Chronic kidney disease (နာတာရှည် ကျောက်ကပ်ရောဂါ)

Chronic kidney disease (နာတာရှည် ကျောက်ကပ်ရောဂါ)

ကျောက်ကပ်၏ လုပ်ငန်းတာ၀န်များကို အနည်းဆုံး သုံးလနှင့်အထက် ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်းကို နာတာရှည် ကျောက်ကပ်ရောဂါ (Chronic kidney disease) ဟုခေါ်သည်။

ကျောက်ကပ်၏ အဓိက လုပ်ငန်းတာဝန်များမှာ_

  1. သွေးထဲမှ အညစ်အကြေးများနှင့် အရည်အပိုများကို စွန့်ထုတ်ခြင်း
  2. သွေးပေါင်ချိန် ထိန်းညှိပေးခြင်း
  3. သွေးနီဥ ထုတ်လုပ်မှုကို ကူညီပေးခြင်း
  4. အရိုးကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင် ဒီ (Vitamin D) ထုတ်ပေးခြင်းတို့ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း

လူကြီးများတွင် နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများမှာ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါကြောင့် ဖြစ်သည်။ တခြားဖြစ်စေနိုင်သောအကြောင်းရင်းများတွင်

  • ရောဂါအမျိုးမျိုးကြောင့် ကျောက်ကပ်ရောင်ခြင်း (Glomerulonephritis)
  • ကျောက်ကပ်ရေအိတ်တည်ခြင်း (Polycystic kidney disease)
  • ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်းကို ဖြစ်ပေါ်စေနိုင်သော ဆီးကျိတ်ကင်ဆာ၊ ဆီးကျောက်တည်ခြင်းနှင့် အချို့သောကင်ဆာ‌ရောဂါများ
  • မကြာခဏ ကျောက်ကပ်တွင် ပိုး၀င်ခြင်း (Pyelonephritis) တို့ ပါ၀င်သည်။

ဤရောဂါ ဖြစ်နိုင်ခြေများသူများမှာ_

  • ဆီးချိုရောဂါသွေးတိုးရောဂါနှင့် နှလုံးရောဂါရှိသူများ
  • ဆေးလိပ်သောက်သူများ
  • အ၀လွန်သူများ
  • ကျောက်ကပ်ရောဂါ မျိုးရိုးရှိသူများ
  • ကျောက်ကပ်၏ ပုံသဏ္ဌာန် အနေအထားမမှန်သူများ
  • ကိုယ်ခံအား မူမမှန်တုံ့ပြန်သော ရောဂါများ [ဥပမာ _ အက်စ်လယ်အီးရောဂါ (SLE)]
  • အသက်ကြီးသူများ
  • ကျောက်ကပ်ကို ထိခိုက်စေနိုင်သော ဆေးများ (ဥပမာ _ အကိုက်အခဲပျောက်ဆေး) မကြာခဏ အသုံးပြုသူများ ဖြစ်ကြသည်။
နာတာရှည် ကျောက်ကပ်ရောဂါအဆင့်များ

နာတာရှည်ကျောက်ကပ်ရောဂါတွင် အီးဂျီအက်ဖ်အာ (Estimated glomerular filtration rate-eGFR) ပေါ် မူတည်၍ အဆင့် (၅) ဆင့်ရှိသည်။ အီးဂျီအက်ဖ်အာ (eGFR) ဆိုသည်မှာသွေးထဲမှ အညစ်အကြေးနှင့် အဆိပ်အတောက်များကို ကျောက်ကပ်မှစွန့်ထုတ်နိုင်စွမ်းကို တိုင်းတာခြင်းဖြစ်သည်။ eGFR ကို သွေးစစ်ခြင်းဖြင့် သိရှိနိုင်သည်။

