Acute post-streptococcal glomerulonephritis (ဘက်တီးရီးယားပိုးဝင်ခြင်း​ကြောင့် ဖြစ်​သော ကျောက်ကပ်ရောင်ခြင်း)

Acute post-streptococcal glomerulonephritis (ဘက်တီးရီးယားပိုးဝင်ခြင်း​ကြောင့် ဖြစ်​သော ကျောက်ကပ်ရောင်ခြင်း)

ကျောက်ကပ်ရောင်ခြင်းသည် ကျောက်ကပ်အတွင်းရှိ အညစ်အကြေးစစ် ဇကာပေါက်လေးများ (Glomerulus) နှင့် အခြားကျောက်ကပ်အစိတ်အပိုင်းများ ထိခိုက်​ရောင်ရမ်းခြင်းဖြစ်သည်။ Group A beta hemolytic streptococci ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်း​ကြောင့်ဖြစ်​သော ​ကျောက်ကပ်​ရောင်ခြင်းသည် က​လေးများတွင် အဖြစ်အများဆုံးဖြစ်သည်။ အသက် (၃)နှစ် မှ (၁၂) နှစ်အတွင်းရှိ က​လေးများတွင် ဖြစ်​လေ့ရှိပြီး ယေဘုယျအားဖြင့် နာတာရှည် ကျောက်ကပ်ရောဂါအဆင့်အထိ ဖြစ်ပွါးနိုင်ခြေ နည်းပါးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဘက်တီးရီးယားပိုး၊ အသည်း​ရောင်ပိုး၊ HIV ပိုးအစရှိသည့် ရောဂါများဝင်လာပြီးနောက် ကိုယ်ခံအားစနစ်မှ ပြန်လည်တုံ့ပြန်ခြင်းအပြင် ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းကြောင့် ဖြစ်သောရောဂါများ (Autoimmune diseases) ကြောင့်လည်း ဖြစ်နိုင်သည်။ က​လေးများတွင် အဖြစ်အများဆုံးမှာ Group A beta hemolytic streptococci ဘက်တီးရီးယား ပိုးဝင်ခြင်း​ကြောင့်ဖြစ်သည်။ ထိုပိုးဝင်​ရောက်ခြင်း​ကြောင့် အာသီးရောင်ခြင်း၊ အရေပြားတွင် ပြည်တည်နာပေါက်ခြင်း အစရှိသည့် လက္ခဏာများ ဖြစ်​ပေါ် ပြီးနောက် (၂)ပတ် မှ (၄)ပတ်အကြာတွင် ​ကျောက်ကပ်​ရောင်ခြင်းကို ဖြစ်​စေနိုင်သည်။ မွေးရာပါနှင့် မျိုးဗီဇဆိုင်ရာ ​ကျောက်ကပ်​ရောဂါများ​ကြောင့်လည်း ဖြစ်​နိုင်သည်။

ရောဂါလက္ခဏာများ

ကျောက်ကပ်ရောင်ခြင်း အဆင့်အမျိုးမျိုးရှိသည်။ ဆီးထဲသွေးပါပြီး အခြားလက္ခဏာများမပြသော သာမန်ကျောက်ကပ်ရောင်ခြင်းမှသည် ရုတ်တရက် ကျောက်ကပ် ထိခိုက်ပျက်ဆီးခြင်း (Acute Kidney Injury) အထိ ဖြစ်နိုင်သည်။

အတွေ့ရများသော လက္ခဏာများမှာ_

  • ဆီးထဲတွင်​သွေးပါခြင်း သို့မဟုတ် ​ရေ​နွေးကြမ်းအ​ရောင်ကဲ့သို့​သော ဆီးရောင်ရင့်ရင့် သွားခြင်း
  • ဆီးသွားနည်းခြင်း
  • ဖော​​ရောင်ခြင်း
    မျက်ခွံမှစတင်ဖြစ်လေ့ရှိပြီး တဖြည်းဖြည်း မျက်နှာ၊ ခြေထောက်၊ ဝမ်းဗိုက်စသောနေရာများထိ ပါဝင်လာတတ်သည်။ သို့သော် ဆီးအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါ (Nephrotic syndrome) ကဲ့သို့ တစ်ကိုယ်လုံးရောင်ခြင်း မရှိပါ။

