ကျောက်ကပ်ရောင်ခြင်းကြောင့် ကျောက်ကပ်မှ အသားဓာတ်(albumin) စွန့်ထုတ်ဆုံးရှုံးမှုများပြားကာ ဆီးထဲတွင် အသားဓာတ် ပမာဏများစွာ ပါဝင်လာသည့်အခြေအနေကို ဆီးအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါဟု ခေါ်သည်။ ဤရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ပုံမှန်အားဖြင့် အသက် (၁)နှစ် မှ (၆)နှစ်အတွင်း စတင်တွေ့ရလေ့ရှိသည်။ ယောက်ျားလေးများတွင် ပိုမိုဖြစ်ပွါးနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကျောက်ကပ်ရောင်ခြင်းကြောင့် ကျောက်ကပ်အတွင်းရှိ အညစ်အကြေးစစ် ဇကာပေါက်လေးများ (glomerulus)ကျယ်လာပြီး အသားဓာတ်ဆုံးရှုံးလာခြင်းဖြစ်သည်။ ကလေးများတွင် Minimal change disease ဟုခေါ်သော ဆီးအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါတစ်မျိုး အဖြစ်များသည်။ ထိုသို့ဖြစ်ပွါးရခြင်း အကြောင်းရင်းအတိအကျကို မသိရှိနိုင်သော်လည်း ကိုယ်ခံအားစနစ် ပုံမမှန်တုံ့ပြန်မှုများနှင့် ဆက်စပ်နေသည်ကို တွေ့ရသည်။ အခြားအခြေအနေများ (ဥပမာ_အသည်းရောင်အသားဝါပိုးများ၊ HIV ပိုးများဝင်ရောက်ခြင်း၊ ဆေးမတည့်ခြင်း၊ ဓာတ်သတ္တုပစ္စည်းများကြောင့် အဆိပ်သင့်ခြင်း၊ သွေးကင်ဆာ)များတွင်လည်း ကျောက်ကပ်ရောင်နိုင်သည်။
ရောဂါလက္ခဏာများ
အဓိကလက္ခဏာများမှာ_
- ဖောရောင်ခြင်း – သွေးတွင်းရှိ အသားဓာတ်များ လျော့နည်းသွားသဖြင့် ခန္ဓာကိုယ်ရှိရေများကို သွေးကြောများအတွင်း မထိန်းသိမ်းနိုင်တော့ဘဲ သွေးကြောများအပြင်ဘက်သို့ စိမ့်ထွက်လာသဖြင့် တစ်ကိုယ်လုံး ဖောရောင်လာတတ်သည်၊ ထိုသို့ဖောခြင်းသည် မျက်ခွံမှစဖြစ်ပီး မျက်နှာ၊ ခြေထောက်၊ ဝမ်းဗိုက်စသော နေရာများ တဖြည်းဖြည်း ပါဝင်လာတတ်သည်၊ မိန်းမကိုယ် (သို့မဟုတ်) ကပ်ပယ်အိတ် ဖောရောင်ခြင်းအထိ ဖြစ်နိုင်သည်၊ ကလေးများတွင် ဖြစ်တတ်သော ကျောက်ကပ်ရောင်ရောဂါများအနက် ဖောရောင်ခြင်း အများဆုံး၊ အဆိုးဆုံး ရောဂါဖြစ်သည်၊ ဖောရောင်နေသောနေရာများတွင်လက်ချောင်းနှင့်ဖိပြီး စမ်းကြည့်ပါက ချိုင့်ဝင်သွားသည်ကိုတွေ့ရမည်
- ဆီးနည်းသွားခြင်း
- ဆီးထဲတွင် အသားဓာတ်အများအပြားဆုံးရှုံးသောကြောင့် ဆီးတွင် အမြှုပ်များပိုမိုပါရှိလာခြင်း
- သွေးတွင်းအဆီဓာတ်များခြင်း
- ရောဂါပိုး၀င်လွယ်ခြင်း – ရောဂါကိုပြန်လည်တိုက်ရာတွင် ပါဝင်သည့် ကိုယ်ခံအားဆိုင်ရာ အသားဓာတ်များ လျော့နည်းလာသောကြောင့် ပိုးဝင်ရန် ပိုမိုလွယ်ကူလာသည်
- သွေးခဲလွယ်ခြင်း – သွေးမခဲစေသည့် အသားဓာတ်များသည်လည်း ဆီးထဲတွင် ပါဝင်ဆုံးရှုံးသွားခြင်းကြောင့်ဖြစ်သည်
နောက်ဆက်တွဲပြဿနာများ
ပြင်းထန်သော ကျောက်ကပ်ရောင်ရောဂါများနှင့် စောစီးစွာကုသနိုင်ခြင်းမရှိသော အခြေအနေများတွင် အောက်ပါနောက်ဆက်တွဲပြဿနာများ ဆက်လက်ဖြစ်ပေါ်နိုင်သည်။
- နှလုံးအမောဖောက်ခြင်း
- သွေးလန့်ခြင်း (shock) ကြောင့် သွေးပေါင်ကျခြင်း၊ မူးလာခြင်း၊ ဗိုက်အောင့်ခြင်း၊ ခြေလက်များ အေးစက်လာခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ ဆီးမထွက်ခြင်း