နာတာရှည်ကျောက်ကပ်ရောဂါ အဆင့် (၅) ဆင့်

အဆင့်eGFRကျောက်ကပ်လုပ်ငန်း လုပ်ကိုင်ခြင်း
၉၀ နှင့်အထက်ကျောက်ကပ်မှာ အလုပ်ကောင်းစွာ လုပ်နေသေးသည်၊ သို့သော် ကျောက်ကပ်ထိခိုက်ခြင်း၏ လက္ခဏာအနည်းငယ် ရှိနေနိုင်သည်
၆၀ မှ ၈၉ကျောက်ကပ် အလုပ်လုပ်နိုင်မှု စတင်ကျဆင်းသည်၊ ကျောက်ကပ်ထိခိုက်ခြင်း၏ သာမန်လက္ခဏာများ အနည်းငယ် ပိုများလာသည်
၃ (က)၄၅ မှ ၅၉ကျောက်ကပ်မှာ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ အတော်အသင့် ထိခိုက်ပျက်စီးလာပါသည်၊ အဖြစ်အများဆုံးအဆင့်ဖြစ်ပြီး ထိုအဆင့်တွင် နာတာရှည် ကျောက်ကပ်ရောဂါ၏ လက္ခဏာများကို စတင်သတိပြုမိလေ့ ရှိကြသည်
၃ (ခ)၃၀ မှ ၄၄ကျောက်ကပ်မှာ အတော်အသင့် ထိခိုက်ပျက်စီးနေပြီး အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါ၊ သို့သော် မှန်ကန်ထိရောက်သော ကုသမှုကို ခံယူပါက ပိုမဆိုးလာဘဲ ထိုအဆင့်တွင် ကောင်းစွာနေနိုင်သည်
၁၅ မှ ၂၉ကျောက်ကပ်မှာ ပြင်းထန်စွာ ထိခိုက်ပျက်စီးနေပြီး ကျောက်ကပ်၏ လုပ်ငန်းများကို မလုပ်နိုင်သလောက် ဖြစ်လာသည်
၁၅ အောက်ကျောက်ကပ်၏ လုပ်ငန်းများကို လုံး၀မလုပ်နိုင်တော့ဘဲ ကျောက်ကပ် ဆေးခြင်း (Dialysis) (သို့မဟုတ်) ကျောက်ကပ်အစားထိုး ကုသခြင်း (Kidney transplant) တို့ဖြင့် ကုသရန် လိုအပ်သည့်အဆင့်ဖြစ်သည်
Chronic kidney disease image
ရောဂါလက္ခဏာများ

နာတာရှည် ကျောက်ကပ်ရောဂါရှိသူများမှာ အစပိုင်းတွင် မည်သည့်လက္ခဏာမျှမပြဘဲ ရောဂါပိုဆိုးလာမှသာ အောက်ဖော်ပြပါလက္ခဏာများကို သတိပြုမိကြသည်။

  • ပျို့အန်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • နုံးနယ်ခြင်း
  • အားအင် ကုန်ခမ်းခြင်း
  • အရေပြားများခြောက်သွေ့၍ ယားယံခြင်း ၊ အရေပြားများ မည်းလာခြင်း
  • အိပ်ပျော်ရန် ခက်ခဲခြင်း
  • ဆီးသွားများခြင်း (သို့မဟုတ်) ဆီးနည်းသွားခြင်း
  • ဆီးထဲတွင် အမြှုပ်ပါခြင်း
  • ခြေထောက်၊ ခြေချင်း၀တ်နှင့် လက်များ ဖောရောင်ခြင်း
  • ကြွက်တက်ခြင်း
  • သွေးတိုးခြင်းနှင့် သွေးပေါင်ချိန် ပုံမှန်ထိန်းသိမ်းရန် ခက်ခဲခြင်း
  • အာရုံစိုက်ရန် ခက်ခဲခြင်း
  • အဆုတ်အမြှေးပါးထဲ ရေ၀င်ပြီး မောခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