    APSGN IMG1
  • သွေး​ပေါင်တက်ခြင်း
    ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း စသည့်လက္ခဏာများ ပြလေ့ရှိသည်။ ပုံမှန်အားဖြင့် (၂) ပတ်ကျော်လျှင် ပြန်လည်သက်သာသွားတတ်ပြီး သွေးကျဆေးများကို ရေရှည် စွဲသောက်ရန် မလိုအပ်ပါ။
နောက်ဆက်တွဲပြဿနာများ

သွေး​ပေါင်တက်ခြင်း​ကြောင့် ခေါင်းကိုက်ခြင်း၊ သတိ​မေ့ခြင်း၊ တက်ခြင်း (Hypertensive encephalopathy) နှင့် နှလုံးအ​မော​ဖောက်ခြင်း ​(Hypertensive heart failure) များအပြင် ဆီးနည်းသွားရာမှ ရုတ်တရက် ကျောက်ကပ် ထိခိုက်ပျက်ဆီးခြင်း (Acute Kidney Injury) တို့အထိ ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဆီး၊ သွေးစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက ကလေးအထူးကုဆရာဝန်များ၊ ကလေးကျောက်ကပ်ဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

အကယ်၍ အရေးပေါ်အခြေအနေများဖြစ်သော တက်ခြင်း၊ သတိလစ်ခြင်း၊ နှလုံးအမောဖောက်ခြင်း၊ ရုတ်တရက်ဆီးနည်းသွားခြင်းများ ဖြစ်ပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

ကလေးများတွင် အဓိကအားဖြင့် အောက်ပါအချက် (၃) ချက်ကို အခြေခံ၍ ကျောက်ကပ်ရောင်ရောဂါ ဖြစ်ကြောင်းသတ်မှတ်လေ့ရှိသည်။

  • ဆီးအရောင်ရင့်ခြင်း၊ ဆီးထဲတွင်သွေးပါခြင်း
  • သွေးတိုးခြင်း
  • ဖောခြင်း

က​လေး၏ ​ရောဂါလက္ခဏာ၊ ​ရောဂါရာဇဝင်​ပေါ်မူတည်၍ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ အချို့က​လေးများတွင် လိုအပ်လျှင် ​ကျောက်ကပ်အသားစယူ၍ စစ်​ဆေးနိုင်သည်။

APSG IMG2
ကုသခြင်း

ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော ကျောက်ကပ်ရောင်ခြင်း (Acute post-streptococcal glomerulonephritis) သည် ကလေးအများစုတွင် (၂)ပတ် မှ (၄)ပတ်အတွင်း တဖြည်းဖြည်း အလိုအလျောက် ပြန်လည်သက်သာလာနိုင်သည်။ ကုသမှုတွင် အစားအသောက်ပုံစံပြောင်းလဲခြင်းနှင့် ရောဂါလက္ခဏာအလိုက် ကုသခြင်းများ ပါဝင်သည်။

