊ စိတ်ကျန်းမာရေး ထိခိုက်လာခြင်း၊ မလှုပ်ရှားဘဲ ငြိမ်နေရခြင်းကြောင့် ခြေထောက်သွေးပြန်ကြော သွေးခဲပိတ်ခြင်း (Deep Vein Thrombosis) ၊ ထိုသွေးခဲများ ပြုတ်ထွက်ကာ အဆုတ်သွေးကြောသွေးခဲပိတ်ခြင်း (Pulmonary Embolism) ကဲ့သို့သော အသက်အန္တရာယ်ရှိသည့် အခြေအနေများ ဖြစ်ပေါ်ခြင်း အစရှိသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အရိုးပွခြင်းသည် သီးခြားရောဂါလက္ခဏာများ ခံစားရခြင်းမရှိသောကြောင့် အရိုးပွခြင်းကို စောစီးစွာသိရှိပြီး ကုသမှုခံယူနိုင်ရန် အထက်တွင်ဖော်ပြခဲ့သော အရိုးပွခြင်း ဖြစ်နိုင်ခြေများသူများသည် ဆရာဝန်နှင့်တိုင်ပင်၍ လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ပြီး စောစီးစွာကုသမှုခံယူခြင်းဖြင့် အရိုးကျိုးခြင်းကို ကာကွယ်နိုင်သည်။ ထို့အပြင် အောက်ဖော်ပြပါ အခြေအနေများ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြသရန် အရေးကြီးသည်။

  • ချော်လဲခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရပြီးနောက်
  • အကြောင်းရင်း တိတိကျကျမရှိဘဲ (ဥပမာ _ ထိခိုက်ဒဏ်ရာ မရှိဘဲ) ရုတ်တရက် သို့မဟုတ် ပြင်းထန်စွာ နာကျင်ခြင်း
  • အရိုးနာကျင်ခြင်းသည် အနားယူသည့်တိုင်အောင် မသက်သာဘဲ ပိုမိုဆိုးရွားလာခြင်း
  • ခါးနာပြီးနောက် ခြေထောက်များ ထုံကျဥ်ခြင်း၊ အားနည်းခြင်း၊ ဆီးဝမ်း မထိန်းနိုင်ခြင်း တို့ဖြစ်ကြသည်။
ရောဂါရှာဖွေခြင်း

အရိုးပွခြင်းကို သိရှိနိုင်ရန် ဓာတ်‌ရောင်ခြည် ပမာဏအနည်းငယ်ကို အသုံးပြု၍ အရိုးသိပ်သည်းဆ (Bone Mineral Density) တိုင်းတာခြင်း (Dual Energy X-ray Absorptiometry – DEXA scan) ဖြင့် သိရှိနိုင်သည်။ ထိုသို့စစ်ဆေးခြင်းကို အောက်ဖော်ပြပါ အခြေအနေများတွင် ပြုလုပ်ရန် လိုအပ်သည်။

  • အသက် (၆၅) နှစ်အထက် အမျိုးသမီးများနှင့် အသက် (၇၀) အထက် အမျိုးသားများ
  • ယခင်က အရိုးကျိုးဖူးသူများနှင့် အရိုးပွရောဂါ ဖြစ်နိုင်ခြေများသူများတွင် DEXA Scan ဖြင့် အရိုးသိပ်သည်းဆကို တိုင်းတာပြီး အရိုးပွခြင်းကို သိရှိနိုင်သည်။
Osteoporosis image2