နာတာရှည် ကျောက်ကပ်ရောဂါသည် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနီးပါးကို ထိခိုက်စေနိုင်သည်။ ဖြစ်ပေါ် နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  • အရည်များကို မစွန့်ထုတ်နိုင်ဘဲ စုမိခြင်းကြောင့်
    • လက်နှင့်ခြေထောက်တွင် အရည်များစုမိပြီး ဖောရောင်ခြင်း
    • သွေးပေါင်ချိန်မြင့်တက်ခြင်း
    • အဆုတ်ထဲရေ၀င်ပြီးမောခြင်း (Pulmonary oedema)
  • ရုတ်တရက် သွေးထဲတွင် ပိုတက်ဆီယမ်ဓာတ်မြင့်တက်ပြီး နှလုံးခုန်နှုန်းနှင့် နှလုံးလုပ်ငန်းများ ထိခိုက်နိုင်ခြင်း
  • နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ [ဥပမာ – လေဖြတ်ခြင်း (Stroke) ၊ ရုတ်တရက် နှလုံးအမောဖောက်ခြင်း (Heart attack)]
  • သွေးအားနည်းခြင်း
  • အရိုးအားနည်းပြီး အရိုးကျိုးလွယ်ခြင်း
  • လိင်စိတ်တက်ကြွမှု နည်းခြင်း၊ ပန်းသေပန်းညှိုးဖြစ်ခြင်း၊ ကလေးရရန် ခက်ခဲခြင်း
  • အာရုံကြောထိခိုက်ပျက်စီးပြီး အာရုံစိုက်ရန် ခက်ခဲခြင်း
  • တက်ခြင်း
  • ကိုယ်ခံအားနည်းပြီး ရောဂါပိုးအ၀င်လွယ်ခြင်း
  • နှလုံးအမြှေးပါးရောင်ခြင်း
  • သွေးထဲမှ အက်ဆစ်ဓာတ်များမဖယ်ရှားနိုင်ဘဲ သွေးထဲတွင် အက်ဆစ်များသောအခြေအနေ (Metabolic acidosis) ကြောင့် အသက်ရှူမြန်ခြင်း၊ နှလုံးခုန်မြန်ခြင်းတို့ ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများရှိပါက မိသားစုဆရာ၀န်နှင့် အမြန်ဆုံး ပြသတိုင်ပင်ပါ။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X ray) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် ရောဂါရာဇ၀င် မေးမြန်းခြင်း (အထူးသဖြင့် ဖြစ်စေနိုင်သော ရောဂါအခံများ ရှိမရှိနှင့် ကျောက်ကပ်ရောဂါမျိုးရိုး ရှိမရှိ) နှင့် သေချာစွာ စမ်းသပ်စစ်‌ဆေးခြင်းတို့ကို ဦးစွာပြုလုပ်လိမ့်မည်။ ကျောက်ကပ်လုပ်ငန်းများ ကောင်းစွာ လုပ်မလုပ် သိရှိနိုင်ရန် သွေးစစ်ဆေးခြင်း၊ အာထရာဆောင်း ရိုက်၍ ကျောက်ကပ်၏ပုံသဏ္ဌာန်၊ အနေအထားနှင့် ကျောက်ကပ်အရွယ်အစား စစ်ဆေးခြင်းတို့ ပြုလုပ်ပြီး၊ လိုအပ်လျှင် ကျောက်ကပ်အသားစယူ စစ်ဆေးရသည်။

ကုသခြင်း

နာတာရှည် ကျောက်ကပ်ရောဂါကို လုံး၀ပျောက်ကင်းအောင် ကုသ၍မရသော်လည်း ကျောက်ကပ် ထိခိုက်ပျက်စီးမှု ပိုမများလာစေရန် အောက်ပါကုသမှုများနှင့် တတ်နိုင်သမျှ ထိန်းထားနိုင်သည်။

