Pellagra – vitamin B3 deficiency (ပလာဂရာ (သို့မဟုတ်) ဗီတာမင် ဘီ-၃ ချို့တဲ့ခြင်း)

Pellagra – vitamin B3 deficiency (ပလာဂရာ (သို့မဟုတ်) ဗီတာမင် ဘီ-၃ ချို့တဲ့ခြင်း)

ပလာဂရာ (Pellagra) ဆိုသည်မှာ နိုင်ယာစင် (Niacin) ဟုခေါ်သည့် ဗီတာမင် ဘီ-၃ (Vitamin B3) ဓာတ်ချို့တဲ့ခြင်းဖြစ်သည်။ ဗီတာမင် ဘီ-၃ သည် ပုံမှန်စားသောက်နေကျ အစားအစာများထဲတွင် ပါဝင်ပြီး အစားအစာကို မျှတစွာ စားသုံးပါက လုံလောက်စွာ ရရှိနိုင်သည်။ ဗီတာမင် ဘီ-၃ သည် ခန္ဓာကိုယ်ဆဲလ်များ၏ လုပ်ငန်းဆောင်တာများအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ဗီတာမင် ဘီ-၃ ချို့တဲ့ခြင်းကြောင့် ဖြစ်သော Pellagra ရောဂါတွင် ဝမ်းလျှောခြင်း (diarrhea) နှင့် အရေပြားရောင်ရမ်းခြင်း (dermatitis)၊ အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်း (Dementia) တို့ အဓိကဖြစ်ပေါ်သည်။ ဗီတာမင် ဘီ-၃ ချို့တဲ့ခြင်းကို မကုသဘဲထားပါက အာရုံကြောစနစ်များကို ထိခိုက်ပျက်စီးစေနိုင်ပြီး အသက်သေဆုံးသည်အထိ ပြင်းနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

အဓိကအကြောင်းရင်းသည် အစားအသောက်များမှ Niacinဓာတ် လုံလောက်စွာ မရရှိသောကြောင့် ဗီတာမင် (၃) ဓာတ်ချို့တဲ့ခြင်းဖြစ်သည်။

Niacin ဓာတ်စုပ်ယူမှုနှင့် အသုံးပြုမှုကို ဟန့်တားသည့် အခြားသော နောက်ခံရောဂါ အကြောင်းရင်းများကြောင့်လည်း ဗီတာမင် ဘီ-၃ ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

ထိုအကြောင်းရင်းများမှာ_

  • အစာအာဟာရ စုပ်ယူမှု လျော့နည်းခြင်းကို ဖြစ်စေသော နာတာရှည် အူရောင်ရမ်းနာရောဂါ (Inflammatory bowel disease) နှင့် အသည်းခြောက်ရောဂါ (Cirrhosis)
  • အရက်အလွန်အကျွံသောက်သုံးခြင်း
  • အစာအိမ်အူလမ်းကြောင်းကို ခွဲစိတ်ဖြတ်ထုတ်ထားခြင်း (Gastric bypass surgery)
  • သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်း (Iron deficiency anemia)
  • အမိုင်နိုအက်စစ် စုပ်ယူနိုင်စွမ်းချို့တဲ့သော မျိုးရိုးလိုက်သည့်ရောဂါ (Hartnup disease)
  • တချို့သောဆေးဝါးများ (အထူးသဖြင့် ကင်ဆာရောဂါကုဆေးများ)
  • အိတ်ချ်အိုင်ဗွီရောဂါ (HIV infection) တို့ဖြစ်ကြသည်
ရောဂါလက္ခဏာများ

ဗီတာမင် ဘီ-၃ချို့တဲ့ခြင်း (Pellagra) တွင် အောက်ဖော်ပြပါ ရောဂါလက္ခဏာ (၃) ခုကို အဓိကတွေ့ရှိရသည်။

