အဆုတ်အမြှေးပါးဆိုသည်မှာ ရင်ခေါင်းအတွင်းရှိ အဆုတ်၏မျက်နှာပြင်ပေါ်တွင် ဖုံးကာထားသော အလွှာပါးဖြစ်သည်။ ပုံမှန်အားဖြင့် လူတိုင်းတွင် အဆုတ်အမြှေးပါးအတွင်း အရည်အနည်းငယ်ရှိသည်။ ထိုအရည်များသည် အသက်ရှူသောအခါ အဆုတ်၏လှုပ်ရှားမှုများ ပိုမိုချောမွေ့လွယ်ကူစေရန် သဘာဝအလျောက် ပြုလုပ်ပေးနေခြင်းဖြစ်သည်။ သို့သော် အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်းသည် အရည်များ ပိုထုတ်လုပ်ခြင်းကြောင့်လည်းကောင်း၊ အရည်များကို လုံလောက်အောင် မစွန့်ထုတ်နိုင်ခြင်းကြောင့်လည်းကောင်း ထိုအလွှာများအကြား ပုံမှန်မဟုတ်သော အရည်ပို မြောက်များစွာ စုမိနေခြင်းဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အဆုတ်အမြှေးပါးအတွင်း စုမိသည့်အရည်ထဲတွင် ပရိုတင်းပါဝင်မှုပေါ် မူတည်၍ အမျိုးအစားနှစ်မျိုး ခွဲခြားထားသည်။
- ပရိုတင်းနည်းသော အရည်များ စုမိခြင်း (Transudative pleural effusion)
သွေးကြောများတွင် ဖိအားမြင့်တက်ခြင်း သို့မဟုတ် သွေးတွင်း ပရိုတင်းဓာတ်နည်းခြင်းကြောင့် အဆုတ်အမြှေးပါးအတွင်း အရည်များစိမ့်ထွက်လာခြင်းဖြစ်သည်။ အဓိကဖြစ်ပေါ်စေသော အကြောင်းရင်းများမှာ_- နှလုံး အမောဖောက်ခြင်း (Heart failure)
- အသည်းခြောက်ရောဂါ (Cirrhosis of liver)
- ဆီးတွင်းအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါ (Nephrotic syndrome)
- အာဟာရချို့တဲ့ခြင်း (Malnutrition)
- ပရိုတင်းများသော အရည်များ စုမိခြင်း (Exudative pleural effusion)
သွေးကြောများနှင့် ပြန်ရည်ကြောစနစ် ပိတ်ဆို့၍သော်လည်းကောင်း၊ ရောင်ရမ်းပျက်စီး၍သော်လည်းကောင်း အရည်များကောင်းစွာ မစီးဆင်းနိုင်သောကြောင့် စုမိခြင်းဖြစ်သည်။ ဖြစ်ပေါ်ရသော အကြောင်းရင်းများမှာ- အဆုတ်ရောင် နမိုးနီးယားရောဂါ (Pneumonia)
- တီဘီရောဂါ (Tuberculosis)
- ကင်ဆာရောဂါများ (ဥပမာ _ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ)
- ခုခံအားဆိုင်ရာရောဂါများ (ဥပမာ _ ရူမတွိုက်အဆစ်ရောင်ရောဂါ ၊ SLE ရောဂါ)
- အဆုတ် သွေးခဲပိတ်၍ပုပ်ခြင်း (Pulmonary infarction)
- ထိခိုက်ဒဏ်ရာရခြင်း
- အစာရေမျိုပြွန်ပေါက်ခြင်း
- ကင်ဆာမဟုတ်သော သားဥအိမ်အလုံးအကျိတ် (Meig’s syndrome)
- ကျောက်ဂွမ်း (Asbestos) နှင့် ထိတွေ့မှုကြောင့် ဖြစ်ပေါ်သော အဆုတ်အမြှေးပါး ထိခိုက်စေသောရောဂါ (Asbestosis)
- နှလုံး ခွဲစိတ်ကုသပြီးချိန်
- အချို့သော ဆေးဝါးများ (ဥပမာ – methotrexate, nitrofurantoin)
- ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူခြင်း (Radiation therapy) တို့ဖြစ်ကြသည်။
အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်း ဖြစ်နိုင်ခြေများသူများမှာ_
- ဖြစ်ပေါ်စေနိုင်သော ရောဂါအခံရှိသူများ
- ဆေးလိပ်သောက်သူများ
- ကျောက်ဂွမ်း (Asbestos) နှင့် ထိတွေ့မှုရှိသူများ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
အဆုတ်အမြှေးပါးအတွင်း ရေဝင်လျှင် အဓိကခံစားရသော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ရင်ဘတ်အောင့်ခြင်း (အထူးသဖြင့် ချောင်းဆိုးသည့်အချိန်နှင့် အသက်ပြင်းပြင်းရှူသည့် အချိန်များတွင် ပို၍နာသည်)
- မောခြင်း (အသက်ရှူမဝခြင်း၊ အသက်ရှူရန်ခက်ခဲခြင်း)
- လှဲအိပ်လျှင် အသက်ရှူမဝခြင်း
- ဖျားခြင်း
- ချောင်းဆိုးခြင်းတို့ကို ခံစားရနိုင်သည်။