- သွေးခဲများပိတ်ခြင်း
အဖြစ်များသောနေရာများမှာ ကျောက်ကပ်သွေးပြန်ကြောများ၊ ပေါင်သွေးပြန်ကြောများ၊ ခြေသလုံးရှိ သွေးပြန်ကြောများ၊ ဦးခေါင်းအတွင်းရှိ သွေးပြန်ကြောများတွင် တွေ့ရလေ့ရှိသည်။ ကျောက်ကပ်သွေးပြန်ကြောများ ပိတ်ခြင်းကြောင့် ဆီးမထွက်ခြင်း၊ ဆီးထဲတွင် သွေးပါခြင်း၊ ခါးနာလာခြင်း ဦးခေါင်းအတွင်းရှိ သွေးပြန်ကြောများပိတ်ခြင်းကြောင့် တက်ခြင်း၊ အန်ခြင်း၊ သတိလစ်ခြင်း အစရှိသည်တို့ ဖြစ်နိုင်သည်။
- အချို့ကလေးများတွင် သွေးပေါင်တက်ခြင်း
- ပိုး၀င်လွယ်ခြင်း
- နာတာရှည်ကျောက်ကပ်ရောဂါအဆင့်သို့ ကူးပြောင်းသွားနိုင်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဆီး၊ သွေး စစ်ဆေးခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အကယ်၍ ပြင်းထန်သော ကျောက်ကပ်ရောင်ရောဂါလက္ခဏာများဖြစ်ပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ကလေးများတွင် အဓိကအားဖြင့် အောက်ပါအချက် (၄) ချက်ကို အခြေခံ၍ ဆီးအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါကို ရောဂါသတ်မှတ်လေ့ရှိသည်။
- ဆီးတွင်း အသားဓာတ်များခြင်း
- သွေးတွင်း အသားဓာတ်နည်းခြင်း
- ဖောခြင်း
- သွေးတွင်းအဆီဓာတ်များခြင်း
ကလေး၏ ရောဂါလက္ခဏာ ၊ ရောဂါရာဇဝင်ပေါ်မူတည်၍ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ အာထရာ ဆောင်းရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ အချို့ကလေးများတွင် လိုအပ်လျှင် ကျောက်ကပ်အသားစယူ၍ စစ်ဆေးရနိုင်သည်။
ကုသခြင်း
ဆီးအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါသည် ကိုယ်ခံအားစနစ် ပုံမမှန်တုံ့ပြန်မှုများနှင့် ဆက်စပ်နေတတ်သောကြောင့် ရောဂါကုသရာတွင် အဓိကအသုံးပြုသည့်ဆေးမှာ စတီးရွိုက် (Steroid)ဆေးဖြစ်သည်။ ပရက်နီစလုံး (Prednisolone)ကို အများဆုံးအသုံးပြုသည်။ ကျောက်ကပ်ရောင်ခြင်းကို လျှော့ချပေးခြင်းဖြင့် ဆီးတွင်းအသားဓာတ်ဆုံးရှုံးမှုကို ထိန်းချုပ်ပေးသည်။
ပရက်နီစလုံး (Prednisolone)ကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သတ်မှတ်ပမာဏနှင့်သတ်မှတ်ကာလ ပြည့်သည်အထိ သောက်သုံးရမည်။ ရက်ခြားသောက်ရန် လိုအပ်သည့်အချိန်များတွင် သေချာစွာမှတ်သား၍ သောက်ရန်လိုသည်။ သက်သာသည်ဟုယူဆ၍ မိမိသဘောဖြင့် ရပ်လိုက်လျှင် ရောဂါလက္ခဏာများပြန်ပေါ် လာခြင်း၊ ကုသရန်ခက်ခဲခြင်းတို့ဖြစ်နိုင်သည်။ ဆေး၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးအနေဖြင့် အစားအလွန်စားခြင်း၊ ကိုယ်အလေးချိန် တက်လာခြင်း၊ အရေပြားပါးလာခြင်း၊ မျက်နှာဖောင်းခြင်း၊ ဗိုက်အောင့်ဗိုက်နာတတ်ခြင်း၊ ကိုယ်ခံအားလျော့နည်းခြင်း၊ ပိုးဝင်လွယ်ခြင်း စသည်တို့ ခံစားရနိုင်သည်။ ကူးစက်ရောဂါရှိသူများ (ဥပမာ_ရေကျောက်၊ ဝက်သက် ပေါက်နေသောသူများ)နှင့် အနီးကပ်မနေသင့်ပါ။
ခံစားနေရသော လက္ခဏာများပေါ် မူတည်၍ အခြားကုသမှုများ (ဥပမာ_လိုအပ်လျှင် အသားဓာတ် (Albumin)ဆေးရည်သွင်းခြင်း၊ ဆီးဆေးများပေးခြင်း၊ ပိုးသတ်ဆေးများပေးခြင်း စသည်)တို့ကို ပြုလုပ်ရနိုင်သည်။