  1. ဝမ်းလျှောခြင်း (diarrhea)
    ဝမ်းသွားလျှင် အရည်များသွား၍ သွေးများ၊ အချွဲများ ပါဝင်နိုင်ပြီး အချိန် (၄) ပတ်ထက်ပို၍ ကြာရှည်နိုင်သည်။
  2. အရေပြားရောင်ရမ်းခြင်း (dermatitis)
    နေရောင်နှင့် တိုက်ရိုက်ထိတွေ့မှုရှိသော နေရာများ ဖြစ်သည့် မျက်နှာ၊ လည်ပင်း၊ ခြေထောက်နှင့် လက်များတွင် အဓိကဖြစ်ပေါ်နိုင်သည်၊ နေလောင်ထားသကဲ့သို့ အနီရောင်အကွက်များမှ စတင်ပြီး တဖြည်းဖြည်း ကြမ်းတမ်းခြောက်သွေ့ကာ အရောင်ရင့်သော အရေပြားအဖတ်များ ပေါ်လာခြင်းဖြစ်သည်။
  3. အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်း (dementia)
    ခန္ဓာကိုယ် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် လိုအပ်သော စွမ်းအင်ကို မရရှိသဖြင့် ဦးနှောက်နှင့် အာရုံကြောစနစ် ထိခိုက်လာခြင်းဖြစ်သည်၊ အစောပိုင်းတွင် နုံးနယ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ စိုးရိမ်စိတ်များခြင်း၊ စိတ်ဓာတ်ကျခြင်း အစရှိသော လက္ခဏာများသာ ခံစားရနိုင်ပြီး ‌တဖြည်းဖြည်းနှင့် ယုံမှားမှု စွဲမြဲလွန်ကဲခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်၊ ‌ရောဂါပြင်းထန်လာလျှင် အသိမှတ်ဉာဏ်များ ထိခိုက်ချို့ယွင်းခြင်းနှင့် ကြွက်သားများ တုန်ခါခြင်း၊ ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှု ထိခိုက်ခြင်းတို့ ဖြစ်‌ပေါ်လာနိုင်သည်။

အခြားဖြစ်ပေါ်နိုင်သော ‌ရောဂါလက္ခဏာများမှာ_

  • ဗိုက်အောင့်ခြင်း၊ အစာမကြေခြင်း
  • အစာစားချင်စိတ်မရှိခြင်း၊ ပျို့အန်ခြင်း
  • ပါးစပ်အနာဖြစ်ခြင်း၊ လျှာရောင်၍နီမြန်းခြင်း
  • အင်အားကုန်ခန်းခြင်း၊ နုံးချည့်ခြင်း
  • စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်ဓာတ်ကျခြင်း
  • ခြေလက်များတုန်ခြင်း၊ ထုံကျဥ်ခြင်း စသည်တို့ဖြစ်သည်။
Pellagra IMG1
နောက်ဆက်တွဲပြဿနာများ

စောစီးစွာမကုသပါက အဓိက နောက်ဆက်တွဲပြဿနာများအနေဖြင့် ဝမ်းလျှောခြင်း၊ အရေပြား ရောင်ရမ်းခြင်း၊ သတိမေ့ခြင်းတို့ ပိုမိုဆိုးဝါးလာပြီး အသက်သေဆုံးနိုင်သည်အထိ ဖြစ်ပေါ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသခြင်း

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန်မှ အထက်ဖော်ပြပါ ရောဂါလက္ခဏာများအကြောင်း၊ အစားအသောက်နေထိုင်မှုပုံစံ၊ ရောဂါအခံ ရှိမရှိ နှင့် နောက်ဆက်တွဲပြဿနာများ၏ လက္ခဏာများကို မေးမြန်းခြင်း၊ လူနာကို အထွေထွေစမ်းသပ်ခြင်း၊ အရေပြားကို စမ်းသပ်ခြင်းတို့ကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ ဤရောဂါသည် ရောဂါလက္ခဏာမျိုးစုံ ဖြစ်ပေါ်စေတတ်ပြီး ‌ရောဂါကို ရှာဖွေတွေ့ရှိနိုင်သည့် တိကျသော စမ်းသပ်စစ်‌ဆေးမှု မရှိသည့်အတွက် ရောဂါရှာဖွေတွေ့ရှိရန် ခက်ခဲနိုင်သည်။ Pellagra ရောဂါဖြစ်သည်ဟု သံသယဖြစ်ပါက ဆီးထဲတွင် အချို့သော ဓာတုပစ္စည်များကို စစ်ဆေးခြင်းဖြင့် ခန္ဓာကိုယ်ထဲတွင် Niacin လုံလောက်မှု ရှိမရှိကို သိရှိနိုင်သည်။ အများစုတွင် Niacin ဖြည့်စွက်ဆေးဝါးများပေး၍ ရောဂါလက္ခဏာများ သက်သာမှု ရှိမရှိကို ကြည့်ရှု၍ ရောဂါရှာဖွေလေ့ရှိကြသည်။