အချို့သူများတွင် မည်သည့်ရောဂါလက္ခဏာမှ မခံစားရဘဲ အခြားအကြောင်းရင်း တစ်ခုခုကြောင့် ဓာတ်မှန်ရိုက်သည့်အချိန်တွင်မှသာ အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်းကို တွေ့ရှိခြင်း ဖြစ်နိုင်သည်။ အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်းဖြစ်ပေါ်စေသော ရောဂါအခံများ၏ လက္ခဏာများကိုလည်း ပူးတွဲတွေ့ရှိရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- ရောဂါပိုးဝင်ရာမှတစ်ဆင့် ပြည်တည်နာများဖြစ်ခြင်း (Lung abscess, Empyema)
- အဆုတ်အမြှေးပါးထူလာပြီး အမာရွတ်ဖြစ်ခြင်း (Pleural thickening and scarring)
- အဆုတ် ထိခိုက်ပျက်စီးခြင်း (Lung damage)တို့ ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင် ဖော်ပြထားသော အဆုတ်အမြှေးပါးအတွင်း ရေဝင်သည့် လက္ခဏာများ ဖြစ်ပေါ်လျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ဖြစ်ပေါ်ရသော အကြောင်းရင်းများကို ရှာဖွေကုသရန် လိုအပ်သည်။ အသက်ရှူကျပ်ခြင်း၊ မောခြင်းတို့ ဖြစ်ပေါ်ပါက အရေးပေါ်အခြေအနေဖြစ်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် ရောဂါရာဇဝင်များ သေချာစွာမေးမြန်းခြင်း၊ လူနာကိုစမ်းသပ်ခြင်းတို့ ပြုလုပ်ပြီး သွေးစစ်ဆေးရန် လိုအပ်သည်။ ထို့အပြင် ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းနှင့် လိုအပ်လျှင် အသက်ရှူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း၊ အသားစယူစစ်ဆေးခြင်းတို့ကို ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်သည်။ အဆုတ်အမြှေးပါးအတွင်းမှ အရည်ကို အပ်ဖြင့်စုပ်ယူပြီး ထိုအရည်ထဲတွင် ပရိုတင်းဓာတ်ပမာဏ၊ ရောဂါပိုး ရှိမရှိ၊ ကင်ဆာဆဲလ်များနှင့် အခြားဆဲလ်များ၏ အရေအတွက်တို့ကို သိရှိနိုင်ရန် အရည်ကို ဓာတ်ခွဲခန်းသို့ပို့၍ စစ်ဆေးခြင်းဖြင့် ရှာဖွေသိရှိနိုင်သည်။
ကုသခြင်း
ရောဂါကုသခြင်း၏ အဓိကရည်ရွယ်ချက်များမှာ_
- အရည်များကို ဖယ်ရှားရန်
- ဖြစ်ပေါ်ရသောအကြောင်းရင်းကို ရှာဖွေကုသရန်
- အဆုတ်အမြှေးပါးအတွင်း မကြာခဏရေဝင်ခြင်းကို ကာကွယ်ကုသရန်တို့ဖြစ်သည်။
အရည်များကို ဖယ်ရှားခြင်း (Therapeutic thoracentesis or chest tube)
အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်းမှာ အလွန်များပြား၍ အဆုတ်တွင် ဖိအားများပြီး အသက်ရှူကျပ်ခြင်း သို့မဟုတ် အောက်ဆီဂျင်ကျခြင်းတို့ ဖြစ်ပေါ်ပါက အပ်နှင့်စုပ်ယူ၍ ဖယ်ရှားခြင်း (Therapeutic thoracentesis) သို့မဟုတ် ပိုက်ချောင်း (chest tube)ကို ထည့်၍ အရည်များကိုဖယ်ရှားခြင်းဖြင့် ရောဂါလက္ခဏာများ သက်သာနိုင်သည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းကို ရှာဖွေကုသရန်
အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ရှာဖွေ၍ ကုသရမည်။
- နှလုံး အမောဖောက်ခြင်းကြောင့်ဖြစ်ပါက ဆီးဆေးနှင့် အခြားလိုအပ်သည့်ဆေးများပေး၍ နှလုံးအမောဖောက်ခြင်းကို ကုသနိုင်သည်
- ရောဂါပိုးကြောင့်ဖြစ်ပါက ပဋိဇီဝပိုးသတ်ဆေးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်းသောက်ရန် လိုအပ်သည်
- ခုခံအားဆိုင်ရာရောဂါများဖြစ်လျှင် စတီးရွိုက်နှင့် ကိုယ်ခံအားချသည့်ဆေးများဖြင့် ဆရာဝန် ညွှန်ကြားသည့်အတိုင်း ကုသမှုခံယူရမည်