  1. ဖြစ်စေနိုင်သော ရောဂါအခံများကို ကုသခြင်း
  2. နောက်ဆက်တွဲပြဿနာများကို ကုသခြင်း
  3. နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါဖြစ်လျှင် ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ် အစားထိုးကုသခြင်း ဟူ၍ရှိသည်။
  1. ဖြစ်စေနိုင်သော ရောဂါအခံများကို ကုသခြင်း
    နာတာရှည် ကျောက်ကပ်ရောဂါကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းခံပေါ် မူတည်၍ ကုသမှုများ ကွဲပြားသည်။ ဥပမာ _ ဆီးချိုနှင့် သွေးတိုးရောဂါရှိသူများတွင် သကြားဓာတ်နှင့် သွေးပေါင်ချိန်ကို ပုံမှန်ထိန်းသိမ်းခြင်းဖြင့် ကျောက်ကပ်ရောဂါ ပိုမဆိုးလာအောင် ထိန်းထားနိုင်သည်။
  2. နောက်ဆက်တွဲပြဿနာများကို ကုသခြင်း
    • သွေးပေါင်ကျဆေးများပေးခြင်း
      ကျောက်ကပ်ရောဂါရှိလျှင် သွေးတိုးရောဂါကို ပိုဆိုးလာစေနိုင်သည်။ ထို့ကြောင့် ကျောက်ကပ်လုပ်ငန်းကို ကောင်းစေနိုင်သော သွေးပေါင်ကျဆေးများကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း သောက်ပါ။ ထိုဆေးများသည် အစပိုင်းတွင် ကျောက်ကပ်လုပ်ငန်းနှင့် သတ္တုဓာတ်များကို အပြောင်းအလဲ ဖြစ်စေတတ်သောကြောင့် မကြာခဏ သွေးစစ်ဆေး၍ ဆေးကိုထိန်းညှိရန် လိုအပ်သည်။
    • အဖောအရောင်ကျစေရန် ဆေးများပေးခြင်း
      ရေများစုမိပြီး လက်နှင့် ခြေထောက်များ ဖောရောင်နေသဖြင့် အဖောအရောင်ကျစေရန်နှင့် ခန္ဓာကိုယ်အတွင်း အရည်များကို မျှတစွာ ထိန်းသိမ်းနိုင်ရန် ဆီးဆေးများ ပေးလိမ့်မည်။
    • သွေးအားနည်းခြင်းကို ကုသခြင်း
      သွေးနီဥထုတ်လုပ်မှုတွင် ပါ၀င်သော ဟော်မုန်းတစ်မျိုးဖြစ်သည့် erythropoietin ထိုးဆေးထိုးပေးခြင်း၊ သံဓာတ်ဖြည့်စွက်ပေးခြင်းဖြင့် သွေးအားနည်းခြင်းကြောင့်ဖြစ်သော လက္ခဏာများကို သက်သာစေနိုင်သည်။
    • သွေးတွင်းအဆီချဆေးများ ပေးခြင်း
      နာတာရှည် ကျောက်ကပ်ရောဂါဖြစ်လျှင် ခန္ဓာကိုယ်ကို အကျိုးမပြုသော အဆီဓာတ်များ များပြားလာသဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်လာစေသည်။ ထို့ကြောင့် သွေးတွင်းအဆီချဆေး (statin) များကို ပုံမှန်သောက်ရန် လိုအပ်သည်။
    • အရိုးကျန်းမာရေးအတွက် ဆေးများပေးခြင်း
      ကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီ (calcium and vitamin D) ဖြည့်စွက်ပေးခြင်းဖြင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေပြီး အရိုးကျိုးမှုကို လျှော့ချပေးသည်။ သွေးထဲတွင် ဖော့စဖိတ်ဓာတ် များနေသဖြင့် လျှော့ချရန် phosphate binder ဆေးများပေးနိုင်သည်။
    • ကျောက်ကပ်အတွက် ကောင်းမွန်သော အစားအသောက်များစားခြင်း
      အသားဓာတ်ကို အလွန်အကျွံ မစားသုံးဘဲ အသင့်အတင့်သာစားသုံးသင့်သည်။ အဆီများသော အစားအစာများကို ရှောင်ပါ။ ဆိုဒီယမ် ဆားဓာတ်နှင့် ပိုတတ်ဆီယမ်ဓာတ်များသော (ဥပမာ _ ဌက်ပျောသီး၊ လိမ္မော်သီး) ကို အသင့်အတင့်သာ စားသုံးပါ။
      ဆရာ၀န်များမှ ရက်ချိန်းများခေါ်၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ကာ ကျောက်ကပ်ရောဂါ အခြေအနေကို ပုံမှန်ကြည့်ရှု စစ်ဆေးပေးလိမ့်မည်။ ကျောက်ကပ်ရောဂါမှာ မထိန်းနိုင်ဘဲပိုဆိုးလာလျှင် ကျောက်ကပ် အထူးကုဆရာ၀န်များထံသို့ လွှဲပြောင်းကုသပေးလိမ့်မည်။
  3. နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါဖြစ်လျှင် ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ်အစားထိုးကုသခြင်း
    နာတာရှည် ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့်သို့ရောက်လျှင် ကျောက်ကပ်မှ အညစ်အကြေးနှင့် အရည်များကို လုံး၀မစွန့်ထုတ်နိုင်သောအခါ ကျောက်ကပ်ဆေးခြင်း (dialysis) (သို့မဟုတ်) ကျောက်ကပ်အစားထိုးကုသခြင်း (Kidney transplant) ဖြင့် ကုသရန် လိုအပ်သည်။
ကျောက်ကပ်ဆေးခြင်း (Dialysis)