ထို့အပြင် စီဘီစီသွေးစစ်ဆေးခြင်း (complete blood count)၊ သွေးတွင်း ကျောက်ကပ်ဓာတ်၊ အသည်းအင်ဇိုင်းများ စစ်ဆေးခြင်း၊ သွေးတွင်းကယ်လဆီယမ်ဓာတ်နှင့် ဗီတာမင် ဒီ ပမာဏစစ်ဆေးခြင်း အစရှိသော သွေးစစ်ဆေးခြင်းများ ပြုလုပ်ရန် လိုအပ်သည်။ အရိုးပွရောဂါသည် ရောဂါအခံတစ်ခုခုကြောင့် ဖြစ်ပေါ်သည်ဟု သံသယရှိပါက အရိုးပွခြင်းအကြောင်းရင်းကို သိရှိနိုင်ရန် သက်ဆိုင်ရာရောဂါအလိုက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆက်လက်စစ်ဆေးရန် လိုအပ်သည်။

အရိုးကျိုးနိုင်ခြေ အကဲဖြတ်ကိရိယာများ (Fracture Risk Assessment Tools)

  • FRAX (Fracture Risk Assessment Tool)
    ၎င်းသည် အသက်၊ ကျား/မ၊ ကိုယ်အလေးချိန်၊ အရပ်၊ ယခင်က အရိုးကျိုးဖူးခြင်း၊ မိဘမျိုးရိုးတွင် တင်ပဆုံရိုးကျိုးဖူးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စတီးရွိုက်သုံးစွဲခြင်နှင့် DEXA scan ရလဒ် စသည့်အချက်များကို အသုံးပြု၍ လာမည့် (၁၀) နှစ်အတွင်း အဓိက အရိုးကျိုးနိုင်ခြေ (Major Osteoporotic Fracture) နှင့် တင်ပါးဆုံရိုးကျိုးနိုင်ခြေ (Hip Fracture) တို့ကို ရာခိုင်နှုန်းဖြင့် တွက်ချက်ပေးသည်။ ထို့ပြင် ဆေးကုသမှု ပေးသင့်၊ မပေးသင့် ဆုံးဖြတ်ရာတွင်လည်း ထိုအရိုးကျိုးနိုင်ခြေကို တွက်ချက်၍ ထည့်သွင်းစဥ်းစားရန် လိုအပ်သည်။
ကုသခြင်း

အရိုးပွခြင်းကို ကုသရာတွင် အရေးကြီးဆုံးမှာ အရိုးကျိုးခြင်းကို ကာကွယ်ရန်ဖြစ်သည်။ ထို့ကြောင့် အရိုးပျက်စီးဆုံးရှုံးမှုကို နှေးစေပြီး ရှိနေသောအရိုးတစ်ရှူးများကို သန်မာစေရန် အောက်ဖော်ပြပါ ကုသမှုများ ပြုလုပ်နိုင်သည်။

  1. ဆေးဝါးများဖြင့်ကုသခြင်း
    • Bisphosphonate (Alendronate, Risedronate, Ibandronate, Zoledronic acid)
      အရိုးပွခြင်းကိုကုသရာတွင် အများဆုံးအသုံးပြုသော ဆေးဝါးဖြစ်ပြီး၊ အရိုးဆုံးရှုံးပျက်စီးမှုကို လျော့ကျအောင် ပြုလုပ်ပေးနိုင်သည်။ ရရှိနိုင်သော ဘေးထွက်ဆိုးကျိုးများမှာ အစာရေမျိုပြွန် ရောင်နိုင်သည့်အတွက် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ရင်ပူခြင်းတို့ဖြစ်နိုင်သည်။ ထို့ကြောင့် Bisphosphonate ဆေးများကိုသောက်လျှင် ဆေးသောက်ပြီးသည်နှင့် လှဲမအိပ်ရန် လိုအပ်သည်။ ထိုးဆေးကို အသုံးပြုပါက အစာအိမ်ကို မထိခိုက်နိုင်သော်လည်း ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
      • ယခင်က အရိုးမကျိုးဖူးလျှင်
        သောက်ဆေးကို အသုံးပြုပါက အနည်းဆုံး (၅) နှစ်နှင့် ထိုးဆေးကို အသုံးပြုပါက အနည်းဆုံး (၃)နှစ်
      • ယခင်က အရိုးကျိုးဖူးလျှင်
        သောက်ဆေးကို အသုံးပြုပါက အနည်းဆုံး အနည်းဆုံး (၁၀) နှစ်နှင့် ထိုးဆေးကို အသုံးပြုပါက အနည်းဆုံး (၆) နှစ်အထိ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးသောက်ရန် လိုအပ်သည်
    • ဟော်မုန်းဆိုင်ရာကုသမှုများ (Hormone related therapy – Oestrogen therapy, Raloxifene, Testosterone Replacement)
    • အရိုးတည်ဆောက်မှုကို အားပေးသော ကုသမှုများ (Bone Building Medicine – Teriparatide, Abaloparatide, Romosozumab)
    • အရိုးကျန်းမာရေးကို အထောက်အကူဖြစ်စေသော ကယ်လ်ဆီယမ်နှင့် ဗီတာမင် D ဖြည့်စွက်ဆေးများ
  2. လေ့ကျင့်ခန်းပြုလုပ်ခြင်း
    လေ့ကျင့်ခန်းဆရာဝန်များနှင့် တိုင်ပင်၍ အရိုးများ၊ ကြွက်သားများ၊ အရွတ်များ သန်မာစေရန် မိမိနှင့်သင့်တော်မည့် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ရန် လိုအပ်သည်။
ကာကွယ်ခြင်း