- ကင်ဆာရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါများကြောင့် ဖြစ်လျှင် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်၍ ထိရောက်သော ကုသမှုခံယူရန် လိုအပ်သည်
အဆုတ်အမြှေးပါးအတွင်း မကြာခဏရေဝင်ခြင်းကို ကာကွယ်ကုသရန်
အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်းမှာ ကင်ဆာရောဂါကြောင့် ဖြစ်ပါက အရည်များ ဖယ်ရှားပြီးသော်လည်း ထိန်းချုပ်ရခက်ခဲပြီး မကြာခဏ အရည်များပြန်ပြည့်လာနိုင်သည်။ ထိုသို့ဖြစ်ပါက အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ကုသရန် လိုအပ်သည်။
- ကင်ဆာရောဂါကို ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် လိုအပ်လျှင် ခွဲစိတ်ကုသခြင်းတို့ကို ပြုလုပ်ရမည်
- အရည်များပြန်စုမိလျှင် ဆေးထိုးအပ်ဖြင့် မကြာခဏ အရည်များ စုပ်ထုတ်နိုင်သည် (repeated thoracocentesis)
- အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်း မကြာခဏဖြစ်လျှင် ကြာရှည်ခံသော ပြွန်ချောင်းကို အရေပြားမှတစ်ဆင့် အဆုတ်အမြှေးပါးအတွင်းသို့ ထည့်ထား၍ အရည်များကို ဖယ်ရှားနိုင်သည်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း အိမ်၌ပင် ပြုလုပ်နိုင်သည် (pleural drain)
- သေးငယ်သောပြွန်ချောင်းကို အသုံးပြုကာ အရည်များဖယ်ရှားခြင်းပြုလုပ်၍ ထိုပြွန်ချောင်းမှတစ်ဆင့် အဆုတ်အမြှေးပါးအတွင်းသို့ ဆေးတစ်မျိုး (talc or doxycycline) ထိုးထည့်လိုက်ခြင်းဖြင့် အဆုတ်အမြှေးပါးအလွှာများ ရောင်ရမ်းပြီး အချင်းချင်းကပ်သွားကာ နောက်တစ်ကြိမ် အရည်စုခြင်းကို ကာကွယ်ပေးသည် (pleurodesis)
- အထက်ဖော်ပြပါနည်းလမ်းများဖြင့် အရည်များကို မဖယ်ရှားနိုင်လျှင် ခွဲစိတ်ကုသခြင်းဖြင့် အန္တရာယ်ရှိသော မကောင်းသည့်တစ်ရှူးများကို ဖယ်ရှားခြင်း ပြုလုပ်နိုင်သည် (pleural decortication)
ကာကွယ်ခြင်း
အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများစွာကို ကာကွယ်၍ မရသော်လည်း အောက်ဖော်ပြပါနည်းလမ်းများဖြင့် ဖြစ်နိုင်ခြေများကို လျှော့ချနိုင်သည်။
- ဆေးလိပ်ဖြတ်ခြင်း
- အသက်အရွယ်အလိုက် ထိုးသင့်သော ကာကွယ်ဆေးများထိုးခြင်း
- ကျောက်ဂွမ်း (asbestos) နှင့် ထိတွေ့မှုမရှိအောင် ရှောင်ရှားခြင်း
- ဖြစ်ပေါ်စေနိုင်သော ရောဂါအခံများကို ထိရောက်စွာကုသခြင်းတို့ဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
References:
- Cleveland Clinic. (2023). Pleural effusion. Cleveland Clinic. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/17373-pleural-effusion
- WebMD. (2025). Pleural effusion: Symptoms, causes, and treatments. WebMD. Retrieved June 26, 2025, from https://www.webmd.com/lung/pleural-effusion-symptoms-causes-treatments
- Penn Medicine. (2025). Pleural effusion. Penn Medicine. Retrieved June 26, 2025, from https://www.pennmedicine.org/for-patients-and-visitors/patient-information/conditions-treated-a-to-z/pleural-effusion
- Healthline. (2023). Pleural effusion: Symptoms, causes, treatment, and more. Healthline. Retrieved June 26, 2025, from https://www.healthline.com/health/pleural-effusion
Published: 30 August 2024
Last updated: 3 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.