ဗီတာမင်စီ ချို့တဲ့ခြင်းသည် အဓိကအားဖြင့် ဗီတာမင်စီဓါတ် ကြွယ်ဝသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ မစားသုံးခြင်း၊ ရှောင်ခြင်းကြောင့် ဖြစ်ပွါးရသည်။ ဗီတာမင်စီချို့တဲ့မှုကို ကောင်းစွာ ကုသမှုမခံယူပါက သွားဖုံးသွေးယိုစိမ့်ခြင်း၊ သွားများကျွတ်လွယ်ခြင်း၊ အရေပြားအောက်ရှိ သွေးကြောများမှ သွေးများယိုစိမ့်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ ဗီတာမင်စီချို့တဲ့ခြင်းသည် ကူးစက်နိုင်သောရောဂါ မဟုတ်ပါ။ ဗီတာမင်စီကို ဗီတာမင်အားဆေးများဖြင့် ပြန်လည်ဖြည့်တင်းခြင်း၊ ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ ပြန်လည်စားသုံးခြင်းအားဖြင့် ကုသသက်သာ ပျောက်ကင်းနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
ဗီတာမင် စီ ချို့တဲ့ခြင်းသည် ဗီတာမင် စီ ကြွယ်ဝသော အစားအစာ၊ အသီးအနှံများကို လုံလောက်အောင် မစားသုံးခြင်းကြောင့်ဖြစ်သည်။ ဗီတာမင် စီ ချို့တဲ့ခြင်း ဖြစ်ပေါ်နိုင်ခြေများသော အခြေအနေများမှာ_
- ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ
- စားသောက်မှုအလေ့အထ မူမမှန်ခြင်းဆိုင်ရာ (Eating disorder) သို့မဟုတ် ဆေးကုသမှုခံယူခြင်း (ဥပမာ _ ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း) တို့ကြောင့် အစားမဝင်သူများ
- ဆေးလိပ်သောက်ခြင်း
- အချိန်ကြာမြင်စွာ မူးယစ်ဆေးဝါး (သို့မဟုတ်) အရက်သေစာ အလွန်အကျွံ သုံးစွဲခြင်း
- ကိုယ်ဝန်ဆောင်စဥ် သို့မဟုတ် နို့တိုက်ကျွေးစဥ် အစားနည်းခြင်း
- အမျိုးအစား (၁) ဆီးချိုရောဂါရှိခြင်း (Type 1 diabetes mellitus)
- နာတာရှည် အူရောင်ရမ်းနာရောဂါ (Inflammatory bowel disease)၊ အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သည့် ရောဂါ (Irritable bowel syndrome)
- အစားအစာ ဓာတ်မတည့်ခြင်း (food allergies) တို့ဖြစ်ကြသည်။
ဗီတာမင် စီ သည် ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးသော အာဟာရဓာတ်တစ်မျိုးဖြစ်သည်။ ဗီတာမင် စီ ၏ လုပ်ငန်းတာဝန်များမှာ_
- ကော်လာဂျင် (collagen) ပရိုတင်း ဖွဲ့စည်းမှု (ကော်လာဂျင် ပရိုတင်းသည် ခန္ဓာကိုယ် တွယ်ဆက်တစ်ရှူးများ တည်ဆောက်မှုနှင့် ကြံ့ခိုင်မှုကို အထောက်အကူဖြစ်စေသည်)
- သံဓာတ်စုပ်ယူမှု အားကောင်းစေခြင်း
- ခန္ဓာကိုယ်ဆဲလ်များ ပျက်စီးမှုမှ ကာကွယ်ပေးသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (antioxidants) အဖြစ် ဆောင်ရွက်ပေးခြင်း
- အနာများ အလွယ်တကူကျက်စေရန် ကူညီပေးခြင်း
- အဆီဓာတ်နှင့် ပရိုတင်းတို့၏ ဇီဝကမ္မဖြစ်စဥ်တွင် ပါဝင်လုပ်ဆောင်ပေးခြင်း အစရှိသည့် တာဝန်များကို လုပ်ဆောင်ပေးသည်။
ရောဂါလက္ခဏာများ
ဗီတာမင် စီ သည် အထက်တွင်ဖော်ပြထားသည့်အတိုင်း ခန္ဓာကိုယ်ရှိ လုပ်ငန်းတာဝန်အမျိုးမျိုးတွင် ပါဝင်လုပ်ဆောင်ပေးသောကြောင့် ဗီတာမင် စီ ချို့တဲ့ပါက ရောဂါလက္ခဏာများသည် ခန္ဓာကိုယ်အနှံ့အပြားတွင် ဖြစ်ပေါ်လာတတ်သည်။ ရောဂါလက္ခဏာများသည် ဗီတာမင် စီ ချို့တဲ့မှု ဖြစ်ပွါးပြီး အချိန် (၁)လ မှ (၃)လအကြာတွင် စတင်ဖြစ်ပေါ်လေ့ရှိသည်။ စစချင်းတွင် အားအင်ကုန်ခမ်းခြင်း၊ ခြေလက်အားနည်းခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ကဏာမငြိမ်ဖြစ်ခြင်း၊ ခြေထောက်များ နာကျင်ခြင်းတို့ဖြင့် စတင်အချက်ပြလေ့ရှိသည်။ ဗီတာမင် စီ ချို့တဲ့ခြင်းကို ကုသမှုမခံယူပါက ပိုမိုပြင်းထန်သော အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