ကျောက်ကပ်ဆေးခြင်းနှစ်မျိုးရှိသည်။

  1. ကျောက်ကပ်ဆေးသည့် စက်၏ အကူအညီဖြင့် သွေးအတွင်းရှိ အညစ်အကြေးများနှင့် အရည်ပိုများကို စွန့်ထုတ်ပေးခြင်း (Haemodialysis)
  2. ဝမ်းဗိုက်အတွင်း သေးငယ်သော ပြွန်ချောင်းကို ထည့်ကာ ကျောက်ကပ်ဆေးသည့်အရည်တစ်မျိုးဖြင့် အညစ်အကြေးနှင့် အရည်ပိုများကို စုပ်ယူပြီး ပြန်လည်စွန့်ထုတ်ခြင်း (Peritoneal dialysis) တို့ဖြစ်သည်။
ကျောက်ကပ်အစားထိုးကုသခြင်း (Kidney transplant)

ကျန်းမာသန်စွမ်းသော အလှူရှင်၏ကျောက်ကပ်နှင့် လူနာမှာ ကိုက်ညီမှု ရှိမရှိကို လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်၍ ကျောက်ကပ်အလှူရှင်ကို ပထမဦးစွာ ရှာဖွေရသည်။ ထို့နောက် ကိုက်ညီမှုရှိသည့် အလှူရှင်ထံမှ ကျောက်ကပ်ကိုယူကာ လူနာ၏ခန္ဓာကိုယ်ထဲသို့ အစားထိုး ခွဲစိတ်ထည့်ထားခြင်းဖြစ်သည်။ ထိုသို့ ကျောက်ကပ် အစားထိုးပြီးနောက် ကျောက်ကပ်အသစ်ကို မိမိခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ တိုက်ခိုက်ဖျက်ဆီးမှု မရှိအောင် ထိန်းချုပ်ပေးသော ဆေးများကို တစ်သက်လုံးသောက်ရန် လိုအပ်သည်။

ကာကွယ်ခြင်း
  • အကိုက်အခဲ ပျောက်ဆေးများကို မလိုအပ်ဘဲ ခဏခဏ မသောက်ရပါ၊ လိုအပ်လျှင် ဆရာ၀န်ညွှန်ကြားသည့်အတိုင်းသောက်ပါ
  • ဆေးလိပ်မသောက်ပါနှင့်
  • အရက်လျှော့သောက်ပါ
  • သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ
  • ဆိးချိုရောဂါ ရှိလျှင် သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ
  • ကိုယ်အလေးချိန် ထိန်းသိမ်းပါ
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားပါ
  • အနည်းဆုံး တစ်ရက်လျှင် မိနစ် (၃၀) နှင့် တစ်ပတ်လျှင် (၅) ရက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ပါ

နာတာရှည် ကျောက်ကပ်ရောဂါကို စောစီးစွာ သိရှိပြီး ထိရောက်သောကုသမှု ခံယူလျှင် ကျောက်ကပ်ပိုမို ပျက်စီးခြင်းကို ကာကွယ်နိုင်သည်။ မိမိတွင် ကျောက်ကပ်ကို ထိခိုက်စေနိုင်သော ရောဂါ အခံများရှိလျှင်လည်း ဆရာ၀န်များနှင့် ထိရောက်စွာ ကုသမှုခံယူ၍ လိုအပ်သောစစ်ဆေးမှုများကို အချိန်မှန်ပြုလုပ်ပြီး ရက်ချိန်းပုံမှန်ပြရန် အရေးကြီးသည်။ ထို့ကြောင့် ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်းဖြင့် ကျောက်ကပ်လုပ်ငန်းများ ပုံမှန်လုပ်ဆောင်နေခြင်း ရှိမရှိကို ဆောလျင်စွာ သိရှိနိုင်ရန် အရေးကြီးသည်။

References:

  1. Cleveland Clinic. (n.d.). Chronic kidney disease. Retrieved July 22, 2025, from https://my.clevelandclinic.org/health/diseases/15096-chronic-kidney-disease
  2. Mayo Clinic. (n.d.). Chronic kidney disease: Symptoms & causes. Retrieved July 22, 2025, from https://www.mayoclinic.org/diseases-conditions/chronic-kidney-disease/symptoms-causes
  3. National Kidney Foundation. (n.d.). About chronic kidney disease. Retrieved July 22, 2025, from https://www.kidney.org/atoz/content/about-chronic-kidney-disease
  4. NHS (UK). (n.d.). Kidney disease. Retrieved July 22, 2025, from https://www.nhs.uk/conditions/kidney-disease/

Published: 30 August 2024

Last updated: 8 September 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.