အစားအသောက်ပုံစံနှင့်ပတ်သက်၍ ကလေးဖောနေချိန်တွင် အငန်ဓာတ်လျှော့စားခြင်း၊ အချိုမှုန့် ရှောင်ခြင်း၊ အဆီလျှော့စားခြင်း၊ ရေ၊ အရည်တို့ကို နေ့စဉ်သတ်မှတ်ပမာဏအတိုင်းသာ သောက်ခြင်းတို့ ပြုလုပ်ရနိုင်သည်။
ဆီးအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါဖြစ်ပွားသူ ကလေးအများစုသည် prednisoloneဖြင့် ကုသမှုကို ကောင်းစွာ တုံ့ပြန်မှုရှိပြီး လက္ခဏာများ သက်သာပျောက်ကင်းနိုင်သည်။ အကယ်၍ prednisoloneဆေးဖြင့် တုံ့ပြန်မှုမရှိပါက အခြားကိုယ်ခံအားထိန်းညှိဆေးများကို အသုံးပြုရနိုင်သည်။
အချို့ကလေးများတွင်မူ လုံးဝသက်သာပျောက်ကင်းပြီးမှ ရောဂါလက္ခဏာများ ပြန်လည်ဖြစ်ပွါးတတ်သည်။ ထိုအခါ ကုသမှုပြန်လည်ခံယူရန် လိုအပ်သည်။ ရောဂါအခြေအနေ တိုးတက်မှုကို သိနိုင်ရန် နေအိမ်တွင် နေ့စဉ် (သို့မဟုတ်) ရက်ခြား ဆီးစစ်ရန်၊ ဆီးချက်ရန် လိုအပ်သည်။ နေ့စဉ်ဆီးပမာဏ၊ ဆီးတွင်းအသားဓာတ်ပမာဏ၊ သောက်သုံးသည့်ဆေးပမာဏ စသည်တို့ကို မှတ်တမ်းတင်ထားရန် လိုအပ်သည်။
ကာကွယ်ခြင်း
ဆီးအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါကို ကာကွယ်နိုင်သည့်နည်းလမ်း အတိအကျမရှိသော်လည်း ရောဂါလက္ခဏာများကို စောစီးစွာ သတိထားမိပါက ဆေးရုံဆေးခန်းသို့ စောစီးစွာပြသနိုင်၍ နောက်ဆက်တွဲ ပြဿနာများကို လျော့ချနိုင်မည်ဖြစ်သည်။
ရောဂါဖြစ်ပွားသူကလေးများသည် ရောဂါပိုးကူးစက်လွယ်သောကြောင့် ကာကွယ်ဆေးများ (ဥပမာ_အဆုတ်ရောင် ကာကွယ်ဆေး၊ တုပ်ကွေး ကာကွယ်ဆေးများ)ကို သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်၍ ထိုးထားသင့်သည်။ သို့သော် ရောဂါလက္ခဏာ မထိန်းချုပ်နိုင်စဥ်ကာလ၊ ဆေးများသောက်သုံးနေစဉ်ကာလတွင် ဝက်သက်၊ ရေကျောက်၊ တီဘီကာကွယ်ဆေးများအား မထိုးသင့်ပါ။
References:
- Website, N. (2024). Nephrotic syndrome in children. nhs.uk. Retrieved June 12, 2024, from https://www.nhs.uk/conditions/nephrotic-syndrome/#:~:text=Nephrotic%20syndrome%20is%20a%20condition,greater%20chance%20of%20catching%20infections.
- Nephrotic Syndrome in Children. (2024). National Institute of Diabetes and Digestive and Kidney Diseases. Retrieved June 12, 2024, from https://www.niddk.nih.gov/health-information/kidney-disease/children/nephrotic-syndrome-children
- Childhood Nephrotic Syndrome. (n.d.). National Kidney Foundation. Retrieved June 12, 2024, from https://www.kidney.org/kidney-topics/childhood-nephrotic-syndrome
- Clinical Practice Guidelines : Nephrotic syndrome. (n.d.). Retrieved June 12, 2024, from https://www.rch.org.au/clinicalguide/guideline_index/nephrotic_syndrome/
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.