အရိုးပွရောဂါ ဖြစ်နိုင်ခြေများသူများသည် အရိုးကျန်းမာရေး ကောင်းမွန်စေရန် အောက်ဖော်ပြပါ အချက်များကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်သည်။

  • အရိုးပွခြင်း ဖြစ်စေသည့် အကြောင်းရင်းများကို စစ်ဆေးကုသမှု ခံယူခြင်း
  • အရိုးများသန်မာအောင် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
  • ကယ်လ်ဆီယမ်နှင့် ဗီတာမင် D ပြည့်ဝသော အစားအသောက်များ (ဥပမာ_အရိုးပါ ဝါးစားနိုင်သော ငါးကလေးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ) စားခြင်း၊ လျော့နည်းနေပါက ဖြည့်စွက်သောက်သုံးခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်လျှော့သောက်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

References:

  1. Mayo Clinic. (n.d.). Osteoporosis: Symptoms and causes. Retrieved October 21, 2025, from https://www.mayoclinic.org/diseases-conditions/osteoporosis/symptoms-causes/syc-20351968
  2. Cleveland Clinic. (n.d.). Osteoporosis. Retrieved October 21, 2025, from https://my.clevelandclinic.org/health/diseases/4443-osteoporosis
  3. National Health Service. (n.d.). Osteoporosis. Retrieved October 21, 2025, from https://www.nhs.uk/conditions/osteoporosis/
  4. WebMD. (n.d.). Osteoporosis and menopause. Retrieved October 21, 2025, from https://www.webmd.com/menopause/osteoporosis-menopause
  5. Kanis, J. A., Johansson, H., Harvey, N. C., Lorentzon, M., Liu, E., Vandenput, L., et al. (2023). Adjusting conventional FRAX estimates of fracture probability according to the number of prior falls in the preceding year. Osteoporosis International, 34(3), 479–487. Retrieved October 21, 2025, from https://link.springer.com/article/10.1007/s00198-022-06603-6
  6. Silva, B. C., Leslie, W. D., Resch, H., McCloskey, E. V., Lamy, O., & Lesnyak, O. (2014). Trabecular bone score (TBS): A new player in the osteoporosis field. Current Osteoporosis Reports, 12(4), 501–510. Retrieved October 21, 2025, from https://link.springer.com/article/10.1007/s11914-014-0246-0
  7. International Society for Clinical Densitometry. (2019). ISCD official positions—2019. Retrieved October 21, 2025, from https://iscd.org/official-positions/2019-iscd-official-positions/

Published: 7 October 2024

Last updated: 3 January 2026

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.