- သွေးအားနည်းခြင်း
- သွားဖုံးများ နီရဲနာကျင်ရောင်ရမ်းပြီး အလွယ်တကူ သွေးထွက်ခြင်း
- သွားများ အလွယ်တကူ ကျွတ်ထွက်ခြင်း
- အရေပြားတွင် သွေးထွက်ခြင်း၊ သွေးခြေဥခြင်း
- ဆံသားများ ခြောက်သွေ့ကြွပ်ဆတ်၍ ဝက်အူရစ်သဏ္ဍန် ခွေနေခြင်း
- ကိုယ်ခံအားကျဆင်း၍ ရောဂါပိုးများ အလွယ်တကူဝင်ခြင်း
- အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း
- အလင်းဒဏ်မခံနိုင်ခြင်း၊ အမြင်ဝေဝါးခြင်း
- မျက်လုံခြောက်ခြင်း၊ ယားယံခြင်း၊ သွေးထွက်ခြင်း
- ခေါင်းကိုက်ခြင်း
- အနာကျက်နှေးခြင်း
- အဆစ်များ ရောင်ရမ်းနာကျင်ခြင်းတို့ ဖြစ်ကြသည်။
ကလေးငယ်များတွင် ဗီတာမင် စီ ဓာတ် ချို့တဲ့ပါက ဖြစ်ပေါ်နိုင်သော လက္ခဏာများမှာ_
- ဂဏာမငြိမ်ဖြစ်ခြင်း
- အရိုးများကိုထိခိုက်ခြင်းကြောင့် လှုပ်ရှားသည့်အခါ နာကျင်ခြင်း
- အစာမစားခြင်း
- ကိုယ်အလေးချိန် မတက်ခြင်း
- သွေးအားနည်းခြင်းတို့ အဓိကဖြစ်ပေါ်တတ်သည်။
နောက်ဆက်တွဲပြဿနာများ
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်ချိန်တွင် ကုသမှုမခံယူပါက အောက်ဖော်ပြပါ နောက်ဆက်တွဲလက္ခဏာများ ဆက်လက်ဖြစ်ပွားနိုင်သည်။
- ခန္ဓာကိုယ် အနှံ့အပြား ရောင်ရမ်းနာကျင်ခြင်း
- သွေးနီဥများ ပြိုကွဲပျက်စီးခြင်းကြောင့် အသားဝါခြင်း
- ဖျားခြင်း
- သွားများဆုံးရှုံးခြင်း
- ကိုယ်တွင်းအင်္ဂါများတွင် သွေးထွက်ခြင်း
- ခြေထောက်နှင့် လက်များတွင် အာရုံကြောများ ထိခိုက်၍ ထုံကျဥ်ခြင်း၊ နာကျင်ခြင်း
- တက်ခြင်း
- ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း
- ပြန်လည်နိုးထရန် ခက်ခဲသော သတိလစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် ကုသမှုမခံယူပါက အသက်အန္တရာယ် ထိခိုက်သည်အထိ ပြင်းထန်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ကုသခြင်းများ ပြုလုပ်ရန် လိုအပ်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ရုတ်တရက် ခေါင်းကိုက်ခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ အမြင်ဝေဝါးခြင်း၊ လေဖြတ်သကဲ့သို့ ခြေ၊လက်များ အားနည်းခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်းတို့ကို ခံစားရပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် ရောဂါရာဇဝင်ကို သေချာမေးမြန်းခြင်း၊ လူနာ၏လက္ခဏာများကို စမ်းသပ်ခြင်းဖြင့် သိရှိနိုင်သည်။ လိုအပ်ပါက သွေးထဲတွင်ရှိသော ဗီတာမင် စီ ပမာဏကို တိုင်းတာခြင်း၊ အရေပြားနှင့် ဆံပင်နမူနာယူ၍ အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။
ကုသခြင်း