ကုသခြင်း

ဤရောဂါသည် ပုံမှန်အားဖြင့် ဗီတာမင် ဘီ-၃ ဖြည့်စွက်ဆေးဝါးများ [သောက်‌ဆေး (သို့မဟုတ်) ထိုးဆေး] အနေနှင့် အသုံးပြုခြင်းဖြင့် အလွယ်တကူ ကုသပျောက်ကင်းနိုင်သည်။ အရေပြားရောင်ရမ်းခြင်းနှင့် ပါးစပ်အနာများကို လိုအပ်သောဆေးဝါးများဖြင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ထပ်မံကုသရန် လိုအပ်သည်။ စောစီးစွာ ကုသမှုခံယူပါက ဆေးကုသမှုခံယူပြီး ရက်အနည်းငယ်အတွင်း စတင်သက်သာလာပြီး အပြည့်အဝ ပြန်လည်သက်သာလာနိုင်သည်။ သို့သော် အရေပြား‌ရောင်ရမ်းခြင်းများ ပြန်လည်သက်သာနိုင်ရန် အချိန်လပေါင်းမျာစွာ ကြာမြင့်နိုင်သည်။ ဆေးကုသမှုမခံယူပါက (၄ – ၅) နှစ်အတွင်း အသက်သေဆုံးခြင်း ဖြစ်ပေါ်နိုင်သည်။

Niacin ဓာတ်စုပ်ယူမှုနှင့် အသုံးပြုမှုကို ဟန့်တားသည့် အခြားသောနောက်ခံရောဂါ အကြောင်းရင်းများကြောင့်ဖြစ်ပါက ထိုအကြောင်းရင်းများကို အဓိကကုသပေးရန် လိုအပ်သည်။

ဗီတာမင် ဘီ-၃ ဖြည့်စွက်ဆေးဝါးများကို အလွန်အကျွံ သောက်သုံးပါကလည်း အရေပြားနီမြန်းခြင်း၊ ယားယံခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ခေါင်းမူးခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်၍ သောက်သုံးသင့်သည်။

ကာကွယ်ခြင်း

ဗီတာမင် ဘီ-၃ ချို့တဲ့ခြင်းကို ကာကွယ်ရာတွင် အလွယ်ကူဆုံးနည်းလမ်းမှာ အစားအစာကို အာဟာရဓာတ် စုံစုံလင်လင် ညီညွတ်မျှတစွာ စားသုံးခြင်းဖြစ်သည်။ ဗီတာမင် ဘီ-၃ ကြွယ်ဝစွာပါဝင်သော အစားအစာများမှာ_

  1. အမဲအသည်း
  2. နိုကိုဥ
  3. ဘီယာချက်သည့် တဆေး
  4. ဂျုံနှင့် နှံစားပင်များ
  5. ဆယ်လ်မွန်ငါး၊ တူနာငါးများ
  6. မြေပဲ
  7. အာလူး
  8. ဥအမျိုးမျိုး
  9. ဆန်၊ နေကြာစေ့ စသည်တို့ဖြစ်သည်။

References:

  1. Cleveland Clinic. (2023). Pellagra. Cleveland Clinic. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/23905-pellagra
  2. Mayo Clinic. (2025). Niacin (vitamin B3). Mayo Clinic. Retrieved July 26, 2025, from https://www.mayoclinic.org/drugs-supplements-niacin/art-20364984
  3. Healthline. (2018). Pellagra. Healthline. Retrieved July 26, 2025, from https://www.healthline.com/health/pellagra#outlook

Published: 30 August 2024

Last updated: 17 September 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.