  1. ဆေးဝါးကုသမှု
    ဆီးဆေးများ၊ သွေးပေါင်ကျဆေးများနှင့် ပဋိဇီဝပိုးသတ်ဆေးများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်သုံးရမည်။
    • သွေးပေါင်ကျဆေးများ – သွေးပေါင်ချိန် ပုံမှန်ပြန်ဖြစ်သည်အထိ စွဲသောက်ရန် လိုအပ်သည်
    • ပဋိဇီဝပိုးသတ်ဆေးများ – ရောဂါဖြစ်စေသော ဘက်တီးရီးယားပိုးကို ရှင်းလင်းရန်အတွက် သောက်ရန် လိုအပ်သည်
    • ဆီးဆေးများ – ဖောရောင်ခြင်းကို သက်သာစေရန် လိုအပ်သလို သုံးနိုင်သည်
  2. အစားအသောက်
    ကလေး ဖောရောင်နေချိန်နှင့် သွေးပေါင်တက်နေချိန်တွင် အောက်ပါတို့ကို လိုက်နာသင့်သည်။
    • အငန်ဓာတ် လျှော့ကျွေးခြင်း – အငန်၊ ဆိုဒါမှုန့်နှင့် အချိုမှုန့်တို့ကို ရှောင်ကြဉ်ရမည်
    • ရေနှင့် အရည်သောက်သုံးမှု ထိန်းချုပ်ခြင်း – နေ့စဉ် သတ်မှတ်ထားသော ပမာဏအတိုင်းသာ ရေနှင့် အရည်များ သောက်သုံးသင့်သည်
    • အဆီလျှော့ကျွေးခြင်း – ကျောက်ကပ်ကို ဝန်ပိစေနိုင်သော အဆီများသော အစားအစာများကို လျှော့ချသင့်သည်
  3. ပြင်းထန်သော အခြေအနေများအတွက် ကုသမှု
    အချို့ကလေးများတွင် ဆီးလုံးဝမထွက်ခြင်း၊ သွေးထဲတွင် ကျောက်ကပ်ဆိပ်တက်ခြင်း သို့မဟုတ် ရုတ်တရက် ကျောက်ကပ် ထိခိုက်ပျက်ဆီးခြင်း (Acute Kidney Injury) တို့ ဖြစ်လာပါက ကျောက်ကပ်ဆေးခြင်း (Dialysis) ပြုလုပ်ရန် လိုအပ်နိုင်သည်။ ဆီးအရောင်ရင့်ခြင်းနှင့် သွေးပါခြင်းကဲ့သို့သော လက္ခဏာများသည် (၂) ပတ်အတွင်း သက်သာနိုင်ပြီး၊ သွေးတိုးခြင်းသည် (၁) လခန့်အကြာတွင် ပြန်လည်ကောင်းမွန်လာနိုင်သောကြောင့် စိတ်ရှည်စွာ ကုသမှုခံယူရမည်။
ကာကွယ်ခြင်း

ကျောက်ကပ်ရောင်ခြင်းကို ဖြစ်စေသော Group A Streptococcus ဘက်တီးရီးယားပိုးကြောင့် ဖြစ်သည့် အာသီးရောင်ခြင်း၊ အရေပြားတွင် ပြည်တည်နာပေါက်ခြင်းများကို ထိရောက်စွာ ကုသရန်လိုသည်။

ကာကွယ်ရန်ဆေးမရှိသော်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာစွာ ပြုလုပ်ခြင်းဖြင့် ရောဂါပိုးကူးစက်ခံရမှုကို လျှော့ချနိုင်သည်။

  • ချောင်းဆိုးခြင်း၊ နှာချေခြင်းရှိလျှင် အဝတ်ဖြင့်အုပ်၍ ဆိုးခြင်း
  • အစားမစားခင်၊ မချက်ပြုတ်ခင် လက်ကိုဆပ်ပြာဖြင့် ဆေးကြောခြင်း
  • လည်ချောင်းနာလျှင်၊ အရေပြားတွင် ယားယံလျှင်၊ ပြည်တည်နာရှိလျှင် ဆရာဝန်နှင့် ပြသခြင်း
  • အနာကို ဖုန်မှုန့်များမှ ကာကွယ်ရန် အုပ်ထားခြင်းတို့ ပြုလုပ်နိုင်သည်။

References:

  1. Centers for Disease Control and Prevention. (n.d.). Post-streptococcal glomerulonephritis: Clinical-guidance. Retrieved July 15, 2025, from https://www.cdc.gov/group-a-strep/hcp/clinical-guidance/post-streptococcal-glomerulonephritis.html
  2. KidsHealth NZ. (n.d.). Post-streptococcal glomerulonephritis (PSGN). Retrieved July 15, 2025, from https://www.kidshealth.org.nz/poststreptococcal-glomerulonephritis-psgn
  3. Mayo Clinic. (n.d.). Glomerulonephritis — Diagnosis & treatment. Retrieved July 15, 2025, from https://www.mayoclinic.org/diseases-conditions/glomerulonephritis/diagnosis-treatment/drc-20355710
  4. NCBI Bookshelf. (n.d.). Post-streptococcus pyogenes glomerulonephritis. Retrieved July 15, 2025, from https://www.ncbi.nlm.nih.gov/books/NBK538255
  5. Queensland Government – Health. (n.d.). Acute post-streptococcal glomerulonephritis (APSGN). Retrieved July 15, 2025, from https://www.qld.gov.au/health/condition/infections-and-parasites/bacterial-infections/acute-post-streptococcal-glomerulonephritis-apsgn

Published: 30 August 2024

Last updated: 22 October 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.