ဗီတာမင် စီ ချို့တဲ့ခြင်းကို ကုသမှုမခံယူပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်၍ အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်သောကြောင့် စောစီးစွာနှင့် လျင်မြန်စွာ ကုသမှုခံယူရန် အလွန်အရေးကြီးသည်။ ဗီတာမင် စီ ချို့တဲ့ခြင်းကို ဗီတာမင် စီ ကြွယ်ဝသော အစားအစာများ (အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ) ကို နေ့စဥ်လိုအပ်သည့်ပမာဏ ပြည့်ဝအောင် စားသုံးပေးခြင်း၊ ဗီတာမင် စီ ဖြည့်စွက်ဆေးဝါးများပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။
ဗီတာမင်စီကို ပြန်လည်သောက်သုံးပြီးနောက်တွင် လူနာသည် (၄၈) နာရီအတွင်း ခံစားနေရသော ရောဂါလက္ခဏာများ စတင်သက်သာလာနိုင်သည်။ (၂) ပတ်အတွင်း သိသိသာသာ သက်သာလာပြီး သုံးလခန့်ကြာသည့်အခါတွင် လုံးဝပျောက်ကင်းနိုင်သည်။
ဗီတာမင် စီ ကြွယ်ဝသော အစားအစာများ
အများအားဖြင့် အချဉ်ဓာတ်ရှိသော အသီးအနှံများ၊ စိမ်းသော အသီးအရွက်များတွင် ဗီတာမင် စီ ကြွယ်ဝစွာပါဝင်သည် (ဥပမာ_ လိမ္မော်သီး၊ သရက်သီး၊ ကီဝီသီး၊ စတော်ဘယ်ရီသီး၊ ငှက်ပျောသီး၊ ကော်ဖီထုပ်၊ ငရုတ်ပွ စသည်) ။ ဗီတာမင် စီ ကို နေ့စဉ်လိုအပ်ချက်အရ (၄၀) မှ (၁၂၀) မီလီဂရမ်ထိ သောက်သုံးနိုင်သည်။
ဗီတာမင် စီ ဖြည့်စွက်ဆေးဝါးများ
ဗီတာမင် စီ ဖြည့်စွက်ဆေးဝါးများကို ကလေးများတွင် ဗီတာမင် စီ (၁၀၀) မှ (၃၀၀) မီလီဂရမ်နှင့် လူကြီးများတွင် ဗီတာမင် စီ (၅၀၀) မှ (၁၀၀၀) မီလီဂရမ်ကို လက္ခဏာများ သက်သာပျောက်ကင်းသည်အထိ နေ့စဉ်သောက်ရန်လိုသည်။
ဆေးကုသမှု စတင်ခံယူပြီးနောက် လူနာသည် (၄၈) နာရီအတွင်း ခံစားနေရသော ရောဂါလက္ခဏာများ စတင်သက်သာလာနိုင်သည်။ (၂) ပတ်အတွင်း သိသိသာသာ သက်သာလာပြီး သုံးလခန့်ကြာသည့်အခါတွင် လုံးဝပျောက်ကင်းနိုင်သည်။ အကယ်၍ အခြားရောဂါအခံများကြောင့် ဗီတာမင် စီ ဓာတ်ချို့တဲ့ခြင်းဖြစ်ပါက အထူးကုဆရာဝန်များနှင့် တိုင်ပင်၍ သက်ဆိုင်ရာရောဂါများအတွက် သီးသန့်ကုသမှုများ ထပ်မံခံယူရန် လိုအပ်သည်။
ကာကွယ်ခြင်း
ဗီတာမင် စီ ချို့တဲ့ခြင်းကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို အာဟာမျှတာစွာ စားသုံးခြင်းဖြင့် ကာကွယ်နိုင်သည်။ ဗီတာမင် စီ ကို လတ်ဆတ်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များမှ အများဆုံး ရရှိနိုင်သည်။
References:
- Cleveland Clinic. (2022). Scurvy. Cleveland Clinic. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/24318-scurvy
- Ecosh. (2020). Vitamin C deficiency and scurvy: Symptoms, causes, and 24 vitamin C–rich foods. Ecosh. Retrieved July 26, 2025, from https://ecosh.com/vitamin-c-12-health-benefits-symptoms-of-vitamin-c-deficiency-scurvy-and-24-vitamin-c-rich-foods/
- Healthline. (2022). Scurvy: Symptoms, risk factors, treatment, and prevention. Healthline. Retrieved July 26, 2025, from https://www.healthline.com/health/scurvy#diagnosis
- National Health Service. (2015). Scurvy. NHS. Retrieved July 26, 2025, from https://www.nhs.uk/conditions/scurvy/
Published: 30 August 2024
Last updated: 17 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.